အမေရိကန်နိုင်ငံရေးကို ကြီးစိုးလာတဲ့ ထရမ့် မျိုးဆက်

    • ရေးသားသူ, အာနာ ဖာဂိုင်း
    • ရာထူးတာဝန်, ဘီဘီစီသတင်းဌာန၊ ဝါရှင်တန်

နိုင်ငံရေးလောကထဲ မဝင်ခင်တုန်းက ဒေါ်နယ် ထရမ့်က ''ထရမ့်'' ဆိုတဲ့ အမည်တံဆိပ်နဲ့အတူ ဒေါ်လာသန်းပေါင်းများစွာ အမွေထားရစ်နိုင်တဲ့ တန်ဖိုးကြီး အိမ်ခြံမြေကုမ္ပဏီတွေ တည်ဆောက်ခဲ့ပါတယ်။

အခုတော့ ထရမ့်ဆိုတဲ့ နာမည်က ရီပတ်ဘလီကန်ပါတီနဲ့ ယှဉ်တွဲနေပြီး အခုအခါ ထရမ့် မျိုးရိုးမိသားစုဝင် အတော်များများက ပါတီထဲမှာ သြဇာ လွှမ်းမိုးလာနေကြပါပြီ။

အိမ်ဖြူတော်ကို ထရမ့် ပြန်လာဖို့ ပြင်နေရာမှာ သူ့ရဲ့ မိသားစုထဲက အထင်ကရလူ တချို့ အကြောင်းကို ကြည့်ကြရအောင်ပါ။

ဒေါ်နယ် ထရမ့် ဂျူနီယာ

ထရမ့်ရဲ့ သားသမီးတွေထဲမှာ အကြီးဆုံး သားဖြစ်သူ ဒေါ်နယ် ထရမ့် ဂျူနီယာဟာ သူ့ဖခင် အိမ်ဖြူတော်ကနေ ထွက်ခွာပေးခဲ့ရကတည်းကစလို့ ပြီးခဲ့တဲ့နှစ်အတွင်း ပိုကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုကို ယူခဲ့ပါတယ်။

ထရမ့်ရဲ့ ရွေးကောက်ပွဲအတူ ဝင်ပြိုင်ဖို့ ဒုသမ္မတလောင်း ဂျေဒီ ဗန့်စ်ကို ရွေးချယ်ခဲ့စဉ်မှာ ဒေါ်နယ် ထရမ့်ဂျူနီယာက ဂျေဒီ ဗန့်စ်ဟာ သူ့ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တယ်လို့ မီဒီယာတွေမှာ ပေါ်ပေါ်ထင်ထင် ထုတ်ပြောခဲ့ပါတယ်။

"အံ့မခန်းစရာ ရွေးချယ်မှုပါ။ တကယ့်ကို ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ။"လို့ ဒေါ်နယ် ထရမ့် ဂျူနီယာက ရီပတ်ဘလီကန်ပါတီ အမျိုးသားညီလာခံ(RNC) မှာ ပြောသွားခဲ့ပါတယ်။

အိုဟိုင်ယို ဆီးနိတ် အထက်လွှတ်တော်အမတ် ဂျေဒီ ဗန့်စ်ဟာ သူ့ရဲ့ ပထမ ဦးစားပေး ရွေးချယ်သူ ဖြစ်တယ်ဆိုတာကို ဒေါ်နယ် ထရမ့် ဂျူနီယာက ဖုံးကွယ်မထားခဲ့သလို သူဖြစ်ချင်တဲ့အတိုင်းပဲ ဖြစ်လာခဲ့ပါတယ်။

ဒေါ်နယ် ထရမ့် ဂျူနီယာ ဟာ ဇနီးသည် ဗန်နက်ဆာ ထရမ့်နဲ့ ကွာရှင်းပြတ်စဲခဲ့ပြီး သူတို့နှစ်ဦးမှာ သားသမီး ၅ ယောက်ရှိပါတယ်။ အခုတော့ သူဟာ ကင်ဘာလီ ဂေလ်ဖွိုင်လ်နဲ့ စေ့စပ်ထားပါတယ်။

အဲရစ် ထရမ့်

ထရမ့်ရဲ့ တတိယသားဖြစ်သူ အဲရစ် ထရမ့်ဟာ သူ့အစ်ကိုလိုပဲ သူ့အတွက် အရေးပါတဲ့ ကိစ္စရပ်တွေမှာ ဖခင်အတွက် မဲဆွယ်စည်းရုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

သူ့အစ်ကိုလောက်တော့ လူထုရှေ့ သိပ်ထွက်လေ့ မရှိပေမဲ့ ထရမ့်မိသားစု စီးပွားရေးလုပ်ငန်းမှာတော့ ဆက်ဦးဆောင်နေပါတယ်။

အီဗန်ကာ ထရမ့်နဲ့ ဂျဲရက် ကူရှ်နာ

အီဗန်ကာ ထရမ့်နဲ့ ခင်ပွန်းသည် ဂျဲရက် ကူရှ်နာ တို့ဟာ ထရမ့်ရဲ့ အိမ်ဖြူတော် ပထမသက်တမ်းအတွင်းတုန်းက သြဇာ အကြီးမားဆုံး မိသားစုဝင်တွေ ဖြစ်ခဲ့တယ်ဆိုတာ ငြင်းလို့မရလောက်အောင်ပါပဲ။

သူတို့နှစ်ဦးဟာ ၂၀၀၉ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပြီး သားသမီး ၃ ယောက် ထွန်းကားခဲ့ပါတယ်။

သမ္မတအဖြစ် ထရမ့် တာဝန်ယူခဲ့စဉ်ကာလအတွင်းတုန်းက အီဗန်ကာ ဟာ သူ့ဖခင်နဲ့ အစိုးရအဖွဲ့ကိုယ်စား လူထုရှေ့မှောက် အကြိမ်ကြိမ် ထွက်ခဲ့ပါတယ်။

မစ္စတာ ကူရှ်နာဟာလည်း ၂၀၁၇ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း အိမ်ဖြူတော် အစိုးရအဖွဲ့ရဲ့ ထိပ်တန်း အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

တစ်ဖနီ ထရမ့်

တစ်ဖနီ ထရမ့် ဟာ ဒေါ်နယ် ထရမ့်ရဲ့ သားသမီးတွေထဲမှာ စတုတ္ထမြောက် ဖြစ်ပြီး သူ့ရဲ့ ဒုတိယဇနီး မာလာ မေပဲလ်စ်နဲ့ ရတဲ့ တစ်ဦးတည်းသော သမီးလည်း ဖြစ်ပါတယ်။

တစ်ဖနီ ထရမ့်ဟာ ဖခင်ဖြစ်သူရဲ့ မဲဆွယ်ပွဲတွေမှာ၊ နောက် အိမ်ဖြူတော်မှာ သမ္မတ ဖြစ်ချိန်တုန်းကသော်လည်းကောင်း နိုင်ငံရေးအခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

တစ်ဖနီဟာ ၂၀၂၂ ခုနှစ်မှာ မိုက်ကယ် ဘူးလော့စ်နဲ့ လက်ထပ်ခဲ့ပါတယ်။

ကင်မ်ဘာလီ ဂေလ်ဖွိုင်လ်

ကင်မ်ဘာလီ ဂေလ်ဖွိုင်လ် နဲ့ ဒေါ်နယ် ထရမ့် ဂျူနီယာ တို့ဟာ ၂၀၂၀ ခုနှစ်ကတည်းကစလို့ စေ့စပ်ခဲ့ပြီး အတူမြဲနေတာ ၆ နှစ်ရှိသွားပါပြီ။

ကင်မ်ဘာလီ ဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ Fox News ရုပ်မြင်သံကြားဌာနမှာ အစီအစဉ်မှုးအဖြစ် လုပ်ကိုင်ခဲ့ပြီး အဲဒီနောက်မှာ ထရမ့် ထောက်ခံအားပေးတဲ့ နိုင်ငံရေးလှုပ်ရှားမှု ကော်မတီ (PAC) မှာ အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ခင်ပွန်းလောင်း ဒေါ်နယ် ထရမ့် ဂျူနီယာလိုပဲ ကင်မ်ဘာလီကလည်း အထူးသဖြင့် တီဗီ ဖန်သားပြင်ပေါ်ကနေ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလေ့ရှိတဲ့ ထရမ့်အားပေးထောက်ခံသူ ဖြစ်ပါတယ်။

သူဟာ ၂၀၀၀ ပြည့်လွန် နှစ်ဦးပိုင်းလောက်က ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂယ်ဗင် နယူးဆမ် နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။

လာရာ ထရမ့်

ထရမ့်ရဲ့ သား အဲရစ် ထရမ့်နဲ့ လက်ထပ်ထားတဲ့ လာရာ ထရမ့်ဟာ အထူးသဖြင့် အခုနှစ်ဦးပိုင်းက ရီပတ်ဘလီကန် အမျိုးသားကော်မတီ(RNC)ရဲ့ ပူးတွဲ ဥက္ကဋ္ဌအဖြစ် စတာဝန်ယူခဲ့ကတည်းက မိသားစုထဲမှာ ထွန်းတက်စ ကြယ်တစ်ပွင့်ဖြစ်လာခဲ့ပါတယ်။

ဇူလိုင်လတုန်းက ရီပတ်ဘလီကန် အမျိုးသားညီလာခံမှာ မိန့်ခွန်း ပြောခဲ့ရာမှာ ယောက္ခမ ဖြစ်သူ ဒေါ်နယ် ထရမ့်အကြောင်း လှိုက်လှိုက်လှဲလှဲ ပြောသွားခဲ့ပါတယ်။

"ကျွန်မတို့ မိသားစုဟာ အသက်ဘေးခြိမ်းခြောက်မှုတွေကို ကြုံခဲ့ရတာပါ။ ကိုယ်ချစ်ရတဲ့ ယောက္ခမကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဖြစ်ရပ်မျိုး ဘယ်ချွေးမကမှ မတွေ့လိုကြပါဘူး။"လို့ လာရာထရမ့်က ပြောခဲ့ပါတယ်။

မယ်လာနီယာ ထရမ့်

အိမ်ဖြူတော်ကို သမ္မတကတော်အဖြစ် ဒုတိယအကြိမ် ပြန်လာတော့မယ့် မယ်လာနီယာ ထရမ့်ဟာ ဒေါ်နယ် ထရမ့်နဲ့ ၂၀၀၅ ခုနှစ်ကတည်းက လက်ထပ်ထားခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ သမ္မတ ပထမသက်တမ်းအတွင်းတုန်းက မယ်လာနီယာ ထရမ့်ဟာ သိုသိုသိပ်သိပ် နေခဲ့ပြီး အဲဒီအချိန်ကတည်းက လူထုရှေ့ သိပ်မထွက်ခဲ့ပါဘူး။

ဇူလိုင်လတုန်းကတော့ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားမှုတစ်ခု ဖြစ်ပွားခဲ့အပြီးမှာ မယ်လာနီယာ ထရမ့်ကို ရီပတ်ဘလီကန် အမျိုးသားညီလာခံမှာ မမျှော်လင့်ဘဲ တွေ့ခဲ့ရပါတယ်။

အောက်တိုဘာလမှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ ဘဝမှတ်တမ်း စာအုပ်ထဲမှာ မယ်လာနီယာက သန္ဓေသားလောင်း ဖျက်ချပိုင်ခွင့်ကို ထောက်ခံကြောင်း သူ့ရဲ့ ရပ်တည်ချက်ကို ဝေမျှဖော်ပြထားပါတယ်။ သူ့ရဲ့ရပ်တည်ချက်ဟာ သန္ဓေသားလောင်း ဖျက်ချပိုင်ခွင့်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ဖို့ လုပ်နေတဲ့ ခင်ပွန်းသည်ရဲ့ ရပ်တည်ချက်နဲ့ ဖီလာဆန့်ကျင်နေပါတယ်။

ဘာရွန် ထရမ့် (အသက် ၁၈ နှစ်) ဟာ သူနဲ့ ဒေါ်နယ် ထရမ့်ရဲ့ တစ်ဦးတည်းသော သား ဖြစ်ပါတယ်။

ဘာရွန် ထရမ့်

ဘာရွန် ထရမ့်ဟာ မဲဆွယ်ကာလအတွင်းမှာ လူထုရှေ့ သိပ်မထွက်ခဲ့ပါဘူး။

ဇူလိုင်လမှာ ပါတီအမျိုးသားညီလာခံကို ဖလော်ရီဒါပြည်နယ်က တခြားကိုယ်စားလှယ်တွေနဲ့အတူ သူတက်ရောက်မယ်ဆိုတဲ့ သတင်းတွေ မေလတုန်းက ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ မတက်ဖို့ ဘာရွန် ငြင်းဆန်ခဲ့တယ်လို့ သူ့မိခင်က တစ်ရက်အကြာမှာ ထုတ်ပြောခဲ့ပါတယ်။

ဘာရွန် ထရမ့်ဟာ မေလမှာ ဖလော်ရီဒါပြည်နယ် ပါးမ် ဘိချ်မြို့က Oxbridge Academy တက္ကသိုလ်ကနေ ကျောင်းပြီးခဲ့ပြီး အခုအခါ နယူးယောက် တက္ကသိုလ်၊ Stern School of Business ကောလိပ်ကျောင်းမှာ ပညာသင်ကြားနေတယ်လို့ ဖခင်ဖြစ်သူ ထရမ့်က ပြောပါတယ်။

ကိုင် ထရမ့်

ကိုင် ထရမ့်ဟာ ထရမ့်ရဲ့ မြေးတွေထဲမှာ အကြီးဆုံးဖြစ်ပြီး ဒေါ်နယ် ထရမ့် ဂျူနီယာနဲ့ ဇနီးဟောင်း ဗန်နက်ဆာ ထရမ့်တို့ရဲ့ သမီးဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ် ကိုင် ဟာ ဂေါက်သီးရိုက် ဝါသနာ ပါသူဖြစ်ပြီး သူ့အဘိုးအကြောင်းကို ပါတီညီလာခံမှာ ပြောခဲ့ပါတယ်။

"ကျွန်မအတွက်ကတော့ သူဟာ တခြား သာမန်အဖိုးတွေ လိုပါပဲ။ ကျွန်မတို့ရဲ့ အဖေ၊ အမေတွေ ကွယ်ရာမှာ သကြားလုံးတွေ၊ အချိုရည်တွေ ခိုးကျွေးလေ့ရှိပါတယ်။" လို့ ကိုင်က ပြောပြခဲ့ပါတယ်။