ဇိုဟ်ရန်း မမ်ဒါနီ - နယူးယောက်မြို့တော်ဝန်သစ် ဖြစ်လာမယ့်သူ ဘယ်လိုလူမျိုးလဲ

နယူးယောက်မြို့အတွက် ဇိုဟာရမ်ဆိုတဲ့စာသားနောက်ခံတဲ့အတူ တွေ့ရတဲ့ ဇိုဟာရမ် ကင်မရာဘက်လှည့်ပြီး လက်ပြနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

နယူးယောက်မြို့ခံတွေဟာ လက်ဝဲ ဒီမိုကရက် တစ်ယောက်ဖြစ်တဲ့ ဇိုဟ်ရန်း မမ်ဒါနီကို သူတို့ရဲ့ မြို့တော်ဝန်သစ်အဖြစ် ရွေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီ ရွေးချယ်မှုဟာ သမ္မတထရမ့်ကို အာခံကြောင်း၊ သမ္မတထရမ့်ရဲ့ လုပ်ရပ်တွေ အပေါ် သဘောမတူကြောင်း ပြသပုံ ပြသနည်း တစ်ရပ်အဖြစ် ရှုမြင်ရပါတယ်။

ကိုယ်တိုင် နယူးယောက်မှာမွေး၊ နယူးယောက်မှာကြီးတဲ့ သမ္မတ ထရမ့်က မြို့တော်ဝန် ‌ရွေးကောက်ပွဲကြို မဲဆွယ်ကာလမှာ မစ္စတာ မမ်ဒါနီကို ကွန်မြူနစ် ဆိုပြီး တံဆိပ်ကပ်ခဲ့သလို၊ မစ္စတာ မမ်ဒါနီသာ နိုင်ရင် နယူးယောက်မြို့ကြီး အတွက် ဗဟို အစိုးရက ထောက်ပံ့တဲ့ ဘတ်ဂျက်ငွေတွေ မပေးပဲနဲ့ ထားမယ် ဆိုပြီး ခြိမ်းခြောက် ခဲ့ပါတယ်။

အဲဒီ ကြားကပဲ နယူးယောက်မြို့ခံတွေရဲ့ မဲ အများစုကို မစ္စတာ မမ်ဒါနီ ရရှိခဲ့ပါတယ်။

"အပြောင်းအလဲ ဆောင်ကြဥ်းပေးခွင့်ကို ဒီ ကနေ့ည ခင်ဗျားတို့ အပ်နှင်းလိုက်တာပဲ ဖြစ်တယ်။ နိုင်ငံရေးအသစ် အတွက်လည်း ခင်ဗျားတို့ ခွင့်ပြုပေးတာမျိုး ဖြစ်တယ်" ဆိုပြီး မစ္စတာ မမ်ဒါနီက ရွေးကောက်ပွဲနိုင် မိန့်ခွန်း ပြောပါတယ်။

အသက် ၃၄ နှစ်သာ ရှိသေးတဲ့ မစ္စတာ မမ်ဒါနီဟာ နယူးယောက်ရဲ့ ပထမဆုံး မွတ်ဆလင်မ် မြို့တော်ဝန် ဖြစ်လာမှာ ဖြစ်သလို၊ အနှစ် ၁၀၀ ကျော်အတွင်း အသက်အငယ်ဆုံး မြို့တော်ဝန် ဖြစ်လာမှာပါ။

နယူးယောက် မြို့တော်ဝန် နေရာမှာ နှစ် ၁၀၀ ကျော်အတွင်း အသက်အငယ်ဆုံးလည်းဖြစ်၊ ပထမဆုံး မွတ်ဆလင်လည်းဖြစ်သူ အနိုင်အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယူးယောက် မြို့တော်ဝန် နေရာမှာ နှစ် ၁၀၀ ကျော်အတွင်း အသက်အငယ်ဆုံးလည်းဖြစ်၊ ပထမဆုံး မွတ်ဆလင်လည်းဖြစ်သူ အနိုင်ရ

မစ္စတာ မမ်ဒါနီရဲ့ နိုင်ငံရေး

ဇိုဟ်ရန်းဟာ အာရှ၊ အာဖရိက၊ အမေရိကန် ဝိသေသလက္ခဏာတွေ အားလုံး ရှိနေသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇိုဟ်ရန်းဟာ အာရှ၊ အာဖရိက၊ အမေရိကန် ဝိသေသလက္ခဏာတွေ အားလုံး ရှိနေသူ

မစ္စတာ မမ်ဒါနီရဲ့ နိုင်ငံရေးဟာ ထရမ့်က တံဆိပ်ကပ်သလို ကွန်မြူနစ် ဆိုတဲ့အထိ မသွားပေမယ့် ဒီမိုကရက်တစ် ဆိုရှယ်လစ် တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲကတိတွေ အပါအဝင် ပြောဆိုနေတာတွေဟာလည်း သူ့ရဲ့ လက်ဝဲ နိုင်ငံရေးမူတွေကို ထင်ဟပ်နေပါတယ်။

ဘီဘီစီရဲ့ မြောက်အမေရိကပိုင်း ဆိုင်ရာ အယ်ဒီတာ ဆယ်ရာ စမစ် ကတော့ ဇိုဟ်ရန်း မမ်ဒါနီရဲ့ မူတွေ အပေါ် ဒီမိုကရက် ပါတီကြီးကိုယ်၌ စိတ်မသက်မသာနဲ့ စိုးရွံ့စိတ် ရှိပုံရတယ်လို့ ပြောပါတယ်။

"မစ္စတာ မမ်ဒါနီရဲ့ မဲဆွယ် စည်းရုံးမှုတွေဟာ အင်မတန်မှကို ထူးခြား ပြောင်မြောက်ခဲ့ပြီး လူတွေကို စိတ်အားထက်သန်လာအောင်၊ စိတ်လှုပ်ရှား တက်ကြွလာအောင် ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ အဲဒီလောက် လူအများ စိတ်ပါဝင်စားတာ၊ တက်ကြွလာတာတွေကို နယူးယောက်မှာ မဆိုထားနဲ့ အမေရိကန် တစ်ခုလုံးရဲ့ နိုင်ငံရေးမှာကို မမြင်ရတာ ကြာလှပြီ ဖြစ်ပါတယ်"

"လာပြီး မဲထည့်ကြတဲ့ အရေအတွက်ဟာ စံချိန်တင်အောင် များလှပြီး၊ သူဟာ မဲတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံရေးမူတွေကတော့ လက်ဝဲမူတွေ ဖြစ်ပြီး၊ ဒီမိုကရက်တစ်ပါတီကြီး ကိုယ်၌ အပြည့်အဝ ထောက်ခံတာမျိုး မလုပ်ကြပါဘူး"

"မစ္စတာ မမ်ဒါနီက ကလေးသူငယ် ပြုစုစောင့်ရှောက်မှုမှာ အခမဲ့၊ အများပြည်သူသုံး ခရီးပို့ဆောင်ရေးမှာ အခမဲ့၊ အိုးအိမ်ရရှိ နေထိုင်နိုင်မှု အခမဲ့ ပံ့ပိုးမယ် ဆိုတာတွေ အပြင်၊ ဝင်ငွေ အများဆုံး သူတွေအပေါ် အခွန် တိုးကောက်မယ် ဆိုပြီး ကတိကဝတ်တွေ ပြုထားပါတယ်။ အဲဒီ့ အချက်တွေ အပေါ် ဒီမိုကရက်တစ်ပါတီ ကိုယ်တိုင် စိတ်မသက်မသာနဲ့ စိုးရွံကြပုံ ရှိပါတယ်" ဆိုပြီး ဆယ်ရာ စမစ် က ဆိုပါတယ်။

ဘဝ ဇာတ်ကြောင်း အကျဥ်းချုံး

မိဘနှစ်ပါးနဲ့ ဇနီးသည်တို့ ခြံရံထားသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိဘနှစ်ပါးနဲ့ ဇနီးသည်တို့ ခြံရံထားသူ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဇိုဟ်ရန်း မမ်ဒါနီ ကို အရှေ့ အာဖရိက နိုင်ငံဖြစ်တဲ့ ယူဂန်ဒါမှာ အိန္ဒိယနွယ်ဖွား မိဘတွေကနေ မွေးပါတယ်။ အသက် ၇ နှစ်သားမှာမှ မိဘတွေနဲ့ အတူ နယူးယောက် မြို့ ဆီ ပြောင်းရွှေ့ အခြေချပါတယ်။

ဘရွန့်ဇ် သိပ္ပံ အထက်တန်းကျောင်းမှာ တက်ပြီး၊ ဘိုဒင် ကောလိပ်ကနေ အာဖရိက လေ့လာရေး ဘာသာရပ်နဲ့ ဘွဲ့ရပါတယ်။ ကောလိပ်မှာ ပါလက်စတိုင်း တရားမျှတရေး ကျောင်းသားအဖွဲ့ ပူးတွဲ ထူထောင်ခဲ့ပါတယ်။

ဇိုဟ်ရန်း မမ်ဒါနီဟာ ဘာလဲ ... ဆိုတဲ့ ဝိသေသလက္ခဏာ အိုင်ဒင်တတီ အကြောင်း ပြောရင် အင်မတန် ရောယှက်နေပါတယ်။ သူဟာ အိန္ဒိယ မိဘတွေက မွေးလို့ အိန္ဒိယ နွယ်ဖွား အာရှသွေး ဖြစ်သလို၊ ယူဂန်ဒါမှာ မွေးတဲ့ အတွက် အာဖရိကန်လို့ ခေါ်နိုင်ပြီး၊ အမေရိကန် တစ်ယောက်လည်းပဲ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ ကိုလံဘီယာ တက္ကသိုလ် ဝင်ခွင့် လျှောက်တော့ လူမျိုးနွယ် "race" ဆိုတဲ့ အပိုင်းမှာ အာရှ နေရာမှာရော အမည်း သို့မဟုတ် အာဖရိကန် အမေရိကန် နေရာ နှစ်နေရာစလုံးမှာ သူနဲ့ သက်ဆိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

သူဟာ နယူးယောက်ရဲ့ အပိုင်းကြီး ၅ ပိုင်း ထဲက ကွင်းစ် ရဲ့ ပြည်နယ် အမတ် အဖြစ်ကနေ အခုလို တနိုင်ငံလုံးရဲ့ အာရုံစိုက်မှု ရလာတာ ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့သလို သူ့ရဲ့ လက်ဝဲမူတွေ အပေါ် အခြေခံတဲ့ ရဲဝံ့တဲ့ ပြောဆို လှုပ်ရှားမှုတွေဟာ ထောင်စုနှစ်သစ် မျိုးဆက်တွေ အပေါ် စွဲဆောင် နိုင်ခဲ့သလို၊ လူမျိုးစုံ အနွယ်စုံ ဘာသာ အယူအစုံ မှီတင်းနေထိုင်ရာ ‌နယူးယောက်မြို့ကြီးရဲ့ မြိုခံတွေရဲ့ ထောက်ခံမှုလည်း ရခဲ့ပါတယ်။

ဘာသာရေးနဲ့ ပတ်သက်ရင်လည်း သူဟာ မွတ်ဆလင်တစ်ယောက် ဖြစ်တယ် ဆိုတဲ့ အချက်ကို မြို့တော်ဝန် ရွေးကောက်ပွဲ မဲဆွယ်ကာလ တလျှောက် အထင်အရှား ပြသနေခဲ့ပါတယ်။ ပလီဝတ်ကျောင်းတော်တွေဆီ ပုံမှန် သွားနေခဲ့ပြီး၊ မြို့ကြီးရဲ့ လူနေမှု စားရိတ် အဆမတန်ကြီးနေမြင့်နေတဲ့ အကြောင်း အူရ်ဒူ ဘာသာ စကားနဲ့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုလည်း ထုတ်ခဲ့ပါတယ်။

ဇိုဟ်ရန်း မမ်ဒါနီရဲ့ ဇနီးသည်ဟာ အသက် ၂၇ နှစ် အရွယ် ဆီးရီးယားနွယ်ဖွား အနုပညာရှင် ရာမာ ဒူဝါဂျီ ဖြစ်ပြီး၊ နယူးယောက်မြို့ ဘရွတ်ကလင် အရပ်မှာ အခြေစိုက်သူ ဖြစ်ပါတယ်။ သူတို့ဟာ အတွဲရှာပေးတဲ့ ဒိတ်တင်အက်ပ် Hinge ပေါ်မှာ ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူ မီရာနဲရ်ဟာ နာမည်ရှိတဲ့ ရုပ်ရှင်ဒါရိုက်တာ ဖြစ်ပြီး၊ ဖခင်ဖြစ်သူ ပါမောက္ခ မာမွတ်မမ်ဒါနီကတော့ ကိုလံဘီယံ တက္ကသိုလ်မှာ စာသင်ပါတယ်။ အမေရော အဖေပါ ဟားဗတ် တက္ကသိုလ်ထွက်တွေ ဖြစ်ပါတယ်။

ဇိုဟ်ရန်း မမ်ဒါနီ နိုင်ငံရေးထဲ မဝင်ခင် အိုးအိမ်ရေးရာအကြံပေးအဖြစ် လုပ်ခဲ့ပါတယ်။ ဝင်ငွေနည်း မိသားစုတွေ ငွေမတတ်နိုင်တော့လို့ ကိုယ့်ရဲ့ အိမ်တွေကနေ ထွက်ပေးရ၊ မောင်းချ နှင်ချ ခံရတာမျိုးတွေ မဖြစ်ရလေအောင် အဓိက ကူညီရတာမျိုးပါ။

ဒါ့ကြောင့် သူဦးစားပေးတဲ့ ကိစ္စတွေမှာ လူတိုင်း နေထိုင်ရာ အိုးအိမ် ရှိနိုင်ရေး ပါဝင်သလို၊ နယူးယောက်မြို့ကြီး ဘေးကင်းရေးနဲ့ လူတွေ အပေါ် နေစရိတ် စားစရိတ် အထွေထွေ ကုန်ကျစရိတ်တွေ ဖိစီနေတာနေ သက်သာစေရေး အပေါ်တွေမှာ အာရုံစိုက် ပြောခဲ့ပါတယ်။

ဒီမိုကရက်တွေ အောင်ပွဲခံခဲ့တဲ့ အင်္ဂါနေ့ ရွေးကောက်ပွဲ

ဗာဂျီးနီးယားရဲ့ ပထမဆုံး အမျိုးသမီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာမယ့် Abigail Spanberger

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗာဂျီးနီးယားရဲ့ ပထမဆုံး အမျိုးသမီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာမယ့် Abigail Spanberger
နယူးဂျာဇီမှာ အနိုင်ရသူ Mikie Sherrill

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယူးဂျာဇီမှာ အနိုင်ရသူ Mikie Sherrill

အမေရိကန် တလွှား နယူးယောက် မြို့တော်ဝန် ရွေးကောက်င်္အဂါနေ့မှာပဲ တခြား အရေးကြီးတဲ့ ရွေးကောက်ပွဲတွေလည်း ရှိနေခဲ့ပြီး၊ ဒီမိုကရက်တွေပဲ အနိုင်ရခဲ့ပါတယ်။

လက်ရှိ အစိုးရ ယန္တရား ပိတ်ကျနေတာရဲ့ နောက်ဆက်တွဲ ထရမ့်က အလုပ်တွေ ဖြုတ်ပစ်နေတဲ့ ဒဏ်ကို ခံနေရတဲ့ ဗဟိုအစိုးရ ဝန်ထမ်းတွေ အများအပြား နေထိုင်ရာ ဗာဂျီးနီးယား ပြည်နယ်မှာ ဆိုရင် ဒီမိုကရက် ကိုယ်စားလှယ် အမျိုးသမီး အက်ဘီဂေးလ် စပန်ဘာဂါ က ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာမှာ အပြတ်အသတ် နိုင်သွားပါတယ်။ ဒါဟာ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး နေရာမှာ အမျိုးသမီး တစ်ဦး ပထမဆုံး အကြိမ် ရောက်လာမယ့် အဓိပ္ပာယ် ဖြစ်ပါတယ်။

တခါ၊ ထရမ့် သမ္မတ ရွေးကောက်ပွဲ နိုင်တုန်းက အတော်လေး အခြေအနေ ကောင်း တိုးတက်ခဲ့တဲ့ နယူးဂျာဆီ ပြည်နယ် မှာ ဆိုလည်း အလားတူပါပဲ .... ဒီမိုကရက်တစ် ကိုယ်စားလှယ် အမျိုးသမီးပဲ မဲကွာခြားမှု သိသိသာသာ ရပြီး အနိုင်ယူခဲ့ပါတယ်။ နယူးဂျာဆီရဲ့ အရွေးကောက်ခံ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ မီကီ ရှာရေးလ်လို့ ခေါ်ပါတယ်။

တခါ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဆိုရင်လည်း ဒိစထြိတ်နယ်မြေ အပိုင်းအခြား ပြောင်းလဲ သတ်မှတ်ရေး အဆိုပြုချက်ကို အများပြည်သူက ထောက်ခံ အတည်ပြု လိုက်ပါတယ်။ အဲဒီ အဓိပ္ပာယ်ဟာ ဒီမိုကရက် ရွေးကောက်ခံ အမတ်အရေအတွက် တိုးမြင့် လာစေ နိုင်ပါတယ်။ ရီပတ်ဘလစ်ကင် လွှမ်းမိုးတဲ့ ပြည်နယ်တွေမှာ ရီပတ်ဘလစ်ကင် အမတ် ဦးရေတိုးအောင် လုပ်ခဲ့ကြတဲ့နည်းအတိုင်း ကယ်လီဖိုးနီးယားမှာလည်း တုန့်ပြန် လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။

အင်္ဂါနေ့ ရွေးကောက်ပွဲ ရလဒ်တွေကို ကြည့်ရင် သမ္မတ ထရမ့် အပေါ် ဆန့်ကျင်ရေး စိတ်တွေ၊ ထရမ့် မူတွေ လုပ်နေတာတွေ အပေါ် မနှစ်လို စိတ်တွေရှိနေတာကို အတော်လေး ထင်ထင်ရှားရှား ပြနေပါတယ်။ ထရမ့်ဟာ သူ့ရဲ့ တကျော့ပြန် ထရမ့် ၂.၀ သက်တမ်း တစ်နှစ် မပြည့်ခင်မှာကို ပြည်တွင်းမှာ အခုလို အံတုမှုတွေနဲ့ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။