ရထားလမ်းပြင်ချိန် လူတွေသတ်ဖြတ်ခံနေရတဲ့အညာ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
စစ်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းကို ဖြတ်ဖောက်ထားပြီး မိုင်ပေါင်း ၃၄၀ ကျော်ရှည်လျားတဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းမှာ ရထားတွေ ပြန်လည်ပြေးဆွဲနိုင်ဖို့ စစ်ကောင်စီက လမ်းပြင်ဆင်ရေးတွေ ပြန်လုပ်နေပါတယ်။
ဒီရထားလမ်းဟာ မန္တလေးကထွက်ရင် စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ဝန်းသို၊ မော်လူးနဲ့ ကချင်ပြည်နယ်ထဲက မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း၊ မြစ်ကြီးနားစတဲ့ မြို့နယ်တွေကို ဆက်ထားတဲ့ရထားလမ်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် အထက်မြန်မာပြည်က ထောင်နဲ့ချီတဲ့မီးရထားဝန်ထမ်းတွေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီးတဲ့နောက် ဒီလမ်းပိုင်းမှာ ရထားမပြေးဆွဲနိုင်တာ ၂ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။
အခုတော့ စစ်ကောင်စီက သူတို့စိုးမိုးထားနိုင်တဲ့ စစ်ကိုင်းမြို့အစွန် ရွာထောင်ဘူတာကနေစလို့ စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘိုလမ်းပိုင်းကို ရထားလမ်းပိုင်းကို ပြုပြင်ထိန်းသိမ်းရေး (ပြင်ထိန်း) ရထားတွဲနဲ့ ပြင်ဆင်ရေးလုပ်နေတာ ဝက်လက်မြို့နယ်ထဲအထိ ရောက်နေပါတယ်။
တဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ဒီရထားလမ်းပြင်တဲ့လုပ်ငန်းရှေ့ဆက်နိုင်အောင် ရထားလမ်းနဲ့အပြိုင်ရှိတဲ့ ရွာတွေမှာ အင်အားဆယ်ချီနဲ့ စစ်ကြောင်းထိုးနေလို့ သတ်ဖြတ်ခံရမှု၊ နေအိမ်တွေ မီးရှို့ခံရမှုတွေလည်း ရှိနေပါတယ်။
ရထားလမ်းပြင်လို့ လူသေဆုံးရတဲ့ စစ်ကိုင်း

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီဟာ မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်ဆင်တာကို စစ်ကိုင်းမြို့အစွန်က မီးရထားစက်ခေါင်းတွဲ စက်ရုံနဲ့ ဝန်ထမ်းတွေရှိရာ ရွာထောင်ဘူတာကနေ ပြင်ထိန်းရထားတွဲနဲ့ သြဂုတ်လဆန်းမှာ စတင်ပါတယ်။
အဲဒီရထားတွဲနဲ့အတူ စစ်ကောင်စီက စစ်ကိုင်းမြို့ အရှေ့ဘက်ခြမ်းကို လုံခြုံရေးယူ စစ်ကြောင်းထိုးလို့ အဲဒီဘက် ရွာတွေက လူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံရတာလည်းရှိပါတယ်။
ရထားတွဲနဲ့ယှဥ်ပြီးလာတဲ့ စစ်တပ်စစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်ထဲက ထန်းတောဆိပ်ရွာအနီး သြဂုတ်လ ၂၂ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီစစ်ကြောင်း သြဂုတ်လ ၂၄ ရက်မှာ ပြန်ထွက်တဲ့အခါ ခေါင်းဖြတ်သတ်ခံထားရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးအလောင်းကို ရွာထဲမှာတွေ့ခဲ့ရတယ်လို့ စစ်ကိုင်း PDF အသိုင်းအဝိုင်းကပြောပါတယ်။
"တပ်စိပ်မှူးပါသွားခဲ့တာ။ ကင်းစောင့်နေကြရင်း အဖမ်းခံခဲ့ကြရတာ။ သူတို့အသတ်ခံရပြီကြားတော့ အလောင်းကောက်ဖို့သွားတဲ့အချိန် နောက် သုံးယောက်လည်း ထပ်အဖမ်းခံရပြီး ရက်ရက်စက်စက်ကိုအသတ်ခံရတာပါပဲ" လို့ အခြေအနေကိုသိရှိသူ စစ်ကိုင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါဟာ ထန်းတောဆိပ်ရွာအတွက် ပထမဆုံးအကြိမ် စစ်ကြောင်းထိုးခံခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။
အဲဒီနောက် အဲဒီစစ်ကြောင်းဟာ ရထားလမ်းတစ်ဖက်ခြမ်းတွေမှာရှိတဲ့ စမွန်းရွာ၊ ကျွန်းဦးတော၊ ခက်ခရွာ၊ ညောင်ပင်၊ သာဇင်၊ ထန်းတောဆိပ် စတဲ့အနီးနား ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ပါတယ်။
ဒီစစ်ကြောင်းဟာ ကျွန်းဦးတောရွာမှာ ၁၀ ရက်ကြာတပ်စွဲခဲ့ပြီး စစ်ကြောင်းထွက်သွားတဲ့ စက်တင်ဘာလ ၂ ရက်မှာ ရွာထဲမှာ အလောင်း ၅ လောင်းကို တွေ့ခဲ့ရတယ်လို့ စစ်ကိုင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဘီဘီစီကို ပြောပါတယ်။
‘‘သူတို့ထွက်သွားပြီး ခဏဝင်ကြည့်ကြတော့မှ အလောင်းတွေကိုတွေ့တာပါ။ ရုပ်အလောင်း ၃ လောင်းက မီးရှို့ခံထားရတယ်ဆိုတော့ သတ်ပြီးရှို့ခဲ့တာလား၊ ရှို့သတ်တာလားတော့ မသိပါဘူး။ နောက် ၂ လောင်းကတော့ ဓားနဲ့ ခုတ်ထစ်ထားတဲ့ဒဏ်ရာတွေနဲ့ သေနေတာပါ'' လို့ မျက်မြင်ကြည့်ခဲ့သူကပြောပါတယ်။
‘‘စစ်ကြောင်းက (ပြင်ထိန်း) ရထားကို လုံးဝ အထိမခံဘူး။ တစ်မိုင်ပတ်လည် စစ်ကြောင်းထိုးပြီးမှ သွားတယ်’’ လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့နီးစပ်သူက ပြောပါတယ်။
စစ်ကိုင်းမြို့နယ်အထွက် ရွှေဘိုမြို့နယ်အဝင် ရထားလမ်းပိုင်းက ရွာတွေကို ပြီးခဲ့တဲ့လအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့အချိန် သတ်ဖြတ်ခံရပြီးသေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရထားလမ်းပြန်ပြေးဆွဲဖို့ ခြေလှမ်း အောင်မြင်နိုင်မလား

ဓာတ်ပုံ ရင်းမြစ်, screengrab
စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှုမှာ ထောင်နဲ့ချီတဲ့ မီးရထား ဝန်ထမ်းတွေလည်းပါဝင်ပြီး အဲဒီထဲမှာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းက ဝန်ထမ်း သုံးထောင်နီးပါးအထိ ရှိပါတယ်။
အဲဒီထဲက ဝန်ထမ်းတစ်ထောင်လောက် လုပ်ငန်းခွင် ပြန်ဝင်သွားကြပေမဲ့ CDM လုပ်နေတဲ့ မီးရထားဝန်ထမ်းက နှစ်ထောင်နီးပါးအထိ ကျန်နေသေးတယ်လို့ CDM အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီအချိန်မှာ စစ်ကောင်စီက မန္တလေး- မြစ်ကြီးနား မီးရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲမယ်ဆိုရင်တောင် ရှိတဲ့အင်အားနဲ့ လည်ပတ်နိုင်မှာမဟုတ်ဘူးလို့လည်း ပြောကြပါတယ်။
‘‘CDM လုပ်ကြတော့ အထူးအမြန်ရထားကိုတောင် နမ်းမား(ဘူတာ) လိုနေရာမျိုးမှာ ရပ်ပြီးထားခဲ့ကြတာ။ ကျွန်တော်တို့ ရထားမှာ လမ်းရှင်းစနစ်အရ ရုံပိုင်က ဂါတ်ဗိုလ်ကို ဖြတ်ခွင့်ပေးရတာ။ အခု ဒီလမ်းကြောင်းမှာ ရုံပိုင်တွေလည်းမရှိ၊ ဝန်ထမ်းတွေလည်း မရှိနဲ့ ဘယ်လို လည်ပတ်မလဲ’’ လို့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM အကြီးတန်းဝန်ထမ်းတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
တဖက်မှာလည်း မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းပေါ်က တော်လှန်ရေးအင်အားစုတွေက ရထားလမ်းတွေကိုဖြုတ်ပစ်ပြီး လမ်းပျက်အောင်လုပ်တာ၊ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်တာတွေ ကြောင့် စစ်ကောင်စီရဲ့ ရထားလမ်းပြင်မှုဟာ ရွေ့ရွေ့သာ ရှေ့တိုးနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။
ရထားလမ်းပြင်နေချိန် အရပ်လေးမျက်နှာကနေ စစ်ကြောင်းထိုးခံနေရတဲ့ ဝက်လက်

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေး- မြစ်ကြီးနား ရထားလမ်းပြင်တဲ့ ပြင်ထိန်းရထားတွဲဟာ အခုဆို ဝက်လက်မြို့နယ်ထဲကို ရောက်နေပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝက်လက်နယ်ထဲက ပေါက်ကံဘူတာနဲ့ ထန်းကြီးဘူတာတွေအထိ စစ်ကောင်စီတပ်တွေ မရောက်လာအောင် ဟန့်တားနှောက်ယှက်တာတွေပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ရထားလမ်းပြင် လုံခြုံရေး စစ်ကြောင်းအပြင် ရွှေဘိုဘက်ကပါ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အရပ်လေးမျက်နှာကနေ ရင်ဆိုင်နေရပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာ တောင်မြောက်ပြေးလွှားနေရပါတယ်။
‘‘အခုက ဝက်လက်မှာ စစ်ကြောင်း ၆ ကြောင်း၊ ၇ ကြောင်း ဝိုင်းနေတယ်။ သံလမ်းကို သူတို့မောင်းလာချိန်မှာ ကျွန်တော်တို့ ချောင်းမြောင်းပစ်ခတ်တာတော့ရှိတယ်။ မြောက်မှာလည်း စစ်ကြောင်းက ၄ ကြောင်းလောက်ရှိတယ်။ တောင်က သံလမ်းစစ်ကြောင်း။ သူတို့က တောင်ဘက်ကနေ မြောက်ကို နည်းနည်းတိုးလာတာ။ သံလမ်းအရှေ့ အနောက် ကပ်နေတဲ့ရွာတွေက ပြေးကြရတယ်။ ရွှေဘိုဘက်က လည်း သံလမ်းနဲ့အပြိုင် စစ်ကြောင်းလာတယ်။ အားလုံးပေါင်းရင် စစ်ကောင်စီအင်အားက ဝက်လက်မှာ ၇၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်’’ ဝက်လက်ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
‘‘တော်လှန်ရေးအဖွဲ့တွေကတော့ သံလမ်းတွေဖြုတ်တယ်။ ဘက်ဖိုး (မြေတူးစက်) နဲ့ ကုတ်တယ်။ သံချောင်းတွေ ဖြတ်ပြီး အဝေးတစ်နေရာ ရွှေ့ထားတာလုပ်တယ်။ ဒါပေမဲ့ ဘက်ဖိုး ၂ စီးနဲ့ ပြင်ထိန်းရထားတွဲက အဲဒါတွေကို ပြန်ပြင်နေတယ်’’ လို့ သူက ဆက်ပြောပါတယ်။
အခုတော့ ပြင်ထိန်းရထားတွဲနောက်မှာ နောက်ထပ် တွဲ ၃ တွဲပါ ရထားက စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာကနေ ထွက်လာပြီး စစ်တပ်အင်အားလုံခြုံရေးအပြည့်နဲ့ စာရေးရွာနဲ့ ရွာသစ်ရွာကြားမှာ တံတားပြင်နေတယ်လို့ မြေပြင်ကင်းထောက်စာမျက်နှာတွေက ပြောပါတယ်။
‘‘က’’ သုံးလုံးကိုကျော်နိုင်မှာလား

ဓာတ်ပုံ ရင်းမြစ်, screengrab
မန္တလေး- မြစ်ကြီးနား မီးရထားလမ်းပိုင်းဟာ ‘‘က’’ သုံးလို့ခေါ်ကြတဲ့ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းမြို့တွေကို ဖြတ်ကျော်ရပါတယ်။
အဲဒီလမ်းပိုင်းတလျှောက်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ရထားလမ်းကို ဖျက်ထားတာကြောင့် ရွှေဘို ကနေ ခင်ဦးအထိ ရထားလမ်းပြန်အဆင်ပြေခဲ့ရင်တောင် ဒီ ‘‘က’’ သုံးလုံးလမ်းပိုင်းကို ကျော်ဖို့ ခက်မယ် လို့ ကာကွယ်ရေးတပ်တွေဖွဲ့တွေက ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်ထောက်ခံတဲ့ပျူစောထီးအားကောင်းတဲ့ ကန့်ဘလူနဲ့ ကျွန်းလှနယ်ရှိနေတာကြောင့် ကျွန်းလှကနေ ကောလင်းဆက်သွားဖို့ စစ်ကောင်စီဘက်က အားထုတ်နိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်က ယူဆပါတယ်။
‘‘သူတို့ (စစ်တပ်) က ရွှေဘိုအထိ ထောက်ပို့ရထားပို့မယ်။ ကန့်ဘလူမှာ ပျူတွေရှိတယ်။ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း အဲဒီနေရာ ‘‘က’’သုံးလုံးကို ကျော်နိုင်ပြီဆိုရင် သူတို့ အဆင်ပြေပြီလို့ မှန်းထားကြတာ’’ ဆိုပြီး စစ်ကိုင်း PDF ခေါင်းဆောင်တစ်ဦးက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Infinity Group
‘‘ကန့်ဘလူကနေ ရထားထွက်မယ်သာပြောတာ ရထားပြေးမယ်ဆို ဘယ်လိုမှ ပြေးလို့မရဘူး။ အထက်ပိုင်း ကနေ လာရင် ဘုံချောင်းနဲ့ နမ်းခမ်းကြားမှာဆို သံလမ်းတောင် အရာပဲရှိတော့တာ။ ရထားမပြေးတော့ လမ်းသမားတွေလည်း အလုပ်မလုပ်တော့ဘူး။ သံလမ်းတောင် မရှိတော့ဘူး။ အကုန်လုံးဖြုတ်ယူ ရောင်းစားကြတာ’’ လို့ CDM ရုံပိုင်တစ်ဦးကပြောပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ မြစ်ကြီးနားကနေ မန္တလေးဘက်ကို ပြန်လာတဲ့ လမ်းပိုင်းမှာဆိုရင် မိုးကောင်းအထိ ရထားလမ်းပြန်သွားလို့ရအောင် ပြင်ဆင်နေပါတယ်။
‘‘ရှင်းလင်းရေးလုပ်တယ်။ ပြည်ထောင်ဘူတာအထိ လမ်းပိုင်းရှင်းလင်းရေးလုပ်တယ်။ ပြည်ထောင်က စစ်တပ် အထိုင်အတော်လေးနေရာချထားတာဆိုတော့ အဲဒီအထိ လုပ်တယ်။ စက်တင်ဘာ ၁ ရက်မှာ မိုးကောင်းအထိ ပွင့်အောင်လုပ်မယ်ဆိုပြီးကြားထားတာ။ အခုတော်တော်လေး ပွင့်သွားပြီ လမ်းက ဒီရက်ပိုင်းအတွင်း RBE ထုတ်ထားဖို့ ပြင်ဆင်ထားဖို့ ညွှန်ကြားထားတာရှိလို့လည်း ကြားရတယ်’’ CDM မီးရထားဝန်ထမ်းတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ ရထားပြေးဆွဲဖို့ စီစဥ်နေတဲ့ မြစ်ကြီးနား-မိုးကောင်း ခရီးစဥ်ဟာ ရေရှည်မှာ မဖြစ်လာနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
‘‘ကွန်ဖားတုန်းတုံးတွေ ကျော်ပြီး ခင်းထားတယ်။ အဖြစ်ပေါ့။ မိုးကောင်း - မြစ်ကြီးနား ပြေးမယ် ဆိုရင်လည်း မိုးကောင်းကနေ မိုးညှင်းအထိပြေးမှ ရမယ်။ မိုးညှင်းမှာက လောင်စာဆီ ထည့်ရမယ်။ ရထားခေါင်းစက်ရုံက အဲဒီမှာရှိနေတာကိုး’’ လို့ CDM ရုံပိုင်တစ်ဦးက ပြောပြပါတယ်။
တဖက်မှာလည်း မြစ်ကြီးနားကနေ မန္တလေးဘက်ကိုသွားတဲ့ ရထားလမ်းပိုင်းကို စစ်ကောင်စီက ထောက်ပို့အတွက် သုံးမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာကြောင့် ကာကွယ်ရေးတပ်တွေဘက်က ‘‘ရထားမပြေးဆွဲရေး’’ဆိုပြီး စီမံကိန်းချ လုပ်နေတာတွေရှိတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာတော့ နမ်းမားဘူတာနဲ့ ဟိုပင်ဘူတာကြားမှာ တံတားဖျက်ဆီးခံထားရပြီး မဲဇာနဲ့ ပုန်ချောင်း ဘူတာကြားမှာလည်း ရထားလမ်းကို ဖျက်ဆီးခံထားရတာရှိတယ်လို့ သိရပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ မြစ်ကြီးနား -မိုးညှင်းရထားလမ်းမှာ ရထားဝန်ထမ်းတွေအပေါ် အခွင့် အရေးချိုးဖောက်တာတွေလုပ်နေတယ်လို့ ဘီဘီစီ သတင်းရင်းမြစ်တွေက ပြောပါတယ်။
‘‘နမ္မတီးမှာ လမ်းပြင်တဲ့ စက်ခေါင်းမောင်းကို ထိုးကြိတ်ကန်ကျောက်တဲ့အထိ ကြားထားတာ။ အတင်းအဓမ္မ ခိုင်းနေတာဆိုတော့ စစ်တပ်ထောက်ပို့ရထားဖြစ်မယ်လို့ သုံးသပ်ပါတယ်။ လွန်ခဲ့တဲ့ ၃-၄ ရက်လောက်တော့ ရှိပြီ။ သတင်းက သိပ်မပေါက်ဘူး။ စက်ဗိုလ်တို့၊ မီးထိုးတို့၊ တွဲစီထုတ်သူတွေက သူတို့လည်း ကြောက်ကြောက်နဲ့ လုပ်နေရတယ်’’ လို့ မီးရထားဝန်ထမ်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်းရဲ့ ကချင်ပြည်နယ်ထဲက လမ်းပိုင်းအချို့ ပြင်ဆင်တာကိုတော့ စစ်ကောင်စီဘက်က ဖြောင့်ဖြောင့်တန်းတန်း ပြင်ဆင်ထားနိုင်ပါတယ်။
ဒါပေမဲ့ စစ်ကိုင်းဘက်ခြမ်းမှာတော့ အထူးသဖြင့် လက်ရှိ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်တွေထဲမှာ ပြင်ထိန်းရထားတွဲနဲ့အတူပါတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် သတ်ဖြတ်ခံရတာ၊ နေအိမ်တွေမီးရှို့ခံရတာနဲ့ ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးရတာတွေ ရှိနေပါတယ်။








