ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး HPV ဆိုတာဘာလဲ။ ဘယ်သူတွေ ထိုးနိုင်သလဲ
HPV ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။
သားအိမ်ခေါင်း ကင်ဆာဟာ ကမ္ဘာတစ်ဝန်း အမျိုးသမီးတွေမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဒီရောဂါကြောင့် အမျိုးသမီး ၃ သိန်းကျော် နှစ်စဉ် သေဆုံးနေကြပါတယ်။
HPV ကာကွယ်ဆေးက ကင်ဆာရောဂါကို ဘယ်လို ကာကွယ်သလဲ
HPV ကာကွယ်ဆေးက HPV ဗိုင်းရပ်စ် အမျိုးအစား ၉ မျိုးကနေ ကာကွယ်ပေးပါတယ်။
အဲဒီထဲမှာ သားအိမ်ခေါင်းကင်ဆာ အားလုံးနီးပါးကို ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်နှစ်မျိုး ပါဝင်ပါတယ်။ အဲဒီ HPV ဗိုင်းရပ်စ်ပိုးတွေက စအိုကင်ဆာ၊ အင်္ဂါဇာတ်၊ ပါးစပ်နဲ့ လည်ပင်းကင်ဆာ တချို့ ကို ဖြစ်စေပါတယ်။
လေ့လာချက်တွေအရ HPV ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို အနည်းဆုံး ၁၀ နှစ်ကြာလောက် ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ဒါ့ထက်အများကြီး ပိုကြာကြာ ကာကွယ်နိုင်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေပါတယ်။
HPV ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။
ဘယ်သူတွေကို HPV ကာကွယ်ဆေး ထိုးပေးနိုင်သလဲ
မိန်းကလေးနဲ့ ယောက်ျားလေးတွေကို HPV ဗိုင်းရပ်စ်ပိုးနဲ့ မထိတွေ့ခင် အချိန်ကတည်းက HPV ကာကွယ်ဆေး ထိုးပေးထားနိုင်မယ်ဆိုရင် အကောင်းဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီကာကွယ်ဆေးက ဗိုင်းရပ်စ်ပိုး မကူးစက်အောင်သာ ကာကွယ်ပေးနိုင်တာ ဖြစ်ပြီး ဗိုင်းရပ်စ် ကူးသွားပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားပေးနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။
ဒီဗိုင်းရပ်စ်ပိုးတွေက ကူးစက်ပြန့်ပွားမှု များလွန်းတဲ့အတွက် လိင်ဆက်ဆံတာမျိုးတွေ မလုပ်တတ်ကြသေးခင်ကတည်းကိုက မိန်းကလေး၊ ယောက်ျားလေးတွေကို ကာကွယ်ဆေး ထိုးထားပေးရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးက တစ်လုံး ဒါမှမဟုတ် နှစ်လုံး ထိုးကောင်း ထိုးရလိမ့်မယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ကိုယ်ခံအားစနစ် သိပ်မကောင်းသူတွေဆိုရင်တော့ နှစ်လုံးကနေ သုံးလုံး ထိုးသင့်တယ်လို့ ဆိုပါတယ်။
HPV ဆိုတာဘာလဲ
HPV ဆိုတာ (human papillomavirus) လို့ခေါ်တဲ့ လူသိများတဲ့ ဗိုင်းရပ်စ်ပိုး အုပ်စုတစ်ခုရဲ့ အမည် ဖြစ်ပါတယ်။
HPV ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါင်း ၁၀၀ ကျော် ရှိပြီး ဗိုင်းရပ်စ်ပိုး ကူးစက်တဲ့အခါ ရောဂါလက္ခဏာ ပြလေ့မရှိတတ်ပါဘူး။ တချို့ဗိုင်းရပ်စ်အမျိုးအစားတွေကတော့ ကြွက်နို့တွေ ဖြစ်စေပြီး လက်၊ ခြေ၊ အင်္ဂါဇာတ် ဒါမှမဟုတ် ပါးစပ်ထဲတွေမှာ ပေါက်တတ်ပါတယ်။
အများစုကတော့ သူတို့မှာ ဗိုင်းရပ်စ်ပိုး ကူးမှန်းတောင် သိကြမှာမဟုတ်သလို ဆေးကုစရာ မလိုဘဲ ဗိုင်းရပ်စ်ပိုးကို သူတို့ခန္ဓာကိုယ်က ဖယ်ရှားပစ်လိုက်မှာပါ။
ဒါပေမဲ့ အန္တရာယ်ရှိတဲ့ HPV ဗိုင်းရပ်စ်ပိုးအမျိုးအစားတွေကတော့ ပုံမှန်မဟုတ်တဲ့ တစ်သျှူး ကြီးထွားမှုကို ဖြစ်စေပြီး အဲဒီကနေ ကင်ဆာ ဖြစ်လာနိုင်ပါတယ်။
ဘယ်သူတွေမှာ HPV ဗိုင်းရပ်စ်ပိုး ကူးနိုင်သလဲ၊ လိင်ဆက်ဆံမှုကနေ တစ်ယောက်နဲ့တစ်ယောက် ကူးစက်နိုင်သလား
ဒီဗိုင်းရပ်စ်ပိုးက အရမ်းကို ကူးစက်မြန်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ကူးဖို့ အရမ်းလွယ်ပါတယ်။ အသားချင်း ထိမိရင်တောင် ကူးနိုင်တာပါ။
HPV ဗိုင်းရပ်စ်ပိုး ရှိနေသူတွေထဲက ၈၀ ရာခိုင်နှုန်းအထိလောက်ဟာ အသက် ၂၅ နှစ်မတိုင်ခင်မှာတင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေ ဖြစ်ပါတယ်။
အများစုဟာ တစ်နှစ်ခွဲကနေ နှစ်နှစ်ကြာအထိ ဗိုင်းရပ်စ်ပိုး ရှိနေတတ်ပါတယ်။
တကယ်တန်းမှာ သားအိမ်ခေါင်းရောဂါဟာ ဆီးပူညောင်းကျရောဂါမျိုးတွေလို လိင်အင်္ဂါက ထွက်တဲ့အရည်ကနေ ကူးစက်တာ မဟုတ်တဲ့အတွက် လိင်ဆက်ဆံရာကနေ မကူးစက်နိုင်ပါဘူး။
ဒါပေမဲ့လည်း လိင်ဆက်ဆံနေစဉ်အတွင်း ကိုင်တွယ် ထိတွေ့မိရာကနေတော့ ရောဂါပိုး ကူးစက်လေ့ရှိပါတယ်။
ကမ္ဘာတစ်ဝန်းမှာ HPV ကာကွယ်ဆေးကို ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးနေသလဲ
သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးမှု ၉၀ ရာခိုင်နှုန်း နီးပါးဟာ လစာနည်းတဲ့ နိုင်ငံတွေနဲ့ လစာ အလယ်အလတ် ရတဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒီနိုင်ငံတွေမှာ ရောဂါကျွမ်းပြီး ရောဂါလက္ခဏာ ပြတဲ့အချိန်အထိ ကိုယ့်မှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်လို့ ဖြစ်နေမှန်း မသိကြပါဘူး။
၂၀၃၀ ခုနှစ်မတိုင်ခင် ကမ္ဘာ့နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းမှာ HPV ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ခြင်းအားဖြင့် လာမယ့် ရာစုနှစ်အတွင်း သားအိမ်ခေါင်းရောဂါကို အမြစ်ဖြတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရင်က ပြောထားပါတယ်။
အခုအခါ နိုင်ငံပေါင်း ၁၄၀ မှာ HPV ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေအကြား သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှု အများဆုံးက ဆာဟာရ အာဖရိက ဒေသမှာ ဖြစ်ပြီး ကမ္ဘာတစ်၀န်း ဖြစ်ပွားမှုရဲ့ ၂၄ ရာခိုင်နှုန်း ရှိပါတယ်။ လက်တင်အမေရိကနဲ့ ကရေဘီယံဒေသမှာ ၁၆ ရာခိုင်နှုန်း၊ အရှေ့တောင်အာရှမှာ ၁၄ ရာခိုင်နှုန်း ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ရောဂါစစ်ဆေးမှု မထိရောက်တာမျိုးတွေ၊ ဆေးကုသခွင့်ရဖို့ အကန့်အသတ်ရှိနေတာတွေ၊ ကာကွယ်ဆေးထိုးဖို့ ဝန်လေးနေတာတွေကြောင့် အခုလို ရောဂါဖြစ်ပွားနှုန်းတွေ များနေတာလို့ ဆိုပါတယ်။
ရဝမ်ဒါနိုင်ငံဟာ HPV ကာကွယ်ဆေးထိုးရေး စီမံကိန်းကို အာဖရိကဒေသမှာ ပထမဆုံးစတင် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ မိန်းကလေးတွေကို ခပ်ငယ်ငယ်ကတည်းက ကာကွယ်ဆေးထိုးဖို့ အစီအစဉ်နဲ့ အမျိုးသမီးတွေကို သားအိမ်ခေါင်းရောဂါ ရှိမရှိ စစ်ဆေးမှုတွေကို ၂၀၁၁ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲ့တာပါ။
ကာကွယ်ဆေးထိုးရေး စီမံကိန်း စတင်တဲ့ ပထမနှစ်မှာပဲ ကာကွယ်ဆေး ထိုးသင့်တဲ့ မိန်းကလေးငယ် ၁၀ ယောက်မှာ ၉ ယောက်ကို ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ပြီး ဒါကို တခြားနိုင်ငံတွေမှာ စံပြနမူနာတစ်ခု အဖြစ် လုပ်ဆောင်ကြဖို့ ကျွမ်းကျင်သူ ပညာရှင်တွေက ဖော်ညွှန်းပြောဆိုခဲ့ကြပါတယ်။
ဒီကာကွယ်ဆေးဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်လာနိုင်မှုကို အကြီးအကျယ် လျှော့ချပေးပုံ ရပေမဲ့ HPV ဗိုင်းရပ်စ်ပိုး အမျိုးအစား အားလုံးကနေတော့ ကာကွယ်မပေးနိုင်ပါဘူး။
ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ အသက် ၂၅ နှစ်ပြည့်ပြီ ဆိုတာနဲ့ သားအိမ်ခေါင်း စစ်ဆေးမှုကို မှန်မှန်လုပ်ဖို့ အရေးကြီးပါတယ်။