ဗာဂနာ ရုရှားကြေးစားအဖွဲ့ အာဖရိကမှာဘယ်လိုပြန်လည်ဖွဲ့စည်းခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, AFP
- ရေးသားသူ, ဂျိုး အင်ဝုဒ်နဲ့ ဂျိတ် တာချီ
- ရာထူးတာဝန်, ဘီဘီစီ Newsnight နဲ့ BBC Eye စုံစမ်းဖော်ထုတ်သတင်းရေးသားအဖွဲ့
ရုရှားဟာ ဗျူဟာမြောက်အရေးပါတဲ့သဘာဝသယံဇာတတွေကို ရရှိဖို့ အလဲအလှယ်အနေနဲ့ ‘‘အုပ်စိုးသူ ရှင်သန်ရေးအကူအညီ’’ကို အာဖရိကအစိုးရတွေကို ပေးနေတယ်လို့ ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။
ဘီဘီစီက မြင်တွေ့ခဲ့ရတဲ့ ရုရှားအစိုးရအတွင်းရေး စာရွက်စာတမ်းတွေအရ အနောက်အာဖရိကမှာ သတ္တုတွင်းတူးဖော်ရေး ဥပဒေတွေ ပြောင်းလဲဖို့ ဘယ်လိုလုပ်နေတယ်ဆိုတာ အသေးစိတ်တွေ့ရသလို ဗျူဟာမြောက်အရေးပါတဲ့နေရာတစ်ခုမှာ အနောက်နိုင်ငံကုမ္ပဏီတွေကို ထွက်သွားအောင်လုပ်ဖို့ ရည်ရွယ်ချက်ကို လည်း တွေ့ခဲ့ရပါတယ်။
ဒါဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ မအောင်မြင်တဲ့အာဏာသိမ်းမှုကို ကြိုးပမ်းခဲ့တဲ့ ဗာဂနာကြေးစားအဖွဲ့ရဲ့ လုပ်ငန်း ဆောင်တာတွေကို လက်လွှဲယူလိုက်တဲ့ရုရှားအစိုးရရဲ့ လုပ်ငန်းစဥ် တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။
အခုတော့ ဒေါ်လာသန်းထောင်ချီတဲ့လုပ်ငန်းဆောင်တာတွေကို ရုရှားဘက်က ငြင်းချက်ထုတ်ထားတဲ့ ရုရှားသူသျှိုဟောင်း ဆာဂေး စကစ်ပယ် ဗြိတိန်မြေပေါ် နိုဗီချော့ ဓာတုအဆိပ်နဲ့လုပ်ကြံမှုနောက်ကွယ်မှာ ကြိုးကိုင်ခဲ့သူလို့ စွပ်စွဲခံရတဲ့ အမျိုးသား စီမံတဲ့ ‘‘Expenditionary Corps’’ အဖွဲ့က ဦးဆောင်လည်ပတ်နေပါတယ်။
‘‘ဒါဟာ အာဖရိကနဲ့ပတ်သက်တဲ့မူဝါဒမှာ ရုရှားက နိုင်ငံတော်အဆင့်အထိ ပါတယ်ဆိုတာ ထွက်ပေါ်လာတာပါပဲ’’ လို့ အစီရင်ခံစာကိုရေးသားသူတွေထဲက တစ်ဦးလည်းဖြစ်၊ Royal United Services Institute (Rusi) က ကြည်းတိုက်ပွဲရေးရာကျွမ်းကျင်သူလည်းဖြစ်တဲ့ ဂျက် ဝက်လင်းကပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လတုန်းကတာ့ ယက်ဂေနီ ပရီဂေါ့ဂျင်ဟာ ကမ္ဘာမှာ နာမည်အကြီးဆုံးနဲ့ ကြောက်စရာ ကြေးစားဖြစ် ယူဆခံခဲ့ရပါတယ်။ သူ့ရဲ့ ဗာဂနာအဖွဲ့(Wagner Group)ဟာ ဒေါ်လာ သန်းဘီလီယံနဲ့ချီတဲ့ ကုမ္ပဏီတွေနဲ့ စီမံကိန်းတွေကို ထိန်းချုပ်ထားပြီး သူ့ရဲ့တိုက်ခိုက်ရေးသမားတွေဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုမှာ အခရာကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
အဲဒီနောက် သူဟာ မောစကိုမြို့ကို ချီတက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးနဲ့ ကြည်းရေလေအရာရှိချုပ်ကို ဖယ်ရှားဖို့ တောင်းဆိုတာလို့ဆိုပေမဲ့ အမှန်တကယ်မှာတော့ အရင်တုန်းက ဘယ်သူမှ မလုပ်ခဲ့ဖူးတဲ့ သမ္မတ ဗလာဒီမီယာပူတင်ကို ခြိမ်းခြောက်မှုဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီနောက် သီတင်းပတ်တွေအတွင်းမှာပဲ သူဟာ ဗာဂနာခေါင်းဆောင်ပိုင်းအများစုစီးနင်းလိုက်ပါတဲ့ သံသယဖြစ်စရာ အကောင်းဆုံး လေယာဥ်ပျက်ကျမှုမှာ သေဆုံးခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဗာဂနာအဖွဲ့ ဘာဖြစ်သွားမလဲဆိုတဲ့ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ ဘာဖြစ်သွားပြီဆိုတာ သဲသဲကွဲကွဲ သိရပြီဖြစ်ပါတယ်။
ဒေါက်တာ ဝက်လင်းရဲ့အပြောအရဆိုရင် ‘‘ပရီဂေါ့ဂျင် ပုန်ကန်မှုဖြစ်ပြီးမကြာခင်မှာပဲ ကရင်မလင်မှာ အစည်းအဝေးပွဲတစ်ခုလုပ်ခဲ့တယ်။ အဲဒီမှာ ဗာဂနာအဖွဲ့ရဲ့ အာဖရိကမှာရှိတဲ့လုပ်ငန်းတွေကို ရုရှားစစ်ဘက်ထောက်လှမ်းရေး(GRU) ထိန်းချုပ်မှုအောက်ကို ချက်ချင်းထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်’’
ထိန်းချုပ်မှုကိုတော့ ပြည်ပအစိုးရတွေ မတည်ငြိမ်အောင်နဲ့ ပစ်မှတ်ထားသတ်ဖြတ်မှုတွေကို လျှို့ဝှက် လုပ်ဆောင်တဲ့ ယူနစ် ၂၉၁၅၅ ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Andrey Averyanov လက်ကို လွှဲခဲ့ပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ကြီး Andrey Averyanov ရဲ့အလုပ်သစ်ဟာ အစိုးရတွေ မတည်မငြိမ်ဖြစ်အောင်လုပ်တာ မဟုတ်တော့ဘဲ မိုင်းတွင်းလုပ်ပိုင်ခွင့်တွေရနေသမျှကာလပတ်လုံး အဲဒီအစိုးရတွေရဲ့ အနာဂတ် ပိုခိုင်မာအောင်လုပ်ပေးတာမျိုး ပုံပေါ်နေပါတယ်။
စက်တင်ဘာလအစောပိုင်းမှာတော့ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Yunus-Bek Yevkurov နဲ့ ဗိုလ်ချုပ်ကြီး Averyanov တို့ဟာ အာဖရိကမှာရှိတဲ့ အရင်က ဗာဂနာရဲ့လုပ်ငန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
သူတို့ခရီးဟာ လစ်ဗျားနိုင်ငံက စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခါလီဖာ ဟာဖတာနဲ့ တွေ့ဆုံမှုကနေ စတင်ပါတယ်။ သူတို့ရဲ့နောက် ခရီးတစ်ထောက်ကတော့ ဘာကီနာဖာဆိုနိုင်ငံဖြစ်ပြီး အဲဒီမှာ သူတို့ကို အသက် ၃၅ နှစ်အရွယ် စစ်အာဏာသိမ်းခေါင်းဆောင် Ibrahim Traoré က ကြိုဆိုနှုတ်ဆက်ပါတယ်။
အဲဒီနောက်မှာတော့ သူတို့ မာလီနိုင်ငံက စစ်ခေါင်းဆောင်တွေနဲ့မတွေ့ခင်မှာ အာဖရိကတိုက်မှာ ဗာဂနာအဖွဲ့ရဲ့ ခြေကုတ်ယူလှုပ်ရှားမှုအရှိဆုံးလို့မှတ်ယူနိုင်တဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံ(CAR)ကို ဝင်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အဲဒီခရီးစဥ်နောက်ဆက်တွဲအနေနဲ့ သူတို့ဟာ နီဂျဲနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ စစ်ဘက်ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဆာလီဖူ မိုဒီနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံမှု မှတ်တမ်းတွေအရဆိုရင် ပရီဂေါ့ဂျင် သေဆုံးမှုဟာ သူနဲ့လုပ်ထားတဲ့ စီးပွားရေးဆိုင်ရာအပေးအယူကိစ္စတွေအဆုံးသတ်သွားတာမဟုတ်တဲ့အကြောင်း အာဖရိကတိုက်က ဗာဂနာရဲ့ စီးပွားဖက်တွေကို သူတို့နှစ်ဦးက အခိုင်အမာပြောကြားထားတာကို ပြသနေပါတယ်။
ဘာကီနာဖာဆိုနိုင်ငံက ဗိုလ်ကြီး Traoré နဲ့တွေ့ဆုံမှုသတင်းတွေမှာဆိုရင်လည်း ‘‘ရုရှားက လေယာဥ်မှူးတွေ အပါအဝင် ဘာကီနာရဲ့အရာရှိအဆင့်အားလုံးနဲ့ ဗိုလ်လောင်းအားလုံးကို သင်တန်းပေးရေးဆိုင်ရာ စစ်ဘက်ရေးရာကဏ္ဍ’’ ကို ဆက်ပြီး ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။
တိုတိုပြောရရင် ပရီဂေါ့ဂျင်သေဆုံးမှုဟာ ဘာနီနာဖာဆိုက စစ်ခေါင်းဆောင်တွေအနေနဲ့ ရုရှားနဲ့ဆက်ဆံရေး အဆုံးသတ်သွားတာမဟုတ်ပါဘူး။ ဆက်ဆံရေးဟာ တနည်းတစ်ဖုံနဲ့ ပိုပြီး နက်ရှိုင်းလာတာဖြစ်ပါတယ်။
ဗာဂနာနဲ့ ဆက်ဆံရေးနီးကပ်နဲ့ အနောက်အာဖရိကနိုင်ငံ ၃ နိုင်ငံဟာ မာလီ၊ နီဂျဲနဲ့ ဘာကီနာဖာဆိုတို့ဖြစ်ပြီး အဲဒီနိုင်ငံတွေအားလုံးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ စစ်အာဏာသိမ်းမှုတွေဖြစ်ပွားထားပါတယ်။ အဲဒီ ကတည်းက ဒီသုံးနိုင်ငံစလုံးဟာ ဒေသတွင်းအဖွဲ့ဖြစ်တဲ့ အနောက်အာဖရိကနိုင်ငံများစည်းပွားရေးအသိုက်အဝန်း(Ecowas) ကနေ နုတ်ထွက်ပြီး သူတို့ကိုယ်ပိုင်အဖွဲ့ ဖြစ်တဲ့ ‘’ဆာဟယ်နိုင်ငံများမဟာမိတ်အဖွဲ့’’ကို ဖွဲ့ထားပါတယ်။
ဗာဂနာကြေးစားတပ်ဖွဲ့နဲ့ ခွဲမရအောင်အနီးကပ်ဆုံးဖြစ်တဲ့နိုင်ငံဟာ မာလီနိုင်ငံလို့ပြောနိုင်ပြီး မာလီဟာ အစ္စလာမ္မစ်ပုန်ကန်မှုနဲ့အတူ အကြိမ်ကြိမ်စစ်အာဏာသိမ်းမှုတွေကြောင့် ကျဆုံးနိုင်ငံအဖြစ်ရှိနေခဲ့တာပါ။
အရင်တုန်းကတော့ လုံခြုံရေးအကူအညီဟာ Minusma လို့ခေါ်တဲ့ ကုလသမဂ္ဂကြီးကြပ်မှုအောက်ကနေလာတဲ့ အစီအစဥ်ရှိပြီး ပြင်သစ်စစ်တပ်ကလည်း ပုန်ကန်မှုတန်ပြန်နှိမ်နင်းရေးအောက်ကနေ အဲဒီအစီအစဥ်မှာပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ အရင်က ကိုလိုနီနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်ကို နှစ်သက်မှု မရှိတာကြောင့် ရုရှား ကျောထောက်နောက်ခံပြုမှုနဲ့ လုံခြုံရေးယူပေးမယ်လို့ ဗာဂနာအဖွဲ့က ကမ်းလှမ်းတဲ့ အဲဒီအကူအညီကို လက်ခံခဲ့ရပါတယ်။
‘‘ပြင်သစ်တွေကို လိုလိုလားလားကြိုဆိုခဲ့ကြတယ်ဆိုတာထက် သည်းခံခဲ့ကြတယ်လေ’’ လို့ Amber Advisers အတွက် အာဖရိကနိုင်ငံရေးအကဲခတ် Edwige Sorgho-Depagne က ပြောပါတယ်။
‘‘ဆာဟဲမှာ အကြမ်းဖက်မှုအကျပ်အတည်းကို ပြင်သစ်က ကူညီနိုင်တဲ့လုပ်ပိုင်ခွင့် အတိုင်းအတာဟာ အကန့်အသတ်ဘောင်အတွင်းမှာပဲရှိတယ်ဆိုတာကို သိခဲ့ကြတယ်။ ဒီတော့ ပြင်သစ်တွေ ဒီအကျပ်အတည်းအဆုံးသတ်ရေး အထောက်အကူဖြစ်စေမယ့် နည်းလမ်းမတွေ့ဘဲ ၁၀ နှစ်ကျော်ကြာနေခဲ့တာပဲ အဖတ်တင်တယ်’’
လက်တွေ့ကျကျဆောင်ရွက်မှုနောက်ကွယ်မှာတော့ အတိတ်က ဆက်ဆံရေးတွေရှိနေပါတယ်။ ‘‘ဒီနိုင်ငံတွေမှာ ရုရှားဟာ မဟာမိတ်အသစ်တော့မဟုတ်ပါဘူး။ ရုရှားဟာ အဲဒီနိုင်ငံတွေမှာ ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာလည်း ရှိခဲ့တယ်လေ။
‘‘ပိုကောင်းတဲ့အချိန်ကို ပြန်ရဖို့ဆိုတဲ့အိမ်မက်လည်းရှိနေပြန်တယ်။ အဲဒါကလည်း ရုရှားနဲ့ဆက်ဆံရေးနဲ့ ဆက်နွှယ်နေတာမျိုးပေါ့’’
ဒါပေမဲ့ အဲဒီနိုင်ငံတွေကို စီမံနေတဲ့ စစ်ခေါင်းဆောင်တွေအတွက်တော့ ရုရှားရဲ့စစ်ဘက်ရေးရာ ခြေကုတ်ယူမှုက မြင်သာတဲ့အကျိုးကျေးဇူးတွေ ရှိနေပါတယ်။
‘‘အစောပိုင်းမှာတော့ အဲဒီစစ်ခေါင်းဆောင်တွေက အသွင်ကူးပြောင်းရေးကာလ ခေါင်းဆောင်တွေပေါ့။ ရွေးကောက်ပွဲတွေ ကျင်းပဖြစ်အောင်လုပ်ပေး၊ ဒီမိုကရေစီနည်းတဲ့ဖွဲ့စည်းတဲ့အင်စတီကျူးရှင်းတွေ ပေါ်လာဖို့ ရေး လုပ်တာပေါ့’’
‘‘ဒါပေမဲ့ အခု စစ်ခေါင်းဆောင်တွေကို အကာအကွယ်ပေးဖို့ ရုရှားကြေးစားတွေကို ခေါ်သွင်းလာတော့ အဲဒီခေါင်းဆောင်တွေ အာဏာကို ကြိုက်သလောက် ယူထားလို့ရပြီလေ’’
စစ်ခေါင်းဆောင်တွေဟာ ပြင်သစ်တပ်ဖွဲ့တွေကို မာလီကနေ ထွက်ခိုင်းလိုက်ပြီး အခုတော့ ပြည်တွင်းလုံခြုံရေးအတွက် ဗာဂနာတပ်ဖွဲ့ကို အတော်လေး မီခိုနေရတာကြောင့် ဒါဟာ သာမာန်အရပ်သူအရပ်သား မာလီနိုင်ငံသားအပေါ်မှာ ချက်ချင်းရိုက်ခတ်မှုရှိလာတဲ့အပြောင်းအလဲ ဖြစ်လာပါတယ်။
‘‘အခု ရုရှားတွေ အကူအညီပေးတာက တိုက်ခိုက်ရေးတပ်ဖွဲ့ပါ။ နည်းပညာမြင့်စနစ်တွေပါတဲ့ ရဟတ်ယာဥ်တွေနဲ့ လက်နက်ခဲယမ်းတွေပါ ပါဝင်ပါတယ်’’ လို့ ဒေါက်တာ ဝက်လင်းက ပြောပါတယ်။ ‘‘ဆိုဗီယက်ခေတ်မှာသုံးခဲ့တဲ့ လူစွဲ ပါတီစွဲဆန့်ကျင်ရေး နည်းလမ်းတွေဟောင်းတွေကို အသုံးပြုနေတယ်။ သတ်ဖြတ်ခံရတဲ့ တိုက်ခိုက်ရေးသမားတွေကို မြင်ရမယ်။ တိုက်ခိုက်ရေးသမားတွေနဲ့ ဆက်နွှယ်လို့ ဒါမှမဟုတ် တိုက်ခိုက်ရေးသမားတွေအတွက် အလုပ်လုပ်ပေးတယ်ဆိုပြီး ပစ်မှတ်ထားခံရတဲ့အရပ်သားတွေ သတ်ဖြတ်ခံရတာကိုလည်းတွေ့ရမယ်’’
ဗာဂနာတပ်ဖွဲ့တွေဟာ ပရိဂေါ့ဂျင်အဖွဲ့ရဲ့ခြေတံလက်တံဆန့်ခဲ့တဲ့ အာဖရိကတိုက်အပြင် ယူကရိန်းနဲ့ ဆီးရီးယားတို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်ဆောင်ခဲ့တယ်ဆိုတဲ့စွပ်စွဲပြောဆိုချက်တွေလည်း ရှိနေပါတယ်။
ဒီအထဲက မှတ်တမ်းမှတ်ရာအရှိဆုံးဖြစ်ရပ်တစ်ခုဟာ ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်အရဆိုရင် မာလီနိုင်ငံအလယ်ပိုင်း၊ မိုရာမြို့မှာဖြစ်ခဲ့ပြီး လူပေါင်း ၅၀၀ နီးပါးကို စုပြုံသတ်ဖြတ်ခံရတယ်လို့ယူဆရတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်အရ အဲဒီသတ်ဖြတ်မှုကို မာလီတပ်ဖွဲ့တွေနဲ့ ‘‘အမျိုးအမည်မသိ ဘာသာစကားပြော’’တဲ့ ‘‘လက်နက်ကိုင်အသားဖြူအမျိုးသားတွေ’’လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
သီးခြားလွတ်လပ်တဲ့အတည်ပြုချက်ရဖို့ မဖြစ်နိုင်ပေမဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(Human Rights Watch) ကတော့ အဲဒီအမည်မသိအသားဖြူတိုက်ခိုက်သူတွေဟာ ရုရှားကြေးစားတွေအဖြစ် အတည်ပြုခဲ့ပါတယ်။
လက်ခံနိုင်လောက်တဲ့လုံခြုံရေးအကူအညီအတွက် ဗာဂနာအဖွဲ့ဟာ ပြန်လိုချင်တာလည်း တစ်ခုခုရှိပြန်ပါတယ်။
တခြားအာဖရိကနိုင်ငံတွေလိုပဲ မာလီနိုင်ငံဟာ သဘာဝသယံဇာတတွေနဲ့ ကြွယ်ဝပါတယ်။ သစ်အစ ရွှေအဆုံး၊ ယူရေနီယံအစ လစ်သီယံအဆုံး သယံဇာတတွေရှိပါတယ်။ တခြားနိုင်ငံတွေကတော့ ဗျူဟာအရ အရေးပါနေပြန်ပါတယ်။
ဒေါက်တာ ဝက်လင်းရဲ့အပြောအရ ဗာဂနာအဖွဲ့ဟာ ကျကျနနဖွဲ့စည်းထားတဲ့အစဥ်အလာနဲ့လည်ပတ်နေတာလို့ ဆိုပါတယ်။ ‘‘ရုရှားရဲ့စံလုပ်ထုံးလုပ်နည်း ဟန်တစ်ခုရှိတယ်။ အဲဒါက လည်ပတ်တဲ့ကုန်ကျစရိတ်ကို ကာမိအောင် စီးပွားရေးလုပ်ခွင့်နဲ့ ပြန်ယူတာပေါ့။ အာဖရိကမှာတော့ ဒါက မိုင်းတွင်းလုပ်ငန်းလုပ်ကိုင်ရေး လိုက်လျောပေးမှုပေါ့’’
ဗာဂနာအဖွဲ့ဟာ သူ လှုပ်ရှားတဲ့နိုင်ငံတိုင်းမှာ လည်ပတ်တဲ့ကုန်ကျစရိတ်ကို ကာမိစေဖို့တင်မဟုတ်ဘဲ အမြတ်အစွန်း သိသိသာသာရရှိဖို့ အဖိုးတန်သဘာဝရင်းမြစ်တွေကို ထုတ်ယူခွင့်ရထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ရုရှားဟာ အာဖရိကကနေ ဒေါ်လာ ၂ ဘီလျံနီးပါးတန် ရွှေတွေကို တူးဖော်ခဲ့ပြီး အဲဒီကနေရတဲ့ငွေကြေးဟာ ယူကရိန်းစစ်ပွဲအတွက် အထောက်အကူဖြစ်စေခဲ့တယ်လို့ ကမ္ဘာ့ရွှေအစီရင်ခံစာက ဆိုပါတယ်။
ဖေဖော်ဝါရီလတုန်းကတော့ အရင်တုန်းက ဗာဂနာကြေးစားသမားအဖြစ်သိကြတဲ့ ရုရှားတိုက်ခိုက်ရေးသမားတွေဟာ ဘာကီနာဖာဆိုနိုင်ငံနဲ့နယ်စပ်ထိစပ်နေတဲ့ မာလီနိုင်ငံက အင်တာဟာခါ ရွှေတွင်းကို ထိန်းချုပ်ထားပါတယ်။ အဲဒီလလက်ယက်မိုင်းတွင်းဟာ မာလီနိုင်ငံမြောက်ပိုင်းမှာအကြီးဆုံးရွှေတွင်းဖြစ်ပြီး အဲဒီဒေသမှာ လှုပ်ရှားတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ နှစ်နဲ့ချီကြာအောင် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ရွှေတွင်းလည်းဖြစ်ပါတယ်။
အဲဒီထက်ပိုတာရှိနေပါသေးတယ်။ အဲဒါကတော့ ပထဝီနိုင်ငံရေးအရ အရေးပါမှုဖြစ်ပါတယ်။
‘‘အရေးပါတဲ့ဓာသတ္တုတွေနဲ့ သဘာဝရင်းမြစ်တွေကို အနောက်နိုင်ငံတွေ လက်လှမ်းမီ ထိန်းချုပ်တာကို ဗျူဟာကျကျ ထိန်းချုပ်ဖို့ ရုရှားတွေ ကြိုးပမ်းနေတာကို ကျွန်တော်တို့ လေ့လာတွေ့ရှိထားရတယ်’’ လို့ ဒေါက်တာ ဝက်လင်းက ပြောပါတယ်။
မာလီမှာ စစ်ခေါင်းဆောင်တွေက သဘာဝသယံဇာတလုပ်ငန်းတွေကို ပိုပြီး ထိန်းချုပ်နိုင်ဖို့ သတ္တုတွင်းလုပ်ကိုင်ခွင့်ကို မကြာသေးခင်တုန်းက အသစ်ပြန်လည်ရေးဆွဲထားပါတယ်။ အဲဒီလုပ်ငန်းစဥ်ကြောင့် သြစတြေးလျလစ်သီယံမိုင်းလုပ်ငန်းတစ်ခုဟာ တူးဖော်ရေးလုပ်ငန်း အထမြောက်အောင်လုပ်နိုင်ဖို့ မသေချာတော့ဘူးလို့ ပြောပြီး သူ့ရဲ့ရှယ်ယာကုန်သွယ်မှုတွေကို ရပ်နားတဲ့အထိ ဖြစ်ထားပါတယ်။
လစ်သီယံနဲ့ ရွှေမိုင်းတွင်းတွေဟာ အရေးပါတာမှန်ပေမဲ့ ဒေါက်တာ ဝက်လင်းနဲ့အပြောအရဆိုရင် ဒီထက် ပိုဗျူဟာကျတဲ့အကြောင်းအရင်းက ရှိနေပြန်ပါတယ်။ ‘‘နီဂျဲနိုင်ငံမှာဆိုရင် နိုင်ငံထဲက ယူရေနီယံ မိုင်းတွင်းတွေကို ပြင်သစ်တွေ တူးဖော်နိုင်ခွင့်ကို ဖယ်ရှားနိုင်မယ့် အလားတူလိုက်လျောချက်တွေကို ရုရှားတွေ ရရှိထားတယ်’’

ဓာတ်ပုံ ရင်းမြစ်, AFP
အဲဒီအစီရင်ခံစာဟာ မာလီနိုင်ငံမှာရထားသလိုမျိုး နီဂျဲနိုင်ငံမှာလည်း ရရှိဖို့ ကြိုးစားတဲ့အကြောင်း အဓိကပြောထားတဲ့ ရုရှားရဲ့ အတွင်းရေးမှတ်စုတွေအကြောင်း အသေးစိတ်ပါရှိပါတယ်။ ရုရှားဟာ အနောက်အာဖရိကမှာရှိတဲ့ ယူရေနီယံသတ္တုတွင်းတွေကို ထိန်းချုပ်နိုင်ပြီဆိုရင် ဥရောပဟာ လက်ရှိခေါ်ဝေါ်သုံးစွဲနေကြတဲ့ ရုရှားရဲ့ ‘‘စွမ်းအင်နဲ့ ခြိမ်းခြောက် အကျပ်ကိုင်မှု’’ကို ပြန်လည်ကြုံတွေ့ရနိုင်ခြေရှိနေပါတယ်။
ပြင်သစ်ဟာ ကမ္ဘာပေါ်မှာ တခြားနိုင်ငံတွေထက် နျူကလီးယားစွမ်းအင်အပေါ် အမီခိုဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံ့စွမ်းအင် သုံးပုံ နှစ်ပုံကို နျူကလီးယားဓာတ်အားပေးရုံ ၅၆ ရုံကနေ ထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။ နိုင်ငံထဲ သုံးစွဲတဲ့ ယူရေနီယံပမာဏ ငါးပုံတစ်ပုံကို နီဂျဲနိုင်ငံကနေ တင်သွင်းတာဖြစ်ပါတယ်။ ကုန်သွယ်မှုအပိုင်းမှာ သတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး အဆင်မချောမှုတွေကို စောဒက တက်မှုတွေ အရင်တုန်းလည်းရှိခဲ့ဖူးပြီး ကိုလိုနီနယ်ချဲ့ နိုင်ငံကြီးဖြစ်ခဲ့ဖူးတဲ့ပြင်သစ်ဟာ နီဂျဲလို နိုင်ငံငယ်လေးကနေ အမြတ်ထုတ်နေတယ်လို့ ပြောကြဆိုကြမှုတွေလည်း ရှိခဲ့ဖူးပါတယ်။
‘‘ရုရှားဖော်နေတဲ့လမ်းကြောင်းက အနောက်နိုင်ငံတွေဟာ ကိုလိုနီနယ်ချဲ့တွေအဖြစ် ရှုမြင်ခံရအောင်ပါ’’ လို့ ဒေါက်တာ ဝက်လင်က ပြောပါတယ်။ ''ဒီအုပ်စိုးသူတွေကို သူတို့ဘာသာ သီးခြားဖြစ်သွားအောင်၊ အဲဒီက အထက်တန်းလွှာတွေကို လက်ခုပ်ထဲရောက်အောင်နဲ့ သူတို့ရဲ့သဘာဝသယံဇာတတွေကိုထုတ်ယူနိုင်အောင် ရုရှားလုပ်တဲ့ပုံစံက သိပ်ကို လုပ်ရပ်နဲ့တစ်လွှဲပါပဲ။ သူတို့လုပ်ပုံကိုက ကိုလိုနီ နယ်ချဲ့ ဆန်နေတာ’’
လက်တွေ့မှာတော့ ‘‘Expeditionary Corps’’ ဟာ ရုရှားနိုင်ငံခြားရေးမူဝါဒကနေ သိသိသာသာကွဲထွက်တယ်ဆိုတာထက် ဗာဂနာအဖွဲ့ကို အဆင့်မြင့်တင်ထားတာမျိုး ပုံပေါ်ပါတယ်။ ပရီဂေါ့ဂျင်ဟာ အာဖရိကတိုက်နဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းတည်ဆောက်ထားပါတယ်။ ဒီလိုနက်ရှိုင်းတဲ့ဆက်ဆံရေးကို ဖြိုဖျက်ဖို့ သိပ်ကို ခက်ခဲမှာဖြစ်ပြီး လိုချင်တဲ့ရလဒ်ရဲ့ ဆန့်ကျင်ဘက်ကိုပဲ ဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။
‘‘Expeditionary Corps’’ ဟာ တူညီတဲ့နိုင်ငံတွေမှာ တူညီတဲ့လုပ်ပုံကိုင်နည်းနဲ့ တူညီတဲ့အန္တိမရည်မှန်းချက်အတိုင်း လည်ပတ်နေပုံ ပေါ်ပါတယ်။
ဒေါက်တာ ဝက်လင်နဲ့အပြောအရဆိုရင် ဒီအခြေကျတဲ့အပြောင်းလဲဟာ ‘‘ရုရှားအနေနဲ့ သူ တစိုက်မတ်မတ်လုပ်လာနေတဲ့မူဝါဒထဲမှာ ပေါ်တင်တည်ရှိနေတယ်’’ လို့ ဆိုပါတယ်။ ပရီဂေါ့ဂျင်ရဲ့ ဗာဂနာအဖွဲ့ဟာ လည်ပတ်မှုတွေမှာ တစ်ပါးသူယုံလောက်စရာငြင်းဆိုမှုအတိုင်းအတာတစ်ခုအထိ၊ နောက် ပြည်ပမှာ လွှမ်းမိုးမှုအတိုင်းအတာတစ်ခုအထိ ရုရှားကို ထောက်ပံ့နေတာဖြစ်ပါတယ်။
ယူကရိန်းကို အင်အားပြည့်နဲ့ ကျူးကျော်မှုဖြစ်ပြီးနောက်မှာတော့ ရုရှားရဲ့မျက်နှာဖုံးကွာကျခဲ့ပြီလို့ အနောက်နိုင်ငံတွေရဲ့လုံခြုံရေးဆိုင်ရာအစုအဖွဲ့တွေက ပြောပါတယ်။
''အခုသူတို့လုပ်ဖို့ ကြိုးစားနေတာက နိုင်ငံတကာမှာ ကျွန်တော်တို့ရဲ့ အကျပ်အတည်းတွေ ပိုပြီး ဆိုးလာအောင်ဖြစ်ပါတယ်။ တခြားတစ်နေရာမှာ မီးစဖို့ သူတို့ ကြိုးပမ်းနေပါတယ်။ လောင်နေဆဲ မီးကိုလည်း ပိုပျံ့အောင်လုပ်မယ်၊ ဘေးကင်းလုံခြုံမှုနည်းတဲ့ကမ္ဘာဖြစ်အောင်ပေါ့'' လို့ ဒေါက်တာ ဝက်လင်က ပြောပါတယ်။
''အန္တိမရည်မှန်းချက်ကတော့ လက်ရှိ ကျွန်တော်တို့ ကြုံနေရတဲ့ကမ္ဘာ့အဆင့် ယှဥ်ပြိုင်ရမှုတွေမှာ အားပျော့သွားအောင်လုပ်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲရိုက်ခတ်မှုဒဏ်ကို သိသိသာသာမမခံရသေးပေမဲ့ ကြာလာတဲ့အခါ ဒါဟာ တကယ့်ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်လာပါမယ်''






