ငယ်ရွယ်သူတွေမှာဘာကြောင့် ကင်ဆာအဖြစ်များလာတာလဲ

    • ရေးသားသူ, လူဝစ်ဘာရူချို
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား

လူဝီဆာတော့စ်ကာနို တစ်ယောက် သူ့မှာ ရင်သားကင်ဆာဖြစ်နေပြီလို့ သိလိုက်ရတော့ အတော်အံ့သြသွားပါတယ်။

"လုံးဝကို မမျှော်လင့်ထားဘူး" လို့ ဘရာဇီးက အသက် ၃၈ နှစ် အရွယ် ကလေး နှစ်ယောက် မိခင်က ပြောပါတယ်။ "

"ငယ်သေးတယ်၊ကျန်းမာတယ်၊ ခန္ဓာကိုယ်လည်း ကျစ်ကျစ်လစ်လစ်ပါ။ ဘေးအန္တရာယ်ရှိတဲ့ပုံတွေလည်း မရှိပါဘူး။ ကျွန်မမှာ မဖြစ်နိုင်ခဲ့ဘူးလို့ ထင်ထားတာ။ မယုံနိုင်စရာကိုပါပဲ၊ ကင်ဆာဆိုတာ ကျွန်မရဲ့ တကယ်အခြေအနေနဲ့ဆို အဝေးကြီးမှာပါ။ "

လူဝီဆာမှာ အဆင့် ၃ ကင်ဆာဖြစ်နေတာကို ၂၀၂၄ ခုနှစ် မတ်လက စသိခဲ့ရတာပါ။ အဆင့် ၃ ဟာ စိုးရိမ်ရပြီဖြစ်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

လေးလခွဲလောက်ကြာအောင် ကင်ဆာအတွက် ကီမို ဆေးသွင်းကုထုံးတွေကို ခံယူခဲ့သလို သူရဲ့ ရင်သားကို ဖြတ်ထုတ်ဖို့လိုတဲ့နေရာတွေကို ဖြတ်ထုတ်ခဲ့ပြီး ဓာတ်ရောင်ခြည်ကုထုံး ကိုလည်း ခံယူခဲ့ပါတယ်။

သူခံယူရမယ့် ကုထုံးတွေကို လူဝီဆာတစ်ယောက် သြဂုတ်လက ပြီးသွားပေမဲ့ ကင်ဆာထပ်မပေါ်လာအောင်တော့ သောက်ဆေးတွေ ဆက်သောက်နေရတုန်းပါ။

"ဓာတုကုထုံးက အတော်လေးပြင်းပေမယ့် ကျွန်မခန္ဓာကိုယ်က ကောင်းကောင်း တောင့်ခံနိုင်ခဲ့တယ်"လို့ ပြန်ပြောပြပါတယ်။

"အဲဒါတွေကလည်း ကျွန်မက တက်တက်ကြွကြွ နေထိုင်ခဲ့တယ်၊ ငယ်လည်းငယ်ပြီး ကြံခိုင်တဲ့ခန္ဓာကိုယ်လည်း ရှိလို့ပါ။"

"ကျွန်မရင်သား တစ်ခုလုံးကို မဖြတ်လိုက်ရတာကိုပဲ ကျေးဇူးတင်ရပါတယ်။ အခက်ခဲဆုံးကတော့ ဆံပင်တွေ ကျွတ်ကုန်တာပါ။ အဲဒါက မြန်မြန်နဲ့ ဆိုးရွားသွားတာ။ မှန်ထဲကြည့်လိုက်ရင် ကြောက်တောင်ကြောက်လာတယ်။ အဲဒီလိုပုံစံကြောင့် ကျွန်မကလေးတွေကိုပါ ထိခိုက်လာတယ်။"

လူဝီဆာလို ကင်ဆာနဲ့ ရင်ဆိုင်နေရသူက အနည်းအကျဥ်းပဲ ရှိနေတာမျိုးတော့ မဟုတ်ပါဘူး။ မျိုးရိုးဗီဇကြောင့် ကင်ဆာဖြစ်ပွားမှုမျိုး မဟုတ်ဘဲ အသက်အရွယ်ငယ်သူတွေ ကမ္ဘာမှာ ကင်ဆာ အဖြစ်များလာတာကို တွေ့ရပါတယ်။

လူနေမှုပုံစံ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝကမ္မ အကြောင်းအရင်းတွေကြောင့် များသောအားဖြင့် အသက်အရွယ်ကြီးသူတွေမှာ ကင်ဆာဖြစ်လေ့ များတာမျိုးပါ။ ဥပမာအား ဖြင့် အိုမင်းတာလာကြောင့် ဆဲလ်တွေ ကွဲလာတာ၊ ဗီဇပြောင်းလဲမှုတွေနဲ့ ကင်ဆာဖြစ် ပွားနိုင်မှု မြင့်တာမျိုး ဖြစ်ပါတယ်။

ဒါကြောင့်လည်း ကင်ဆာရောဂါဆရာဝန်တွေဟာ ရင်သားကင်ဆာမျိုးရိုးဗီဇပြောင်းလဲမှု BRCA1 နဲ့ BRCA2 တို့လို့ အသက်ငယ်သူတွေမှာ ကင်ဆာရောဂါ ဖြစ်ပွားမှုနဲ့ ဆက်နွှယ်တဲ့ မျိုးရိုး လိုက်တဲ့အခြေအနေတွေ လေ့လာဆန်းစစ်နေကြတာပါ။

ဒါပေမယ့်လည်း လူဝီဆာတို့လို လူနာအများအပြားမှာတော့ မျိုးရိုးဗီဇလိုက်တဲ့ လက္ခဏာမျိုး ရှင်းရှင်းလင်းလင်း ပြသတာ ရှိမနေပါဘူး။

ရင်သားကင်ဆာဟာ အကြီးမားဆုံး အရေအတွက်နဲ့ တိုးပွားနေတဲ့ရောဂါ ဖြစ်တယ်လို့ အစောပိုင်းကင်ဆာစတင်ဖြစ်ပွားမှုတွေကို ကောက်ယူထားတဲ့ အစီရင်ခံစာအရ သိရ ပါတယ်။

မြင့်တက်နေတဲ့ ကင်ဆာဖြစ်ပွားမှု

BMJ Oncology ကင်ဆာ လေ့လာရေး ဂျာနယ်မှာ ထုတ်ပြန်ထားတဲ့ လတ်တလော သုတေသနတစ်ခုက ၁၉၉၀ ကနေ ၂၀၁၉ အတွင်း ၅၀ နှစ်အောက် လူကြီးတွေမှာ စောစောဖြစ်ပွားတဲ့ ကင်ဆာဖြစ်နှုန်း ၇၉% တိုးလာတယ်လို့ တွေ့ရှိထားပါတယ်။

အဲဒီအသက်အုပ်စုမှာ ကင်ဆာကြောင့် သေဆုံးမှုလည်း ၂၈% တိုးလာပါတယ်။ အဲဒီသုတေသနက နိုင်ငံ ၂၀၄ နိုင်ငံမှာ ကင်ဆာအမျိုးအစား ၂၉ မျိုးကို လေ့လာသုံးသပ်ထားပါတယ်။

အလားတူအနေနဲ့ အထူးသဖြင့် ၁၉၆၅ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ အမေရိကန်က လူတွေမှာ ကင်ဆာ‌ရောဂါ ၁၇ မျိုးအထိ ဖြစ်ပွားမှုမြင့်တက်နေ တယ်လို့ The Lancet ပြည်သူ့ကျန်းမာရေး ဂျာနယ်က ဖော်ပြပါတယ်။

အမေရိကန် ကင်ဆာလေ့လာရေးအသင်း (ACS) ရဲ့ အစီရင်ခံစာသစ်အရ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အသက် ၅၀ အောက် လူဖြူ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း နှစ်စဉ် ၁.၄% တိုးလာတယ်လို့ ဆိုပါတယ်။ အသက် ၅၀ နဲ့အထက် အမျိုးသမီးတွေမှာတော့ ၀.၇% ပဲ တိုးတက်မှုရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အစာရေမျိုကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးနဲ့ စအိုလမ်းကြောင်းကင်ဆာတွေလို တခြားကင်ဆာမျိုးတွေလည်း လူငယ်လူရွယ်တွေမှာ အဖြစ်များလာတယ်လို့ BMJ ဂျာနယ်မှာ ဖော်ပြချက်အရ သိရပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေ

သုတေသန ပညာရှင်တွေက ဒီပြဿနာရဲ့ အကြောင်းရင်းတွေကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖို့ အားထုတ်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ လန်းဆက် ဂျာနယ်ရဲ့ လေ့လာမှုက ဒီလိုတိုးနှုန်းမြင့်တက်မှုဟာ ကင်ဆာကာကွယ်ရေးနယ်ပယ်မှာ ဆယ်စုနှစ်တွေချီပြီး ရရှိခဲ့တဲ့ တိုးတက်မှုတွေကို နောက်ပြန်ဆုတ်သွားစေနိုင်တယ်လို့ သတိပေးထားပါတယ်။

BMJ Oncology ကင်ဆာလေ့လာရေး ဂျာနယ် နဲ့ လန်းဆက် ဂျာနယ် ဖော်ပြမှုတွေအရ အခုထိတော့ အစားအသောက် (ဥပမာ - အနီရောင်အသား၊ ဆိုဒီယမ်များတဲ့ အစားအစာတွေ၊ သစ်သီးနဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးမှုနည်းတာ)၊ အရက်သောက်တာနဲ့ ဆေးလိပ်သောက်တာတို့ဟာ ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ ပါဝင်နေပါတယ်လို့ ဆိုပါတယ်။

အဝလွန်တာဟာ နဲ့ဆက်စပ်နေတဲ့ ကိုယ်တွင်းရောင်ရမ်းမှုနဲ့ ဟော်မုန်းမညီမျှမှုတွေကြောင့် ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ မြင့်တက်စေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။

လန်းဆက် အစီရင်ခံစာမှာ ဖော်ပြထားတာကတော့ အမေရိကန်မှာ လူငယ်တွေကြားမှာ မြင့်တက်နေတဲ့ ကင်ဆာ ၁၇ မျိုးထဲက ၁၀ မျိုးဟာ အဝလွန်တာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ကျောက်ကပ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့ သည်းခြေအိတ်ကင်ဆာတို့ ပါဝင်ပါတယ်။

ဒါပေမဲ့ အဲဒီအချက်တွေနဲ့ ကိစ္စအားလုံးကို မရှင်းပြနိုင်သေးပါဘူး။

သိပ္ပံပညာရှင်တွေက တခြားဖြစ်နိုင်ခြေ အကြောင်းအရင်းတွေကိုလည်း လေ့လာနေကြပါတယ်။ တချို့ကတော့ စမတ်ဖုန်းလို ပစ္စည်းတွေကနေ ထွက်တဲ့ အလင်းတွေ ဒါမှမဟုတ် လမ်းမီးတွေလို လူကတုပပြုလုပ်ထားတဲ့ အလင်းရောင်တွေကို အဆက်မပြတ် ထိတွေ့နေရတာဟာ ဇီဝနာရီကို အနှောင့်အယှက်ဖြစ်စေပြီး ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာလို ကင်ဆာတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ဆိုကြပါတယ်။

တခြားလေ့လာမှုတွေကတော့ ညဘက်မှာ အလင်းရောင်ကို ကြာရှည်စွာ ထိတွေ့ရတဲ့ အလုပ်တွေဟာ အသားအရေကိုအရောင်ပြောင်းစေတဲ့၊ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ မယ်လာတိုနင် ဟော်မုန်းပမာဏကို လျော့ကျစေပြီး ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို အားပေးနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လမှာ နယူးဇီလန်နိုင်ငံက အူမကြီးနဲ့ စအိုလမ်းကြောင်းကင်ဆာ ခွဲစိတ်ဆရာဝန် ဖရန့်ဖရီဇယ်လ်က အူမကြီးကင်ဆာဖြစ်စေတဲ့ အလွန်သေးငယ်တဲ့ ပလပ်စတစ်အစလေးတွေရဲ့ အခန်းကဏ္ဍကို သုတေသနပြုခဲ့ပါတယ်။

အဲဒီအရာတွေဟာ အူမကြီးနဲ့ သူနဲ့ဆက်စပ်နေတဲ့ လမ်းတစ်လျှောက် နံရံတွေက အချွဲအလွှာကို ပျက်စီးစေတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့်ကွန်ဒုံးမှာ အပ်ပေါက်ရာလေးတွေရှိသလို ပုံစံမျိုးနဲ့ အလားတူတယ်လို့ ဆိုပါတယ်။

တခြားသုတေသီတွေကတော့ အရည်စပ်ဆေး နဲ့ အရောင်ဆိုးဆေး၊ ချွတ်ဆေးလိုတွေ သုံးထားတဲ့ အလွန်အကျွံ ပြုပြင်ထားတဲ့ အစားအစာတွေထဲက ဓာတုပစ္စည်းတွေဟာ အူရောင်ရမ်းမှုနဲ့ DNA ပျက်စီးမှုကို ဖြစ်စေနိုင်တယ်လို့ ဆိုကြပါတယ်။

အမေရိကန်ကင်ဆာသုတေသနအသင်းရဲ့ အဆိုအရ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဟာ အူမကြီးနဲ့ စအိုကင်ဆာတင်မကဘဲ ရင်သားကင်ဆာနဲ့ သွေးကင်ဆာတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

တချို့သုတေသီတွေကတော့ ပဋိဇီဝဆေးတွေ သုံးစွဲမှု မြင့်တက်လာတာဟာလည်း အူထဲက အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေတဲ့ အခြားအကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

၂၀၀၀ ခုနှစ်ကနေ စပြီး ကမ္ဘာတစ်ဝန်းမှာ ပဋိဇီဝဆေးသုံးစွဲမှုဟာ ၄၅% ခန့် တိုးလာခဲ့တယ်လို့ ခန့်မှန်းပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ပိုသုံးစွဲလာကြတာပါ။၂၀၁၉ ခုနှစ်မှာအီတလီသိပ္ပံပညာရှင်တစ်စုက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ ဒီပြဿနာဟာ အဆုတ်ကင်ဆာ၊ အကျိတ်၊ ပန်ကရိယကင်ဆာ၊ ကျောက်ကပ်ဆဲလ်ကင်ဆာနဲ့ ရိုးတွင်းခြင်ဆီကင်ဆာတစ်မျိုး တို့နဲ့ ဆက်စပ်နေတယ်လို့ ဆိုခဲ့ပါတယ်။

မျိုးဆက်တွေအလိုက် အရပ်မြင့်လာတာကလည်း ကင်ဆာဖြစ်ပွားနှုန်းကို တိုးလာစေ တယ်လို့ BMJ ကင်ဆာရောဂါဆိုင်ရာ အစီရင်ခံစာ တွဲဖက်ရေးသားသူ အက်ဒင်ဘရာ တက္ကသိုလ်ရဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါဗေဒဌာန ပါမောက္ခ မယ်ကွမ် ဒန်လော့ က ပြောပါတယ်။

"ယေဘူယျအားဖြင့်တော့ ကမ္ဘာပေါ်မှာလူသားတွေ အရပ်တွေရှည်လာကြတယ် အဲဒါက အရပ်ရှည်လာကြတာနဲ့ အမျိုးမျိုးသောကင်ဆာဖြစ်တာတွေနဲ့ ဆက်စပ်မှုတွေရှိနေတယ်။ အူမကြီးတို့လို့ ကင်ဆာမျိုးပေါ့" လို့ သူက ပြောပါတယ်။

ဒီလို ကင်ဆာဖြစ်နိုင်ခြေမြင့်တာကို ဆဲလ်အရေအတွက်ပိုများလာတာ၊ ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်တဲ့ ကြီးထွားမှုဟော်မုန်းကို ပိုထိတွေ့ရတာ၊ အူမကြီးရဲ့ မျက်နှာပြင်ဧရိယာ ပိုကြီးလာတာတွေနဲ့ ဆက်စပ်ပြီး ရှင်းပြပါတယ်။ ဒါတွေဟာ ဗီဇပြောင်းလဲမှုတွေ ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။

ကမ္ဘာ့ထိပ်တန်း ကင်ဆာဗီဇဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ ဒန်းလော့ကတော့ အသက်ငယ်ငယ်နဲ့ ကင်ဆာဖြစ်တာဟာ အကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ အကြောင်းရင်းများစွာ ပေါင်းစပ်မိတာကြောင့်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းရင်းတွေကို ဖော်ထုတ်ဖို့ကတော့ ခက်ခဲပါတယ်။

"ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်း အများစုကို စနစ်တကျ စမ်းသပ်ထားတဲ့ လေ့လာမှုတွေ မရှိသေးဘူး" လို့ သူက မှတ်ချက်ပြုပါတယ်။

လူငယ်တွေကို ကင်ဆာစစ်ဆေးမှုတွေ လုပ်ပေးတာဟာ ဖြစ်ပွားမှုတွေ မြင့်မားနေပေမဲ့လည်း တကယ့်ဘေးအန္တရာယ်တွေ မရှိခဲ့တဲ့အခါမှာ ကုန်ကျစရိတ်နဲ့ မကိုက်တာမျိုး ဖြစ်မယ်လို့ သူက ပြောပါတယ်။

အမေရိကန် အမျိုးသား ကင်ဆာသုတေသနအဖွဲ့ (NCI) ရဲ့ အဆိုအရ ကင်ဆာဖြစ်ပွားမှုရဲ့ ၈၀% ကို အသက် ၅၅ နှစ်နဲ့ အထက် လူတွေမှာ တွေ့ရပါတယ်။

ဆရာဝန်များကို တိုက်တွန်းခြင်း

ဒါပေမဲ့ ဒီဖြစ်စဥ်တွေကြောင့် နိုင်ငံတကာကင်ဆာထိန်းချုပ်ရေးအဖွဲ့ချုပ်လိုမျိုး အဖွဲ့တွေက လူငယ်တွေမှာ ကင်ဆာ စောစောဖြစ်တာကို ဆရာဝန်တွေ သတိထားမိအောင် အသိပညာပေးတာတွေလုပ်ပေးပြီး လူငယ်လူနာတွေမှာ ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို မသွားအောင် ဆောင်ရွက်ပါတယ်။

"အသက် ၆၀ အထက် လူတစ်ယောက်က ဝမ်းသွားရခက်တာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ လေပွတာတွေ ဖြစ်နေရင် ဆရာဝန်တွေက ဒီလက္ခဏာတွေကို အလေးအနက်ထားပြီး စနစ်တကျ စစ်ဆေးဖို့ အကြံပေးကြပါတယ်။ ဒါပေမယ့် အသက် ၃၀ ဝန်းကျင် လှုပ်ရှားတက်ကြွတဲ့ လူတစ်ယောက်မှာ အူမကြီးကင်ဆာရဲ့ ပုံမှန်လက္ခဏာတွေ မပြဘဲ ဒီလိုလက္ခဏာတွေ ပြနေရင် ဆရာဝန်တွေက သာမန်နာကျင်ကိုက်ခဲမှုလို့ ထင်ပြီး လျစ်လျူရှုမိတတ်ကြတယ်" လို့ ဘရာဇီး ကင်ဆာကုသရေး အဖွဲ့ချုပ်ရဲ့ ဒါရိုက်တာ အလက်ဇန္ဒရား ယာကိုမီ က ရှင်းပြပါတယ်။

နောက်ကျမှ ရောဂါရှာတွေ့တာဟာ အသက်ရှင်ဖို့ အခွင့်အရေးနည်းသွားတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

"ဒီလူတွေဟာ ဘဝရဲ့ အရွယ်ကောင်းတွေပါ။ မိသားစုဘဝ အစပျိုးနေသူတွေ၊ အသက်ရှင်သန်ဖို့ အဓိပ္ပာယ် အပြည့်ရှိသူတွေပါ။ ကင်ဆာရောဂါ ရှာတွေ့တဲ့အခါ သူတို့ရော မိသားစုဝင်တွေပါ ထိတ်လန့်သွားကြတယ်" လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ငယ်ရွယ်တဲ့ ရောဂါသည်တွေက ပြင်းထန်တဲ့ကင်ဆာကုသမှုတွေကို တောင့်ခံ နိုင်ကြသလို ပြန်လည်သက်သာလာနိုင်ခြေလည်းမြင့်မားကြတယ်လို့ ဒေါက်တာ ယာကိုမီ ကပြောပါတယ်။

အသက်ငယ်ငယ်နဲ့ ကင်ဆာဖြစ်တာရဲ့ ရေရှည်အကျိုးဆက်တွေကို စိုးရိမ်ပူပန်တယ်လို့ ဒေါက်တာဒန်းလော့က ပြောပါတယ်။

"ဒီကင်ဆာတွေကြောင့် ထိခိုက်ခံစားရတဲ့ လူငယ်တွေဟာ ဒီအန္တရာယ်ကို အသက်ကြီးတဲ့အထိ ဆက်သယ်ဆောင်သွားရနိုင်တယ်" လို့ သူက သတိပေးပါတယ်။

ပြောင်းလဲသွားတဲ့ ဘဝအတွေ့အကြုံ

"အကြီးမားဆုံးသင်ခန်းစာကတော့ ခက်ခဲတဲ့နေ့ရော အပျော်တွေပြည့်နေခဲ့တဲ့ နေ့ရော အတူတူလက်ခံရတာပါပဲ။ မှောင်မိုက်တဲ့အခါလည်း အတူ စီးမြောလိုက်သလို၊ သန်မာနေ တယ်လို့ ခံစားရရင်လည်း အဲဒီအခိုက်အတန့်လေးတွေကို ရင်ထဲပိုက်ထားလိုက်တယ်။ ဒါတွေလည်း တစ်နေ့ ပြီးသွားမှာပဲဆိုတာ သိထားပါတယ်" လို့ ကင်ဆာရောဂါကို ကုသနေရတဲ့ လူဝီဆာက ပြောပြပါတယ်။

တခြားလူတွေကို လူဝီဆာရဲ့ အကြံပေးချက်ကတော့ "တစ်နေ့ချင်းစီ ဖြတ်သန်းပါ။ ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ပါ။ တချို့နေ့တွေမှာ အနားယူတာဟာ အကောင်းဆုံးဖြစ်နိုင်တယ်။ ဒီလိုပါပဲ။ ကင်ဆာဆိုတာ အရိပ်တစ်ခုလို ကပ်ပါလာတတ်ပေမဲ့ ကိုယ်က ဒီအတိုင်း ခံယူလိုက်ဖို့ မဟုတ်ပါဘူး။ ခက်ခဲတဲ့အချိန်တွေမှာတောင် ဘဝကို အဓိပ္ပာယ်ရှိရှိ ရှင်သန်ပါ" လို့ ဆိုပါတယ်။