တနင်္သာရီတိုင်း ထား၀ယ် နဲ့ မြိတ် ဘက်မှာ တိုက်ပွဲတွေကြောင့် ခရီးသွားတွေ ခက်ခဲနေ

ဓာတ်ပုံ ရင်းမြစ်, CJ
မြိတ်ဘက်က ပုလောမြို့နယ် ပ၀က်ကုန်းကျေးရွာအနီးမှာ မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်တွေ ဆယ်ဂဏန်းချီ ထိခိုက်ဒဏ်ရာရ သွားတဲ့အတွက် အဲဒီဘက် ကားလမ်းတွေ မှာ ပိတ်ဆို့စစ်ဆေးပြီး ကားလမ်းတွေ ပိတ်ထားတယ်လို့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
" မနေ့က ညက (မေလ ၁၂ ရက်) စစ်တပ်က လာတဲ့ကားတန်းကို မိုင်းခွဲလိုက်တာ အယောက် ၄၀ ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်။ ဒါကြောင့် အခု မနက်ကစပြီး အသွားအလာရှင်းနေတယ်။ မသွားမဖြစ် ကျန်းမာရေးကိစ္စတို့ လောက်ပဲသွားတယ်။ တစ်ချို့ကျတော့ လမ်းသွားနေရင်း ပိတ်မိတာတွေ ရှိတယ်။ တစ်လလောက်ရှိပြီ သွားချင်လာချင်တဲ့သူတွေက လေကြောင်းလိုင်းပဲ အဓိကသုံးကြတယ် " လို့ မြိတ်က ဒေသကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို ဘီဘီစီက သီးခြားအတည်မပြုနိုင်သလို တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။
မြိတ်ဘက်က တက်လာတဲ့ ကားတန်းနဲ့ ထား၀ယ်ဘက်က ဆင်းလာတဲ့ စစ်ကောင်စီ ကားတန်းလည်း မိုင်းဆွဲခံရတဲ့အတွက် ဒေသခံတွေကို ပိုပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေ တွေ့လာရတယ်လို့ ထား၀ယ်ဒေသခံတစ်ဦးက ပြောပါတယ်။
" ဖုန်းကအစ စစ်ဆေးတာတွေရှိတော့ အပြင်ကို သိပ်မထွက်ကြဘူး။ အထူးသဖြင့်သူတို့ ဂိတ်ရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကြတယ်။ အခုလည်း မြို့ထဲဘက်မှာ ကင်းလှည့်နေတာတွေ ရှိတယ်" လို့ ထား၀ယ်ဒေသခံတစ်ဦးက ဆိုပါတယ်။
ထား၀ယ်နဲ့ ထီးခီးလမ်းတစ်လျှောက်မှာလည်း ညဘက်တွေဆိုရင် မဖြတ်ခိုင်းဘဲ လမ်းပိတ်ထားတာကြောင့် ကျန်းမာရေးဆိုင်ရာအတွက် မထွက်မဖြစ်ကားတွေ ထွက်တာမျိုးပဲရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ထိုင်း- မြန်မာနယ်စပ် ထား၀ယ်ထီးခီးလမ်းပိုင်းအနီးက ပကာရီရဲစခန်းကို ဧပြီလ ၂၄ ရက်နေ့က ဒေသကာကွယ်ရေးတပ်တွေ ၀င်ရောက်စီးနင်းပြီးတဲ့နောက်ပိုင်း စစ်ရေးတင်းမာနေပြီး ကားလမ်းတွေလည်းပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
" ပြီးခဲ့တဲ့ တစ်ပတ် ဆယ်ရက်လောက်ကတည်းက ထိုင်းဘက်ကိုသွားတဲ့ ထား၀ယ် ထီးခီးလမ်းတစ်လျှောက်မှာ ကားလမ်းတွေ ပိတ်ထားတာ။ အခုဆို ဒေသခံတွေရော ကုန်ကားမောင်းတဲ့သူတွေရော ခရီးသည်တင်ကားတွေရော အားလုံး မထွက်ရဘူး။ အခုဆို ထား၀ယ်ဘက်ကို ဒေသခံတွေ စျေး၀ယ်လာတာတောင်မတွေ့ရတာ တစ်ပတ်ကျော်လောက်ရှိပြီလို့ ထား၀ယ်ဒေသခံတစ်ဦးက ဆိုပါတယ်။
ပကာရီရဲစခန်းကို ၀င်တိုက်ပြီးတဲ့နောက် စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေကို ကားလမ်းတစ်လျှောက် ဂရုပြုသွားလာဖို့ ဒေသခံ ကာကွယ်ရေးတပ်တစ်ခုဘက်က စာထုတ်ပြန်ထားတာရှိတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းဘက်မှာလည်း ထားဝယ်ခရိုင် ကလိန်အောင်၊ ကံပေါက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသဆိုင်ရာ PDF တို့ တိုက်ပွဲတွေကြောင့် ကားလမ်းတွေကို ဖြတ်သန်းခွင့်မပြုဘဲ ယာယီပိတ်ထားတယ်လို့ ကားသမားတွေထံက သိရပါတယ်။
ဒါကြောင့် တနင်္သာရီတိုင်းဘက်ကို သွားလာမယ့် ကုန်ကားတွေနဲ့ ခရီးသည်တင်ယာဉ်တွေ ကြားလမ်းမှာ ပိတ်မိနေတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။
" ပိတ်မိနေတာ ၅ ရက် ၆ ရက် မကတော့ဘူး။ ထမင်းဆိုင်မှာပဲ ညအိပ်ရတယ် "လို့ ထား၀ယ်နဲ့ မြိတ်ဘက်ကို ခရီးသွားမယ့်သူတွေက ရေး မြို့ဘက်မှာ ပိတ်မိနေတဲ့ အကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။
ရေးမြို့က လူမှုလူညီရေး အသင်းတစ်ခုက တာ၀န်ရှိသူကတော့ " ကားလမ်းတွေ ပိတ်တာတွေ ဘာတွေတော့ မသိပါဘူး။ ဒါပေမယ့် ထိုင်းဘက်ကို ထွက်မယ့်ဘက်မှာ တစ်ခုခုဖြစ်နေလို့ အခု ထိုင်းဘက်သွားမယ့်သူတွေ ပိတ်မိနေတာ ရေးဘက်မှာ အများကြီးပဲ။ ကားတွေရော လူတွေရော ။ ဒါတော့ အမှန်ပဲ" လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YGF
မေလ ၁၂ ရက်နေ့မှာ YGF-ရေးပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီယာဉ်တွေ စစ်ကောင်စီယာဉ်လို့ သတ်မှတ်ထားတဲ့ယာဉ်တွေ တွေ့ရင် ကပ်မလိုက်ဖို့၊ မြို့တွင်းမြို့ပြင်သွားလာရာမှာ ကားမှန်တံခါးတွေကို အောက်ချပြီး မောင်းနှင်ဖို့၊ မှန်တွေကို စတစ်ကာအမည်းတွေ ကပ်ထားပါက ခွာထားဖို့၊ တိုက်ပွဲဖြစ်ပွားတာနဲ့ ကြုံရင် ရှေ့ဆက်မသွားဘဲ လုံခြုံတဲ့နေရာတွေကို သွားရောက်ဖို့၊ တစ်နေရာနဲ့တစ်နေရာ သွားလာပါက နယ်မြေအခြေအနေ သတင်းနားစွင့်ပြီးမှ သွားလာဖို့ စသဖြင့် ဒေသခံတွေကို စာထုတ် သတိပေး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့်ရော ကားလမ်းပိတ်နေတဲ့ အခြေအနေတွေကြောင့်ရော သွားလာတဲ့ခရီးသည် မရှိသလောက်နည်းပါးနေပြီး ဒေသခံတွေအနေနဲ့လည်း အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေကြောင့် စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။








