ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမ္မတကတော် မယ်လာနီယာရဲ့ရုပ်ရှင်က လှစ်ဟပြတဲ့ထရမ့်၊ အိမ်ဖြူတော်နဲ့ နိုင်ငံရေး
- ရေးသားသူ, လော်ရာ ဘယ်လ်ဆီ
- ရေးသားပေးပို့သည့်နေရာ, ဝါရှင်တန် ဒီစီ
- ဖတ်ရန်အချိန်: မိနစ် ၁၅
အစိုးရအဖွဲ့အစည်းအဝေးကို ရုပ်သံကနေ ထုတ်လွှင့်တာကစလို့ ညကြီးမင်းကြီး Truth လူမှုကွန်ရက်မှာ ပို့စ် တင်တာအဆုံး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် ဒုတိယအကြိမ် သမ္မတ တာဝန်ယူကတည်းက အပြင်လောကနဲ့မပြတ်ဘူးလို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဒီလိုအချိန်တွေမှာ အများစုကို သူ့ဇနီးနဲ့ တွဲမြင်ရလေ့ မရှိပါဘူး။ ဒီတော့ သမ္မတကတော် မယ်လာနီယာ တစ်ယောက် ဘယ်များရောက်နေပါသလဲ။
သမ္မတကတော် ကိုယ်တိုင် ပူးတွဲထုတ်လုပ်တဲ့ ရုပ်သံမှတ်တမ်းတစ်ခုက အဲဒီမေးခွန်းအတွက် အဖြေ ဖြစ်လာပါတယ်။ မယ်လာနီယာ - သမိုင်းအတွက် ရက်ပေါင်း ၂၀ (Melania: 20 Days to History) ဒီရုပ်သံမှတ်တမ်းဟာ ခင်ပွန်းဖြစ်သူ ထရမ့်တစ်ယောက် ၂၀၂၅ ဇန်နဝါရီ သမ္မတ ကျမ်းကျိန်ပွဲမတိုင်ခင် ရက်ပေါင်း ၂၀ ကာလ မယ်လာနီယာရဲ့ဘဝကို လှစ်ဟမြင်နိုင်ပါတယ်။
အငြင်းပွားမှုတွေကြားကပဲ အဲဒီမှတ်တမ်းရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စုတလွှားက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ထရမ့်အစိုးရကို စောင့်ကြည်တဲ့ အကဲခတ်တွေကြားမှာ အတော်လေး အာရုံစိုက်ခံရပါတယ်။ ဒီရုပ်ရှင် ထုတ်လုပ်ရေးအတွက် သုံးတဲ့ငွေကြေးအပိုင်းမှာ ဝေဖန်ခံရသလို မင်နီယာပိုလစ်မြို့မှာ ဖက်ဒရယ် အေးဂျင့်နှစ်ယောက်က လူသေတဲ့အထိ ပစ်ခတ်မှု ၂ ခုဖြစ်လို့ အကြီးအကျယ်ဆန္ဒပြနေချိန် အခုရုပ်ရှင်ကို ဖြန့်ချိတာဖြစ်လို့ အာရုံ လွှဲမှုတစ်ခုလည်း မြင်နေကြတာပါ။
ဒါပေမဲ့ နိုင်ငံရေးကို အသာထားလို့ ထရမ့်တစ်ယောက် မယ်လာနီယာအတွက် ဘယ်လောက်အချိန်ပေးတယ်ဆိုတာမျိုးကို ဒီရုပ်ရှင်မှာ မတွေ့ရပါဘူး။ ဘာကြောင့်လဲဆိုရင် မယ်လာနီယာတစ်ယောက် ပွဲတစ်ခုပြီး တစ်ခုကူးနေတဲ့အခြေအနေ၊ နောက်ပြီး ပိုးဖဲစ နမူနာနဲ့ မီးဖိုချောင်သုံးပန်းကန်ခွက်ယောက်တွေ အရည်အသွေးကို ပြန်ဆန်းစစ်ဖို့ အစည်းဝေးပွဲတွေ တစ်ခုပြီးတစ်ခု တက်နေတဲ့အခြေအနေတွေကိုပဲ ဒီရုပ်ရှင်မှာ အတော်များများပြထားတာဖြစ်ပါတယ်။
ဒါပေမဲ့ သူ့နဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေနဲ့ တွေ့ချိန် စကားပြောချိန်မှာ ပြောကြဆိုကြတာကို ကြည့်ရင် ပဟေဠိဆန်တဲ့သမ္မတကတော်အနေနဲ့ သူ့ခင်ပွန်း ရွေးကောက်ခံသမ္မတ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ဘယ်လို ပြင်ဆင်နေတယ်ဆိုတာမျိုးကို မြင်နိုင်ပါတယ်။
''အားလုံးက သိချင်နေကြတယ်။ ဒီတော့ ဒီလို ဒီအကြောင်းပါပဲ'' လို့ မယ်လာနီယာက ရုပ်သံအဖွင့်မှာ နောက်ခံစကားပြောပါတယ်။ အမေရိကန်သမ္မတကတော်အကြောင်း ရုပ်ရှင်ကနေ သိရတာတွေနဲ့ မသိလိုက်နိုင်တာတွေအကြောင်း ဆက်ပြီး ဖတ်ရှုနိုင်ပါတယ်။
ဇာတ်ညွှန်းအတိုင်းမဟုတ်တဲ့ တဒင်္ဂအခိုက်အတန့်တွေ
မယ်လာနီယာ ထရမ့်က ''သာမန်နိုင်ငံသား တစ်ဦးအဖြစ်ကနေ သမ္မတကတော်ဖြစ်လာတဲ့ ကျွန်မရဲ့ဘဝခရီးကို အမေရိကန်ပြည်သူတွေကို ကျွန်မ ပြသချင်ပါတယ်'' လို့ ရုပ်ရှင်အဖွင့်မှာကတည်းက သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းပြောထားပါတယ်။
ရုပ်ရှင်ဟာ ဇာတ်ကားဖြစ်မြောက်ရေးအတွက် အငြင်းပွားဖွယ်ဖြစ်တဲ့အခြေအနေကို တဒင်္ဂ ပြသွားပါတယ်။ သတင်းထောက်တစ်ယောက်က မေးမြန်းတဲ့ ရုပ်ရှင်ရိုက်ကူးဖို့ဖြစ်လာရတဲ့အကြောင်းရင်းကို မေးမြန်းတဲ့ သတင်းထောက်တစ်ယောက်ရဲ့ အမေးကို ထရမ့်ရဲ့ ဝန်ထမ်းတစ်ယောက်က စုဆောင်းနေတဲ့ပုံစံ ပြကွက်ကို ခဏပြပါတယ်။
မယ်လာနီယာ ထရမ့်ဟာ ဒီရုပ်ရှင်ကို ဒါရိုက်တာ ဘရက် ရက်ထ်နာ၊ နောက်ထပ် ပါတနာတွေနဲ့အတူ ပူးတွဲ ထုတ်လုပ်ထားပြီး အမေဇုန် MGM စတူရီယိုက ဖြန့်ချိပါတယ်။ ဒီရုပ်ရှင်ဟာ ဒါရိုက်တာ ရက်ထ်နာတစ်ယောက် ၂၀၁၇ ခုနှစ်တုန်းက မီတူးလှုပ်ရှားမှု အမြင့်ဆုံးကိုရောက်နေချိန် လိင်ပိုင်းဆိုင်ရာ မလျော်ကန်မှုပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရပြီးကတည်းကဆိုရင် ပထမဆုံးရိုက်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ရက်ထ်နာကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းထားပါတယ်။
ရုပ်ရှင်ဇာတ်ကွင်းဇာတ်ကွက် နေရာအများစုဟာ နယူးယောက်မြို့က ထရမ့် တာဝါ၊ ဖလော်ရီဒါ ပြည်နယ်က သမ္မတရဲ့ မာရာလိုဂို စံအိမ်နဲ့ အဲဒီနှစ်နေရာကြားမှာ အခြေအနေကို အဓိက ပြထားပါတယ်။ ဒါပေမဲ့ အဲဒီနေရာ နှစ်ခုစလုံးရဲ့အတွင်းပိုင်းကို နည်းနည်းပဲမြင်ရပါတယ်။ ဒါကလည်း ရုပ်ရှင်ထဲမှာ ထရမ့်တစ်ယောက် သူ့လူယုံ စတိုင်လစ်တွေ၊ ပွဲစီစဉ်သူတွေနဲ့ အိမ်တွင်းအလှဆင်သူတွေနဲ့တွေ့ဆုံတဲ့အခါကျမှ အတွင်းပိုင်းကို နေရာတွေကို မြင်ရတာဖြစ်ပါတယ်။
တချို့နေရာအတော်များများမှာ ထရမ့်ကို သူ့အကြောင်း ပိုပြီးပြောဖို့ဆိုဖို့ ဒါရိုက်တာ ရက်ထ်နာ တစ်ယောက် ဝင်ဝင်ထောက်ပေးတာမျိုးကိုလည်း တွေ့နိုင်ပါတယ်။
ဒီတော့ သမ္မတကတော် ထရမ့်တစ်ယောက် ဘယ်လို ဂီတမျိုးကို ကြိုက်ပါသလဲ။ သူ့ အကြိုက်ဆုံး အဆိုတော်က မိုက်ကယ် ဂျက်ဆင်ဖြစ်ပါတယ်။ ဒါကိုလည်း လေဆိပ်ကိုအသွား ကားစီးနေတုန်းမှာ လှစ်ဟပြပါတယ်။ အထူးသဖြင့် ဘစ်လီ ဂျင်း ဆိုတဲ့သီချင်းပါ။ အဲဒီသီချင်းကို နှစ်ခေါက် တိတိဖွင့်ပါတယ်။ တစ်ကြိမ်မှာဆိုရင် သီချင်းကို နားထောင်နေတုန်းမှာ မယ်လာနီယာတစ်ယောက် သီချင်းကို ခပ်တိုတို လိုက်ညည်းပါတယ်။
''မယ်လာနီယာနဲ့ ကားထဲ အတူ ကာရာအိုကေ ဆိုကြမယ်ပျော်ကြမယ် အစီအစဉ်ရောက်နေပြီလား'' လို့တောင် ရက်ထ်နာတစ်ယောက် မေးခဲ့ပါတယ်။
သူ့ဘဝအတွင်းပိုင်းကို လှစ်ဟပြမှု
မယ်လာနီယာထရမ့်တစ်ယောက် သူ့မိခင်ကွယ်လွန်မှုအကြောင်းပြောတဲ့နေရာမှာ ပွင့်ပွင့်လင်းလင်းရှိခဲ့ပါတယ်။ ပူဆွေးရတာ ရင်မဆန့်ဘူးလို့ ဆိုပါတယ်။ သူ့မိခင် အမာလီ နာ့ဗ်စ်ဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
ပထမဆုံး ပွင့်ပွင့်လင်းလင်းပြောတဲ့အချိန်က သူတို့မိသားစု အိမ်ဖြူတော်ကို ပြောင်းကြဖို့ စီစဉ်တဲ့အခါ အိမ်တွင်းအလှဆင်ပညာရှင်ကို စကားပြောတဲ့အချိန်ပါ။ သူ့မိခင် ကွယ်လွန်တာ ၁ နှစ်ပြည့်တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်မှာ ဝါရှင်တန်ဒီစီက သမ္မတဟောင်း ဂျင်မီကာတာရဲ့ စျာပနကို တက်တဲ့အခါမှာ မယ်လာနီယာတစ်ယောက် မိခင်အတွက် ပူဆွေးမှု မကုန်သေးတဲ့ပုံပါ။
ဝါရှင်တန်အမျိုးသားကျောင်းဆောင်ကြီးထဲမှာ ထိုင်၊ သမ္မတဟောင်း ဂျင်မီကာတာရဲ့ စျာပနကို တက်နေရချိန်မှာ ''ကျွန်မစိတ်ထဲမှာ ကျွန်မချစ်ရတဲ့မိခင်အကြောင်းပဲ ပြည့်နေတယ်'' လို့ သူက ပြောပါတယ်။ သူ့မိခင်ဟာ ''ကျွန်မ ဘဝမှာ နှောင်ကြိုးအထုံးရဆုံး သူ'' လို့လည်း ပြောပါတယ်။
ဒေါ်နယ်ထရမ့်ကတော့ သူ့ဇနီးဟာ မိခင်သေဆုံးမှုအတွက် အတော်လေးခံစားခဲ့ရတယ်လို့ဆိုပြီး ကင်မရာကို ကြည့်ပြီး မှတ်ချက်ပေးပါတယ်။
သမ္မတဟောင်း ကာတာရဲ့ စျာပနအပြီးမှာပဲ မယ်လာနီယာ ထရမ့်ဟာ ဘုရားကျောင်းတစ်ကျောင်းကနေ နောက်တစ်ကျောင်းကို ကူးပါတယ်။ မက်ဟန်တန်အရပ်မှာရှိတဲ့ စိန့် ပတ်ထရစ် ကျောင်းတော်ကို သွားပါတယ်။ သူ့မိခင်အတွက် အောက်မေ့ဖွယ် မီးထွန်းဆုတောင်းဖို့ဖြစ်ပါတယ်။
လူနည်းနည်းပဲရှိတဲ့ သူ့ရဲ့အတွင်းစည်း
မယ်လာနီယာရဲ့ ရုပ်ရှင်ထဲ ပွဲတက်တဲ့မြင်ကွင်းတွေမှာ ခင်ပွန်းဖြစ်သူ ထရမ့်ကို မြင်ရခဲပါတယ်။ ပြီးတော့ ဇနီးသည်ကို ချီးကျူးစကားဆိုတဲ့အချိန်ကလည်း ခပ်နည်းနည်းပါ။
ရုပ်ရှင်ထဲမှာ မယ်လာနီယာနဲ့ နွေးနွေးထွေးထွေးရှိတဲ့သူလို့ပြောရရင် သူ့ရဲ့ကာလရှည် ဒီဇိုင်နာ ဗာဗေး ဖျဲ နဲ့ ပြင်သစ်သမ္မတကတော် ဘရစ်ဂျီ မက်ကရွန်းတို့ ဖြစ်ပါတယ်။
''ကျွန်မနဲ့ မယ်လာနီယာက ဘယ်ပဲသွားသွား ဘယ်လိုအကြောင်းပဲပြောပြော ရင်ဘတ်ချင်းနီးတယ်'' လို့ ပြင်သစ်သမ္မတကတော်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ ပြင်သစ်သမ္မတ မက်ကရွန်းတို့ နှစ်ယောက် ဆက်ဆံရေးဟာ အဆင်မချောကြပေမဲ့ သမ္မတကတော် နှစ်ယောက်ကတော့ လူငယ်တွေအရေးနဲ့ လူမှုကွန်ရက်အသုံးပြုမှုအရေး သူတို့ နှစ်ဦးစိုးရိမ်ချက်တွေ ဗီဒီယိုကောနဲ့ ဆွေးနွေးကြတဲ့အခါ တစ်ယောက်ကို တစ်ယောက်ချီးကျူး စကားပြောခဲ့ကြပါတယ်။
ဒါပေမဲ့ မယ်လာနီယာဟာ သမ္မတ ထရမ့်ရဲ့ ကျမ်းကျိန်ပွဲနေ့ အဝတ်အစားအပါအဝင် သူ့ အတွက် ဝတ်စုံတွေချုပ်လုပ်ပေးတဲ့ ဖျဲနဲ့ တွေ့တဲ့အခါမှာတော့ မယ်လာနီယာဟာ ထူးခြားပါတယ်။ ဖျဲနဲ့ သူ့ကြားက ဆက်ဆံရေးကို မေးတဲ့အခါမှာတော့ သူတို့နှစ်ယောက် အလုပ်တွဲလုပ်နေခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာနေပြီလို့ ပြောသလို ''အမြင်ချင်းလည်းတူကြတယ်'' လို့ မယ်လာနီယာက ပြောပါတယ်။
ဖျဲက သူလည်း အလားတူ ခံစားရတယ်ဆိုတဲ့အကြောင်း ကင်မရာကိုကြည့်ပြီး ပြောပါတယ်။ သူပြောတာက ဒီဇိုင်းအတွက် အသေးစိတ်အချက်အလက်၊ မော်ဒယ်တစ်ယောက်အဖြစ် မယ်လာနီယာ ဖြတ်သန်းမှုနဲ့ ဝတ်တဲ့အဝတ်အစားနဲ့လိုက်ဖက်အောင် မယ်လာနီယာရဲ့အမြင်စူးရှတာတွေ အပေါ် အမြင်တူတယ်လို့လည်း ဆိုပါတယ်။
ဒီရုပ်ရှင်မှာ မမြင်ရတာကတော့ ထရမ့်မိသားစုအကြောင်းနဲ့ သူတို့ကြားက ဆက်ဆံရေးအမြင်ဖြစ်ပါတယ်။ ထရမ့်ရဲ့ကလေးတွေ အကုန်မြင်ရတဲ့အချိန်က သူ သမ္မတအဖြစ် ကျမ်းကျိန်ချိန် ဖြစ်ပါတယ်။ မယ်လာနီယာ ထရမ့်ဟာ သူ့ရဲ့သားဖြစ်သူ ဘာရွန်ကို နွေးနွေးထွေးထွေး စကား ပြောပေမဲ့ ဘာရွန်တစ်ယောက် ကင်မရာကို မကြည့်ပါဘူး။ သူတို့မိသားစု အိမ်ဖြူတော်ထဲကို အတူတူ ဝင်ကြတဲ့အခါ ဘာရွန်တစ်ယောက် တစ်ဖက်ကို ရုတ်ချည်း လျှောက်ထွက်သွားပါတယ်။
''သူ ရှင်သန်ချင်တဲ့ဘဝမျိုးကို သူ နေထိုင်ရှင်သန်ဖို့က သိပ်ကို အရေးကြီးပါတယ်'' လို့ မယ်လာနီယာက ပြောပါတယ်။
ကိုယ်မပိုင်တဲ့ သမ္မတကတော်ဘဝ
ရုပ်ရှင်တလျှောက်လုံးမှာ ထရမ့်ဟာ သူဖြစ်လာတဲ့သမ္မတကတော် တာဝန်နဲ့ပတ်သက်ပြီး သက်တောင့်သက်သာ မဖြစ်တဲ့အကြောင်း အရိပ်အမြွက်ပြောပါတယ်။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝ သီးသန့်ဘဝ ဆုံးရှုံးတာနဲ့ သမ္မတကတော် တာဝန်တွေကြောင့် လွတ်လွတ်လပ်လပ် မဖြစ်တာကို သူ အောက်မေ့တသပုံပါ။
သမ္မတကတော်တစ်ယောက်ရဲ့အခန်းကဏ္ဍဟာ ''ပုံစံခွက်ချထားတာနဲ့'' ပိုတူပြီး ''ခပ်မဆိတ်နေလိုက်တဲ့အခိုက်အတန့်တွေလည်း ပါလာတယ်'' လို့ သူက ပြောပါတယ်။ ဒီအတွက် သူ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နေရတယ်လို့ သူခံစားရတဲ့အကြောင်းလည်း ပြောပါတယ်။
မှတ်တမ်းရုပ်ရှင်ထဲမှာ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲကာလ ကသောင်းအနင်းဖြစ်ခဲ့တဲ့အခြေအနေတွေနဲ့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ကာလကြုံရတာတွေကိုလည်း အရိပ်အမြွက်ပြပါတယ်။ ဒါပေမဲ့ မယ်လာနီယာ ထရမ့်ကတော့ ဒါတွေနဲ့ပတ်သက်ပြီး သူ့အမြင်ကို ပြောဖို့ အတော်လေး ရှောင်ဖယ်ခဲ့ပါတယ်။
အာရုံစိုက်မှုတွေ ထရမ့်ဆီရောက်အောင် သူ ပြန်လုပ်ပါတယ်။ ခင်ပွန်းဖြစ်သူ ပြောထားတဲ့ တရားမမျှတမှုကို ကြုံခဲ့ရတယ်ဆိုတဲ့အပြောကိုပဲ သူ ပဲ့တင်ထပ် ပြောပါတယ်။ ''ပြီးခဲ့တဲ့နှစ်တွေမှာ သူ့လောက် ဒုက္ခကြုံခဲ့ရဖူးသူ မရှိဘူးထင်ပါတယ်'' လို့် မယ်လာနီယာက နောက်ခံစကားပြောပါတယ်။ ''အခုတော့ သူ ဒီနေရာကို ရောက်ပါပြီ။ ကျွန်မ သိပ်ကို ဂုဏ်ယူရပါတယ်''
သမ္မတကတော်ဆိုတဲ့ သူ့တာဝန် ဝတ္တရားကို မဖြစ်ဖြစ်အောင် အချိန်ပေး ထမ်းဆောင်ရတဲ့အကြောင်းကိုလည်း သူက ပြောပြပါတယ်။
''ပွဲတက်ရ တွေ့ရမယ့် အချိန်ဇယားက ရှိနေတယ်။ သမ္မတကတော်ဆိုတဲ့နေရာကနေ လုပ်ရမယ့်ဟာ၊ အိမ်ဖြူတော်ကိစ္စဝိစ္စနဲ့ သမ္မတနဲ့အတူ လုပ်ဆောင်ရမယ့်အချိန်ဇယားတွေပေါ့'' လို့ သူက ပြောပါတယ်။ ''အမေတစ်ယောက်တာဝန်၊ ဇနီးတစ်ယောက်တာဝန်၊ သမီးတစ်ယောက်တာဝန်၊ မိတ်ဆွေတွေအတွက် မိတ်ဆွေတစ်ယောက်တာဝန်မျိုးပေါ့''
ကလေးငယ်တွေ ဖုန်းကြည့်ချိန်ကြာလို့ ကျန်းမာရေးထိခိုက်ဆိုးကျိုးဖြစ်တဲ့သတင်းတွေကို သတင်းတွေမှာ မြင်ရကြားရတဲ့အခါ စိတ်မကောင်းဘူးလို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ သမ္မတကတော် တစ်ယောက်အနေနဲ့ ဒီအရေးကို ဘယ်လို ကိုင်တွယ်လုပ်ဆောင်မယ်ဆိုတာမျိုး သူ့အမြင်ကိုတော့ မပြောသွားပါဘူး။
လော့စ်အိန်ဂျလိစ်မြို့က Palisades အရပ် မီးလောင်တဲ့ရုပ်သံကို မိသားစုဝင်တွေရဲ့ ဆုံးရှုံးနစ်နာမှုလို့ သူ ရှုမြင်ပါတယ်။ အဲဒီနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးက ဟားမတ်စ်ကို တိုက်ခိုက်တဲ့အခါ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရပြီးတဲ့နောက် ပြန်လွတ်လာတဲ့ အစ္စရေးသူ အဗီဇာ ဆီဂဲလ်နဲ့တွေ့ဆုံဖို့ လမ်းလျှောက်သွားတဲ့အပိုင်းကို ရုပ်ရှင်မှာပြပါတယ်။ ဆီဂဲလ်ရဲ့ခင်ပွန်းဖြစ်သူဟာ ရုပ်ရှင်ရိုက်ကူးရေးလုပ်တဲ့အချိန်မှာ ဓားစာခံအဖြစ် ဖမ်းဆီးခံနေရတုန်းဖြစ်ပါတယ်။ အဲဒီနောက်မှာ သူဟာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြန်လွတ်လာပါတယ်။
''ကျွန်မ စွမ်းနိုင်သလောက် လိုအပ်သူတွေကို အကူအညီပေးနိုင်အောင် ကြိုးပမ်းသွားပါမယ်'' လို့ မယ်လာနီယာက ပြောပါတယ်။
နိုင်ငံရေးကြောင့် အမြင်ကွဲပြား
ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာ မှတ်တမ်းရုပ်ရှင်တွေဟာ နာမည်ကျော်တွေအတွက် ပရိသတ်နဲ့ ရင်ဘတ်ချင်းနီးဖို့ ကြိုးပမ်းတဲ့နည်းလမ်းတစ်သွယ်အဖြစ် ရှိခဲ့ပါတယ်။
ပရိသတ်နဲ့ အနုပညာရှင်ကြားက လူမှုကွန်ရက်ပေါ်က ဆက်ဆံရေး အနိမ့်အမြင့် အတက်အကျ ခန့်မှန်းဖို့ခက်နေချိန်မှာ အဆိုတော်တွေဖြစ်ကြတဲ့ တေလာဆွစ်၊ ဒေမီ လဗက်တိုနဲ့ ဆလီနာ ဂိုမတ်ဇ်တို့ သူတို့ကိုယ်တိုင်ထုတ်လုပ်ခဲ့ကြတဲ့ မှတ်တမ်းရုပ်ရှင်တွေဟာ ပရိသတ်နဲ့ ရင်ဘတ်ချင်းနီးစေခဲ့သလို မြိုးမြိုးမြက်မြက်လည်းရခဲ့ပါတယ်။
ဝါရှင်တန်ဒီစီမြို့ပြင်က ရုပ်ရှင်ရုံတစ်ရုံမှာ မယ်လာနီယာရဲ့ရုပ်ရှင်ကို ပွဲဦးထွက်ပြသတော့ ဘီဘီစီလည်း တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ ပရိသတ်အများစုဟာ အမေရိကန်အလံကို ချုပ်ထားတဲ့ ဝတ်စုံတွေဝတ်ထားတဲ့သက်ကြီးပိုင်းတွေ များပါတယ်။ ရုပ်ရှင်တစ်ကားလုံးနီးပါး သူတို့ လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြပါတယ်။
ဒါကြောင့်ပဲ မယ်လာနီယာ ထရမ့်ဟာ ဒီရုပ်ရှင်ကို ထုတ်လုပ်ဖို့ရာ ရွေးချယ်ခဲ့တာဖြစ်နိုင်တယ်လို့ အိုဟိုင်းယိုးတက္ကသိုလ်က အမျိုးသမီးရေးရာပါမောက္ခလည်းဖြစ် သမ္မတကတော်တွေရေးရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ကက်သရင်း ဂျေလီဆင်က ပြောပါတယ်။
''သူ့ရဲ့မှတ်တမ်းထဲ သူပြောခဲ့သလိုပဲ ဘေးနားက လူတွေကြောင့် သူ ပုံသွင်းခံရတာမျိုးဖြစ်တာကို မကြိုက်ဘူးတဲ့လေ'' လို့ ဂျေလီဆင်က ပြောပါတယ်။
ဒါပေမဲ့လည်း ဒီရုပ်ရှင်မထုတ်ခင်ကတည်းက ရုပ်ရှင်နဲ့ ထရမ့်အစိုးရကြားက ဆက်နွှယ်မှုနဲ့ပတ်သက်ပြီး နိုင်ငံရေးနွှယ်တဲ့အမြင်တွေရှိခဲ့ပါတယ်။
အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သီးသန့်ပြပွဲကိုတော့ အက်ပဲလ် အမှုဆောင်ချုပ် တင်ကွတ်ခ်နဲ့ ကွန်ဆာဗေးတစ် နာမည်ကြီး အဲရစ်ကာ ခါ့ခ် တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒါဟာ မင်နီယာပိုလစ်မြို့မှာ ဖက်ဒရယ် အေးဂျင့်တွေက အဲလက်စ် ပရက်တီ ဆိုတဲ့အမျိုးသားကို ပစ်ခတ်လို့ သေဆုံးပြီး နာရီပိုင်းအကြာမှာ ပြုလုပ်ခဲ့တာပါ။
အကဲခတ်တွေကတော့ ဒီလိုပစ်ခတ်မှုဖြစ်အပြီးမှာ ရုပ်ရှင်သီးသန့်ပွဲလုပ်တာ အကြင်နာမဲ့တာလို့ ထရမ့်အစိုးရကို တံဆိပ်တပ်ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာတော့ ဆန္ဒပြသူတွေဟာ မယ်လာနီယာရဲ့ရုပ်ရှင်ကြော်ငြာတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ရုပ်ရှင်တွေအကြောင်း အကဲဖြတ်ကြတဲ့ အင်တာနက်စာမျက်နှာတွေမှာတော့ မကြိုက်ကြတဲ့အကြောင်း ရုပ်ရှင်မဖြန့်ချိခင်မှာပဲ ကြိုပြီးမှတ်ချက်ပေး ရေးခဲ့ကြပါတယ်။
အမေဇုန်ကုမ္ပဏီပိုင်ရှင် ဂျက်ဖ် ဘီဇော့အပါအဝင် ဘီလျံနာသူဌေးတွေနဲ့ စီးပွားရေးသမားတွေဟာ အိမ်ဖြူတော်နဲ့အဝင်အထွက်မပြတ်ဖို့ ကြိုးပမ်းချိန်မှာ အမေဇုန်က ဒီရုပ်ရှင်ကို ငွေစိုက်ထုတ်ပြီး ရိုက်ခဲ့လို့ ဝေဖန်ခံရပါတယ်။
စျေးကွက်ဖော်ဆောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း၊ အဲဒီအပြင် ရုပ်ရှင်မူပိုင်ခွင့်တွေအတွက် သန်း ၄၀ နီးပါးရှိခဲ့တယ်လို့ မီဒီယာတွေက သတင်းဖော်ပြပါတယ်။
ဒါပေမဲ့ ရုပ်ရှင်ထဲမှာတော့ မယ်လာနီယာ ထရမ့်ဟာ အိမ်ဖြူတော်နဲ့ဆက်နွှယ်တဲ့နိုင်ငံရေးကိစ္စတွေနဲ့ သူ့ကြား ခပ်ကွာကွာဖြစ်အောင် လုပ်ထားပုံပေါ်ပါတယ်။ အဲဒီအစား ညစာစာပွဲတွေအတွက် အပြင်အဆင်ကောင်းအောင်၊ ဝတ်ဖို့ရှိတဲ့ဝတ်စုံတွေ သူနဲ့ကိုက်အောင်လုပ်တာမျိုးတွေ အပေါ်မှာပဲ အာရုံစိုက်တယ်ဆိုတာပေါ်လွင်အောင် လုပ်ထားပါတယ်။ တစ်နေရာမှာဆိုရင် ဒေါ်နယ်ထရမ့်က သူ့ရဲ့လူလုံးထွက်ပြမှုတစ်ခုကို လာကြည့်ဖို့ မယ်လာနီယာကို ခေါ်နေတာ တွေ့နေပါတယ်။
မယ်လာနီယာက ငြင်းပါတယ်။ ဒီတော့ ရုပ်ရှင်ရုံထဲမှာ အခစ်ခစ်ရယ်သံတွေ လွှမ်းသွားပါတယ်။ ''ကျွန်မ သတင်းတွေထဲမှာ မြင်မှာပဲလေ'' လို့ သူက ထရမ့်ကို ပြန်ပြောပါတယ်။
သမ္မတကတော်တစ်ဦးအနေနဲ့ မယ်လာနီယာရဲ့ ရပ်တည်ချက်ကို ရုပ်ရှင်ရဲ့နောက်ဆုံးပိုင်းမှာ မြင်နိုင်ပါတယ်။ ''သမ္မတကတော်တစ်ဦးနေနဲ့ပြောရရင် တကယ်တော့ မနေ့က ကျွန်မထက် ဒီကနေ့ ကျွန်မက ပိုပြီးကြံ့ခိုင်မာကြောလာတယ်''