ယူကရိန်းစစ် - ကိယက်ဗ်နားမှာ ရုရှားစစ်ယာဉ်တန်းကြီး ပြင်ဆင်နေရာချနေတာကို ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရ

Maxar ရဲ့ ဓာတ်ပုံတွေက ကိယက်ဗ်အနောက်မြောက်ဘက် ဘာရက်စ်ရန်ကာက လမ်းမပေါ်မှာ စစ်ထရပ်ကားတွေ၊ ရော့ကက်လောင်ချာတွေ နေရာပြန်ချနေတာကို ပြနေ

ဓာတ်ပုံ ရင်းမြစ်, Maxar/EPA

ဓာတ်ပုံ ပုံစာ, Maxar ရဲ့ ဓာတ်ပုံတွေက ကိယက်ဗ်အနောက်မြောက်ဘက် ဘာရက်စ်ရန်ကာက လမ်းမပေါ်မှာ စစ်ထရပ်ကားတွေ၊ ရော့ကက်လောင်ချာတွေ နေရာပြန်ချနေတာကို ပြနေ

ယူကရိန်းမြို့တော်နားမှာ ရှိနေတဲ့ ရုရှားစစ်ယာဉ်တန်းကြီးကို အမေရိကန် ကုမ္ပဏီတခုက ရိုက်ယူထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ အဲဒီ ယာဉ်တန်းကြီးဟာ "အကျယ်အပြန့်ကို ဖြန့်ခွဲသွားပြီး ပြင်ဆင်နေရာချနေတာ"ကိုတွေ့ရပါတယ်။

ဒီစစ်ယာဉ်တန်းကြီးကို နောက်ဆုံးမြင်လိုက်ရတဲ့ နေရာကတော့ ကိယက်ဗ် အနောက်မြောက်ဘက်မှာ ရှိတဲ့ အန်တိုနော့ဗ် လေဆိပ်နားမှာပါ။ ဒီလှုပ်ရှားမှုက ကြည့်ရတာ မြို့တော်ဆီကို ရုရှားက ထိုးစစ်အသစ် ထပ်တိုးတော့မယ့် လက္ခဏာဖြစ်နိုင်ပါတယ်။

ဒီဂြိုဟ်တု ဓာတ်ပုံတွေကို ရိုက်ထားတဲ့ Maxar Technologies ကုမ္ပဏီက စစ်ယာဉ်တန်းကြီးထဲက ယာဉ်တန်းတချို့က ပတ်ဝန်းကျင် အနီးအနားက မြို့တွေမှာ နေရာချထားနေပြီလို့ ပြောပါတယ်။

တချို့စစ်ယာဉ်တန်းတွေက မြောက်ဘက်ကို ထွက်ခွာလာပါတယ်။ သူတို့ဆီမှာ အမြောက်တင်ယာဉ်တွေလည်း ပါလာပြီး ပစ်ခတ်မယ့်နေရာတွေဆီမှာ နေရာယူ ထားကြပါတယ်။

ဒီလို ပြင်ဆင်စုဖွဲ့နေရာချထားတဲ့ တချိန်တည်းမှာပဲ ယူကရိန်းမှာရှိတဲ့ တခြားရုရှားတပ်တွေဟာ နိုင်ငံအတွင်း နေရာအသီးသီးက ပစ်မှတ် အသစ်တွေကို ဦးတည် တိုက်ခိုက်နေကြပါတယ်။။

  • နိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ လုစ်ခ်မြို့ က လေယာဉ်ကွင်းနဲ့ ဂျက်အင်ဂျင်ထုတ် စက်ရုံကို ပစ်မှတ်ထားနေ
  • ရုရှား ကာကွယ်ရေးဌာနက အရာရှိတွေ ပြောကြားချက်အရ နိုင်ငံ အနောက်တောင်ပိုင်းက အိုင်ဗန်နို ဖရန်ကစ်ဗ်မြို့က လေယာဉ်ကွင်းတွေမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်နေတာကို သိရ
  • ယူကရိန်းအရှေ့အလယ်ပိုင်း ဒေသက ဒဲနီပရိုးမှာရှိတဲ့ အဓိက ခံတပ်တခုမှာလည်း လေကြောင်းကတိုက်ခိုက်တာတွေ ဖြစ်နေ

ယူကရိန်းမှာ လူတွေအများအပြားကို သေစေနိုင်တဲ့ ဖျက်အားပြင်းလက်နက်တွေ၊ ဓာတုလက်နက်တွေ ရှိနေတယ်ဆိုတဲ့ ရုရှားက ပြောဆိုချက်တွေကို သမ္မတ ဗိုလော့ဒ်ဒီမာ ဇယ်လန်းစကီးက ငြင်းဆိုပယ်ချထားပါတယ်။ ရုရှားက ဒီလို လက်နက်တွေကို ယူကရိန်းကို တိုက်ခိုက်ရာမှာ သုံးမယ် ဆိုရင် ရုရှားဟာ "အပြင်းထန်ဆုံး တုံ့ပြန်ဆောင်ရွက်မှုတွေ"ကို ရလိမ့်မယ်လို့ ဗီဒီယိုကနေ တဆင့်ပြောတဲ့ မိန့်ခွန်းထဲမှာ သူက သတိပေးလိုက်ပါတယ်။

အမေရိကန်က ပေးထားတဲ့ ဓာတုလက်နက်တွေ ယူကရိန်းမှာ ရှိနေတယ် ဆိုတဲ့ ရုရှားရဲ့ ပြောဆိုချက်ဟာ ရုရှားက သူတို့ရဲ့ ဓာတုလက်နက်တွေကို သုံးဖို့ သင့်တော်နေပြီ၊ သုံးတာက မျှတတယ် ဆိုတာမျိုး ဖြစ်အောင် "တဖက်ကို မဟုတ်တာတွေနဲ့ အပြစ်ပုံပြီး တိုက်ခိုက်"ဖို့ လုပ်တာလို့ အမေရိကန်က အစောပိုင်း တုန်းက ပြောထားပါတယ်။

ယူကရိန်းမှာ ဇီဝပိုးမွှားနဲ့ အဆိပ်လက်နက်တွေ ထုတ်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရာ သောကြာနေ့မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးခေါ်ဖို့ ရုရှားက ပန်ကြားထားပါတယ်။

Map showing areas of Ukraine that are under Russian control. Updated 10 March.

ကိယက်ဗ်နားက စစ်ယာဉ်တန်းက ပြန်လည်ပြင်ဆင် စုဖွဲ့နေ

ရုရှားတပ်တွေက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ မြို့တော် ကိယက်ဗ်ဘက်ကို ၃ မိုင် လောက်ထပ်တိုးပြီး ရွှေ့လာတယ်လို့ အမေရိကန် ကာကွယ်ရေး ဆိုင်ရာ ထိပ်တန်းအရာရှိတယောက်က ကြာသပတေးနေ့တုန်းက ပြောပါတယ်။

အဓိပ္ပာယ်ကတော့ အနောက်မြောက်ဘက်ကနေ မြို့တော်ဆီကို တိုးလာတဲ့ ရုရှားတပ်တွေဟာ မြို့တော်ရဲ့ မြို့လယ်ခေါင်နဲ့ အခုဆိုရင် ၉ မိုင် အကွာမှာသာ ရှိတော့တယ်လို့ အဲဒီ အမည်မဖော်လိုတဲ့ အရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

မြို့တော်ရဲ့ အရှေ့မြောက်ဘက်ကလည်း ရုရှားတပ်တွေ ရှေ့တိုးလာဖို့ ကြိုးစားနေကြပြီး အဲဒီ တပ်တွေကမြို့တော်ရဲ့ ၂၅ မိုင် အကွာမှာ ရောက်နေတယ်လို့လည်း အဲဒီ အရာရှိကပြောပါတယ်။

မြောက်ပိုင်းက ချယ်နိယစ်ဗ် မြို့လည်း အဆက်အသွယ်ဖြတ်တောက်တာ ခံနေရပြီ လို့ သူက ဆက်ပြောပါတယ်။

ဒီမိုင် ၄၀ လောက်ရှည်တဲ့ စစ်ယာဉ်တန်းကြီးဟာ အရင်က ကိယက်ဗ်မြို့တော်နဲ့ သိပ်မဝေးတဲ့နေရာ တန့်နေခဲ့ပြီး ယူကရိန်းစစ်တပ်က တင့်ကားဖျက် မစ်ဇိုင်းတွေနဲ့ ခုခံ တိုက်ခိုက်နေခဲ့ကြတာလို့ သိထားရတာပါ။ အဲဒီ စစ်ယာဉ်တန်းကြီးကနေ ယာဉ်ဘယ်လောက်များများ နေရာပြောင်းချထားသလဲ ဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အန်တိုနော့ဗ် လေဆိပ်နား အိုဇာရာ အရပ်ဘက်က လမ်းဆုံတခုမှာတွေ့ရတဲ့ စစ်ယာဉ်တွေ

ဓာတ်ပုံ ရင်းမြစ်, Maxar/Reuters

ဓာတ်ပုံ ပုံစာ, အန်တိုနော့ဗ် လေဆိပ်နား အိုဇာရာ အရပ်ဘက်က လမ်းဆုံတခုမှာတွေ့ရတဲ့ စစ်ယာဉ်တွေ

ကိယက်ဗ် အနောက်မြောက်ဘက် မိုင်အနည်းငယ် အကွာမှာ ရှိတဲ့ အာပင်းနဲ့ ဘူချာမြို့တွေမှာ ဒီရက်ပိုင်းတွေ အတွင်း ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်နေခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော အရပ်သားတွေလည်း သူတို့ရဲ့ အိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

မြို့တော်ရဲ့ အပြင်ဘက်နားလေးမှာရှိတဲ့ ဘရိုဗာရီ မြို့နားမှာ ရုရှားတပ်တွေလို့ ထင်ရတဲ့ စစ်ကြောင်းတခုကို ယူကရိန်း တပ်တွေကတိုက်ခိုက်နေတာကို ရိုက်ထားတဲ့ ဗီဒီယိုတခု ကြာသပတေးနေ့တုန်းက ထွက်ပေါ်လာခဲ့ပါတယ်။

ကိယက်ဗ် မြို့တော်ဝန် ဗီတယ်လီ ကလစ်ချ်ကိုက လူ ၃ သန်းလောက်နေထိုင်တဲ့ မြို့ကနေ လူဦးရေ တဝက်လောက်က ထွက်ခွာသွားကြပြီလို့ ဆိုပြီး ကိယက်ဗ် ကို "ခံတပ်တခုအဖြစ် အသွင်ပြောင်းထားပြီ" လို့ ပြောပါတယ်။

"လမ်းတိုင်း၊ အဆောက်အဦတိုင်း၊ စစ်ဆေးရေးဂိတ်တိုင်းကို ခံကတုတ်တွေအဖြစ် အခိုင်အမာလုပ်ထားတယ်"လို့ လည်း မြို့တော်ဝန်က ပြောပါတယ်။

မြို့တော်ကို ကာကွယ်ဖို့အတွက် သောင်းနဲ့ချီတဲ့ အရပ်သားတွေကလည်း နယ်မြေကာကွယ်ရေးတပ်ဖွဲ့တွေအဖြစ် စုဖွဲ့ကာ ယူကရိန်း စစ်တပ်ကို ကူညီနေပါ တယ်။

ဗီဒီယို ပုံစာ, ရုရှား စစ်ယာဉ်တန်းရဲ့ အတိုင်းအတာကို သရီးဒီ ပုံရိပ်နဲ့ ကြည့်နိုင်