ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မားဘာ့ဂ် ဗိုင်းရပ်စ်ဆိုတာ ဘာလဲ
ရဝမ်ဒါနိုင်ငံမှာ မားဘာ့ဂ် ဗိုင်းရပ်စ်ပိုး ကူးစက် ပြန့်ပွားမှုကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
ကူးစက်မြန်တဲ့ ဒီရောဂါဟာ အီဘိုလာ ရောဂါနဲ့ လက္ခဏာချင်း ဆင်တူပါတယ်။ ကိုယ်ပူ၊ ကိုယ်လက်ကိုက်ခဲ၊ ဝမ်းပျက်၊ အော့အန်၊ စတဲ့ လက္ခဏာတွေအပြင် တချို့ဆိုရင် သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ဒီဗိုင်းရပ်စ်ပိုးကြောင့် လူ ရာပေါင်းများစွာ သေဆုံးခဲ့ပြီး အားလုံးနီးပါးလောက်ဟာ အာဖရိကဒေသက ဖြစ်ပါတယ်။
မားဘာ့ဂ် ဗိုင်းရပ်စ်ဆိုတာ ဘာလဲ။ ဘယ်လောက် အန္တရာယ် ရှိသလဲ။
ပျမ်းမျှအားဖြင့် မားဘာ့ဂ် ဗိုင်းရပ်စ်ပိုးဟာ ရောဂါကူးစက်ခံရသူ တစ်ဝက်လောက်ကို အသက်ဆုံးရှုံးစေပြီး အရင် ရောဂါဖြစ်ပွားမှုတွေအတွင်း လူနာ ၂၄ ရာခိုင်နှုန်းကနေ ၈၈ ရာခိုင်နှုန်းအတွင်း သေဆုံးခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။
၁၉၆၇ ခုနှစ်မှာ ဂျာမနီနိုင်ငံ မားဘာ့ဂ်မြို့၊ ဖရန့်ဖာ့တ်မြို့တွေနဲ့ ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တွေမှာ လူ ၃၁ ဦး ရောဂါကူးစက်ခံခဲ့ရပြီး ၇ ဦး သေဆုံးခဲ့ချိန်မှာ ဒီရောဂါပိုးကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီရောဂါဖြစ်ပွားမှုဟာ ယူဂန်ဒါနိုင်ငံက တင်ပို့တဲ့ အာဖရိက အမွှေးစိမ်းမျောက်တွေဆီကနေ လာတာကို ခြေရာခံ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ တခြားတိရစ္ဆာန်တွေနဲ့လည်း ဆက်နွှယ်မှု ရှိတယ်ဆိုတာကို လေ့လာသိခဲ့ရပါတယ်။
လင်းနို့ အများအပြား ကျက်စားရာ လိုဏ်ဂူတွေနဲ့ မိုင်းတွင်းတွေထဲမှာ အချိန်ကြာကြာ နေလေ့ရှိတဲ့ လူတွေမှာ ဒီရောဂါ ကူးစက်ပြန့်ပွားမှု များတတ်ပါတယ်။
လတ်တလောနှစ်ပိုင်းတွေအတွင်း မားဘာ့ဂ် ရောဂါပိုး ကူးစက်မှုဖြစ်ပွားခဲ့တဲ့ နေရာတွေကတော့
- အီကွေတိုရီရယ် ဂီနီနိုင်ငံ
- ဂါနာ
- ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ
- ကင်ညာ
- တောင်အာဖရိက
- ယူဂန်ဒါ
- ဇင်ဘာဘွေ တို့ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်တုန်းက အန်ဂိုလာနိုင်ငံမှာ မားဘာ့ဂ် ရောဂါကူးစက် ဖြစ်ပွားမှုအတွင်း လူ ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာပေါ်က ကျန်တဲ့ နေရာဒေသတွေမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း မားဘာ့ဂ် ရောဂါပိုးကြောင့် လူနှစ်ဦးပဲ သေဆုံးခဲ့ပါတယ်။ တစ်ဦးက ဥရောပဒေသက ဖြစ်ပြီး ကျန်တဲ့ တစ်ဦးကတော့ အမေရိကန်နိုင်ငံက ဖြစ်ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ ယူဂန်ဒါနိုင်ငံက လိုဏ်ဂူတွေထဲမှာ လေ့လာရေးခရီး သွားခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဘယ်နေရာမှာ ရောဂါဖြစ်ပွားမှု အများဆုံးလဲ
ရဝမ်ဒါနိုင်ငံမှာ ရောဂါကူးစက်ဖြစ်ပွားမှုကို ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းလောက်မှာ အတည်ပြုသိခဲ့တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါဟာ ရဝမ်ဒါနိုင်ငံမှာ ဒီရောဂါပိုး ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာ ဖြစ်ပြီး ရောဂါပိုး စတင်တဲ့ အရင်းအမြစ်ကိုတော့ မတွေ့ရသေးပါဘူး။
ရဝမ်ဒါနိုင်ငံရဲ့ အိမ်နီးချင်း ယူဂန်ဒါနဲ့ တန်ဇန်းနီးယားနိုင်ငံတွေမှာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေတုန်းက မားဘာ့ဂ် ရောဂါ ကူးစက်ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
အခုအခါ ရောဂါဖြစ်ပွားသူအဖြစ် အတည်ပြုထားသူတွေနဲ့ ထိတွေ့ခဲ့သူ ၃၀၀ လောက်ကို ရဝမ်ဒါနိုင်ငံမှာ စောင့်ကြည့်စစ်ဆေးနေပါတယ်။
ရောဂါရှိနေတယ်လို့ ဆေးစစ် သိထားရသူတွေထဲက တချို့ဟာ ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှုကို တားဆီးဖို့ ရဝမ်ဒါအစိုးရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုကို အားဖြည့်ပေးဖို့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျွမ်းကျင်သူတွေ စေလွှတ်တာ၊ ရောဂါရှိမရှိ စစ်တဲ့ ကိရိယာတွေနဲ့ PPE တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံတွေ ပို့ပေးတာမျိုးတွေ လုပ်နေပါတယ်။
မားဘာ့ဂ် ဗိုင်းရပ်စ်ရောဂါပိုးရဲ့ လက္ခဏာတွေက ဘာတွေလဲ
ဒီဗိုင်းရပ်စ်ပိုး ကူးစက်ပြီဆိုတာနဲ့ စစချင်းမှာ
- ကိုယ်ပူ
- ခေါင်းအကြီးအကျယ်ကိုက်
- ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။
အဲဒီနောက် ၃ ရက်လောက်ကြာတဲ့အခါ
- ဝမ်းအရည်တွေ သွား
- ဗိုက်အောင့်
- မူးဝေ
- အော့အန် တာတွေ ဖြစ်လာတတ်ပါတယ်။
"ဒီအဆင့် ရောက်ရင် လူနာရဲ့ ပုံပန်းသဏ္ဍာန်က မျက်ကွင်းတွေချောင်၊ အားအင်ကုန်ခမ်း၊ မလှုပ်မရှားနိုင်ဖြစ်ပြီး ချုံးကျသွားတဲ့ပုံမျိုး ဖြစ်လာတတ်တယ်" လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
အဲဒီကနေ ဆက်ပြီး လူအတော်များများဟာ ခန္ဓာကိုယ်အစိပ်အပိုင်းတချို့ကနေ သွေးတွေ ထွက်လာတတ်ပါတယ်။ တချို့က သွေးထွက်လွန်တဲ့အတွက် နေမကောင်း စဖြစ်တဲ့အချိန်ကနေ ၈ ရက်၊ ၉ ရက်လောက် အကြာမှာ အသက်ဆုံးရတတ်ပါတယ်။
မားဘာ့ဂ် ရောဂါပိုး ဘယ်လို ကူးစက်ပျံ့နှံ့သလဲ
ဘယ်လိုကုသနိုင်မလဲ
မားဘာ့ဂ် ရောဂါ စမ်းသပ် ကုသမှုတွေ စလုပ်နေပြီ ဖြစ်ပေမဲ့လည်း ရောဂါကုသနည်း ဒါမှမဟုတ် ကာကွယ်ဆေး မရှိသေးပါဘူး။
ဒါပေမဲ့ သွေးကနေ ထုတ်လုပ်တဲ့ ကုထုံး ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ ကိုယ်ခံအား ကုထုံးတွေ ထုတ်လုပ်နိုင်ဖို့ စတင်စမ်းသပ်နေပြီလို့ WHO က ပြောပါတယ်။
ဆေးရုံတက်ကုသနေတဲ့ လူနာတွေကို ခန္ဓာကိုယ်ထဲ အရည်တွေ အများကြီး သွင်းပေးတာမျိုး၊ ကုန်ခမ်းသွားတဲ့ သွေးတွေအတွက် သွေးအစားထိုး သွင်းပေးတာမျိုးတွေ လုပ်ပြီး ရောဂါလက္ခဏာတွေ သက်သာလာအောင် ဆရာဝန်တွေက ကုသပေးနိုင်ဖွယ် ရှိပါတယ်။
ဘယ်လို ထိန်းချုပ်နိုင်မလဲ
အာဖရိကမှာ နေထိုင်နေသူတွေအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကိုင်တွယ်၊ ခုတ်ထစ်၊ စားသောက်တာမျိုး ရှောင်ကျဉ်သင့်တယ်လို့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့ ဂါဗီ က ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ရောဂါဖြစ်ပွားရာ နေရာဒေသမှာရှိတဲ့ ဝက်တွေနဲ့ ထိတွေ့တာမျိုးကိုလည်း ရှောင်ကျဉ်သင့်တယ်လို့ WHO ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
မားဘာ့ဂ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ အမျိုးသားတွေအနေနဲ့ ရောဂါလက္ခဏာ စဖြစ်ခဲ့အပြီး တစ်နှစ်လောက် ကြာတဲ့အထိ ဒါမှမဟုတ် သူတို့ရဲ့ သုတ်ရည်ထဲမှာ ဗိုင်းရပ်စ်ပိုး မရှိကြောင်း နှစ်ခါ ဆေးစစ်ပြီးတဲ့အချိန်အထိ ကွန်ဒုံး သုံးသင့်ပါတယ်။
မားဘာ့ဂ် ဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးခဲ့သူတွေရဲ့ အလောင်းကို မြှုပ်နှံသူတွေအနေနဲ့လည်း အလောင်းကို ထိတွေ့ကိုင်တွယ်တာမျိုး မလုပ်သင့်ဘူးလို့ အကြံပေးထားပါတယ်။