ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အရက်တုက အသက်ကို ဘယ်လိုအန္တရာယ်ပေးနိုင်လဲ၊ အဆိပ်သင့်အရက်ဆိုတာ ဘာလဲ
- ရေးသားသူ, ဆူနက် ပရဲယာ
- ရာထူးတာဝန်, ဘီဘီစီသတင်း
“အဲဒီနေ့က ကျွန်မနဲ့အတူ သောက်တဲ့လူတွေ အများစု ဆုံးပါးကုန်ကြပြီ။ ကျွန်မလည်း သူတို့လမ်းကို လိုက်မယ်လို့ ထင်ခဲ့မိတာ” လို့ဆိုပြီး ပြောလာသူက အိန္ဒိယက အမျိုးသမီးငယ်လေး ဆက်တ်ယာဖြစ်ပါတယ်။ သူဟာ အဆိပ်အတောက်ဖြစ်နေတဲ့အရက်ကို သောက်မိရာကနေ အသက်မသေဘဲ နလန် ပြန်ထူလာနိုင်ခဲ့တာဖြစ်ပါတယ်။
မူရူဂန်းလည်း တစ်ချိန်တည်းထုတ်တဲ့အဲဒီအလားတူအရက်ကိုပဲ သောက်မိခဲ့လို့ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ “ဆရာဝန်တွေ ပေးတဲ့ အသက်ပဲ ကျန်ပါတော့တယ်။ ဒီတောင်ကို ကျော်နိုင်မယ်မထင်ခဲ့ဘူး။ သတိရတချက် မရတစ်ချက်နဲ့။ သေသွားခဲ့ရင်ဆိုပြီး ကြောက်နေခဲ့တာ”လို့ သူက ပြောပါတယ်။
ဆက်တ်ယာနဲ့ မူရူဂန်းတို့ဟာ မက်သနော ရောထားတဲ့အရက်သောက်ပြီး ဆေးရုံတက်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူပြည်နယ်က လူနာ ၂၁၉ ယောက်ထဲမှာ အပါအဝင် ဖြစ်ပါတယ်။
တရားမဝင် ချက်ထားတဲ့ အရက်သောက်မိလို့ သေဆုံးခဲ့သူ ၅၇ ဦးထက်မနည်းရှိပါတယ်။
“ကျွန်တော် အရက်သောက်လာတာ နှစ် ၂၀ လောက်ရှိပြီ။ ဆေးရုံတက်နေရချိန်မှာ အချိန်က ကြာသလိုပဲ။ တစ်ရက်ကုန်ဖို့ကို တစ်နှစ်လောက်ကြာသလို ခံစားရတယ်။ ဒီအရက်ကို ဘယ်တော့မှမသောက်တော့ဘူး” လို့ မူရူဂန်းက ဘီဘီစီ တမီလ်ဌာနကို ပြောပါတယ်။
သူတို့ အဆိပ်ကို သောက်မိနေတယ်ဆိုတာကို တခြားနိုင်ငံက အရက်တုသားကောင်တွေလိုပဲ တမီလ်နာဒူက ဆေးရုံကို ရေးကြီးသုတ်ပြာရောက်လာသူတွေလည်း မသိကြပါဘူး။
ရုရှားမှာ အရက်တုသောက်လို့ လူ ၉၀၀ နီးပါး နှစ်စဉ်သေဆုံးနေတယ်လို့ ရုရှားအမျိုးသား စားသုံးသူအခွင့်အရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။
အီရန်မှာလည်း ၂၀၂၀ တုန်းက အဆိပ်အတောက်ဖြစ်နေတဲ့အရက်ကို သောက်မိလို့ သေဆုံးသူ ၄၄ ယောက်ရှိခဲ့ပါတယ်။
အင်ဒိုနီးရှားမှာလည်း အိမ်ချက်အရက်သောက်လို့ ၂၀၁၈ ခုနှစ်အတွင်းမှာ အနည်းဆုံး သေဆုံးသူ ၄၅ ယောက်ရှိခဲ့ပါတယ်။
မက်သနော
အရက်တုကြောင့် သေဆုံးရတဲ့ဖြစ်စဉ်အများစုဟာ အရက်ပုန်းတို့ ချက်အရက်တို့မှာ ပါနေကျ အဆိပ်ဒြပ်ပေါင်း မက်သနောကြောင့် ဖြစ်နေရတာပါ။
မက်သနောဟာ အရက်ချက်နေချိန်မှာ ထွက်လာပြီး ပေါင်းခံတဲ့အဆင့်မှာ အရက်ထဲစိမ့်ဝင် သွားပါတယ်။
စီးပွားဖြစ်ထုတ်လုပ်တဲ့စက်ရုံကြီးတွေကတော့ လူသောက်သုံးတဲ့အဆင့်ရောက်အောင် မက်သနော ပါဝင်မှုကို လျှော့ချထားပါတယ်။
ဒါပေမယ့် အရက်ပုန်းချက်တဲ့သူတွေကတော့ အပေါစားအိမ်လုပ်ချက်အရက်ပြင်းပြင်းရဖို့ ဆိုးဆေးနဲ့အရောင်တင်ဆီမှာသုံးတဲ့ စက်မှုသုံး မက်သနောကို ထည့်ချက်ကြပါတယ်။
အဆိပ်အတောက်ဖြစ်တဲ့ဒီဒြပ်ပေါင်းဟာ ပမာဏနည်းနည်းလေးကတောင် အမြင်အာရုံဆုံးရှုံးနိုင်တာ၊ အသည်း ပျက်စီးတာနဲ့အသက်ဆုံးရှုံးနိုင်တဲ့အထိ အာနိသင်ပြင်းပါတယ်။
၂၀၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာ မက်သနော အဆိပ်သင့်တဲ့ဖြစ်ရပ် ၆၀ ဖြစ်ခဲ့ပြီး သေဆုံးသူ ၃၀၉ ယောက်ရှိခဲ့တယ်လို့ မက်သနော အဆိပ်သင့်မှုဆိုင်ရာပညာပေးရှေ့ဆောင်အဖွဲ့(MPi) ရဲ့ အချက် အလက်အရသိရပါတယ်။
မက်သနော အဆိပ်သင့်မှု အများစုက အာရှမှာ ဖြစ်နေတာလို့ အော်စလိုတက္ကသိုလ်နဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့တို့က ပူးပေါင်းဖွဲ့စည်းထားတဲ့ ဒီအဖွဲ့က မီးမောင်း ထိုးပြပါတယ်။
မက်သနော အဆိပ်သင့်တဲ့ လက္ခဏာက ဘာတွေလဲ
စက်မှုလုပ်ငန်းသုံး မက်သနောပမာဏနည်းနည်းလေးသောက်မိရင်တောင် အန္တရာယ်အတော်များပါတယ်။
အင်္ဂလန်နိုင်ငံ ယူကေပြည်သူ့ကျန်းမာရေးဌာနရဲ့အဆိုအရ မက်သနောအငွေ့ကို မျိုချမိတာ ဒါမှမဟုတ် ရှုရှိုက်မိတာက ပြင်းထန်တဲ့ကျန်းမာရေးသက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။
- မေ့မြောတာ (ကိုမာ)
- အကြောဆွဲပြီးတက်တာ
- အာရုံကြောစနစ် ထိခိုက်ပျက်စီးတာ
- အမြင်အာရုံဆုံးရှုံးတာ
- သေဆုံးတာ
မက်သနောက ထွက်တဲ့အက်ဆစ်က လူကို ဘယ်လိုသေစေနိုင်တယ်ဆိုတာနဲ့ပတ်သက်လို့ တမီလ် နာဒူပြည်နယ်၊ ပုဒုခ်ကိုတိုင်ခရိုင် အစိုးရဆေးပညာကောလိပ်ဆေးရုံက ဒေါက်တာအေမူတူက ရှင်းပြထားတာရှိပါတယ်။
“ကျောက်ကပ်မှာ အက်ဆစ်တွေစုလာတဲ့အခါမှာ သူက ဆီးလမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီးတော့ ဆားဓာတ်တွေများလာပြီး ကျောက်ကပ်ပျက်တော့တာပဲ”
မျက်စိကွယ်ခြင်း
မက်သနော ပမာဏနည်းနည်းလေး မျိုချမိရင်တောင် ဗဟိုအာရုံကြောစနစ်ရဲ့ အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပြီး အမြင်အာရုံလုံးဝပြန်မရနိုင်တဲ့အထိဖြစ်နိုင်တယ်လို့ ဗြိတိသျှမျက်စိရောဂါဗေဒဌာနစာစောင်ပါ လေ့လာမှုတစ်ခုက သတိပေးထားပါတယ်။
အရက်တုသောက်လို့ အမြင်အာရုံထိခိုက်လာတဲ့လူနာကို ခေတ်အမီဆုံး ဆေးဘက်ဆိုင်ရာနည်းပညာတွေနဲ့ကုရင်တောင် ပြန်ကောင်းနိုင်ခြေနည်းပါတယ်။
မူးဝေတာ၊ မအီမသာဖြစ်တာ၊ ဗိုက်နာတာ၊ အော့အန်တာနဲ့ အမြင်အာရုံဝေဝါးတာတွေကြောင့် အရေးပေါ်ဌာနတွေကို ရောက်လာကြတဲ့လူနာတွေ များလာတယ်လို့ လင်ကွန်းကောင်တီဆေးရုံ အတိုင်ပင်ခံဆရာဝန်ကြီး ဒေါက်တာ ဗီကတ် ဆိုဒီဝါလာက ၂၀၁၂ ခုနှစ်မှာ ဘီဘီစီသတင်းဌာနကို ပြောခဲ့ဖူးပါတယ်။
သူတို့က အရက်ကို ဆိုင်တွေနဲ့ ကားအဟောင်းဈေးတန်းက လျှော့ဈေးနဲ့အရောင်းမြှင့်တင် တဲ့နေရာကနေ ဝယ်ကြတာလို့ သူကပြောပါတယ်။
“မက်သနောဟာ မျက်စိအနောက်ဘက်က အမြင်အာရုံကြောကို ထိခိုက်စေတယ်။ ဒါကြောင့်ပဲ လူ့အမြင်အာရုံကိုထိပြီးတော့ တချို့လူနာတွေမှာ အမြင်ဆုံးရှုံးတဲ့ထိဖြစ်ကြတာ” လို့ သူက ပြောပါတယ်။
ကမ္ဘာ့အနှံ့က အခြေအနေ
MPi ရဲ့ အဆိုအရ မက်သနော အဆိပ်သင့်တာဟာ ကမ္ဘာပေါ်က ထိခိုက်လွယ်တဲ့လူအုပ်စုတွေထဲမှာ ဖြစ်တာနည်းပါးသလို အရက်အဆိပ်သင့်မှုအကြောင်း သတင်းဖော်ပြတာလည်း နည်းလို့ လူသိနည်းကြပါတယ်။
အမှတ်တံဆိပ်ကောင်းကောင်းအရက်တွေရဲ့ဈေးက မိုးပျံနေလေတော့ ငွေကြေးချို့တဲ့သူတွေကြားမှာတော့ ဈေးပေါပေါနဲ့ရောင်းပေးတဲ့ချက်အရက်တွေက နေရာယူထားကြပါတော့တယ်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်မှာ ၂၀၁၁ ခုနှစ်အတွင်း လူ ၁၇၀ နီးပါး သေဆုံးခဲ့သလို ၂၀၀၉ ခုနှစ်တုန်းကလည်း ဂူဂျာရက်ပြည်နယ်မှာ လူ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ မွန်ဘိုင်းမှာလည်း ၂၀၁၅ ခုနှစ်တုန်းက နောက်ထပ် လူ ၁၀၀ လောက်ထပ်သေဆုံးခဲ့ပြန်ပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလည်း စုံစမ်းစစ်ဆေးသူတွေဟာ တောင်အာဖရိက နိုက်ကလပ်တစ်ခုမှာ သေဆုံးခဲ့တဲ့ လူငယ်၂၁ ယောက်ရဲ့ ခန္ဓာကိုယ်ထဲကနေ မက်သနောကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အရက်ကို တားမြစ် ပိတ်ပင်မှု
မွတ်လင်နိုင်ငံတချို့မှာတော့ ဘာသာတရားက အရက်သောက်တာကို ရှောင်ရှားသင့်တဲ့အရာလို့ ဆုံးမထားတဲ့အတွက် ပိတ်ပင်ထားကြပါတယ်။
အီရန်နဲ့ အင်ဒိုနီးရှားတို့လို မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံတွေမှာ အရက်သောက်ဆုံးတာနဲ့ ပတ်သက်ပြီး ဘာသာရေးအရ တားမြစ်ထားတဲ့အရာအဖြစ် အများက သတ်မှတ်ထားတာကပဲ တရားမဝင်အရက်သောက်ပြီး သေဆုံးမှုကို ကာကွယ်တိုက်ဖျက်ရေးလုပ်ရာမှာ အဓိကပြဿနာဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါကြောင့် နေမကောင်းဖြစ်ရင်တောင် အရက်ကြောင့်ဆိုတာ ပြောရမှာ ရှက်စရာလိုဖြစ်နေတဲ့အတွက် အကူညီတောင်းဖို့ တွန့်ဆုတ်သွားစေပါတယ်။
ပါကစ္စတန်နိုင်ငံ၊ ဆင့်စီရင်စုမှာ ၂၀၁၄ ခုနှစ်အတွင်း မသန့်စင်ထားတဲ့အရက်သောက်ပြီး အနည်းဆုံး လူ ၄၀ လောက် သေဆုံးခဲ့ပါတယ်။
နိုင်ငံခြားသားတွေအသွားအလာမပြတ်သလို အရက်သေစာသောက်စားမှုများတဲ့ ဘားနဲ့ အားလပ်ရက်လည်ပတ်တဲ့နေရာတွေကို သွားတဲ့ကမ္ဘာလှည့်ခရီးသွားတွေအတွက်ဆိုရင်လည်း မက်သနောရောထားတဲ့အရက်တွေသောက်ဖြစ်နိုင်ခြေပိုများပါတယ်။
အဖျော်ယမကာတစ်မျိုး အဆိပ်အတောက်ဖြစ်နေတယ်ဆိုတာကို ဘယ်လို ခွဲခြားပြောနိုင်မလဲ
ကိုယ်က ဘယ်နိုင်ငံမှာပဲ နေနေ၊ အရက်တုရောင်းတဲ့ အရက်အရောင်းဆိုင်တွေရဲ့ သားကောင်ဖြစ်သွားနိုင်ပါတယ်။
“ပစ္စည်းကို တန်ရာတန်ကြေးထက် လျော့ချရောင်းတာ ဒါမှမဟုတ် ယစ်မျိုးအခွန်ထည့် တွက်ထားမရှိဘူးဆိုရင် ဒါ အတုဖြစ်နိုင်ခြေ များတယ်” လို့ဆိုပြီး နာမည်ရှိတဲ့ဆိုင်ကနေ အရက်ဝယ်ယူတာမျိုး နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)က ကြံပြုပါတယ်။
“ထုပ်ပိုးမှုညံ့တာ၊ စာလုံးပေါင်းအမှားတွေနဲ့ ပုံမှန်ထုတ်နေကျ ပုလင်းပုံစံဟုတ်မဟုတ် စစ်တာမျိုး”
“အနံမကောင်းတာ။ လက်သည်းဖျက်ဆေး အနံ့လို ဖြစ်နေတာမျိုးပေါ့၊ ဒါဆိုရင် အတုပဲ” လို့ သတ်မှတ်ဖို့လည်း အကြံပြုပါတယ်။
ဒါပေမယ့် ဈေးကွက်ထဲက ဆိုင်ကြီးတွေကလည်း အဆိပ်သင့်အရက်တုတွေကို မတော် တဆရောင်းမိတတ်ကြပါတယ်။
နိုင်ဂျီးရီးယား
နိုင်ဂျီးရီးယားနိုင်ငံမြို့တော် ပေါ့ဟားကော့က နိုက်ကလပ်တစ်ခုမှာ နာမည်ကြီး တံဆိပ် ဝီစကီအတုကို မသိဘဲ သောက်မိရာကနေ အကြီးအကျယ်နေမကောင်းဖြစ်ခဲ့တယ်လို့ နိုင်ဂျီးရီးယားက အစားသောက်ရေးရာ အကဲခတ် အိုပယ်ရမိက ပြောပါတယ်။
“အရသာက တမျိုးတော့ ဖြစ်နေတယ်။ ဒါပေမယ့် ပါတီထဲမှာဆိုတော့ ဒါကို သိပ်ပြီး သတိမထားမိခဲ့ဘူး။ ဒါပေမယ့် နေမကောင်းတာ ၅ ရက်လောက်ဖြစ်ပြီး အတော်ခံလိုက်ရတယ်” လို့ သူက ပြောပါတယ်။
သူ့အတွေ့အကြုံကို လူမှုကွန်ရက်မှာ ဖြန့်ဝေလိုက်တဲ့နောက်မှာတော့ လူများစွာက နိုင်ဂျီးရီးယားမြို့တွေမှာ ကျယ်ကျယ်ပြန့်ပြန်ဖြစ်နေတဲ့အရက်တုပြဿနာအတွေ့အကြုံတွေကို ဝေမျှပြောဆိုလာကြပါတယ်။
ဒါပေမယ့် ချမ်းသာတဲ့နိုင်ငံတွေမှာလည်း ရာဇဝတ်သားတွေက ဒီလို အရက်တုရောင်းတာတွေကို လုပ်နေပါတယ်။
ဂရိ
ဟန်နာပိုဝဲလ်ဟာ ဂရိနိုင်ငံ ဇန်တီကျွန်းမှာ ညဘက်ဘားတစ်ခုကို သူငယ်ချင်းတွေနဲ့သွားခဲ့ပြီးနောက်ပိုင်းမှာ အော့အန်ပြီး မောပန်းသလို ခံစားခဲ့ရပါတယ်။
ဒါက အရက်နာကျသလိုလည်း မဟုတ်ပါဘူး။
အသက် ၂၃ နှစ်အရွယ် ဒီမိန်းကလေး သောက်ခဲ့တာက ဗော်ဒ်ကာအရက် ဖြစ်ပေမဲ့ သူ မသိခဲ့တာကတော့ ရောပေးလိုက်တဲ့အထဲမှာ လူ့အသက်ကိုတောင်သေစေနိုင်တဲ့ မက်သနော ပါဝင်နေတယ်ဆိုတာပါ။ ဒါ့ကြောင့်ပဲ သူ့ကျောက်ကပ်ပျက်သွားသလို မျက်စိလည်းကွယ်သွားခဲ့ရပါတယ်။
“ကြည့်ရတာ မာဖီးယားတွေက ဒီအရက်တွေကို တောထဲချက်ပြီးရင် ဘားတွေမှာ ဈေးပေါပေါနဲ့လာ ရောင်းတယ်။ ဘားတွေက ဒါတွေကို ဝယ်တယ်” လို့ သူက ဘီဘီစီနယူးစ်ဘိကို ၂၀၁၉ ခုနှစ်မှာ ပြောပါတယ်။
၂၀၀၉ ခုနှစ်တုန်းကလည်း ဘာလီမှာ မက်သနောစွက်ထားတဲ့ ထန်းရည်က ထုတ်တဲ့ဝိုင်သောက်ပြီး သေဆုံးသူ ၂၅ဦး သေဆုံးခဲ့ပြီး အဲဒီထဲက ၄ ဦးက နိုင်ငံခြားသားတွေဖြစ်ပါတယ်။
“အမှန်တော့ ကျွန်မ မီးဖွင့်ဖို့ ခလုတ်ကို နှိပ်တာ။ အဲဒီအချိန် ကျွန်မ ခေါင်းထဲ ဒိန်းကနဲ လန့်ဖျပ် သွားတတယ်။ မီးခလုတ်ပွင့်သွားပေမဲ့ ကျွန်မ ဘာကိုမှ မမြင်ရတော့ဘူးဆိုတာကို သဘောပေါက်သွားမိတဲ့ အချိန်ပါပဲ” လို့ သူက ပြောပါတယ်။
ရုရှား
၂၀၀၀ ပြည့်နှစ် နှစ်လယ်ပိုင်းလောက်ထိ ရုရှားက ကုန်စုံဆိုင်တွေမှာ ဗော့ကာအရက်အတုတွေကို လွယ်လင့်တကူတွေ့နိုင်သလို ကုန်တိုက်ကြီးတွေမှာ ရောင်းတဲ့အရက်တစ်ဝက်လောက်ကလည်း အတုတွေပါ။
ရုရှားက ကုန်တိုက်ကြီးတွေမှာ တရားဝင်တင်ရောင်းတဲ့ Mister Cider နာမည်နဲ့ အရက်ကိုသောက်ပြီး ရုရှားနိုင်ငံ ဒေသအများအပြားမှာ ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူ ၃၀ ဦး ရှိခဲ့ပါတယ်။
အရက်ထုတ်လုပ်ခွင့်ပြုမိန့်လိုင်စင်ကို ခိုင်မာတဲ့ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေကိုသာ ထုတ်ပေးဖို့ ရုရှားအစိုးရက ဒီနှစ်အစောပိုင်းမှာ တင်းကြပ်လိုက်ပါတယ်။
လူသားတွေပဲ ထိခိုက်တာမဟုတ်
သီရိလင်္ကာလို တချို့နိုင်ငံတွေမှာ တရားမဝင်အရက်ထုတ်လုပ်နေတာက သဘာဝပတ် ဝန်းကျင်နဲ့တောရိုင်းတိရစ္ဆာန်တွေကိုအပေါ်ပါ သက်ရောက်မှုရှိနေပါတယ်။
အရက်ချက် စည်ပိုင်းထဲ နှာမောင်း ညပ်နေတဲ့ဆင်တစ်ကောင်ကို တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းတွေက ၂၀၂၂ ခုနှစ်တုန်းက ကယ်ဆယ်ပေးခဲ့ရပါသေးတယ်။
ဆင်တွေကျက်စားတွေနေရာမှာ အရက်တုထုတ်နေကြတာကို လူသူမသိအောင် အရက်မှောင်ခိုသမားတွေက ဆင်တွေကို သတ်နေတာလို့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။
မက်သနောနဲ့ အီသနော ဘာကွာလဲ
အီသနောနဲ့ မက်သနောဟာ အရက်အမျိုးစားဝင်တွေဖြစ်ပြီးတော့ လောင်စာဆီနဲ့ အဖျော်ယမကာတွေမှာ သုံးပါတယ်။
အီသနောက ဘီယာ၊ ဝိုင်နဲ့ စပရိုက်အချိုရည်လို အဖျော်ယမကာတွေမှာသုံးပြီး ဈေးနှုန်းကြီးမြင့်တဲ့ဓာတုပစ္စည်းဖြစ်ပါတယ်။
အရက်သောက်ရင် ခေါင်းကိုက် မူးဝေဖြစ်နိုင်ပေမယ့် ဒါက တစ်ခဏတာ သက်ရောက်မှုတွေပဲဖြစ်ပါတယ်။
ဒါပေမယ့် အရက်နဲ့အနံ့ဆင်သယောင်လေးရှိတဲ့ မက်သနောက စျေးသက်သာပေမဲ့ အဆိပ်အတောက်ပြင်း ဓာတုဖြစ်ပြီး သောက်သုံးဖို့ မသင့်တော်ပါဘူး။
သမိုင်းကြောင်းမှာပြန်ကြည့်ရင်တော့ အရည်တွေအေးခဲမသွားအောင်သုံးတဲ့ဒီဓာတုပစ္စည်းကို သစ်သားကနေ ပေါင်းခံရလာတာဖြစ်ပြီး သစ်အရက်လို့လည်း လူသိများပါတယ်။
အခုသတင်းကို ဘီဘီစီ ကမ္ဘာတလွှားအပြင် ဘီဘီစီ တမီလ် ဘာသာစကားဌာန၊ ဘီဘီစီ အာရှ၊ ဘီဘီစီ ပါရှန်းဘာသာစကားဌာန၊ ဘီဘီစီ အာဖရိကဌာန၊ ဘီဘီစီ ရုရှားဘာသာစကားဌာန၊ ဘီဘီစီ နယူးစ်ဘိ အစီအစဥ်နဲ့ ဘီဘီစီ အွန်လိုင်းဌာန တို့က ပူးပေါင်းတင်ဆက်ထားပါတယ်။