ဗာဂနာခေါင်းဆောင်ပါတယ်ဆိုတဲ့ ရုရှားလေယာဥ်ပျက်ကျမှု နောက်ဆုံးသိရသမျှ

ပျက်ကျလေယာဥ်ပေါ်မှာ လိုက်ပါသွားတဲ့သူတွေက ဘယ်သူတွေလဲ

သြဂုတ်လ ၂၁ ရက်တုန်းက ဖြန့်ချိပြီး အာဖရိကမှာ ရိုက်ကူးထားတယ်လို့ ယူဆရတဲ့ ဗီဒီယိုမှာ မြင်ရတဲ့ ပရီဂေါ့ဂျင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၂၁ ရက်တုန်းက ဖြန့်ချိပြီး အာဖရိကမှာ ရိုက်ကူးထားတယ်လို့ ယူဆရတဲ့ ဗီဒီယိုမှာ မြင်ရတဲ့ ပရီဂေါ့ဂျင်

ရုရှားဘက်က ထုတ်ပြန်တဲ့ လေယာဥ်ပေါ်မှာ လိုက်သွားသူတွေစာရင်းမှာ ပရီဂေါ့ဂျင်နဲ့ သူ့လက်ရုံး ဒီမီထရီတို့အပြင် နောက်ထပ် အမျိုးသား ၅ ဦးဟာ ဘယ်သူတွေဖြစ်တယ်လို့တာကို ဘီဘီစီက အခုလို လေ့လာသိရှိခဲ့ရပါတယ်။

  • Valeriy Chekalov

ပရီဂေါ့ဂျင်ရဲ့ အရင်းနီးဆုံးမိတ်ဆွေတွေထဲကတစ်ဦးဖြစ်ပြီး သူဟာ ဗာဂနာခေါင်းဆောင်နဲ့တပူးတွဲတွဲရှိနေတာ ၂၀၀၀ ပြည့်နှစ်တွေကတည်းက ဖြစ်တယ်လို့ ရုရှားအရေးကျွမ်းကျင်သူက ဂရီဂိုရီ ရဗက်ရှ်ဗီလီက ပြောပါတယ်။

ဗာဂနာအဖွဲ့ရဲ့ ထောက်ပို့ပိုင်းကို တာဝန်ယူထားသူဖြစ်သလို စစ်တပ်ကို ပရီဂေါ့ဂျင်ရဲ့ကြေးစားတပ်ကို အစားအသောက်ပို့တဲ့အပိုင်းနဲ့ပတ်သက်လို့ ကြီးကြပ်သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပမှာလုပ်တဲ့ တူးဖော်ရေး၊ ရေနံတူးဖော်မှုနဲ့ စိုက်ပျိုးရေးလို စီမံကိန်းတွေကို တာဝန်ယူသူလည်းဖြစ်ပါတယ်။

သူဟာ ပရီ‌ဂေါဂျင်ကိုယ်စား ရုရှားကို လက်နက်ထောက်ပံ့နေတယ်ဆိုပြီး အမေရိကန်က စီးပွားရေးပိတ်ဆို့မှုပြုလုပ်ခံထားရသူဖြစ်ပါတယ်။

  • Yevgeny Makaryan

ခရိုင်ရဲမှူးတစ်ဦးဖြစ်တဲ့သူဟာ ဗာဂနာအဖွဲ့ကို ၂၀၁၆ ခုနှစ်မှာ ဝင်ရောက်လာလူလို့ စုံစမ်းစစ်ဆေးမှုအချက်အလက်တွေကိုဖော်ပြနေတဲ့ Dossier စင်တာက ပြောပါတယ်။

သူဟာ ဗာဂနာအဖွဲ့နဲ့ ဆီးရီးယားမှာ တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး သူ့ကို ''မာခါ''လို့ ကြေးစားတပ်အတွင်း သိကြပါတယ်။

  • Sergey Propustin

၂၀၁၅ ခုနှစ်ကတည်းက ကြေးစားတိုက်ခိုက်ရေးသမားဖြစ်နေသူဖြစ်ပါတယ်။ သူဟာ ဒုတိယချေချင်စစ်ပွဲမှာပါခဲ့သူဖြစ်ပြီး သူ့ကို ''Keder'' လို့ ကြေးစားတပ်တွင်းသိကြတယ်ဆိုပြီး ရုရှားအရေးကျွမ်းကျင်သူက ဂရီဂိုရီ ရဗက်ရှ်ဗီလီကပြောပါတယ်။

Dossier စင်တာကတော့ သူဟာ သူ့ရဲ့ကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေတွေနဲ့ ပရီဂေါဂျင်ရဲ့ တပ်စိတ်တစ်ခုကို ထောက်ပံ့ပေးနေသူလို့ ဆိုပါတယ်။

  • Alexander Totmin

သူ့ကိုတော့ ''Tot'' လို့သိကြပြီး သူ့လူနေမှုပုံစံ ခပ်မြင့်မြင့်ကို အင်စတာဂရမ်မှာ ဓာတ်ပုံတွေနဲ့ တင်လေ့ရှိသူလို့ သတင်းထောက် မိုက်ကယ် ဒီ ဝေ့စ် ကပြောပါတယ်။

  • Nikolay Matuseev

Dossier စင်တာရဲ့လေ့လာချက်အရ သူဘယ်သူဖြစ်တယ်ဆိုတာကို ရုရှားစာရင်းတွေထဲမှာ မတွေ့ရပေမဲ့ နာမည်တူ တစ်ဦးကိုတွေ့ခဲ့ပြီး အဲဒီလူဟာ ဗာဂနာနဲ့ ၂၀၁၇ ခုနှစ်ကတည်းက တိုက်ပွဲဝင်နေသူလို့ ဆိုပါတယ်။

လေယာဥ်ပျက်ကျမှုကနေ အလောင်းတွေ ပြန်ကောက်ထားပြီ

လေယာဥ်ပျက်ကျမှုမှာ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လေယာဥ်ပျက်ကျမှုမှာ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေ

ဗာဂနာခေါင်းဆောင် ယက်ဂေးနီ ပရီဂေါ့ဂျင်လိုက်ပါလာချိန် ပျက်ကျခဲ့တယ်လို့ယူဆရတဲ့လေယာဥ်ပျက်ကျမှုကနေ အလောင်း ၁၀ လောင်းကို ပြန်ကောက်ထားပြီပြီလို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

ရုရှားအာဏာပိုင်တွေဘက်ကတော့ လေယာဥ်ပေါ် ပါလာသူတွေဟာ ပရီဂေါ့ဂျင်ရော၊ ဗာဂနာအဖွဲ့ကို နာမည်ပေးခဲ့တဲ့ ဒမီထရီ ယူကင် ဆိုသူ ပရီဂေါ့ဂျင်ရဲ့ ဒုတပ်မှူးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အခုတော့ ဘာကြောင့် လေယာဥ်ပျက်ကျခဲ့တယ်ဆိုတာကို အားလုံးက အာရုံစိုက်နေကြပါတယ်။

လေယာဥ်ပျက်ကျတဲ့နေရာကို ရဲတပ်ဖွဲ့က ကန့်သတ်ထားလိုက်ပြီဖြစ်ပြီး ရုရှားမြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ကတော့ ဒီဖြစ်စဥ်ကို စုံစမ်းဖို့ အထူးကော်မရှင်တစ်ရပ်ဖွဲ့မယ်လို့ ဆိုပါတယ်။

ပရီဂေါ့ဂျင် သေဆုံးတယ်ဆိုတဲ့သတင်းကြောင့် ရုရှားတွေကြား တုန်လှုပ်မှုဖြစ်ခဲ့ပါတယ်။

ပရီ‌ဂေါ့ဂျင်တစ်ယောက် ပြီးခဲ့တဲ့ ၂ လတုန်းက ပုန်ကန်မှုပြုလုပ်ပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အာဏာကိုလည်း စိန်ခေါ်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ ဒီပုန်ကန်မှုဟာ မအောင်မြင်ခဲ့ပါဘူး။

ပြုလုပ်ခဲ့ချိန်တုန်းကတော့ ဒါကပဲ ရုရှားသမ္မတကို မေ့လွယ်ပျောက်လွယ်မဖြစ်စေတဲ့အရာ ဖြစ်ခဲ့ပါတယ်။

ပျက်ကျခဲ့တဲ့လေယာဥ်အမျိုးအစားဟာ ဘေးကင်းစံနှုန်းကောင်းတွေရှိထား

‌ပျက်ကျခဲ့တဲ့လေယာဥ်နဲ့ အမျိုးအစားတူ လေယာဥတစ်စီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ‌ပျက်ကျခဲ့တဲ့လေယာဥ်နဲ့ အမျိုးအစားတူ လေယာဥတစ်စီး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရုရှားမှာ ပျက်ကျပြီး ဗာဂနာကြေးစားတပ်ခေါင်းဆောင်လိုက်ပါသွားတယ်လို့ဆိုတဲ့ ပုဂ္ဂလိကလေယာဥ်ဟာ Embraer Legacy 600 အမျိုးအစားဖြစ်ပါတယ်။

ဒီလေယာဥ်ထုတ် ကုမ္ပဏီဟာ ဘရာဇီးအခြေစိုက်ဖြစ်ပြီး Embraer Legacy 600 လေယာဥ်အမျိုးအစားကတော့ ၂၀၀၂ ခုနှစ်မှာ စျေးကွက်ထဲ စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ အခုဆို အလားတူ လေယာဥ်မျိုး အစီးရေ ၃၀၀ နီးပါး ထုတ်ထားပြီးဖြစ်ပါတယ်။

ဒီလေယာဥ်အမျိုးအစားဟာ စတင်သုံးစွဲချိန်ကတည်းကတည်းကနေ နှစ်ပေါင်း ၂၀ အတွင်း မတော်တဆမှု တစ်ခုတည်းသာဖြစ်ထားတဲ့ ဘေးကင်းမှုမှတ်တမ်းကောင်းရှိထားတယ်လို့ နိုင်ငံတကာလေကြောင်းသွားလာမှုရုံးချုပ် အင်တာနက်စာမျက်နှာက ဖော်ပြပါတယ်။

၂၀၀၆ ခုနှစ်မှာ ဘရာဇီးမှာရှိတဲ့ Embraer စက်ရုံကနေ အမေရိကန်ပြည်ထောင်စုကို ပျံသန်းသွားတဲ့ လေယာဥ်တွေထဲက တစ်စီး မတော်တဆမှုဖြစ်ခဲ့တာဟာ စက်ကြောင့် မဟုတ်ဘဲ လူကြောင့်ဖြစ်ခဲ့တာလို့ဆိုပြီး အဲဒီစာမျက်နှာက ရေးသားပါတယ်။

ဒီဂျက်လေယာဥ်ကို ထုတ်လုပ်တာကိုတော့ ၂၀၂၀ ပြည့်နှစ်ကတည်းက ရပ်ဆိုင်းထားပါတယ်။

လေယာဥ်ထုတ်ကုမ္ပဏီဘက်ကတော့ ရုရှားမှာ Legacy 600 လေယာဥ်တစ်စီး ပျက်ကျတာကို သူတို့ သိရှိထားပြီးပြီလို့ ပြောပေမဲ့ အသေးစိတ် ပြောကြားတာတော့ မရှိသေးပါဘူး။

ရုရှားမှာ ပျက်ကျတဲ့ လေယာဥ်ပေါ် ဗာဂနာ ကြေးစားစစ်တပ်ခေါင်းဆောင် လိုက်ပါသွား

ဗာဂနာအဖွဲ့ခေါင်းဆောင် ယက်ဂေနီ ပရီဂေ့ါဂျင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဗာဂနာအဖွဲ့ခေါင်းဆောင် ယက်ဂေနီ ပရီဂေ့ါဂျင်

ယူကရိန်း စစ်ပွဲမှာ ရုရှားဘက်က ဝင်တိုက်ခဲ့တဲ့ ဗာဂနာ ကြေးစားလက်နက်ကိုင်တပ်ဖွဲ့ရဲ့ခေါင်းဆောင် ယက်ဂေးနီ ပရီဂေါ့ဂျင်ဟာ လေယာဥ်ပေါ်လိုက်ပါလာသူတွေ အားလုံး သေဆုံးသွားတဲ့ လေယာဥ်ပျက်ကျမှုက ခရီးသည်စာရင်းမှာ ပါဝင်တယ်လို့ ရုရှားလေကြောင်းအာဏာပိုင်တွေက ဆိုပါတယ်။

ကိုယ်ပိုင်လေယာဥ်ဟာ မော်စကိုမြို့မြောက်ပိုင်း တဗီးယား ဒေသမှာ လေကြောင်းရန် ကာကွယ်ရေးရဲ့ ပစ်ချခံရတယ်လို့ ကနဦးမှာ ဗာဂနာအဖွဲ့နဲ့ ချိတ်ဆက်မှုရှိတဲ့ Grey Zone ချန်နယ်က ဖော်ပြခဲ့ပါတယ်။

လေယာဥ် မပျက်ကျခင်မှာ တိုက်မိပေါက်ကွဲသံ နှစ်ခုကို ဒေသခံတွေ ကြားခဲ့ကြရပြီး မီးခိုးအငွေ့တန်း နှစ်ခုကိုလည်း တွေ့ခဲ့ကြရတယ်လို့ Grey Zone က ပြောပါတယ်။

စိန့်ပီတာစဘတ်ကနေ မော်စကိုကို ပျံသန်းလာတဲ့ အဲဒီဂျက်လေယာဥ်မှာ ခရီးသည် ၇ ဦးနဲ့ လေယာဥ်အမှုထမ်း ၃ ဦး လိုက်ပါသွားပါတယ်။

မြေပြင်ကို တိုက်မိပြီး လေယာဥ်က မီးလောင်သွားတယ်၊ အလောင်း လေးလောင်းကို ရှာတွေ့ထားပြီး ဖြစ်တယ်လို့ တက်စ်သတင်းအေဂျင်စီက ပြောပါတယ်။

အဲဒီလေယာဥ်ဟာ ပျံတက်သွားပြီး ခရီးစဥ်ကြာမြင့်ချိန်က တစ်နာရီ မပြည့်သေးဘူး အဲဒီသတင်းက ဆိုပါတယ်။

ဒီသီတင်းပတ် အစောပိုင်းက ဗီဒီယိုတစ်ခုမှာ သူ့ကို နောက်ဆုံး တွေ့ခဲ့ကြရပြီး ဒါကို အာဖရိကတိုက်က နေရာမဖော်ပြတဲ့ နေရာတစ်ခုမှာ ရိုက်ကူးထားတယ်လို့ သတင်းတွေ ဆိုပါတယ်။

ပရီဂေါ့ဂျင်ဟာ ဇွန်လတုန်းက ရုရှားစစ်တပ်ကို မအောင်မြင်တဲ့ ပုန်ကန်မှုကို ဦးဆောင်ခဲ့သူပါ။

အသက် ၆၂ နှစ် အရွယ် ပရီဂေ့ါဂျင်ရဲ့ ပုန်ကန်ဟာ ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ရုရှား စစ်ဗိုလ်ချုပ်တွေနဲ့ တင်းမာမှုတွေအပြီး ဖြစ်ခဲ့တာပါ။

အဲဒီနောက် ဘယ်လာရုစ်ရဲ့ ကြားဝင်ပေးမှုနဲ့ ညှိနှိုင်းဖြေရှင်းခဲ့ပြီး ဗာဂနာတပ်တွေကို ဘယ်လာရုစ်ထဲကို ရွှေ့ခဲပါတယ်။ တချို့ကတော့ ရုရှား စစ်တပ်ထဲကို ဝင်သွားကြပါတယ်။

ပရီဂေါ့ဂျင်က ဘယ်လာရုစ်ထဲမှာ ပြောင်းသွားဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ လွတ်လွတ်လပ်လပ် သွားလာနေခဲ့ပုံရပြီး သူ့ကို ရုရှားတွေ့ခဲ့ရသလို အာဖရိကမှာ တွေ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

(နောက်ဆုံးရရှိတဲ့သတင်းတွေကို ဆက်လက်ဖော်ပြပါမယ်။)