တနင်္သာရီတိုင်း စစ်ဘက်ရာထူး အပြောင်းအလဲများ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်နေတဲ့ တနင်္သာရီတိုင်း နယ်လုံဝန်ကြီး (လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး)ဗိုလ်မှူးကြီး သိန်းလင်း အစား ဗိုလ်မှူးကြီး မင်းမင်းလတ်ကို အစားထိုးခန့်အပ်လိုက်တယ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
ဒီစာဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအဖွဲ့ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
စစ်တပ် သတင်းရင်းမြစ်တစ်ဦးကတော့ တနင်္သာရီတိုင်းနယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းကို စစ်တပ်က ထုတ်ပယ်လိုက်ပြီး ဗိုလ်မှူးကြီး မင်းမင်းလတ်ကို အစားထိုး ခန့်အပ်တာလို့ ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်က ခေါ်ယူစစ်ဆေးနေတဲ့ တနင်္သာရီတိုင်း အခြေစိုက်တဲ့ ကမ်းရိုးတန်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးကိုလည်း လက်ရှိရာထူးကနေ အရန်အင်အားကို ပို့လိုက်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
သူ့နေရာ အစားထိုးခန့်အပ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
တနင်္သာရီတိုင်းက စစ်ဘက်ရာထူး အပြောင်းအလဲတွေဟာ ဒေသအတွင်း စစ်ရေးထိန်းချုပ်နိုင်မှု မရှိတာနဲ့ ဆက်စပ်နေတယ်လို့ Dawei Watch သတင်းဌာနက အယ်ဒီတာတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dawei Political Prisoners Network/CJ
မြန်မာနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ တနင်္သာရီတိုင်းဟာ စီးပွားရေးအရ အရေးပါပြီး ထားဝယ်ရေနက်ဆိပ်ကမ်း၊ ထားဝယ် အထူးစီးပွားရေးဇုန်၊ဟိန္ဒား သတ္တုတွင်း ၊ ပုလဲလုပ်ငန်း၊ မြိတ်ကျွန်းစု နဲ့ ခရီးသွားလုပ်ငန်းတွေရှိပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ ဒေသဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ မိုးတွင်းကာလ ရောက်လာပေမယ့် စစ်ရေးအရှိန်တွေ ကျသွားတာမရှိဘဲ စစ်ကောင်စီက နယ်မြေစိုးမိုးရေးတွေ လုပ်ဆောင်နေသလို ဒေသခံပြည်သူကာကွယ်ရေးတပ်တွေကလည်း ပြောက်ကျားတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
ဇူလိုင်လအတွင်း ထားဝယ်မြို့အရှေ့ဘက်ဒေသ ရေဖြူ၊ သရက်ချောင်း၊ ပုလောမြို့နယ်တွေမှာ စစ်ရေးပြင်းထန်ခဲ့ပြီး တိုက်ပွဲပေါင်း ၃၀ နီးပါးဖြစ်ပွားခဲ့တယ်လို့ တနင်္သာရီတိုင်း ရဲ့ ပဋိပက္ခ ဖြစ်စဥ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ FE 5 က ရေးပါတယ်။
ဒီဖြစ်စဥ်တွေကြောင့် ဇူလိုင်လအတွင်း နှစ်ဖက်သေဆုံးမှု တစ်ရာကျော်ရှိတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကတော့ နှစ်ဖက်တိုက်ပွဲတွေဟာ ထားဝယ် အထူးစီးပွားရေးဇုန်ထဲအထိ ရောက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါ့အပြင် ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ထားဝယ်မြို့အတွင်းရှိတဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီးများအိမ်ရာ ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ နှစ်ကြိမ်တိတိ ပစ်ခတ်ခဲ့တယ်လို့ FE 5 က ဆိုပါတယ်။
အစိုးရဝန်ကြီးများအိမ်ရာ ပစ်ခတ်ခံရပြီးနောက်ပိုင်း ကမ်းရိုးတန်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး အပါအဝင် ခမောက်ကြီးမြို့ အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ဝင်းကျော်သူ နဲ့ တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ဖမ်းဆီးစစ်ဆေး နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
စစ်ဘက်သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မဇ္ဈိမသတင်းဌာန က ဖော်ပြခဲ့တဲ့ သတင်းမှာတော့ သူတို့ သုံးဦးကို ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်ကလာတဲ့ အထူးအဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တချို့ကို ခေါ်ယူမေးမြန်းမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်းထွက်လာခဲ့ပါတယ်။
ဒီစီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ အများပိုင်ကုမ္ပဏီလုပ်ကိုင်နေကြတဲ့ မြိတ်မြို့က မြို့မျက်နှာဖုံး စီးပွားရေးလုပ်ငန်းရှင်အချို့လည်း ပါဝင်တယ်လို့ ဒေသသတင်းတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dawei Information Center 2
ပြီးခဲ့တဲ့ သြဂုတ်လဆန်းက စစ်ကောင်စီဟာ အရေးပေါ်ကာလကို သက်တမ်းတိုးလိုက်ပြီးနောက်ပိုင်း စစ်ကောင်စီ အစိုးရအဖွဲ့ထဲမှာ အရေးကြီးတဲ့ ရာထူးတွေ အပြောင်းအလဲလုပ်ခဲ့ပါတယ်။
အစိုးရအဖွဲ့ထဲမှာ အကြီးဆုံးအပြောင်းအလဲက ကာကွယ်ရေးဝန်ကြီး နဲ့ ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲတွေဖြစ်ပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နေရာတွေလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီးအသစ်က လူသစ်တစ်ယောက် မဟုတ်ဘဲ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ ပို့ဆောင်ရေး နဲ့ ဆက်သွယ်ရေး ဝန်ကြီးနေရာကို ပြောင်းရွှေ့ခံရပါတယ်။
နောက်ထပ်အရေးကြီးတဲ့ အပြောင်းအလဲ တစ်ခုက ပြည်ထဲရေးဝန်ကြီးနေရာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေပဲတောက်လျှောက်လုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ပြည်ထဲရေးဝန်ကြီးသစ် ဖြစ်လာပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေးဝန်ကြီးကနေ ဖယ်ရှားခံရမယ့်အကြောင်း သတင်းတွေကြိုထွက်ခဲ့ပြီး အမှန်တကယ်လည်း ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းအတွင်း စစ်ဘက်ရာထူးအပြောင်းအလဲတွေ ဘာကြောင့်လုပ်တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ပြီးခဲတဲ့ သြဂုတ်လ ၁၅ ရက်နေ့က ထားဝယ်ထောင်ထဲမှာရှိတဲ့ ထားဝယ်ဒုထောင်မှူးအိမ်က မူးယစ်ဆေးဝါးတွေကို စစ်တပ်က ဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင် ထားဝယ်က လုပ်ငန်းရှင်အချို့ကို ဒီရက်ပိုင်းခေါ်ယူမေးမြန်းနေတာရှိတာကြောင့် စစ်တပ်ဟာ စစ်ဘက်ထိပ်တန်း အရာရှိတွေ အပြောင်းအလဲနဲ့ မူးယစ်ဆေးဝါး ပြဿနာကို တပြိုင်တည်းကိုင်တွယ်နေပုံရတယ်လို့ မြို့ခံတွေက ယူဆကြပါတယ်။








