ရုရှားက ယူကရိန်းစစ်ပွဲမှာတိုက်ဖို့ ကြေးစားစစ်သားတွေ ဘယ်လိုစုနေသလဲ

A Wagner member in the Donbas region in 2014/15

ဓာတ်ပုံ ရင်းမြစ်, @RSOTM telegram group

ဓာတ်ပုံ ပုံစာ, ၂၀၁၄ က ယူကရိ်န်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေဘက်က ဝင်ရောက် တိုက်ခိုက်ပေးဖူးတဲ့ ဗာဂနာ ကြေးစားစစ်သားတဦး

ရုရှားအစိုးရဟာ ယူကရိန်းကို ဝင်တိုက်နေတဲ့ စစ်ပွဲမှာ ကြေးစားစစ်သားတွေလည်း စုဆောင်းနေတယ်လို့ ဘီဘီစီက သတင်းရရှိထားပါတယ်။

လက်ရှိ ကြေးစားစစ်သားအဖြစ် လုပ်ကိုင်နေသူတဦးနဲ့ ယခင် ကြေးစားစစ်သားအဖြစ် လုပ်ကိုင်ခဲ့သူတဦးတို့နဲ့ ဘီဘီစီက အဆက်အသွယ်ရလို့ စကားပြောခွင့်ရရာကနေ အခုလို ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

အဲဒီ နှစ်ဦးက သူတို့ရဲ့ ရုရှားမှာရှိတဲ့ ထိပ်တန်း ကြေးစားစစ်သား အဖွဲ့အစည်းတွေထဲက တခုနဲ့ အဆက်အသွယ်ရှိကြပြီး လက်ရှိ ရုရှားအစိုးရက ကြေးစား စစ်သား စုဆောင်းနေတဲ့ စီမံချက်ကို သူတို့က ဘီဘီစီကို ဝေမျှကြတာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, စစ်မြေပြင်ကနေ ပေးပို့တဲ့ ဘီဘီစီရဲ့ အထူးသတင်း

ရုရှားအစိုးရက ဘယ်လို ကြေးစားစစ်သား စတင် စုဆောင်းလာသလဲ

ဘီဘီစီနဲ့ အခုလို အဆက်အသွယ် ရရှိခဲ့တဲ့ ကြေးစားစစ်သား အတွေ့အကြုံရှိသူ နှစ်ဦးရဲ့ အဆိုအရ ရုရှားအစိုးရဟာ လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် အုပ်စုဖွဲ့ စာပို့ပြောဆိုတဲ့ ဂရုတွေက ကြေးစားတပ်သားသစ်တွေ စုဆောင်းနေတာလို့ ဆိုပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်မစခင် ရက်သတ္တပတ် အနည်းငယ် အလိုကတည်းကပဲ ရုရှား လျှို့ဝှက် ကြေးစားစစ်သား အဖွဲ့ ဗာဂနာ မှာ လုပ်ကိုင်ခဲ့ဖူးသူ အတွေ့အကြုံရင့် တပ်သားအတော်များများကို တယ်လီဂရမ် စာပို့ စကားပြော အုပ်စုတခုကတဆင့် လာရောက် ဆက်သွယ်လာတာ ဖြစ်တယ်လို့ အဲဒီ နှစ်ဦးထဲက လက်ရှိကြေးစားစစ်သားအဖြစ် လုပ်ကိုင်နေသူက ဘီဘီစီကို ပြောပါတယ်။

အဲဒီ တပ်သားတွေကို ယူကရိန်းကို လာပြီး "ပျော်ပွဲစားထွက်ဖို့" ဖိတ်ခေါ်တာလို့ ဆိုပြီး ယူကရိန်း ဒေသအစားအစာတခုဖြစ်တဲ့ ဆယ်လို လို့ ခေါ်တဲ့ ဝက်အဆီ တမျိုးကို အစမ်း စားကြည့်ကြဖို့ ဖိတ်ခေါ်တာ ဖြစ်တယ် ဆိုပြီး ရည်ညွှန်း ပြောဆိုထားတယ်လို့လည်း အဲဒီ လက်ရှိ ကြေးစားစစ်သားဖြစ်သူက ပြောပါတယ်။

အခုလို ဖိတ်ခေါ်တဲ့ စာထဲမှာ ရာဇဝတ်မှု ကျူးလွန်ဖူးသူ၊ ကြွေးတင်တရားစွဲခံရသူ၊ ကြေးစားစစ်သားအဖွဲ့တွေရဲ့ ပိတ်ပင်ခြင်း ခံရသူတွေနဲ့ ပြည်ပထွက် နိုင်ငံကူးလက်မှတ် မရှိသူတွေ လာရောက် လျှောက်ထားကြဖို့လည်း တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရုရှားတပ်စွဲပြီးသား နယ်မြေတွေဖြစ်တဲ့ လူဟန့်စ်နဲ့ ဒွန်းနက်စ် နိုင်ငံတွေ၊ ခရိုင်းမီးယားဒေသတွေက လူတွေကိုလည်း လှိုက်လှိုက်လဲလဲ ဖိတ်ခေါ်ပါတယ် ဆိုတဲ့ အချက်လည်း အဲဒီ ဖိတ်ခေါ်စာထဲမှာ ပါဝင်ပါတယ်။

Wagner members in Syria

ဓာတ်ပုံ ရင်းမြစ်, @RSOTM telegram group

ဓာတ်ပုံ ပုံစာ, ဆီးရီးယားရောက် ဗာဂနာ ကြေးစားစစ်သားတချို့

ဗာဂနာ ကြေးစားစစ်သား အဖွဲ့က ဘယ်လို အဖွဲ့မျိုးလဲ

ဗာဂနာ ကြေးစားစစ်သား အဖွဲ့ဟာ ရုရှားမှာရှိတဲ့ အလျှို့ဝှက်ဆုံး အသင်းအဖွဲ့တွေထဲက တခုဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းက တရားဝင် ရပ်တည်နေတဲ့ အဖွဲ့အစည်းလည်း မဟုတ်တဲ့အပြင် ဒီအဖွဲ့မှာ ကြေးစားစစ်သား အဖြစ် ဝင်ရောက်လုပ်ကိုင်တာက ရုရှားဥပဒေနဲ့ရော နိုင်ငံတကာ ဥပဒေနဲ့ပါ ငြိစွန်းတယ်လို့ သတ်မှတ်ခံရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၇ နှစ်အတွင်းမှာ အဲဒီ ဗာဂနာ အဖွဲ့အစည်းနဲ့ အနည်းဆုံး စာချုပ်တကြိမ် ချုပ်ဖူးတဲ့ ကြေးစားစစ်သား အရေအတွက်ကတော့ တသောင်းလောက် အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ဟာ ဆီးရီးယားနဲ့ လစ်ဗျားစစ်မြေပြင်တွေမှာလည်း လှုပ်ရှားခဲ့ဖူးပြီး လူအခွင့်အရေး ချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိထားတာကို တွေ့ရပါတယ်။

ဗာဂနာအဖွဲ့ဟာ ၂၀၁၄ တုန်းကလည်း ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေဘက်က ဝင်ရောက် တိုက်ခိုက်ပေးဖူးတယ်လို့ ဆိုပါတယ်။

Satellite image showing the locations of a Wagner training base and a Russian military base at Mol'kino, near the Black Sea.
ဓာတ်ပုံ ပုံစာ, ပင်လယ်နက်အနီး ရုရှားနယ်မြေထဲက ရုရှားစစ်စခန်းနဲ့ ကပ်လျက်ရှိနေတဲ့ ဗာဂနာရဲ့ အခြေစိုက်စခန်း (ရင်းမြစ် Center for Strategic and International Studies)

ရုရှားအစိုးရက ကြေးစားတပ်သားသစ်တွေကို ဘယ်လို စီမံခန့်ခွဲနေသလဲ

ရုရှားအစိုးရဟာ စုဆောင်းရရှိတဲ့ ကြေးစားတပ်သားသစ်တွေကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်က စစ်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ GRU က အရာရှိတွေရဲ့ လက်အောက်မှာ အမိန့်နာခံဖို့ စုဖွဲ့ထားရှိတယ်လို့ ဘီဘီစီနဲ့ အဆက်အသွယ်ရတဲ့ လက်ရှိကြေးစားစစ်သားက ဆိုပါတယ်။

နောက်ပိုင်း ရရှိတဲ့ အချက်အလက်တွေအရ ရုရှားအစိုးရဟာ ဘယ်လိုလူတွေကိုမှ ကြေးစားစစ်သားအဖြစ် လက်ခံမယ်ဆိုပြီး ကန့်သတ်တာမျိုး မလုပ်တော့ဘဲ တပ်သားစုဆောင်းရေး မူဝါဒကို ပြောင်းလဲလိုက်ပြီး လူတိုင်းကို လက်ခံနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလို လွယ်လွယ်လက်ခံနေတဲ့အတွက် တပ်သားသစ်တွေ စည်းကမ်းနဲ့စွမ်းရည် သေဝပ်မှုမရှိ စစ်သားမပီသဘဲ ဖြစ်နေလို့ စိတ်ပျက်ရတယ်လို့လည်း အဲဒီ ကြေးစားစစ်သားက ဘီဘီစီကို ပြောပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် ရုရှားမှာ ကြေးစားစစ်သားလုပ်ချင်သူတဦး အနေနဲ့ ရာဇဝတ်မှု ကျူးလွန်ဖူးတဲ့ မှတ်တမ်းရှိရင် မဖြစ်နိုင်သလို သစ္စာ အပြည့်အဝ မခံမှာ စိုးရိမ်တဲ့ အခြေခံနဲ့ ရုရှားနိုင်ငံပြင်ပမှာ မွေးဖွားသူတွေဆိုရင်လည်း ရုရှားကြေးစားစစ်သားအဖွဲ့တွေက လက်ခံလေ့ မရှိပါဘူး။

နောက်ပိုင်း လက်ခံတဲ့ တပ်သားသစ်တွေဆိုရင် ဗာဂနာ ကြေးစားစစ်သားအဖွဲ့ နာမည်နဲ့ တွဲပြီး မရည်ညွှန်းတော့ပဲ သိမ်းငှက်များ အစရှိတဲ့ အမည်သစ်တွေ သုံးလာတယ် လို့လည်း ဆိုပါတယ်။

ဘီဘီစီရဲ့ ကြေးစားစစ်သားဆိုင်ရာ သတင်းအရင်းအမြစ်တွေအရ ဆိုရင် အဲဒီ တပ်သားသစ်တွေဟာ ရုရှားနိုင်ငံတောင်ပိုင်း မိုလ်ကီးနိုးဒေသက ဗာဂနာ အခြေစိုက်စခန်းတခုမှာ စစ်သင်တန်း တက်ရောက်နေပြီး ဒီစခန်းရဲ့ဘေးမှာ ရုရှားတပ်စခန်းတခုလည်း ရှိတယ်လို့ ဆိုပါတယ်။

Translated advert for mercenaries on the VK social media site

ဓာတ်ပုံ ရင်းမြစ်, VK social media site

ဓာတ်ပုံ ပုံစာ, ဗီကေ မှာဆိုရင် ယူကရိန်းကျူးကျော်စစ် စတင်တဲ့ ပထမဆုံး သီတင်းပတ်မှာ လုံခြုံရေးအထူးပြု ကျွမ်းကျင်သူလို့ ဖော်ပြထားတဲ့ စာမျက်နှာတခုက လုံခြုံရေးဝန်ထမ်း ခေါ်တဲ့ ကြော်ငြာ တင်ခဲ့

ရုရှားက ကြေးစားစစ်သား စုဆောင်းမှုကို လူသိရှင်ကြား ပုံစံနဲ့ပါ စည်းရုံးနေသလား

ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဘက်က ဝင်တိုက်ဖို့အတွက် ရုရှားအစိုးရက ကြေးစားစစ်သား စုဆောင်းရာမှာ အပြင်လူမသိတဲ့ လူမှုကွန်ရက်စာမျက်နှာက သီးခြား အုပ်စုတွေမှာသာမက လူသိရှင်ကြား ကြေးစားစစ်သား စုဆောင်းမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ရုရှားအခြေစိုက် လူမှုကွန်ရက် စာမျက်နှာတခုဖြစ်တဲ့ ဗီကေ မှာဆိုရင် ယူကရိန်းကျူးကျော်စစ် စတင်တဲ့ ပထမဆုံး သီတင်းပတ်မှာ လုံခြုံရေးအထူးပြု ကျွမ်းကျင်သူလို့ ဖော်ပြထားတဲ့ စာမျက်နှာတခုက လုံခြုံရေးဝန်ထမ်း ခေါ်တဲ့ ကြော်ငြာတင်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီ လုံခြုံရေးဝန်ထမ်း အလုပ်ကို ယခင် ဆိုဗီယက်ပြည်ထောင်စု လက်အောက်မှာရှိခဲ့ဖူးတဲ့ နိုင်ငံတွေက နိုင်ငံသားတွေ လျှောက်ထားနိုင်ပြီး ဝေးဝေးလံလံ မသွားရတဲ့ ပြည်ပနိုင်ငံတခုမှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ ဒီကြော်ငြာမှာ ဖော်ပြထားပါတယ်။

စစ်ရေးကျွမ်းကျင်သူတွေကတော့ ဒါဟာ ယူကရိန်းမှာ သွားရောက် လုပ်ကိုင်ရမှာကို ဆိုလိုတာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

Russian Defence minister Sergei Shoigu

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ အရှေ့အလယ်ပိုင်းဒေသက တိုက်ခိုက်ရေးသမား ၁၆၀ဝ၀ လောက်ဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်တပ်ဘက်က ဝင်တိုက်မှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွိုင်းဂူ ပြော

ပြင်ပတိုက်ခိုက်ရေးသမား ပါဝင်မှု ရုရှား တရားဝင် ပြောဆိုချက်နဲ့ လက်တွေ့အနေအထား

မတ်လ ၁၁ ရက်နေ့မှာတော့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွိုင်းဂူက ကမ္ဘာ့ အရှေ့အလယ်ပိုင်းဒေသက တိုက်ခိုက်ရေးသမား ၁၆၀ဝ၀ လောက်ဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်တပ်ဘက်က ကိုယ်ပိုင်ဆန္ဒအလျောက် ပါဝင်တိုက်ခိုက်ပေးကြမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ကိုယ်တိုင်ကလည်း အဲဒီ အရှေ့အလယ်ပိုင်းဒေသက ပါဝင်မယ့် တိုက်ခိုက်ရေးသမားတွေကို ယူကရိန်းစစ်ပွဲအတွင်းမှာ ပါဝင်တိုက်ခိုက်နိုင်ရေး တပ်ဖြန့် နေရာချထားပေးဖို့ အမိန့်ထုတ်ထားပြီ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေ ရှိနေရာမှာ ဗာဂနာအဖွဲ့ရဲ့ တပ်သား ၄၀ဝ လောက်ကလည်း ယူကရိန်းကို ဝင်လာခဲ့တာရှိတယ်လို့ သတင်းပေးပို့ချက်တွေလည်း ရှိထားပါတယ်။

ဗာဂနာရဲ့ လက်ရှိ ကြေးစားတပ်သားတဦး အပြောအရ ဆိုရင် ယူကရိန်းကျူးကျော်စစ် အစပိုင်းရက်တွေမှာ ယူကရိန်းအကြီးဆုံး ဟာကိဗ် မြို့ကို စစ်ဆင်ရေးတခုအတွက် စေလွှတ်ခြင်း ခံရပြီး တလစာ အနေနဲ့ အမေရိကန်ဒေါ်လာ ၂၁၀ဝ ရတယ်လို့ ဆိုပါတယ်။

ရုရှားအစိုးရဟာ ပြင်ပတိုက်ခိုက်ရေးသမား ပါဝင်မှုကို တရားဝင် ပြောဆိုထားပေမယ့် ကြေးစားစစ်သား အသုံးပြုမှု စွပ်စွဲချက်တွေကိုတော့ ငြင်းဆိုထားပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကလည်း ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘီဘီစီက မေးမြန်းထားတာတွေကို မတ်လ ၁၂ ရက်နေ့အထိ တုံ့ပြန် မဖြေကြားသေးပါဘူး။