ကင်ဆာဆဲလ်ကို သတ်ပစ်တဲ့ ဗိုင်းရပ်စ်နဲ့ စမ်းသပ်ကုသမှု ‌အောင်မြင်တာတွေ့ရ

မီချေးလ် ရောဘတ်စ်

ကျန်းမာရေးသတင်း ဒစ်ဂျစ်တယ် အယ်ဒီတာ

ကင်ဆာဆဲလ်တွေကို ဖျက်ဆီးတိုက်ခိုက်နိုင်တဲ့ သာမန် ဗိုင်းရပ်စ်ပိုးတခုကို အသုံးပြု ပြီးကုသပေးတဲ့ ကင်ဆာကုထုံးသစ်ဟာ လူတွေနဲ့ အစပျိုးစမ်းသပ်တဲ့အဆင့်မှာ အောင်မြင်မှုတွေကို တွေ့နေရတယ်လို့ ဗြိတိန်က ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

လူနာတယောက်ရဲ့ ကင်ဆာဆဲလ်တွေ လုံးဝကင်းစင်သွားပြီး တခြားလူနာတွေရဲ့ ကင်ဆာ အကျိတ်တွေ ရှုံ့သွားတာကို တွေ့ကြရပါတယ်။

ရေယုန်ဖြစ်စေတဲ့ ဟားပီးစ် ဆင်းပလက်စ် (herpes simplex) ဗိုင်းရပ်စ်ကို အားပျော့ အောင်လုပ်ထားတဲ့ ဗိုင်းရပ်စ်နဲ့ ဆေးဖော်ကာ ကင်ဆာဆဲလ်တွေကို အနိုင်ယူ တိုက်ခိုက်စေတာပါ။

အချိန်ထပ်ယူပြီး ပိုကျယ်ပြန့်တဲ့ လေ့လာတာတွေ လုပ်ဖို့ လိုအပ်နေသေးပေမယ့် ပညာရှင်တွေက ဒီကင်ဆာ ထိုးဆေးဟာ ကင်ဆာဆဲလ်တွေ တိုးတိုးလာနေတဲ့ လူနာတွေအတွက် တကယ့်ကို ကယ်တင်ပေးနိုင်မယ့် ဆေးဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

လန်ဒန်အနောက်ပိုင်းမှာ နေတဲ့ အသက် ၃၉ နှစ်အရွယ် ဆောက်လုပ်ရေး အလုပ်သမား ခါဇစ်တော့ဖ် ‌ဝေါ့ကောစကီးဟာ Royal Marsden NHS Foundation Trust ရဲ့ ကင်ဆာ သုတေသနဌာနက စမ်းသပ်ကုသပေးနေတဲ့ အစီအစဉ်မှာ ပါဝင်ကြတဲ့ လူနာတွေထဲက တယောက်ပါ။

၂၀၁၇ က သူ့ရဲ့ ပါးစပ်နားက တံတွေးဂလင်းမှာ ဖြစ်နေတာက ကင်ဆာလို့ ရောဂါ သတ်မှတ်ခဲ့ကြပါတယ်။ ခွဲစိတ်ကုသတာ၊ တခြားကုထုံးတွေပေးတာ စတာတွေ လုပ်ခဲ့ကြပေမယ့် သူ့ကင်ဆာ ပြန့်ပွား လာတာကို မထိန်းနိုင်ခဲ့ပါဘူး။

 “တခြားနည်းတွေ မရှိတော့ဘူး၊ ကင်ဆာဆဲလ်တွေကို မသတ်နိုင်တော့ဘူး၊ ဝေဒနာ သက်သာမယ့် ဆေးပဲရှိတော့တယ်တဲ့၊ အဲဒီအချိန်တုန်းက သိပ်ကို စိတ်ဒုက္ခ ရောက်ခဲ့ ရတယ်၊ ဆိုတော့ ဒီ စမ်းသပ်ကုသမှုမှာ ပါဝင်ခွင့်ရခဲ့တာ သိပ်ကို ကောင်းပါတယ်။”

ပါးစပ်မှာ ရေယုန်ဖြစ်စေတဲ့ ဟားပီးစ် ဗိုင်းရပ်စ်ကို ပြုပြင်မွမ်းမံပြီး ဒီကုထုံးနဲ့ ကုသရာမှာ သိပ်မကြာတဲ့ အချိန်ကာလအတွင်းမှာပဲ သူ့ရဲ့ ကင်ဆာဆဲလ်တွေ ကင်းရှင်းသွားတဲ့ပုံကို တွေ့ရပါတယ်။

“သီတင်းပတ် ၂ ပတ် ကြာတိုင်း ဆေးတွေထိုးရတယ်၊ အဲလိုနဲ့ ၅ ပတ် မြောက်လာတဲ့ အချိန်မှာ ကျွန်တော့ ကင်ဆာဆဲလ်တွေ မတွေ့ရတော့ဘူး၊ ကင်ဆာမရှိတော့တာ အခုဆိုရင် ၂ နှစ် ရှိလာပြီ။”

ဒီကင်ဆာထိုးဆေးက သူ့ကင်ဆာအကျိတ်ရှိတဲ့ နေရာကို တိုက်ရိုက် ထိုးသွင်းပေးတာ ဖြစ်ပြီး အဲဒါက ကင်ဆာဆဲလ်တွေကို နည်းလမ်း ၂ သွယ်နဲ့ တိုက်ခိုက်ပါတယ်။ တနည်းက ကင်ဆာဆဲလ်တွေထဲကို ဝင်တိုက်ခိုက်ကြပြီး အဲဒီဆဲလ်တွေ ပေါက်ကွဲ ပျက်စီးသွားပါတယ်၊ နောက် တနည်းကတော့ ကာယကံရှင်လူနာရဲ့ ကိုယ်ခံစွမ်းအား စနစ်ကို လှုံ့ဆော်ပေးလိုက်တာပါ။

အခုအစပျိုး စမ်းသပ်မှုမှာ လူနာ အယောက် ၄၀ ပါဝင်နေကြပါတယ်။ တချို့ကို RP2 လို့ ခေါ်တဲ့ ဗိုင်းရပ်စ် ထိုးဆေး တမျိုးပဲပေးပြီး ကျန်သူတွေကိုတော့ ထိုးဆေး အပြင် nivolumab လို့ခေါ်တဲ့ ထိုးဆေးကိုလည်း ပေးပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာလုပ်တဲ့ ကျန်းမာရေး ညီလာခံမှာ တွေ့ရှိချက်တွေကို တင်ပြခဲ့ကြပြီး အဲဒီထဲမှာ -

  • ခါဇစ်တော့ဖ် အပါအဝင် လူနာ ၉ ယောက်ကို RP2 တခုပဲ ပေးထားပြီး အဲဒီလူနာတွေ ထဲက ၃ ယောက်ရဲ့ ကင်ဆာအကျိတ်တွေ ရှုံ့သွားတာကို တွေ့ရ
  • လူနာ ၃၀ ထဲက ၇ ယောက်ဟာ ၂ မျိုး ပူးတွဲ ကုထုံးနဲ့ တိုးတက်မှု ရလာတာ တွေ့ရ
  • ပင်ပန်းနွမ်းနယ်တာအပါအဝင် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေက အပျော့စားတွေသာဖြစ် - စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဦးဆောင်သုတေသီဖြစ်တဲ့ ပါမောက္ခ ကက်ဗင် ဟဲရင်တန်က အစာမျိုပြွန် ကင်ဆာ၊ ရှားရှားပါးပါးဖြစ်တဲ့ မျက်စိကင်ဆာရောဂါ စတာတွေ အပါအဝင် ရင့်နေတဲ့ ကင်ဆာ အမျိုးမျိုးမှာ ဒီကုထုံးက “အားကိုးလောက်ဖွယ်” ထိရောက်တာကို တွေ့ရတယ် လို့ ဘီဘီစီကို ပြောပါတယ်။

 “လူတွေနဲ့ အစပျိုးစမ်းသပ်တဲ့ အခြေခံရည်ရွယ်ချက်က ကုသမှုက လုံခြုံဘေးကင်း ရဲ့လား ဆိုတာကို အဓိကထားပါတယ်၊ လက်ရှိကုထုံးတွေနဲ့ အလုပ်မဖြစ်တော့တာကို ကြုံနေရတဲ့ လူနာတွေနဲ့ စမ်းကြည့်တာမျိုးပါ၊ အဲဒီမှာ ရလဒ်ကောင်းတွေ တွေ့ရတာ က တကယ့်ကို ဖြစ်တောင့်ဖြစ်ခဲပါ” လို့ သူက ဆိုပါတယ်။

ကင်ဆာကို ဗိုင်းရပ်စ် သုံးပြီး တိုက်ခိုက်ကြတာမျိုးက ပညာရှင်တွေအတွက် ဒါဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ဗြိတိန် အမျိုးသားကျန်းမာရေးဌာန-NHS က လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတည်းက ရင့်နေတဲ့ အရေပြား ကင်ဆာကို တိုက်ခိုက်ဖို့ T-Vec ဗိုင်းရပ်စ်ကို အသုံးပြုနိုင်ကြောင်း အတည်ပြုထားပြီးပါပြီ။

RP2 က T-Vec ကို အားမြှင့်ထားတဲ့ အမျိုးအစားလို့ ပါမောက္ခ ဟဲရင်တန်က ပြောပါတယ်။

 “အဲဒီဗိုင်းရပ်စ်ကို ထပ်မွမ်းမံထားတာ ဖြစ်တယ်၊ သူတို့က ကင်ဆာဆဲလ်တွေဆီ ဝင်သွားပြီး သေမိန့်ပေးလိုက် နိုင်တာပါပဲ။”

ယူကေ ကင်ဆာ သုတေသန (Cancer Research UK)က ဒေါက်တာ မာရင်း ဘိတ်ကာက ကင်ဆာ ကုသမှုတွေကို အပြောင်းအလဲကြီး ဖြစ်အောင် လုပ်ပေးနိုင် လောက်တဲ့ တွေ့ရှိမှုပဲလို့ ဆိုပါတယ်။

“ပညာရှင်တွေက ဗိုင်းရပ်စ်တွေဟာ ကင်ဆာကုသရေးမှာ ကူညီနိုင်တယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ကတည်းက တွေ့ရှိထားပါတယ်၊ ဒါပေမယ့် သူတို့ကို ဘေးကင်းကင်းနဲ့ ထိရောက်မှု ရှိရှိ ဘယ်လို လုပ်လို့ရမလဲ ဆိုတာက စိန်ခေါ်မှု အဖြစ်ရှိနေခဲ့တာပါ။”

 “အခု ဗိုင်းရပ်စ် ကုထုံးသစ်က အသေးစား အစပျိုးစမ်းသပ်မှုမှာ အလားအလာ ကောင်းတယ် ဆိုတာကို တွေ့ရပါပြီ၊ ဘယ်လောက်ကောင်းတယ်ဆိုတာကို သိနိုင်ဖို့ ထပ်ပြီးတော့ လေ့လာတာတွေ လုပ်ရပါဦးမယ်။”

 “ပူးတွဲကုထုံးက အားကောင်းတဲ့ နည်းနာဆိုတာကို သုတေသနက ပြနေပါတယ်၊ ဒီလို ဗိုင်းရပ်စ် ကုထုံးတွေက ကင်ဆာတိုက်ဖျက်ရေးမှာ အစိတ်အပိုင်းတရပ် ဖြစ်လာနိုင်ပါတယ်။”