ကန့်ဘလူကို အလုံးစုံစိုးမိုးနိုင်ရေး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အားပြိုင်ထိုးစစ်ဆင်

ဓာတ်ပုံ ရင်းမြစ်, DU WON People's Defense group Ye.U
စစ်ကိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ဇီးကုန်းရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ စီးနင်းတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ရုပ်သံဖိုင်က လူမှုကွန်ရက်မှာ ကြည့်ရှုသူများပြီး အတော်ပျံ့နှံ့ခဲ့ပါတယ်။
အထူးသဖြင့် အဲဒီရုပ်သံဖိုင်ထဲမှာပါတဲ့ ဖမ်းဆီးခံ ရဲ သုံ့ပန်းရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ရှောက်ကာကွယ်ပေးခဲ့တာက လူပြောများခဲ့တာဖြစ်ပါတယ်။
ကန့်ဘလူမြို့နယ်မှာ အများစုက စစ်တပ်ကို ထောက်ခံကြပြီး ဒေသအခေါ် ပျူစောထီး (ပြည်သူ့စစ်) ရွာတွေ အားကောင်းတဲ့ ဒေသအဖြစ် တော်လှန်ရေးအင်အားစုတွေ က သတ်မှတ်ထားကြပါတယ်။
၂၀၂၅ မှာ စစ်တပ်က တပ်အင်အားပိုဖြည့်ပြီး ဖြန့်ကြက်စစ်ကြောင်းထိုးမှုတွေ စိပ်နေတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ စက်တင်ဘာ ၁၇ ရက်က ဇီးကုန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင် တွေက စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒါက ပြည်သူ့စစ်အားကောင်းတဲ့ ဒေသမှာ တော်လှန်ရေးတပ်တွေရဲ့ အောင်မြင်မှုလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ပြောကြပါတယ်။
၅၀၅ ပြည်သူ့စစ်ခေါင်းဆောင် ဆရာတော်ဦးဝါသဝ ဦးဆောင်တဲ့ ဒေသအဖြစ်သိကြတဲ့ ကန့်ဘလူမြို့ ကို ရွေးကောက်ပွဲမတိုင်ခင် အလုံးစုံထိန်းချုပ်နိုင်ရေး စစ်တပ်နဲ့ ပြည်သူ့စစ်ကရော ဘယ်လို ပြင်နေလဲ။ တော်လှန်ရေးတပ်တွေ ဘယ်လိုလှုပ်ရှားနေကြလဲ။
ရဲစခန်းကို စီးနင်းတဲ့တိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, DU WON People's Defense group Ye.U
ကောလင်း၊ ကျွန်းလှတို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကန့်ဘလူမြို့ဟာ တော်လှန်ရေးတပ်တွေ အားကောင်းသလို စစ်တပ်ကို အားပေးထောက်ခံတဲ့ ၅၀၅ ဆရာတော်လို့ လူသိများတဲ့ ပြည်သူ့စစ်ဆရာတော် ဦးဝါသဝရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူ့စစ်အားကောင်းတဲ့ ကျေးရွာပေါင်း ၄၀ ထက်မနည်းရှိတယ်လို့ မြေပြင်စစ်ရေးရင်းမြစ်တွေရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
အမှတ် ၆၀၀၆ အမြောက်တပ်လည်း ကန့်ဘလူမြို့နယ်မှာ ရှိတာဖြစ်ပြီး ၅၀၅ ဆရာတော်လို့ လူသိများတဲ့ ဦးဝါသဝ က ဦးဆောင်ပြီး ပြည်သူ့စစ်သင်တန်းတွေ ဖွင့်လှစ်ပါတယ်။
နဝတ/နအဖလက်ထက် ဒုတိယစစ်ခေါင်းဆောင်ဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ရဲ့ ဇာတိဖြစ်လို့ စစ်တပ်ကိုထောက်ခံသူ အားကောင်းခဲ့သလို ၂၀၂၁ အာဏာသိမ်းပြီးနောက် ဦးဝါသဝရဲ့ စည်းရုံးမှုတွေကြောင့် ပြည်သူ့စစ်တပ်ဖွဲ့တွေ ပိုများလာတယ်လို့ ဒေသခံတချို့နဲ့ စစ်ရေးအရင်းအမြစ်တွေက ပြောကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"အဓိကက ဦးဝါသဝ သွားလာနိုင်တဲ့ ရွာတလျှောက်ကတော့ ပျူရွာတွေ တော်တော်များများ ဖြစ်သွားတာပေါ့။ တအားတိုးဝင်ပြီးမှ စစ်သင်တန်းတွေ မရမက တက်ခိုင်းတော့ တော်တော်များများ ကြောက်ကြောက်လန့်လန့်နဲ့ တက်ကြပြီး ပျူရွာတွေ ဖြစ်ကုန်တယ်"လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီ ပျူစောထီး (ပြည်သူ့စစ်)တွေဟာ တန့်ဆည်မြို့နယ် အခြေစိုက် အမှတ် ၃၆၁ ခြေလျင်တပ်ရင်း စစ်ကြောင်းနဲ့ပူးပေါင်းပြီး ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတချို့မှာ ၂၀၂၅ ဩဂုတ်ကစပြီး ဝင်ရောက်တပ်စွဲနေပါတယ်။ စစ်ကြောင်းမှူးအပါအဝင် အနည်းငယ်လောက်သာ စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး အများစုကတော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလို့ ဆိုပါတယ်။
တဖက်မှာလည်း ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်၊ ကသာခရိုင်တို့ပါဝင်တဲ့ ဒေသကို "က"သုံးလုံးဒေသလို့ တော်လှန်ရေးအင်အားစုတွေက စစ်ရေးနယ်မြေသတ်မှတ်ထားပြီး မန္တလေး၊ ကချင်၊ ရှမ်းပြည်မြောက်ပိုင်းတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အထိ မဟာဗျူဟာအရ အရေးပါတဲ့ ဒေသဖြစ်နေပါတယ်။
ပျူစောထီး(ပြည်သူ့စစ်) အင်အားကောင်းတဲ့ ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းလို နေရာမှာ မိနစ်ပိုင်းအတွင်း မြေပြင်တော်လှန်ရေးအဖွဲ့တွေရဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်တာဟာ ရှိတဲ့အင်အားနဲ့ စုဖွဲ့မှု၊ ပြင်ဆင်မှု အားကောင်းတာတွေကြောင့်လို့ စစ်ရေးသုံးသပ်သူတွေက မှတ်ချက်ပေးပါတယ်။
ဇီးကုန်းရဲစခန်းကို စက်တင်ဘာ ၁၇ ရက် ညနေပိုင်းမှာ ကန့်ဘလူခရိုင် ပကဖ စစ်ကြောင်းက ဦးဆောင်ပြီး ရေဦး ဓူဝံပကဖ အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီရဲစခန်းတိုက်ပွဲမှာ ရဲတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးပြီး ဒုရဲအုပ် ၂ ယောက်နဲ့ တပ်ဖွဲ့ဝင် ၂ ယောက်၊ ကလေးနှစ်ယောက်၊ မိခင်တစ်ယောက်နဲ့ ကိုယ်ဝန်ဆောင် တစ်ယောက်၊ အကျဉ်းသား ၃ ယောက်တို့ကို ဖမ်းဆီးခဲ့တာပါ။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးလာတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးရဲ့ကိုယ်ဝန်ဆောင်ဇနီးဟာ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းမှာ သားယောက်ျားလေး မွေးဖွားခဲ့ပြီး ကလေးရော မိဘတွေပါ ကျန်းကျန်းမာမာရှိတယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေးတပ် ဦးဆောင်သူ ဗိုလ်ပိုင်ချဲက လူမှုကွန်ရက်မှာ သတင်းတင်ရေးသားပါတယ်။
အဖမ်းခံရတဲ့အထဲက ဒဏ်ရာရခဲ့တဲ့ ရင်ခွင်ပိုက်ကလေးနဲ့ မိခင်ကို ဆေးကုသပေးသလို ကိုယ်ဝန်ဆောင်ကိုလည်း မီးဖွားနိုင်အောင် ကူညီပေးခဲ့ကြတာလို့ သိရပါတယ်။
စစ်ကိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ချိန် ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တစ်ဦး PDF ထိန်းသိမ်းမှုအောက်မှာ ကျန်းကျန်းမာမာ ကလေးမွေးဖွားတာ ဖြစ်တောင့်ဖြစ်စဥ် ဖြစ်ပါတယ်။
ကလေးမွေးဖွားတဲ့သတင်းကို လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ကန့်ဘလူ လှုပ်ရှားတပ်ရဲ့ ဖေ့ဘွတ်ခ်ပို့စ်အောက်မှာတော့ ဒီကလေးကို ဘယ်လို နာမည်ပေးသင့်တယ်ဆိုပြီး အကြံပြုကြတဲ့မှတ်ချက်စကားတွေလည်း တွေ့ရပါတယ်။
အဲဒီ ဇီးကုန်းရဲစခန်းကို ကာကွယ်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ချိန်မှာ မြို့နဲ့ ၂ မိုင်အကွာက သကြားစက်ရုံနဲ့ သုံးမိုင်အကွာက ဝက်တိုးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်တွေက စစ်ကူလာရောက်နိုင်တာ မရှိဘူးလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ကနေ သိရပါတယ်။
ဒါပေမဲ့ အဲဒီ ဇီးကုန်းရဲစခန်းကို စက်တင်ဘာ ၂၀ ရက်နောက်ပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ နေရာပြန်ဝင်ယူပြီး စစ်ကြောင်းအထိုင်ချထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကန့်ဘလူ ပကဖ
ကန့်ဘလူမှာ ပျူစောထီးအားကောင်းတာ ဘာ့ကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, CJ
တော်လှန်ရေးတပ်ပေါင်းစုတွေ ဝင်တိုက်ခဲ့တဲ့ ဇီးကုန်းရဲစခန်းက မြို့နယ်ချင်းဆက်နယ်မြေစိုးမိုးရေးအပိုင်းမှာတော့ အရေးပါတဲ့ အခြေအနေဖြစ်ပါတယ်။ ဇီးကုန်းမြို့နယ် တောင်ဘက်ခြမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေအားကောင်းတဲ့ ခင်ဦးမြို့နယ် အစပ်ဖြစ်ပါတယ်။
ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်မှာ ရှိနေတဲ့ ကန့်ဘလူမြို့နယ် ရေကြည်ဦးရွာကိုလည်း စစ်ကော်မရှင်တပ်တွေက စက်တင်ဘာ လဆန်းပိုင်းကစပြီး တပ်စွဲနေသလို ခင်ဦးမြို့နယ်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ခင်ဦးဘက်ကို စစ်ကြောင်းမဝင်နိုင်သေးဘူး၊ ခင်ဦးအစပ်က ရွာတွေမှာ တပ်စွဲထားတုန်းပဲ"လို့ ဒေသခံက ပြောပါတယ်။
ဇီးကုန်းရဲစခန်းနဲ့ ရွာက မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်မှာ ရှိပါတယ်။ ဇီးကုန်း- ထန်းကုန်း- ကန့်ဘလူ- ချပ်သင်း- ကိုးထောင်ဘို့ လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေအားလုံးကို စစ်ကောင်စီက စိုးမိုးထားလိုက်ပြီလို့ ဒေသခံ စစ်ရေးရင်းမြစ်နဲ့ ကာကွယ်ရေးတပ်တွေရဲ့ အပြောအရ သိရှိရပါတယ်။
ဇီးကုန်းရဲစခန်းက စစ်ရေးဗျူဟာအတွက် အထူးအရေးပါတဲ့အခြေအနေမဟုတ်ပေမဲ့ ရန်သူ့ကို ခြိမ်းခြောက်တဲ့အနေနဲ့ တိုက်ခိုက်တာလို့ တိုက်ပွဲအခြေအနေကို သိရှိတဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
''တဖက်က အင်ကြီးအားကြီးနဲ့ ဝင်မလုပ်သေးခင်မှာ အလစ်အငိုက်တိုက်တာ၊ ချုံခိုပစ်တာ၊ ပြောက်ကျားဝင်ပစ်တာ အစသဖြင့် ရန်သူ့ကို ခြိမ်းခြောက်တဲ့ သဘောပေါ့'' လို့ သူက ဆိုပါတယ်။
ဇီးကုန်းမှာ စစ်တပ်အထိုင်ချထားတဲ့ နေရာ ၃ နေရာထက်မနည်းရှိပါတယ်။ ဇီးကုန်းရဲစခန်း၊ မြို့အရှေ့ဘက်က သကြားစက်နဲ့ ကြံစိုက်ပျိုးရေးတပ် စတာတွေမှာ တပ်စွဲထားတာဖြစ်ပါတယ်။
စစ်တပ်အလုံးစုံထိန်းချုပ်ဖို့ပြင်နေတဲ့ မန္တလေး - မြစ်ကြီးနားလမ်း(ဗျူဟာလမ်း) နဲ့ ဇီးကုန်း - ထန်းကုန်း- ကန့်ဘလူ- ချပ်သင်း- ကိုးထောင်ဘို့ ခရိုင်ချင်းဆက်လမ်း က ၂ လမ်းအပြိုင်ဖြစ်ပါတယ်။
'' စစ်တပ်ဘက် က ခရိုင်ချင်းဆက်လမ်းကို အဓိက ထိန်းချုပ်ပြီးတော့မှ စစ်ရေးလှုပ်ရှားနေတာ။ လူဦးရေအရ ဖြစ်ဖြစ်၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ဖြစ်ဖြစ် အရေးပါတယ်။ ဗျူဟာလမ်းကတော့ မန္တလေး- စစ်ကိုင်း- မြစ်ကြီးနားလမ်း ကုန်စည်အဓိက ကူးသန်းရောင်းဝယ်တာတော့ ဟုတ်တယ်။ ဒါပေမဲ့ အဓိကကျတဲ့ ကျေးရွာတော်တော်များများက ခရိုင်ချင်းဆက်လမ်းပေါ်မှာ ရှိတာဆိုတော့ အဲဒီလမ်းကိုပဲ အဓိက ထိန်းချုပ်ဖို့ ကြိုးစားနေတာ'' လို့ ကန့်ဘလူ စစ်ရေးရင်းမြစ်ကပြောပါတယ်။
စစ်တပ်က ကန့်ဘလူမှာ အရေးပါတဲ့ ဒီလမ်းပိုင်း ၂ ပိုင်း လုံးကို အလုံးစုံ ပြန်သိမ်းပိုက်ဖို့ တောက်လျှောက်ထိုးစစ်ဆင်နေသလို အဲဒီ လမ်းပိုင်းတွေပေါ်က ရွာအများစုကိုလည်း ပြန်လည်သိမ်းပိုက်ပြီးဖြစ်ပါတယ်။
စစ်တပ်ဟာ ဒီလိုနယ်မြေဖြန့် စစ်ကြောင်းထိုးတပ်စွဲတဲ့ ကျေးရွာတစ်လျှောက်မှာ စစ်တပ်ရဲ့ အကြောင်းပြချက်မဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ နေအိမ်မီးရှို့ခံရမှုတွေရှိတယ်လို့ ဒေသခံ ၃ ဦးထက်မနည်းက ပြောထားပါတယ်။
'' ခရိုင်ချင်းဆက်လမ်းက အလုံးစုံနီးပါးလောက် စိုးမိုးသွားနိုင်တဲ့ အခြေအနေ ရှိနေပြီ။ မြင်သာအောင် ပြောရင် ကန့်ဘလူရဲ့ မြောက်ဘက်ကို ထွက်လိုက်ရင် ကျွန်တော်တို့ စိုးမိုးခဲ့တာကနေ အခုတော့ ကိုးထောင်ဘို့- ချပ်သင်း ကြားထဲရွာတွေရော၊ ကျွန်းလှ ၊ ကောလင်းတလျှောက်လုံးက သူတို့(စစ်တပ်) စိုးမိုးတဲ့ နေရာတွေ ဖြစ်သွားပြီ။ သြဂုတ် အစောပိုင်းကတည်းကပေါ့။'' လို့ ကန့်ဘလူမြို့နယ် မလည်တပ်နယ် တော်လှန်ရေးတပ်ဖွဲ့ဝင် ဆရာဇော်က ပြောပါတယ်။
ကန့်ဘလူတကြောမှာ တော်လှန်ရေးအင်အားစုတွေ အားကောင်းနေရာကနေ စစ်တပ် အသာစီးပြန်ရသွားတာက ပြည်သူ့စစ်အင်အားတွေ အသုံးပြုတာကြောင့်ဖြစ်သလို တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံပြည်သူတွေကြားမှာ သဘောထားကွဲလွဲမှုတွေရှိလာတာကြောင့်လို့ ကန့်ဘလူစစ်ရေးရင်းမြစ်က သုံးသပ်ပြောကြားသလို ဆရာဇော်ကလည်း အလားတူ သဘောထားရှိပါတယ်။
'' ကျွန်တော်တို့ အောင်ပွဲတွေ၊ တိုက်ပွဲတွေ မဖော်ဆောင်နိုင်ဘူးဆိုတာက တပ်ရင်းတွေက နယ်မြေပြန့်ကျဲနေတာပေါ့နော်။ ကျွန်တော်တို့ သိရသလောက်ဆိုရင် ဗန်းမောက်တို့ ဗန်းမော်တို့အထိ အင်အားတွေ ဖြန့်ပို့ထားတာ ဖြစ်တဲ့အတွက် ဒီဘက်တွေမှာ တိုက်ပွဲမဖော်နိုင်ဘူးပေါ့''
'' အဲဒီအချိန်မှာ သူတို့က စစ်ကြောင်းထိုးလာရင် ကျွန်တော်တို့က ရှောင်ပေးရတာတွေ ရှိလာတာကိုး။ သူတို့က စမ်းပြီးတိုးလိုက်၊ စမ်းတိုးလို့ တိုက်ပွဲမဖြစ်ရင် အဲနေရာမှာ ဘန်ကာဆောက် အထိုင်ချလိုက်နဲ့ နယ်ပယ်က ကျယ်ကျယ်လာတာ။'' လို့ ဆရာဇော်က မြေပြင်အခြေအနေကို ရှင်းပြပါတယ်။
တော်လှန်ရေးအင်အားစုတွေက ကန့်ဘလူကို ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်ပိုင်းမှာ နေရာအများစုကို စိုးမိုးခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ဒေသ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေကြား သဘောထားကွဲလွဲမှု အဓိကဖြစ်စေခဲ့တဲ့ ပြဿနာက ငှက်ပျောတိုင်းလမ်းပိုင်းကို လမ်းလွှဲအဖြစ်အသုံးပြုဖို့ ညွှန်ကြားချက်ထုတ်ရာကနေ စတင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ကောက်ချက်ချပါတယ်။
'' ရွှေဘို-မြစ်ကြီးနားလမ်းမှာ စစ်ကော်မရှင်ဂိတ်ရှိတော့ ရဲဘော်တွေက ယမနေဂိတ်ကို ဝင်တိုက်ဖို့ စီစဉ်ရင်းနဲ့ လမ်းခွဲကနေ ကားတွေ မောင်းခိုင်းတာပေါ့ဗျာ။ နောက် ဂိတ်ချိန်သတ်မှတ်တယ်ဆိုတော့ ပြည်သူနဲ့ ရဲဘော်တွေကြားမှာ စိတ်သဘောထားကွဲပြီး ပြဿနာတွေ ခဏခဏဖြစ်ကြရာကနေ သဘောထားကွဲ ကုန်တာပေါ့။'' လို့ ဆရာဇော်က သူ့ အမြင်ကိုပြောပါတယ်။
စစ်တပ်ရဲ့ ကန့်ဘလူအလုံးစုံထိန်းချုပ်ရေးဗျူဟာနောက်မှာ ပေကြီး၊ ခအုန်းသာ၊ ထနောင်းသုံးပင်၊ ငှက်ပျောတိုင်း ရွာသစ်၊ ရွာဟောင်း၊ ကျေးပင်အက်၊ မြေနီအက်၊ ရေအေး၊ ရေရှင်ကြီး၊ စံပ္ပါယ်နံသာ စတဲ့ ကျေးရွာ ဆယ်နဲ့ချီက ဒေသခံ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေကြရပါတယ်။
စစ်တပ်ကလည်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ရမ်းသမ်း ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောထားပါတယ်။
ရွေးကောက်ပွဲနီးချိန်မှာ စစ်တပ်က စစ်မှုထမ်းအင်အားနဲ့ ပြည်သူ့စစ်အင်အားတွေပိုဖြည့်သုံးပြီး ဒေသအများစုကို တကျော့ပြန်နယ်မြေသိမ်းပိုက်ရေးတွေ လုပ်နေတဲ့အထဲ ကန့်ဘလူကလည်း စစ်တပ်ရဲ့ ဗျူဟာမြောက် အရေးပါတဲ့ မြို့အဖြစ် မြင်သာလာပါတယ်။











