ဗာဂနာခေါင်းဆောင် ယက်ဂေးနီ ပရီဂေါ့ဂျင်ဟာ ပစ်မှတ်ထားခံခဲ့ရသူလား

ဗာဂနာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗာဂနာခေါင်းဆောင် ယက်ဂေးနီ ပရီဂေါ့ဂျင်
    • ရေးသားသူ, ဖရန့် ဂတ်နာ
    • ရာထူးတာဝန်, လုံခြုံရေး သတင်းထောက်၊ ဘီဘီစီ

ပြီးခဲ့တဲ့ ဇွန်လက ယက်ဂေးနီ ပရီဂေါ့ဂျင် ဦးဆောင်ကာ တပ်တွင်းပုန်ကန်ပြီး မော်စကို ကို ချီတက်ခဲ့တဲ့ အချိန်ကစလို့ ရုရှားအရေး‌စောင့်ကြည့်သူတွေက သူ့ကို "အသတ်ခံ ရတော့မယ့်လူ" လို့ ဆိုကြပါတယ်။

စီအိုင်အေ ဒါရိုက်တာ ဝီလျံ ဘန်းစ် ကိုယ်တိုင်ကတောင် ဒီ ဗာဂနာ ကြေးစားတပ် ခေါင်းဆောင်ရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး "ကျွန်တော် သာ ပရီဂေါ့ဂျင် နေရာမှာဆိုရင် ကိုယ့်ရဲ့ အစားအသောက်တွေ ကြိုမြည်း ပေးမယ့်သူကို အလုပ် မဖြုတ်ပစ်ပါဘူး" လို့ ဟိုတလောလေးကပဲ မှတ်ချက်ရေးခဲ့ ပါသေးတယ်။

ယက်ဂေးနီ ပရီဂေါ့ဂျင် ပါလာတဲ့ လေယာဥ် လေထဲမှာ ပျက်စီးသွားတာဟာ ကရင်မလင်က သွေးအေးအေးနဲ့ တမင်သက်သက် လက်စားချေတာကြောင့် ဖြစ်ခဲ့တယ် ဆိုတာကို သက်သေပြနိုင်ပြီဆိုရင်တော့ ဒီအဖြစ်ဟာ ရုရှားသမိုင်းမှာ နောက်ဆုံးပေါ်လာတဲ့ "အထူး စစ်ဆင်ရေး" တခုလို့ ဆိုရမှာပါ။

ပြစ်ဒဏ်ကျ အကျဥ်းသား၊ ဝက်အူချောင်းညှပ် ပေါင်မုန့် ရောင်းသူ စတဲ့ ဘဝတွေ ကနေ ကြေးစားစစ်တပ် တတပ်ရဲ့ ခေါင်းဆောင်ဖြစ်လာ တဲ့ ပရီဂေါ့ဂျင်ကို အဲဒီ ဗာဂနာ ကြေးစားစစ်တပ်က တပ်ဖွဲ့ဝင်တွေသာမက အခြားအသိုင်းအဝိုင်းက လူတွေ ကလည်း သိပ်ကို လေးစား ကြ ပါတယ်။

လွန်ခဲ့တဲ့ ၂ လက သူ့ရဲ့ သူပုန်ထမှု မအောင်မြင်ပဲ တရက်တည်းနဲ့ အဆုံးသတ် သွားချိန်မှာ အများပြည်သူက ရော့စတော့ဗ် အွန် ဗွန်မှာ သူ့ကို နွေးထွေးစွာ ကြိုဆိုခဲ့ ကြတာကို တွေ့ခဲ့ကြရပါတယ်။

ဒါပေမဲ့ မော်စကိုမှာ သူ့ရန်သူတွေက အများကြီးပါ။ အထူးသဖြင့် မကြာခဏ လူသိရှင်ကြား သူ ဝေဖန်ခဲ့တဲ့ ရုရှား စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေပါ။

ဇွန်လ ၂၃ ရက်က သူ မော်စကိုကို ချီတက်လိုက်တာက သမ္မတ ပူတင်ရဲ့ စည်းကို ကျော်လိုက်သလိုဖြစ်ပြီး ဒါက သူ့ရဲ့ သေဘေးတွေ့ လောက်တဲ့ အမှား ဖြစ်သွားပုံ ရပါတယ်။

ပရီဂေါ့ဂျင်က ပူတင်ကို နာမည်တပ်ပြီး ပြောတာမျိုးမလုပ်ခဲ့ပေမယ့် အစိုးရက ပြောနေတဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းကို ရုရှားက ဝင်ကျူးကျော် ရတဲ့ အကြောင်းရင်းတွေအပေါ် သူက လူအများကြားမှာ ပေါ်ပေါ် ထင်ထင် ဝေဖန်ခဲ့တာက ကရင်မလင်ကို ဒေါသထွက်စေခဲ့ပါတယ်။

ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုကြောင့် ရုရှားတို့ အလိမ်ခံနေရတယ်၊ ရုရှားရဲ့ သားသမီးတွေ ယူကရိန်းစစ်ထဲမှာ သေနေကြရပြီလို့ သူက ပြောပါတယ်။ မော်စကိုကို သူချီတက်လာတဲ့နေ့မှာပဲ ပူတင်ဆီက ဒေါထန်ထန် တုံ့ပြန်တဲ့ ဗီဒီယို သတင်းစကား တခု ထွက်လာပါတယ်။ ဒါဟာ သစ္စာဖောက်တာဖြစ်ပြီး နောက်ကျောကို ဓားနဲ့ထိုးတာလို့ ပူတင်က ပြောပါတယ်။

In this image made available on November 25, 2006, Alexander Litvinenko is pictured at the Intensive Care Unit of University College Hospital on November 20, 2006 in London, England.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရင်က ရုရှားသူလျှိုဖြစ်ပြီး နောက်ပိုင်းမှာ ဗြိတိန်နိုင်ငံသားဖြစ်လာခဲ့တဲ့ အလက် ဇန်းဒါး လဗစ်ညန်ကို ၂၀၀၆ ခုနှစ်မှာ ရေဒီယို သတ္တိကြွ ပိုလိုနီယမ် - ၂၁၀ အဆိပ် နဲ့ သေဆုံးခဲ့

ဗလာဒီမီယာ ပူတင်က သူ့ကို သစ္စာဖောက်သူဖြစ်ဖြစ်၊ စိန်ခေါ်သူဖြစ်ဖြစ် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ပါဘူး။

အရင်တုန်းက ရုရှားထောက်လှမ်းရေး အရာရှိလုပ်ခဲ့ပြီးတဲ့နောက် ဘက်ပြောင်းခဲ့တဲ့ အလက်ဇန်းဒါး လဗစ်ညန်ကို ဟာ ၂၀၀၆ ခုနှစ် အတွင်း ရေဒီယို သတ္တိကြွ ပိုလိုနီယမ် - ၂၁၀ အဆိပ်ခတ် ခံရပြီးတဲ့နောက် လန်ဒန်က ဆေးရုံတခုမှာ သီတင်းပတ်နဲ့ချီ ဝေဒနာ တွေ ခံစားခဲ့ရကာ သေဆုံးခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ လုပ်ကြံသူတွေဟာ ရုရှားကနေ အဲဒီအဆိပ်တွေကို ယူလာခဲ့ကြတာဖြစ်ပြီး ဒီလို အဆိပ်မျိုးတွေက ရုရှားအစိုးရ ဓာတ်ခွဲခန်းတွေကပဲ ရနိုင်တယ်လို့ သိရပါတယ်။ မော်စကိုက သူတို့ ဘာမှ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းပေမယ့် အဲဒီ သံသယ တရားခံတွေကို တရားခွင်မှာ တင်ပြီး အစစ်ဆေးခံဖို့အတွက် လွှဲပြောင်း မပေးပါဘူး။

နောက်ပြီး ဆာဂေး စကီပဲလ်ကို လုပ်ကြံတဲ့ အမှုပါ။ သူကလည်း အရင်က ကေဂျီဘီ အရာရှိဖြစ်ပြီး ဗြိတိန်ဘက်ကို ကူးပြောင်း ခိုလှုံခဲ့သူ ပါ။

၂၀၁၈ ခုနှစ်မှာ အာရုံကြောထိခိုက်တဲ့ နိုဗစ်ချော့ခ် အဆိပ်နဲ့ လုပ်ကြံမှုကို သူနဲ့ သူ့သမီး ယူလီယာတို့ ခံခဲ့ရပြီး အသက်ဘေးကနေ သူတို့ သီသီလေး လွတ်မြောက်ခဲ့ကြ ပါတယ်။ အဲဒါဟာ ဂျီအာယူ ရုရှား စစ်ထောက်လှမ်းရေး လက်ချက်လို့ သံသယ ရှိကြပါတယ်။ လုပ်ကြံသူ တွေက ဆယ်စ်ဘူရီမြို့မှာရှိတဲ့ သူတို့ရဲ့ အိမ်က အိမ်တံခါး လက်ကိုင်မှာ ဒီအဆိပ်တွေကို သုတ်လိမ်းသွားကြတာပါ။

လုပ်ကြံသူတွေ လွှင့်ပစ်ထားခဲ့တဲ့ ဒီအဆိပ်တွေထည့်ထားရာ ‌ရေမွှေးပုလင်းကို ဒေသခံ တယောက်ဖြစ်တဲ့ ဒေါင် စတားဂတ်က တွေ့ခဲ့ကာ ရေမွှေးအမှတ်နဲ့ သူ့ လက်ကောက်ဝတ်တွေမှာ ဆွတ်မိခဲ့တဲ့နောက် သေဆုံးခဲ့ပါတယ်။

A photo dated 09 August 2006 shows Sergei Skripal talking from a defendants cage to his lawyer during a hearing at the Moscow District Military Court in Moscow, Russia (issued 06 March 2018).

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ၂၀၁၈ က အာရုံကြောထိခိုက်တဲ့ နိုဗစ်ချော့ခ် အဆိပ်မိတဲ့ ဒဏ်ကနေ ဆာဂေး စကီပဲလ် ရှင်သန် လွတ်မြောက်နိုင်ခဲ့

ရုရှားနိုင်ငံ အထဲမှာ ဝေဖန်သူ တွေ၊ စီးပွားရေးသမားတွေပါ ပါဝင်တဲ့ ရုတ်တရက် သေဆုံးခဲ့ရတဲ့ လူစာရင်းအရှည်တခုရှိပါတယ်။ တချို့ဆိုရင် "အထပ်မြင့်တိုက် ပြတင်းပေါက်ကနေ ပြုတ်ကျခဲ့" တာပါ။

သမ္မတပူတင်ကို အကျယ်လောင်ဆုံး ဝေဖန်ခဲ့တဲ့ အလက်ဇီ နဲဗယ်နီဟာ အခု တရားရုံးမှာ ရင်ဆိုင်နေရပြီး သူရင်ဆိုင်နေရတဲ့ အမှုတွေက နိုင်ငံရေးအရ လုပ်ကြံထားတဲ့ လီဆယ်အမှုတွေလို့ ဆိုကြပါတယ်။ သူလည်း လုပ်ကြံခံခဲ့ရာကနေ မသေဘဲ လွတ်မြောက်လာသူ တယောက်ဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားကို သူ သွားနေစဉ် လေယာဉ်ပေါ်မှာပဲ နိုဗစ်ချော့ခ် အဆိပ်မိကာ သေလုမတတ် ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ပရီဂေါ့ဂျင်ရဲ့ ဇာတ်လမ်းက တမျိုးမူကွဲထွက်လာပြီး ရုရှားတွေ အကြား သူ့ သေဆုံးမှုက ပိုပြီး အငြင်းပွားစရာ ဖြစ်နေပါတယ်။ ရုရှားမှာ လူအများက ဒီလူဟာ ကရင်မလင်အတွက် သိပ်ကို အသုံးဝင်ခဲ့တဲ့ လူလို့ မြင်ကြသလို၊ တချို့ ဆိုရင် သူ့ကို အမျိုးသား သူရဲကောင်းတယောက်အဖြစ် သဘောထားကြတာပါ။

၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ သူ့ရဲ့ ဗာဂနာ ကြေးစား စစ်တပ်ကို ရုရှား အထူး စစ်ဆင်ရေးတပ်က တပ်ဖွဲ့ဝင်ဟောင်းတွေ၊ တခြား စစ်သားတွေနဲ့ အမြုတေ ပြုပြီး တည်ဆောက်ခဲ့တာပါ။ သူ့တပ်ဟာ ယူကရိန်းအ‌ရှေ့ပိုင်းမှာ လှုပ်ရှားခဲ့ပြီး ဘက်မုမြို့ကနေ ယူကရိန်းတပ်တွေကို ထွက်သွားအောင် တိုက်နိုင်ခဲ့တဲ့အတွက် လန့်စရာ တပ်တခုအဖြစ် နာမည်ကျော်ခဲ့ပါတယ်။

ဒီနေရာမှာ ပုံမှန်ရုရှား တပ်ဖွဲ့တွေကို ခေါင်းဆောင်နေတဲ့ တပ်မှူးတွေက ဦးဆောင်မှုညံ့ဖျင်းလို့ သူ့လို မလုပ် ဆောင်နိုင်ခဲ့ပါဘူး။ ပရီဂေါ့ဂျင်ဟာ ရုရှားက ထောင်တွေထဲ လှည့်လည်သွားရောက်ပြီး ထောင်ကျနေတဲ့ လူသတ်သမားတွေ၊ မုဒိမ်းသမားတွေ အပါအဝင် ထောင်ပေါင်း များစွာသော အကျဉ်းသားတွေကို သူ့တပ်ထဲကို ဝင်အောင် စည်းရုံးကာ အင်အားကြီး လာအောင် လုပ်ခဲ့ပါတယ်။ ရန်သူ့ စခန်းတွေကို တိုက်ရာမှာ အမြောက်ဆန်တွေ တဝုန်းဝုန်း ကျနေတဲ့ကြားထဲ အဲဒီသူတွေကို အရှေ့ကနေ တက်ခိုင်းပြီး တိုက်ခိုင်း ပါတယ်။

Yevgeniy Prigozhin (L) assists Russian Prime Minister Vladimir Putin during a dinner with foreign scholars and journalists at the restaurant Cheval Blanc on the premises of an equestrian complex outside Moscow November 11, 2011

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၁ တုန်းက ညစာ စားပွဲတခုမှာ ယက်ဂေးနီ ပရီဂေါ့ဂျင် (ဝဲဘက်) က ဗလာဒီမီယာ ပူတင်ကို ဧည့်ခံနေပုံ

ဗာဂနာ တပ်ဖွဲ့က ဆီးရီးယားမှာ စစ်ဆင်ရေးတွေလုပ်ခဲ့တာ နှစ်ပေါင်းများစွာ ရှိပါပြီ။ ဒါ့အပြင် အာဖရိကဘက်မှာလည်း သူတို့က ရုရှားအစိုးရအတွက် ဗျူဟာမြောက် အောင်မြင်မှုတွေကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ မကျတဲ့ အစိုးရတွေအကြိုက် ကြမ်းကြုတ်ပြီး ပြင်းအားကောင်းတဲ့ အဖွဲ့တခုအဖြစ် သူတို့ လုပ်ဆောင်ခဲ့ကြပါတယ်။

အာဖရိကတိုက်က နိုင်ငံများစွာမှာ "လုံခြုံရေး ဝန်ဆောင်မှု" ပေးတာက အစ ဗီအိုင်ပီ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် သက်တော်စောင့် လုပ်ပေးတာ၊ ဝေဖန်သူတွေ အသံတိတ်သွားအောင် လုပ်ပေးတာ၊ ရွေးကောက်ပွဲတွေမှာ ဝင်လွှမ်းမိုးနိုင်အောင်လုပ်တာ စသဖြင့် အလုပ်တွေအမျိုးမျိုးကို သူတို့လုပ်ပေးပြီး အပြန်အလှန် အားဖြင့် သတ္တုသိုက်တွေ၊ ရွှေတွေ၊ တန်ဖိုးကြီး သယံဇာတတွေကို ရှာဖွေတူးဖော်ခွင့် ရယူပါတယ်။ ငွေတွေက မော်စကိုဆီ စီးဆင်းသွားတယ်၊ သက်ဆိုင်သူတွေ အားလုံးလည်း ချမ်းသာလာပါတယ်။ အဲဒီ အာဖရိကနိုင်ငံတွေက ပြည်သူတွေက တော့ ဘာမှ မစံစားရပါဘူး။

မာလီနဲ့ ဗဟို အာဖရိက ပြည်သူ့သမ္မတနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားကို ဗာဂနာအဖွဲ့က လုပ်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။ ဒါပေမဲ့လည်း အာဖရိကတိုက် တလွှားမှာ သူတို့ဟာ ပြင်သစ်နဲ့ အနောက်နိုင်ငံတွေက တပ်ဖွဲ့ဝင်အင်အားတွေကို အစားထိုးနိုင်တဲ့အထိ အောင်မြင်လာပါတယ်။

ဒီသီတင်းပတ်ထဲမှာတောင် မာလီလို့ ထင်ရတဲ့ နေရာတခုမှာ ပရီဂေါ့ဂျင်က သူတို့ ဗာဂနာရဲ့ လှုပ်ရှားမှုတွေကို အာဖရိကမှာ ချဲ့ထွင်လုပ်သွားမှာဖြစ်ပြီး အာဖရိက ပြည်သူတွေ အတွက် "လွတ်မြောက်ရေး" ကို ဆောင်ကြဉ်း‌ပေးမယ်လို့ ကတိပေးနေတဲ့ ဗီဒီယိုကို တယ်လီဂရမ် ချန်နယ်တခုမှာ တွေ့ကြရပါသေးတယ်။

ဒါပေမဲ့လည်း မော်စကိုမှာတော့ အထူးသဖြင့် စစ်တပ်ထောက်လှမ်းရေးတွေက သူဟာ အပြစ်လုပ်ထားတဲ့သူ၊ ထိန်းမရတဲ့သူ၊ ပူတင် နဲ့ ပူတင်က တည်ဆောက်ထား တဲ့ စနစ်ကို တချိန်မှာ အန္တရာယ်ပေးနိုင်တဲ့သူ အဖြစ် မြင်ထားကြတာပါတယ်။