သမ္မတပူတင် ထုတ်ပြောလာတဲ့ ဗာဂနာတပ်ဖွဲ့ခေါင်းဆောင်အကြောင်း

ဓာတ်ပုံ ရင်းမြစ်, Kremlin
ရုရှားဗာဂနာကြေးစားတပ်ဖွဲ့ခေါင်းဆောင် ယက်ဂေးနီ ပရီဂေါ့ဂျင် ပါတယ်ဆိုတဲ့ ဂျက်လေယာဥ်ပျက်ကျခဲ့တဲ့နောက် ၂၄ နာရီ ကြာအပြီးမှာ ပရီဂေါ့ဂျင် နဲ့ ပတ်သက်လို့ ရုရှားသမ္မတပူတင်က စတင်ထုတ်ပြောလာပါတယ်။
ပူတင်က ပရီဂေါ့ဂျင် ကို “ဘဝမှာကြီးလေးတဲ့အမှားတွေကိုကျုးလွန်ခဲ့တဲ့အရည်အချင်းရှိတဲ့သူတစ်ယောက်” လို့ ပြောပါတယ်။
ဒါ့အပြင် သမ္မတပူတင်ကဗုဒ္ဓဟူးနေ့ညနေပိုင်းကမော်စကိုမြို့အနောက် မြောက်ဘက်မှာပျက်ကျခဲ့တဲ့အဲဒီလေယာဉ်ပေါ်မှာပါသွားခဲ့သူ ၁၀ ဦး ရဲ့မိသားစုဝင်တွေကိုလည်း ဝမ်းနည်းကြောင်းပြောခဲ့ပါတယ်။
ဒါပေမဲ့ ပူတင်ဟာ ယက်ဂေးနီပရီဂေါ့ဂျင် သေဆုံးမှုကိုအတိအလင်း အတည်ပြုတာမရှိခဲ့ပါဘူး။
ဗာဂနာကြေးစားလက်နက်ကိုင်တပ်ဖွဲ့ရဲ့ခေါင်းဆောင် ယက်ဂေးနီပရီဂေါ့ဂျင်ဟာ လေယာဥ်ပေါ်လိုက်ပါလာသူအားလုံးသေဆုံးသွားတဲ့လေယာဥ်ပျက်ကျမှုက ခရီးသည်စာရင်းမှာ ပါဝင်တယ်လို့ ရုရှားလေကြောင်းအာဏာပိုင်တွေက ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါပေမဲ့လေယာဥ်ပျက်ကျပြီးတဲ့နောက် ဒီလေယာဥ်ပေါ်မှာပရီဂေါ့ဂျင်အမှန်တကယ်ပါသွားခဲ့လားဆိုတာကိုတော့ အမျိုးမျိုးထင်ကြေးပေးမှုတွေ ရှိနေပါတယ်။
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူကတော့ ကြာသပတေးနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လေယာဉ်ပျက်ကျမှုမှာ ဗာဂနာအကြီးအကဲသေဆုံးနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်ကယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
တဗီးယားဒေသ ၊ လေယာဉ်ပျက်ကျတဲ့နေရာကရွာခံတွေကတော့လေယာဉ်ကောင်းကင်ကနေပြုတ်ကျတာကိုမတွေ့ခင် ကျယ်လောင်တဲ့ပေါက်ကွဲသံကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
လေယာဥ်ပေါ်မှာဗုံးကိုကြိုတင်ထည့်သွင်းထားခဲ့သလားဆိုတဲ့အချက်ကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ရုရှားမီဒီယာအချို့ကဖော်ပြပါတယ်။
အမေရိကန်အရာရှိတစ်ဦးကတော့ ဖြစ်နိုင်ခြေအရှိဆုံးအကြောင်းရင်းက လေယာဉ်ပေါ်မှာ ပေါက်ကွဲမှုဖြစ်ပုံရတယ်လို့ BBC ရဲ့ အမေရိကန်မိတ်ဖက်သတင်းဌာန CBS News ကိုဖြေကြားထားပါတယ်။
လေယာဥ်ပျက်ကျရတဲ့ အကြောင်းအရင်းကို မသိရသေးပေမဲ့ ဗုံးကြောင့်ပေါက်ကွဲတယ်ဆိုတာကတော့ ဖြစ်နိုင်ခြေအများဆုံး အချက်လို့ အမေရိကန်အရာရှိက မှတ်ချက်ပြုပါတယ်။
ပရီဂေါ့ဂျင် ကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ ဗာဂနာအဖွဲ့ပါတဲ့လေယာဥ်ကို ရုရှားလေကြောင်းရန်ကာကွယ်ရေးကပစ်ချတာလို့ ပြောနေကြပြီး ဒါကိုအတည်ပြုဖို့ ပင်တဂွန်မှာသတင်းအချက်အလက်မရှိဘူးလို့ ဆိုပါတယ်။
စိန့်ပီတာစဘတ်ကနေ မော်စကိုကို ပျံသန်းလာတဲ့အဲဒီဂျက်လေယာဥ်နဲ့ပတ်သက်လို့ မြေပြင်ကလေယာဥ်အမှုထမ်းတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်သလိုစီစီတီဗီမှတ်တမ်းတွေကိုလည်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပရီဂေါ့ဂျင်ဟာတချိန်ကတော့ ရုရှားသမ္မတပူတင်ရဲ့ သစ္စာခံသူအဖြစ်ထင်ရှားခဲ့သူပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လကလုပ်ခဲ့တဲ့ပုန်ကန်မှုကြောင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ အာဏာကိုစိန်ခေါ်သူအဖြစ်အမျက်ရှခံရမယ့်အဖြစ်ကို အကဲခတ်တွေက ကြိုတွက်ခဲ့ပါတယ်။
သူ့ကို အကဲခတ်တွေက“ကိုယ့်သေတွင်းကိုယ်တူးနေတယ်” လို့မှတ်ချက်ပြုခဲ့ကြတာပါ။
လေယာဥ်ပျက်ကျပြီးတဲ့နောက် ကရင်မလင်နန်းတော်ဟာ သိသိသာသာ တိတ်ဆိတ်နေခဲ့ပါတယ်။ သမ္မတပူတင်က တောင်အာဖရိကမှာလုပ်နေတဲ့ Brics ထိပ်သီးအစည်းအဝေးကို ဗီဒီယိုတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပေမဲ့ကမ္ဘာတဝန်းစိတ်ဝင်စားနေတဲ့ ဒီလေယာဥ်ပျက်ကျမှုကိုတော့ ထည့်မပြောခဲ့ပါဘူး။
ဒါပေမဲ့ ကြာသပတေးနေ့ ညနေမှာတော့ သမ္မတပူတင်က “သေဆုံးသွားသူအားလုံးရဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြေကွဲရတယ်လို့ ပြောချင်ပါတယ် ” လို့ ကရင်မလင်နန်းတော်ကရုပ်မြင်သံကြားကနေပြောခဲ့တာပါ။
ကနဦးသတင်းတွေအရ ဗာဂနာအဖွဲ့ဝင်တွေလေယာဥ်ပေါ်မှာရှိတယ်လို့ သူကပြောပါတယ်။
“ ဒီပုဂ္ဂိုလ်တွေက နာဇီလက်သစ်အာဏာရှင်ယူကရိန်းကိုတိုက်ခိုက်ရတဲ့အဓိကအကြောင်းအရင်းမှာ စွမ်းစွမ်းတမံပါဝင်ခဲ့သူတွေပါ''လို့ဆိုပြီး သူ့ရဲ့ ထပ်ဖန်တလဲလဲပြောခဲ့တဲ့အကြောင်းပြချက်ကိုပဲ ပူတင်ကထည့်ပြောပါတယ်။
၂၀၂၂ခုနှစ်က ယူကရိန်းကိုကျုးကျော်စစ်တိုက်ဖို့ မှာ ရုရှားဟာဒီစွပ်စွဲချက်ကိုသုံးပြီးတိုက်ခိုက်ခဲ့တာပါ။
ပူတင်က ပရီဂေါ့ဂျင်ကို ကြီးလေးတဲ့အမှားတွေလုပ်ခဲ့သူလို့ပြောပေမဲ့ သူ့ကိုယ်သူနဲ့ အများကောင်းကျိုးအတွက်လည်း စွမ်းဆောင်ခဲ့သူဆိုတာကိုလည်း ထည့်ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်လကလုပ်ခဲ့တဲ့ ပုန်ကန်မှုကိုအဆုံးသတ်ဖို့ ပရီဂေ့ဂျင် နဲ့ ကရင်မလင်တို့ကြား သဘောတူညီမှုရတဲ့အခါ ပုန်ကုန်မှုတွေရပ်ရင် အရေးယူမှုမလုပ်ဘူးဆိုတဲ့ နှစ်ဖက်သဘောတူညီမှုကို ရည်ညွှန်းပြောတယ်လို့နားလည်ရပါတယ်။
ဒါပေမဲ့ မစ္စတာပူတင်ဟာ ပရီဂေါ့ဂျင်ရဲ့ ပြီးခဲ့တဲ့အတိတ်က လုပ်ဆောင်ချက်တွေကို မှတ်ချက်ပြုပြောသလို သေဆုံးသူတွေရဲ့မိသားစုတွေကိုစာနာကြောင်းပြောခဲ့ပေမဲ့ ဗာဂနာအကြီးအကဲသေဆုံးသလားဆိုတာကိုတော့ အတည်မပြုပါဘူး။
ယက်ဂေးနီ ပရီဂေါဂျင်နဲ့ သူ့ရဲ့ ဗာဂနာတပ်ဖွဲ့ဝင်တွေ ရုရှားအစိုးရကို ပုန်ကန်ထကြွမှုလုပ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်လကပါ။
ရုရှားသမ္မတဗလာဒီမီယာပူတင်ရဲ့ စိတ်ခံစားမှုကို အဲဒီတုန်းကရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပြီး သူ့ကိုနောက်ကျောဓားနဲ့ထိုးတဲ့သစ္စာဖောက်အဖြစ် ပြောခဲ့တာပါ။
အခုဗာဂနာအဖွဲ့ဝင်တွေသေဆုံးမှုနဲ့ပတ်သက်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ မှတ်ချက်မပေးပါဘူး။
ရုရှားမှုခင်းဆေးပညာဌာနကတော့ သေဆုံးသူတွေကိုဖော်ထုတ်နေပြီလို့သတင်းတွေထွက်ပေါ်နေပေမဲ့ DNA စစ်ဆေးဖို့ အချိန်ယူရမယ်လို့ သမ္မတပူတင်ကပြောထားပါတယ်။
ရုရှားလေကြောင်းအာဏာပိုင်ရဲ့ အဆိုအရလေယာဥ်ပျက်ကျမှုမှာဗာဂနာကိုပူးတွဲတည်ထောင်သူဗာဂနာတပ်မှူးဒီမီထရီအူကင် နဲ့ ဗာဂနာအဖွဲ့ရဲ့ ထောက်ပို့ပိုင်းကို တာဝန်ယူထားသူ ဗလာဒီရီရှာလေ့ာခ် လည်း ပါဝင်ပါတယ်။
လက်ရှိအချိန်အထိ အဲဒီဂျက်လေယာဥ်မှာလိုက်ပါသွားတဲ့ ခရီးသည် ၇ ဦးနဲ့ လေယာဥ်အမှုထမ်း ၃ ဦး လုံးသေဆုံးပြီလို့ ပြောထားပါတယ်။








