ယူကရိန်းကို ရုရှားကျူးကျော်မှု - စစ်ရာဇဝတ်မှု ဆိုတာ ဘာလဲ

A building with blown out windows on fire

ဓာတ်ပုံ ရင်းမြစ်, State Emergency of Ukraine/PA

ဓာတ်ပုံ ပုံစာ, ခါကိဗ် အမျိုးသား တက္ကသိုလ်က အပျက်အဆီးများ၊ ရုရှားက စစ်ရာဇဝတ်မှု မကျူးလွန်ထားဘူးလို့ ငြင်းဆိုထား

အရပ်သားတွေကို ရုရှားက တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်လာခဲ့ပြီးတဲ့နောက် ယူကရိန်းမှာ ရုရှားရဲ့ လုပ်ဆောင်ချက်တွေက စစ်ရာဇဝတ်မှု မြောက်နိုင်သလားဆိုတာကို စုံစမ်းစစ်ဆေးနေပါပြီ။

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court - ICC) ရဲ့ ရှေ့နေချုပ်က စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ရာဇဝတ်ကျူးလွန်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု စတာတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အထောက်အထားတွေကို စုဆောင်းနေပြီလို့ ပြောပါတယ်။

နိုင်ငံပေါင်း ၃၉ နိုင်ငံက တောင်းဆိုခဲ့တဲ့နောက် အခုလို ICC ရဲ့ စုံစမ်းစစ်ဆေးမှုထွက်ပေါ်လာတာပါ။ ရုရှားက အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ငြင်းဆိုထားပါတယ်။

စစ်ရာဇဝတ်မှုတွေဆိုတာ ဘာတွေပါလဲ။ ရုရှားက ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတာက ဘာတွေပါလဲ။

စစ်ရာဇဝတ်မှုဆိုတာ ဘာလဲ

စစ်ရာဇဝတ်မှုမြောက်တယ်ဆိုတဲ့အပေါ် ပြဆိုထားတဲ့ စည်းမျဉ်းတွေ၊ ဥပဒေတွေကို ဂျီနီဗာ သဘောတူညီချက် (Geneva Conventions)၊ စစ်ပွဲဆိုင်ရာ ဥပဒေနဲ့ ထုံးတမ်းများ (Laws and Customs of War)နဲ့ ယူဂိုဆလားဗီးယားနဲ့ ရဝမ်ဒါ အရေးတွေအတွက် အထူးသီးခြားဖွဲ့စည်းပေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ခုံရုံးများ (International Criminal Tribunals) ဆိုင်ရာ စည်းမျဉ်း ဥပဒေတွေထဲမှာ တွေ့ရပါတယ်။

ဂျီနီဗာသဘောတူညီချက်ဟာ နိုင်ငံတကာ သဘောတူစာချုပ်တွေဖြစ်ပြီး စစ်ပွဲအတွင်း လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်ရမယ့် နိုင်ငံတကာ တရားရေးဆိုင်ရာ စံချိန်စံညွှန်းတွေကို ဖော်ပြထားပါတယ်။

ပထဆုံး စာချုပ် ၃ ခုက တိုက်ခိုက်တဲ့သူတွေနဲ့ စစ်သုံ့ပန်းတွေကို အကာအကွယ်ပေးတာဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ်အပြီး သဘောတူ ခဲ့ကြတဲ့ စတုတ္တ စာချုပ်ကတော့ စစ်ပွဲဇုန်တွေထဲက အရပ်သားတွေကို အကာအကွယ် ပေးတာဖြစ်ပါတယ်။ ၁၉၄၉ မှာ ချုပ်ဆိုခဲ့ကြတဲ့ ဂျီနီဗာ ကွန်ဗင်းရှင်းကို ရုရှားအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံးက အတည်ပြု လက်မှတ်ထိုးခဲ့ကြပါတယ်။

Black and white photo of a group of men gathered around a table signing a document

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၄၉ ဂျနီဗာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြစဉ်

အဲဒီ စတုတ္ထ ဂျီနီဗာ သဘောတူစာချုပ်က စစ်ရာဇဝတ်မှု ဖွင့်ဆိုချက်မှာ အောက်ပါတို့ ပါဝင်ပါတယ်။

  • တရားဥပဒေမဲ့ ရည်ရွယ်ချက် ရှိရှိ သတ်ဖြတ်ခြင်း
  • နှိပ်စက်ခြင်း သို့မဟုတ် လူမဆန်စွာပြုမူခြင်း
  • ကိုယ်ခန္ဓာ သို့မဟုတ် ကျန်းမာရေးကို ပြင်းထန်စွာ သို့မဟုတ် အထူးထိခိုက်စေအောင် ရည်ရွယ် လုပ်ဆောင်ခြင်း
  • စစ်ရေးအရ လိုအပ်ချက်ရှိကြောင်း ခိုင်လုံစွာမပြနိုင်ဘဲ အဆောက်အအုံများ၊ အိမ်များကို ဖျက်ဆီးမှု
  • ဓားစာခံအဖြစ် ဖမ်းဆီးမှု
  • တရားဥပဒေမဲ့ ပြည်နှင်မှု သို့မဟုတ် တရားဥပဒေမဲ့ ထိန်းသိမ်းအချုပ်ချထားမှု

၁၉၉၈ ရောမ ဥပဒေ (Rome Statute of 1998) ဟာလည်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်ရင် နောက်ထပ်အရေးကြီးတဲ့ နိုင်ငံတကာ သဘောတူစာချုပ်ဖြစ်ပြီး ဘယ်လိုလုပ်ရပ်တွေက နိုင်ငံတကာဥပဒေကို ဆိုးရွားစွာချိုးဖောက်တာဖြစ်တယ်ဆိုတာကို ပြဆိုထားပါတယ်။ သူ့အထဲမှာ ဖော်ပြထားတဲ့ စစ်ရာဇဝတ်မှုဆိုတဲ့ ဖွင့်ဆိုချက်မှာ အောက်ပါတို့ ပါဝင်ပါတယ်။

  • အရပ်သားလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း သို့မဟုတ် စစ်ပြုခြင်းမှာ တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း မရှိသူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း
  • တိုက်ခိုက်မှု လုပ်ရင် အရပ်သားတွေ အသက်ဆုံးမှာ သို့မဟုတ် ဒဏ်ရာရမှာကို သိလျက် ရည်ရွယ်ချက်ဖြင့် အဲဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခြင်း
  • ဆန့်ကျင်ခုခံမှုကင်းမဲ့နေတဲ့ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ၊ အဆောက်အဦတွေကို တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း၊ အမြောက်နဲ့ပစ်ခြင်း

အဲဒီ Rome Statute ထဲမှာ ဆေးရုံ၊ ဘာသာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား မတိုက်ခိုက်ရဘူး ဆိုတဲ့ အချက်ကိုလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တချို့အမျိုးအစား လက်နက်တွေ၊ အဆိပ်ဓာတ်ငွေ့တွေ သုံးပြီး မတိုက်ခိုက်ရဘူးလို့လည်း တားမြစ်ထားပါတယ်။

ICC ဆိုတာ ဘာလဲ၊ စစ်ရာဇဝတ်မှုတွေကို ဘယ်လို တရားစွဲဆိုလဲ

Rome Statute အရ နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့မှာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို ၁၉၉၈ ခုနှစ်မှာ တည်ထောင် ထားပါတယ်။ ICC ဟာ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ကြောက်လန့်စရာ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုစီရင်တဲ့ လွတ်လပ်သော တရားရုံးပါ။

စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှု၊ နိုင်ငံတနိုင်ငံအပေါ် နိုင်ငံရေး အရ သို့မဟုတ် စစ်ရေးအရ ကျူးကျော်မှု စတာတွေကို အဲဒီ တရားရုံးက စုံစမ်းစစ်ဆေးပါတယ်။

အစိုးရတွေအနေနဲ့ သံသယရှိတဲ့ ရာဇဝတ်သားတွေကို သူတို့နိုင်ငံက တရားရုံးမှာ တရားစွဲဆိုကြပါတယ်။ ICC ကတော့ အဲဒီလို နိုင်ငံ အစိုးရတွေက တရားမစွဲနိုင်တာ၊ ဒါမှမဟုတ် တရားမစွဲလိုတာတွေကို တရားစွဲဆို စီရင်ပေးတဲ့ တရားရုံးပါ။

A set of glass modern buildings with a sign in front reading 'International Criminal Court'

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC)

ICC တရားရုံးမှာ ကိုယ်ပိုင် ရဲတပ်ဖွဲ့မရှိတဲ့အတွက် သံသယ တရားခံကို ဖမ်းမယ်ဆိုရင် နိုင်ငံအစိုးရတွေဆီကို မှီခိုရပါတယ်။ ဒီတရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်တွေထဲမှာ ထောင်ဒဏ်တွေ၊ ငွေဒဏ်တွေ ပါဝင်ပါတယ်။

ရုရှားရော၊ ယူကရိန်းပါ ICC ရဲ့ အဖွဲ့ဝင် ၁၂၃ နိုင်ငံထဲမှာ မပါဝင်ပေမဲ့ ယူကရိန်းက ICC ရဲ့ တရားစီရင်ဆုံးဖြတ်မှုကို လက်ခံမယ်လို့ ပြောထားပါတယ်။ သဘောကတော့ ICC အနေနဲ့ ယူကရိန်းနဲ့ပတ်သက်တဲ့ စွဲဆိုချက်တွေကို စုံစမ်းစစ်ဆေးနိုင်ပါတယ်။

ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ တခြား နိုင်ငံကြီးတွေကတော့ အမေရိကန်၊ တရုတ် နဲ့ အိန္ဒိယတို့ ဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုနဲ့တရားစီရင်တာ အရင်တုန်းက ရှိဖူးလား

ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီက လူသန်းပေါင်းများစွာ (သူတို့ထဲက အများအပြားက ဂျူးတွေပါ) ကို သတ်ဖြတ်ခဲ့ပြီး အရပ်သားတွေ နဲ့ စစ်သုံ့ပန်းတွေအပေါ် လူမဆန်စွာကျူးလွန်ခဲ့ကြတာတွေကြောင့် မဟာမိတ်နိုင်ငံတွေက အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်လို့ ထင်တဲ့သူတွေကို တရားစွဲဆို စီရင်ခဲ့ကြပါတယ်။

၁၉၄၅ နဲ့ ၁၉၄၆ ခုနှစ်တွေမှာ ဖွဲ့ခဲ့တဲ့ နျုရင်ဘတ်ခုံရုံးတွေမှာ နာဇီ ခေါင်းဆောင် ၁၀ ယောက်ကို သေဒဏ် စီရင်ခဲ့ကြပါတယ်။ ၁၉၄၈ ခုနှစ် မှာ အလားတူခုံရုံးမျိုးနဲ့ နာဇီ ဂျပန် စစ်တပ်က တပ်မှူး ၇ ယောက်ကို တိုကျိုမှာ ကြိုးမိန့်ချခဲ့ပါတယ်။

A group of Nazi defendants in court, surrounded by police

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၄၆ နျုရင်ဘတ် ခုံရုံးမှာ တွေ့ရတဲ့ တရားခံများ

နောက်ထပ် ပေါ်လာတဲ့ စစ်ရာဇဝတ်မှု တရားစီရင်ရေးတွေမှာ ဒီခုံရုံးတွေက ချမှတ်ခဲ့တဲ့ စီရင်ထုံးတွေကို အသုံးပြုခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ်မှာ ကွန်ဂိုက စစ်နယ်ရှင် သောမတ်စ် လူဘန်ဂါဟာ ICC က ပထမဆုံး တရားစွဲဆိုတဲ့ စစ်ရာဇဝတ်မှု တရားခံဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ် နဲ့ ၂၀၀၃ ခုနှစ်တွေမှာ သူ့ရဲ့ သူပုန်တပ်ဖွဲ့အတွက် ကလေးစစ်သားတွေကို အတင်းအကြပ် တပ်ထဲဝင်စေပြီး စစ်တိုက်ခိုင်းခဲ့တဲ့ အတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။

A close-up shot of a man in court looking ahead

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၂ တုန်းက ICC တရားရုံးမှာ တွေ့ရတဲ့ သောမတ်စ် လူဘန်ဂါ

ကုလသမဂ္ဂက ဖွဲ့စည်းပေးခဲ့ပြီး ၁၉၉၃ ကနေ ၂၀၁၇ ခုနှစ်အထိ ဆောင်ရွက်ပေးခဲ့တဲ့ အရင် ယူဂိုဆလားဗီးယား အတွက် နိုင်ငံတကာ ရာဇဝတ်များ ခုံရုံးဟာ ယူဂိုဆလားဗီးယား စစ်ပွဲတွင်းက ရာဇဝတ်မှုတွေကို တရားစီရင်ပေးခဲ့ပါတယ်။

အဲဒီခုံရုံးကနေ အရင် ဘော့စနီးယား ဆာ့ဘ် ခေါင်းဆောင် ရာဒိုဗန် ကရာဇစ်ခ် ဟာ ယူဂိုဆလားဗီးယား ပဋိပက္ခအတွင်းမှာ စစ်ရာဇဝတ် မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုတွေနဲ့ အပြစ်ရှိကြောင်း ၂၀၁၆ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဘော့စနီးယား ဆာ့ဘ်တပ်တွေရဲ့ တပ်မှူး ရက်ကို မလားဒစ်ခ် ဟာလည်း အလားတူ ရာဇဝတ်မှုတွေနဲ့ အပြစ်ရှိကြောင်း ၂၀၁၇ ခုနှစ်မှာ အစီရင်ခံရပါတယ်။

ရဝမ်ဒါအတွက်နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှာ မုဒိန်းကျင့်မှုကို လူမျိုးတုံးဖို့ရည်ရွယ်လုပ်ဆောင်တဲ့ ကျူးလွန်မှု တခုအဖြစ် ပထမဆုံး အသိအမှတ်ပြုခဲ့ပါတယ်။

ရုရှားက ဘာတွေ အစွပ်စွဲ ခံထားရလဲ

ကိယက်ဗ်၊ ဟာကိဗ်၊ ခါဆွန် မြို့တွေ အပါအဝင် မြို့အများအပြားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းမှာ အပြင်းအထန် တိုက်ခိုက်တာ တွေကို ခံခဲ့ရပါတယ်။

ခါကိဗ်မှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ရပြီးနောက်ပိုင်း ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ရုရှားဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီလို့ စွပ်စွဲထားပါတယ်။

Four photos in a grid showing a building being blown up

ဓာတ်ပုံ ရင်းမြစ်, State Emergency Services of Ukraine/REUTERS

ဓာတ်ပုံ ပုံစာ, မတ်လ ၁ ရက်နေ့က ခါကိဗ်က ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဆောက်အအုံ တိုက်ခိုက်ခံခဲ့ရစဉ်

အဲဒီ မြိုမှာပဲ ရုရှားဟာ ကလပ်စတာ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားကြပါတယ်။ ကလပ်စတာဗုံးဟာ ပင်မဗုံးကနေ နောက်ထပ် ဗုံးတွေ တဆင့်ပြီး တဆင့် ကျဲပြန့်ထွက်လာပြီး နေရာအကျယ်အပြန့်မှာ ဗုံးတွေ အများကြီး ကွဲသွားအောင်လုပ်နိုင်တဲ့ ဗုံးမျိုးပါ။

ကလပ်စတာဗုံးဆိုင်ရာ ၂၀၀၈ ခုနှစ် သဘောတူစာချုပ်အရ နိုင်ငံအများအပြားမှာ အဲဒီဗုံးမျိုးမသုံးစွဲဖို့ တားမြစ်ထားပါတယ်။ ဒါပေမယ့် ရုရှားရော၊ ယူကရိန်းပါ အဲဒီ သဘောတူစာချုပ်မှာ လက်မှတ်မထိုးထားပါဘူး။

A view of bombs going off in a carpark

ဓာတ်ပုံ ရင်းမြစ်, UGC

ဓာတ်ပုံ ပုံစာ, ခါကိဗ်မှာ အရပ်သားပိုင် ကားတွေ ပျက်ဆီးခဲ့

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ်က ရုရှားဟာ ဗက်ခွန်း ဗုံး Vacuum bombs တွေကို ယူကရိန်း နိုင်ငံအရှေ့မြောက်ပိုင်းက အော့တာကါ မြို့ကို တိုက်ခိုက်ရာမှာ သုံးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဗက်ခွန်း ဗုံးတွေဟာ လောင်စာဆီငွေ့တွေကို အငွေ့ပျံဖြန့်ထုတ်လိုက်ပြီးတိမ်တိုက်ကြီး တခုလို ဖွဲ့စည်းလိုက်ကာ မီးလောင် တိုက်သွင်းလိုက်တဲ့အတွက် အကြီးအကျယ် အပျက်အဆီး ဖြစ်စေတဲ့ လက်နက်ပါ။

ဒီဗုံးမျိုးတွေကို အသုံးမပြုဖို့ သီးသန့်တားဆီးထားတဲ့ နိုင်ငံတကာ ဥပဒေတော့မရှိသေးပါဘူး၊ ဒါပေမယ့် ၁၈၉၉ နဲ့ ၁၉၀၇ ခုနှစ်တွေမှာ ချုပ်ဆိုခဲ့ကြတဲ့ သည်ဟိဂ် သဘောတူစာချုပ်တွေအရ အဆောက်အအုံရှိရာအရပ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေ ရှိတဲ့နေရာက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ နေရာမှာ အဲဒီလို လက်နက်တွေကို အသုံးပြုရင် စစ်ရာဇဝတ်မှုမြောက်တယ်ဆိုတာကို ပြဆိုထားပါတယ်။

ကရင်မလင်က အစိုးရ ကတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာမရှိဘူးလို့ ငြင်းဆိုထားသလို၊ ကလပ်စတာဗုံးတွေ၊ ဗက်ခွန်း ဗုံးတွေ သုံးနေတယ် ဆိုတဲ့ သတင်းတွေဟာ 'သတင်းအတု' တွေသာဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံရဲ့ ကာကွယ်ရေး ဝန်ကြီး ဆာဂေး ရှိုအေဂုက 'စစ်ရေးပစ်မှတ်တွေကိုသာ တိုက်ခိုက်တာဖြစ်ပြီး သိပ်ကို တိတိကျကျ မှန်အောင် ပစ်နိုင်တဲ့ လက်နက်တွေနဲ့သာ တိုက်ခိုက်တာဖြစ်တယ်'လို့ ဆိုပါတယ်။