တောင်ပျောက်နယ်ရွာတွေရဲ့ရိက္ခာဝယ်လမ်းကြောင်းတွေ ထိန်းချုပ်ခံနေရ

တောင်ပျောက်တိုက်နယ်ထဲကစစ်ရှောင်တွေ(ပုံအဟောင်းဖြစ်ပါတယ်)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တောင်ပျောက်တိုက်နယ်ထဲကစစ်ရှောင်တွေ(ပုံအဟောင်းဖြစ်ပါတယ်)

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲဖြစ်ခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ကျေးရွာတွေအတွင်းမှာ စစ်ကောင်စီတပ်တွေက ရွာသားတွေရဲ့ ရိက္ခာဝယ်ယူမှုတွေကိုထိန်းချုပ်ကန့်သတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

တောင်ပျောက်တိုက်နယ်ထဲမှာ ကျေးရွာပေါင်း ၁၀ရွာရှိနေပြီး ရွာတွေအားလုံးရဲ့ထွက်ပေါက်ဖြစ်တဲ့ သဲချောင်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်တွေကတပ်စွဲထားသလို အဝင်အထွက်ကိုလည်း ကန့်သတ်မှု တွေလုပ်ထားတယ်လို့ရွာသားတွေကပြောပါတယ်။

"စစ်တပ်က တောင်ပျောက်တိုက်နယ်ရဲ့သဲချောင်းကြီးရွာမှာရှိနေသေးတယ်။ သူတို့လာပြီဆို သက်ကြီး ရွယ်အိုတွေရော၊ ကလေးတွေပါအကုန်ပြေးပြီး လုံခြုံတဲ့နေရာမှာနေနေရတယ်။ ကျန်တဲ့ရွာတွေလည်း စစ်တပ်ကလာပြီဆိုအကုန်ပြေးရတယ်။ သဲချောင်းကြီးရွာကို စစ်တပ်ကပြန်သွားပြီဆိုမှ ကိုယ့်အိမ်ကိုယ် ပြန်နေကြရတာ။ ရိက္ခာအခက်အခဲက ၁၀ရွာလုံးဖြစ်နေတယ်။ ဝင်ပေါက်တွေအကုန်လုံးကို ပိတ်ထားတဲ့အခါကျတော့ ဆိုင်ကယ်ရှိပြီး ဓာတ်ဆီမရှိတဲ့လူတွေဆိုရင် ရိက္ခာပြတ်တာရှိတယ်။ ရှိတဲ့လူတွေကတော့သွားတယ်၊လာတယ်၊အချင်းချင်းပြန်ဝေစားတယ်။ တိုက်နယ်ထွက်ပေါက် ရဲစခန်းမှာ အထိုင်ချထားတယ်''လို့ဒေသခံပြည်သူတစ်ဦးက တောင်ပျောက်တိုက်နယ်အတွင်းက အခြေအနေကို ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့တောင်ပျောက်တိုက်နယ်အတွင်းကဒေသခံပြည်သူတွေကို ဆက်ပြီး အခက်တွေ့အောင် လုပ်နေရင် ထိတွေ့တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေ ဘက်ကလည်းပြောနေပါတယ်။

" စစ်တပ်က တောင်ပျောက်တိုက်နယ်ရဲ့ ဗျူဟာကျတဲ့ထွက်ပေါက်ဖြစ်တဲ့ သဲချောင်းကြီးရွာမှာ တပ်စွဲ ထားတယ်။ ပြည်သူတွေက အဝင်အထွက်လုပ်ဖို့ကိုထောက်ခံစာလုပ်ရတယ်။ရိက္ခာဆိုအများကြီး သယ်လို့မရဘူး။ PDF တွေရဲ့ရိက္ခာလမ်းကြောင်းကို ဖြတ်ချင်တဲ့ပုံစံလုပ်နေသလို ရွာသားတွေကိုလည်း ခြိမ်းခြောက်တာတွေလုပ်တယ်။အခုကွမ်းသီးမှည့်ခူးချိန်ဆိုတော့စီးပွားရေးလုပ်ချင်တဲ့ရွာသားတွေဆီက ပိုက်ဆံတောင်းတယ် စသည်ဖြင့် စစ်ရေးအရမဟုတ်ဘဲ စီးပွားရေး၊လူမှုရေးအရဒေသခံတွေကို ညှင်းပမ်းမှုတွေလုပ်နေတယ်။ ကျွန်တော်တို့ဘက်ကစလုပ်ရင် သူတို့လည်းမလုပ်ဘူးဆိုတဲ့ နာမည် ကောင်းယူနေတယ်။ ကျွန်တော်တို့ဘက်ကတော့ပြည်သူတွေကို ဒီထက်ပိုနစ်နာလာရင် ကာကွယ်မှုတွေလုပ်ရမှာပါ" လို့ တောင်ပေါက်တိုက်နယ်ဘက်က ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးကတာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၃၀ရက်နေ့တုန်းကတော့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ကျေးရွာအတွင်းက ဒေသခံတွေရဲ့နေအိမ်တချို့ကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့သလို ရွာသားတွေလည်း ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတယ်လို့ဒေသကခံတွေကပြောဆို ထားပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းက ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်တွေ က သတင်းထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

အခုလိုတောင်ပျောက်တိုက်နယ်အတွင်းမှာဒေသခံတွေရဲ့စားနပ်ရိက္ခာဝယ်ယူမှုတွေကိုကန့်သတ်ထိန်းချုပ်တယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။