ညမှောင်လာမှာ စိုးရိမ်နေရတဲ့ ဥတ္တူ ရွာခံတွေ

ဓာတ်ပုံ ရင်းမြစ်, Social Media
ဥတ္တူကျေးရွာသားတွေဟာ ဧပြီ (၂၀)ရက် နေ့လယ် (၁၂)နာရီဝန်းကျင် လောက်ကစပြီး တနိုင်တပိုင်အထုပ်အပိုးတွေသယ်ကာ ရွာနဲ့ခပ်လှမ်းလှမ်းနေရာတွေကို ပြောင်းရွှေ့နေ ကြပါတယ်။
အိမ်ခြေ (၇၀၀)ဝန်းကျင်ရှိတဲ့ တစ်ရွာလုံးနီးပါးက ရွာခံတွေဟာ အနီးနားကပုန်းရှောင်လို့ရမယ့်နေရာတွေကို ရွှေ့နေကြ တာဖြစ်ပြီး ရွာထဲမှာတော့ လူအနည်းငယ်သာ ရှိတော့တယ်လို့ဆိုပါတယ်။
"ရွာထဲနေတဲ့သူတွေကလည်း အိမ်ထဲထိုင်နေကြတာမဟုတ်ဘူး။ ဘယ်ချိန်ရွာထဲဝင်လာကြမလဲဆိုတာကို အိမ်ပြင်ထွက်ကြည့်ကြ၊ စကားပြောရင်တောင် ဝင်လာကြပြီလားလို့မေးပြီး အထုပ်ထုပ် ပြေးဖို့အဆင်သင့် ပြင်ထားရတယ်" လို့ ဥတ္တူရွာခံအမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါဟာ ဧပြီ (၂၀)ရက်မနက်ပိုင်းမှာ မြိတ် - ထား၀ယ်လမ်းမကြီးပေါ်မှာဖြစ်ခဲ့တဲ့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြားတိုက်ပွဲနောက်ဆက်တွဲအနေနဲ့ ဥတ္တူရွာထဲ၀င်ရောက်ရှာဖွေမှာစိုးရိမ်ပြီး ရွာခံတွေအခုလို ကြိုတင်ရှောင်တိမ်းပြောင်းရွှေ့နေကြတာပါ။
တနင်္သာရီတိုင်း၊ မြိတ် - ထားဝယ်ကားလမ်းမကြီးဘေးကနေ အထဲကိုအနည်းငယ်ဝင်ရတဲ့ သရက်ချောင်းမြို့နယ်အပိုင် ဥတ္တူရွာအတွက် ဒါဟာပထမဆုံးအကြိမ်စစ်ရှောင်တိမ်းကြတာဖြစ်ပါတယ်။
ဥတ္တူရွာမှာ ဘာတွေဖြစ်နေလဲ
ဧပြီ (၂၀)ရက် မနက် (၅)နာရီဝန်းကျင်လောက်မှာ မြိတ် - ထားဝယ်လမ်းမကြီးပေါ် သရက်ချောင်း မြို့နယ်ထဲက ဥတ္တူတံတားအနီး ပန်းပြင်ရွာနဲ့ သရက်နှစ်ခွရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လာရောက်တိုက်ခိုက်ခဲ့ပါတယ်။
"ပထမက သေနတ်သံတစ်ချက်နှစ်ချက်ကြားတယ်၊ နောက်တော့ ဆက်တိုက်ကိုကြားလာရတယ်။ နှစ်နာရီ နီးပါးလောက်ကြာတယ်။ နှစ်ဖက်ပစ်ခတ်နေတဲ့ တိုက်ပွဲဆိုတာသေချာပါတယ်"လို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးနေထိုင်တဲ့ ရွာခံအမျိုးသမီးတစ်ဦးက သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။
ဒီပန်းပြင်ရွာနဲ့ သရက်နှစ်ခွရွာကြားတိုက်ပွဲဖြစ်နေချိန် သရက်ချောင်းဘက်ကနေစစ်ကူလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ကားဟာလည်း မြိတ် - ထားဝယ်လမ်းမကြီး ဥတ္တူတံတားမရောက်ခင် ပိန်းတောရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလိုမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးလောက်သေဆုံးတယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲအနေနဲ့ မြိတ် - ထားဝယ်ကားလမ်းမကြီးကို စစ်ကောင်စီကနေပိတ်ဆို့စစ်ဆေးခဲ့ပြီး မနက် (၁၀)နာရီဝန်းကျင် လောက်မှာမှ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် ကားလမ်းတွေပိတ်နေခဲ့ပြီး ခရီးသည်တွေပါ လမ်းပြန်ဖွင့်မယ့်အချိန်ကို စောင့်ဆိုင်းခဲ့ကြရပါတယ်။
ထားဝယ် - သရက်ချောင်း - ပုလော - မြိတ် အထိ သွားလာလို့ရ တဲ့ ဒီလမ်းမကြီးဟာ ပြည်သူတွေအတွက် အရေးပါတဲ့ လမ်းမကြီးဖြစ်ရုံသာမက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဓိကသွားလာအသုံးပြုတဲ့ လမ်းမကြီးလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cj
တိုက်ပွဲဖြစ်ခဲ့တဲ့ ပန်းပြင်ရွာနဲ့ သရက်နှစ်ခွရွာကြားမှာ ရွာလမ်းရှိသေးပြီး အဲ့ဒီလမ်းကနေ လမ်းမကြီးအနောက်ထဲက ရွာတွေဖြစ်တဲ့ ဥတ္တူ၊ မဲနယ်အိုးစတဲ့ ရွာလေးတွေထဲကို ထပ်မံသွားလာလို့ရတယ်လို့ ဒေသခံတွေက မြေပြင်အနေအထားနဲ့ပတ်သက်ပြီး ဘီဘီစီကို ရှင်းပြပါတယ်။
တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပန်းပြင်ရွာနဲ့ သရက်နှစ်ခွရွာကြားက ရွာလမ်းကတဆင့် အတွင်း ဘက်ကျတဲ့ ရွာတွေအနီးမှာပါ လှည့်လည်စစ်ဆေးနေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်စိတ်နဲ့ ကြိုတင် စစ်ရှောင်ကြဖို့ ပြင်ဆင်နေကြရပါတယ်။
အဓိကအနေနဲ့ ဥတ္တူက ရွာလုံး ကျွတ်စစ်ရှောင်ကြပြီး သရက်နှစ်ခွ၊ မဲနယ်အိုး စတဲ့ ရွာတွေကလည်း ရွာခံအနည်းငယ် ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ ပြောပါတယ်။
မြိတ် - ထားဝယ်လမ်းမကြီးပေါ် ပထမဆုံးတိုက်ပွဲဖြစ်ပွား
ဧပြီ (၂၀)ရက် မြိတ် - ထားဝယ်လမ်းမကြီးပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့ ဒီဖြစ်စဉ်ဟာ အဲဒီဒေသမှာတော့ ပထမဆုံးအကြိမ်ဖြစ်ပြီး တနင်္သာရီတိုင်းက လမ်းမကြီးတွေပေါ်အထိ တိုက်ပွဲကူးစက်လာတဲ့ အနေအထားလို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
တနင်္သာရီတိုင်းအတွင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲမှာက မကြာခဏ တိုက်ပွဲရှိနေကာ ရွာခံတွေစစ်ရှောင်နေကြရတာ လချီကြာနေပြီဖြစ်ပေမဲ့ အခြားဒေသနဲ့ လမ်းပိုင်းတွေမှာ တော့ မိုင်းဆွဲတဲ့အနေအထားတွေသာရှိခဲ့တာလို့ ဆိုပါတယ်။
ပထမဆုံး တိုက်ပွဲပုံစံဖြစ်လာတဲ့ မြိတ် - ထားဝယ်လမ်းမကြီး အပိုင်းကလည်း သရက်ချောင်းမြို့နယ်ထဲမှာပါဝင်ပါတယ်။
အခုဖြစ်စဥ်တွေမတိုင်ခင် ၂၀၂၂ခုနှစ်နှစ်ဆန်းပိုင်းကတည်းကတော့ တနင်္သာရီဒေသမှာ စစ်ရေးမြှင့်လာနိုင်တယ်ဆိုတဲ့ သတိပေးထားချက်တွေ ထွက်ပေါ်ခဲ့တယ်လို့ ဘီဘီစီဆက်သွယ်မေးမြန်းခဲ့တဲ့ ထားဝယ်၊ သရက်ချောင်းဒေသခံတွေက တူညီစွာ ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကနေ ဒီလိုစစ်ရေးမြှင့်မယ့်အကြောင်း တရားဝင် စာထုတ်ပြန်လာတာကိုတော့ မတွေ့ရသေးပါဘူး။
တိုက်ခိုက်မှုတွေမဖြစ်ခင်တစ်ရက်အလို ဧပြီ (၁၉)ရက် ညပိုင်းကစပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အတည်မပြုနိုင်သေးတဲ့ စစ်ကောင်စီရဲ့ လျှို့ဝှက်စာ တစ်စောင်ပျံ့နှံ့ခဲ့ပါတယ်။ မှတ်ပုံတင်ကြေးနန်းပုံစံ(အစား) ဝှက်စာနည်းနဲ့ ပို့တဲ့ စာတစ်စောင်ဖြစ်ပြီး တနင်္သာရီတိုင်းနယ်မြေစိုးမိုး ထားတဲ့ တပ်ရင်းတွေကို ညွှန်ကြားတဲ့စာအဖြစ် တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အကြောင်းအရာမှာတော့ အချက်လေးချက်ပါဝင်နေပြီး မြိတ်ဘက်ကနေ နယ်မြေစိုးမိုးဖို့၊ တချို့ကျေးရွာတွေ မှာ ဒေသကာကွယ်ရေးအဖွဲ့ PDF တွေနေထိုင်တယ်လို့ သတင်းရတဲ့အတွက် အဲ့ဒီဒေသတွေကိုသွားရောက်ပြီး ဆက်စပ်တဲ့ ရွာသားတွေကိုပါ ခေါ်ယူမေးမြန်းဖို့၊ သရက်ချောင်းမြို့နယ်တွင်းက နယ်တွေနဲ့ ထားဝယ်ဘက်မှာ ရှင်းလင်းပိတ်ဆို့တာတွေလုပ်ဖို့ ညွှန်ကြားချက်တွေကို ဖော်ပြထားပါတယ်။
ဒီစာနဲ့ပတ်သက်ပြီး မှန်ကန်မှုရှိ၊ မရှိ ဘီဘီစီဘက်က သီးခြားအတည်မပြုနိုင်ခဲ့သလို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ဧပြီ (၂၀)ရက် ည(၇)နာရီအထိ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
ဧပြီ ၁၉ရက်နေ့ ညနေပိုင်းမှာ အခုလိုစာထွက်လာပြီး နောက်နေ့မနက်ပိုင်းမှာပဲ မြိတ် - ထားဝယ်လမ်းမကြီးပေါ်အထိပါ အခုလိုတိုက်ပွဲတွေရှိလာသလို အဲဒီဒေသအနီးကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကလိုက်လံရှာဖွေ စီးနင်တာတွေဆက်လုပ်လာမှာကို ဒေသခံတွေမှာတော့ စိုးရိမ်စိတ်မြင့်တက်နေကြတာ ဖြစ်ပါတယ်။
"အဓိက က ညမှောင်လာမှာကိုကြောက်နေကြတယ်။ ရွာထဲကိုဝင်မလာသေးဘူး အနားမှာကင်းပုန်းဝတ်နေ ကြတယ်တဲ့။ ညမှောင်မှောင်ထဲထဖြစ်ရင် ပြေးစရာမရှိကြမှာစိုးလို့ ကြိုရှောင်နေကြတာ။ ရွာထဲနေနေတဲ့ သူတွေကလည်း အသင့်အထုပ် ကိုင်စောင့်နေတယ်။ ဒီညကို စောင့်ကြည့်နေကြတယ်"လို့ စစ်မရှောင်ဘဲ ရွာထဲဆက်ရှိနေသေးတဲ့ ဥတ္တူရွာခံ အမျိုးသမီးက ဘီဘီစီကိုပြောပါတယ်။
ဧပြီ (၂၀)ရက်မနက်အစောပိုင်းမှာဖြစ်ခဲ့တဲ့ မြိတ် - ထားဝယ်လမ်းမကြီးပေါ် ပထမဆုံးနှစ်ဖက်တိုက်ပွဲနဲ့ ပတ်သက်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကရော စစ်ကောင်စီဘက်ကပါ ညပိုင်းအချိန်အထိ စာထုတ် ပြန်လာတာမရှိသေးပါဘူး။ ဖြစ်စဉ်ဖြစ်ခဲ့တဲ့ အနီးနားရွာက ဒေသခံတွေကတော့ အန္တရာယ်ဖြစ်လာ နိုင်မလား ကို စိုးထိတ်ရင်း နေအိမ်ကိုစွန့်ခွာကာ ညအမှောင်အမြန်ကုန်ဆုံးဖို့ မျှော်လင့်ဆုတောင်းနေကြပါတယ်။








