ဝါရှင်တန်-ဒီစီက အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦးအသတ်ခံရမှု သံသယရှိသူကို စွဲချက်တင်

ဝါရှင်တန်ဒီစီခရိုင်တရားရုံးအတွင်း ခေါင်းဆောင်တရားသူကြီးမက်သရူး ရှာဘတ်နဲ့ ထိုင်နေတဲ့ ပစ်ခတ်မှုသံသယရှိသူ အယ်လီယာစ် ရိုဒရီဂွက်ဇ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဝါရှင်တန်ဒီစီခရိုင်တရားရုံးအတွင်း ခေါင်းဆောင်တရားသူကြီးမက်သရူး ရှာဘတ်နဲ့ ထိုင်နေတဲ့ ပစ်ခတ်မှုသံသယရှိသူ အယ်လီယာစ် ရိုဒရီဂွက်ဇ်
    • ရေးသားသူ, Max Matza & Nadine Yousif
    • ရာထူးတာဝန်, BBC News

ဝါရှင်တန်-ဒီစီက ဂျူးပြတိုက်အပြင်ဘက်မှာ အစ္စရေးသံရုံးဝန်ထမ်း ၂ ဦးကို ပစ်ခတ်မှုနဲ့ သံသယရှိသူအပေါ် ပထမအဆင့် လူသတ်မှုနဲ့ စွဲချက်တင်လိုက်ပါပြီ။

ဒီစွဲချက်အပြင် နိုင်ငံခြားအစိုးရအရာရှိတွေကို သတ်ဖြတ်မှုနဲ့ လက်နက်ပစ္စည်းဆိုင်ရာစွဲဆိုချက်တွေလည်းပါဝင်ပါတယ်။

ဗုဒ္ဓဟူးနေ့ညက တိုက်ခိုက်မှုဟာ မုန်တီးမှုအခြေခံတဲ့တိုက်ခိုက်မှုဖြစ်ပြီး အခုထက်ပိုတဲ့ တရားစွဲဆိုမှု တွေရှိလာဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်‌ ရှေ့နေ ဂျင်နီပီရဲယိုက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

"သေဒဏ်ချနိုင်တဲ့အမှုဖြစ်ပါတယ်" လို့ သူမက ပြောပါတယ်။ ဒါပေမယ့် အစိုးရရှေ့နေတွေက သေဒဏ်ချမှတ်နိုင်အောင် လှုပ်ရှားဆောင်ရွက်မယ်၊ မဆောင်ရွက်ဘူးကတော့ ပြောဖို့ စောလွန်းပါသေးတယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

အခုသတ်ဖြတ်မှုဟာ "ဂျူးလူမျိုးတွေအပေါ် တိုက်ရိုက်အကြမ်းဖက်တဲ့လုပ်ရပ်တစ်ခု" လို့ FBI ဝါရှင်တန်ရုံး အရာရှိ စတိဗ် ဂျက်ဆန်က ပြောပါတယ်။

ယာရွန်လင်စ်ချင်စကီးနဲ့ ဆာရာလင်းမေးလ်ဂရင်းတို့စုံတွဲတို့ဟာ ဗုဒ္ဓဟူးနေ့၊ အမေရိကန်စံတော်ချိန် ည ၉ နာရီကျော်မှာ ဝါရှင်တန်ဒီစီ၊ ဂျူးပြတိုက်က ပွဲတစ်ခုရဲ့အပြင်ဘက်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

သံသယရှိသူက ပွဲအတွင်းမှာရှိနေတဲ့ လူ ၄ ယောက်အုပ်စုထဲကို ပစ်ခတ်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ရဲဘက်ကပြောပါတယ်။

သံသယရှိသူဟာ အသက် ၃၀ အရွယ်၊ ချီကာဂိုက အယ်လီယာစ် ရိုဒရီဂွက်ဇ်ဆိုသူ လို့ ရဲတပ်ဖွဲ့ကအတည်ပြုခဲ့ပါတယ်။ ပစ်ခတ်ပြီး အချိန်တိုအတွင်းမှာပဲ သူ့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။

ပွဲအတွင်းမှာရှိနေတဲ့ လူ ၄ ယောက်အုပ်စုထဲကို ပစ်ခတ်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ရဲဘက်ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပွဲအတွင်းမှာရှိနေတဲ့ လူ ၄ ယောက်အုပ်စုထဲကို ပစ်ခတ်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ရဲဘက်ကပြောပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပစ်ခတ်မှုမဖြစ်ခင် ပြတိုက်အပြင်မှာ ဟိုဟိုသည်သည်လျှောက်သွားနေတဲ့ သူ့ကို မြင်ကြတယ်လို့ အရာရှိတွေကပြောတယ်။

သူ့ကို စိတ်ဒဏ်ရာရသွားတဲ့ ရပ်ကြည့်သူပဲလို့ ကနဦးမှာ အထင်မှားခဲ့ကြပြီး ပြတိုက်အတွင်း ဝိုင်းကူညီခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ဘီဘီစီကိုပြောပါတယ်။

''အထဲကလူတွေက သူစိတ်ငြိမ်သွားအောင် လုပ်ပေးခဲ့ကြတယ်၊ လူတွေကို သွေးအေးအေးနဲ့သတ်ခဲ့တဲ့လူလို့ မသိခဲကြဘူးလေ'' လို့ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ယိုနီ ကာလင်က ပြောဆိုခဲ့ပါတယ်။

အချုပ်ထဲပို့ဆောင်မခံရခင်အချိန်မှာ ''ပါလက်စတိုင်းကို လွတ်လပ်ခွင့်ပေး'' လို့ အော်ဟစ်ခဲ့တယ်လို့ ရဲကပြောပါတယ်။

ဖြစ်စဥ်မဖြစ်ခင်တစ်ရက်အလိုမှာ သံသယရှိသူဟာ ဝါရှင်တန်ကိုရောက်လာခဲ့ပြီး တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ခဲ့ပုံနဲ့ မတိုက်ခိုက်ခင်အချိန်ကအရာတွေကို အားလုံးပုံပေါ်လာအောင် သက်ဆိုင်ရာက စုဆောင်းနေတယ်လို့ ဂျက်ဆန်ကပြောပါတယ်။

ဝန်ခံထွက်ဆိုချက်အရ အင်္ဂါနေ့မှာ ချီကာဂိုကနေ ဝါရှင်တန်ဒီစီကိုသူရဲ့အလုပ်နဲ့ဆိုင်တဲ့ညီလာခံအတွက် လေယာဥ်နဲ့လာခဲ့တယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။

အမေရိကန်အရိုးအကြောကိုင်တွယ်ပြုပြင်ခြင်းသတင်းအချက်အလက်အဖွဲ့ - AOIA ချီကာဂိုမှာ စီမံခန့်ခွဲရေးအထူးကျွမ်းကျင်သူအဖြစ်လုပ်ကိုင်သူဖြစ်တယ်လို့ သံသယရှိသူနဲ့ဆက်စပ်တဲ့ လူမှုကွန်ရက်အကောင့်တွေအရ သိရပါတယ်။

ကြာသပတေးနေ့က အမှုကြားနားမှုမှာ သံသယရှိသူကို စွဲချက်တင်ပြီး ထိန်းသိမ်းထားဖို့အမိန့်ပေးခဲ့ပြီး လာမယ့် ကြားနာမှုကိုတော့ ဇွန်လ ၁၈ ရက်မှာပြုလုပ်မှာပါ။

အသတ်ခံရတဲ့ စုံတွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယာရွန် လင်စ်ဆင်စကီးနဲ့ ဆာရာလင်းမေးလ်ဂရင်းတို့စုံတွဲ

သူတို့စီစဥ်ထားတဲ့ ဂျေရုဆလင်ခရီးသွားတဲ့အခါမှာ မစ္စတာ လင်စ်ဆင်စကီးက မစ္စမေးလ်ဂရင်းကို လက်ထပ်ခွင့်တောင်းဖို့စီစဥ်ထားတာပါလို့ ပစ်ခတ်မှုဖြစ်အပြီးမကြာခင်အတွင်းမှာဘဲ အမေရိကန်က အစ္စရေးသံအမတ် ရဲယ်ရှ်အဲလ် လိုင်တာက ပြောပြခဲ့ပါတယ်။

"သူတို့က လိုက်ဖက်ညီတဲ့စုံတွဲပါ" လို့ သတင်းစာရှင်းလင်းပွဲမှာ လိုင်တာက ပြောပါတယ်။

ကြာသပတေးနေ့မှာ မစ္စမေးလ်ဂရင်းရဲ့နေရပ် ကမ်ဆက်မြို့မှာ ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းတာလုပ်ဖို့ရှိနေပါတယ်။

အမေရိကန်ပြည်သူတွေအကြား ဂျူးတွေအပေါ် မုန်းတီးခံရမှုနဲ့ ခွဲခြားဆက်ဆံခံရမှုကို သူမကအရင်ကတည်းကထုတ်ပြောခဲ့ပါတယ်။

ကမ်ဆက်က သူမရဲ့ကျောင်းမှာ နာဇီစင်္ကြာတံဆိပ်နဲ့လူတွေလာရောက်ဖျက်ဆီးခံရပြီး နောက်မှာလည်း သူမကိုဒေသတွင်းတီဗီတစ်ခုက တွေ့ဆုံမေးမြန်းခဲ့ပါသေးတယ်။

"ကျွန်မတို့ဂျူးတွေရဲ့ ဘုရားရှိခိုးကျောင်းအတွက် စိုးရိမ်သလို ကျောင်းမှာလုံခြုံဖို့ကိုလည်း စိုးရိမ်ရပါတယ်။ အဲဒီအရာတွေက ပစ်မှတ်ထားစရာတွေမဖြစ်သင့်ဘူး" လို့ အဲဒီအချိန် နောက်ဆုံးနှစ်ကျောင်းသူအဖြစ်တက်နေတဲ့ အထက်တန်းကျောင်းမှာတုန်းက မစ္စမေးလ် ဂရင်းက ပြောခဲ့ပါတယ်။

ယာရွန် လင်စ်ဆင်စကီးနဲ့ ဆာရာလင်းမေးလ်ဂရင်းတို့စုံတွဲအတွက် ဆုတောင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယာရွန် လင်စ်ဆင်စကီးနဲ့ ဆာရာလင်းမေးလ်ဂရင်းတို့စုံတွဲအတွက် ဆုတောင်းပွဲ

သံသယရှိသူဟာ ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်စာရင်းထဲပါတဲ့သူမဟုတ်ဘူးလို့ ရဲဘက်ကပြောပါတယ်။ အခုတိုက်ခိုက်မှုဟာလည်း သူတစ်ဦးတစ်ယောက်တည်းကသာ ကျူးလွန်ခဲ့တာမျိုးလို့ ရဲတပ်ဖွဲ့ကယုံကြည်ထားပါတယ်။

သူအသုံးပြုခဲ့တဲ့ ၉ မီလီမီတာ သေနတ်ဟာ ၂၀၂၀ ခုနှစ် မတ်လတုန်းက အီလီနွိုက်ကနေ တရားဝင်ဝယ်ထားတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ အတင်းကျပ်ဆုံးလက်နက်ဥပဒေရှိတဲ့ ပြည်နယ်ဖြစ်ပါတယ်။

သူရဲ့ခရီးဆောင်အိတ်အတွင်းကနေ ဝါရှင်တန်ကို ယူလာခဲ့တာဖြစ်ပြီး အစစ်ဆေးခံခဲ့ရပါသေးတယ်။

သူနဲ့ဆက်စပ်တဲ့လူမှုကွန်ရက်တွေရဲ့ ညွှန်းပြချက်အရ သူဟာ ပါလက်စတိုင်းထောက်ခံတဲ့ဆန္ဒပြ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ဆိုရှယ်မီဒီယာမှာသူရေးသားတယ် လို့ထင်ရတဲ့စာတွေဟာ သူကိုယ်တိုင်အစစ်အမှန်ရေးသားခဲ့မှုဟုတ်မဟုတ်အပေါ် သိနိုင်ဖို့လုပ်နေကြတယ်လို့ စုံစမ်း စစ်ဆေးသူတွေကပြောပါတယ်။

အဲဒါတွေက အစ္စရေးက ဂါဇာမှာလူမျိုးသုဥ်းသတ်ဖြတ်မှုလုပ်တယ်ဆိုတဲ့ စွပ်စွဲမှု၊ အမေရိကန်မူဝါဒနဲ့ နိုင်ငံရေးအရအကြမ်းဖက်တာကိုသုံးတဲ့ကိစ္စအပေါ်ဆွေးနွေးတဲ့ကိစ္စတွေကို ဝေဖန်ရေးသားတာတွေဖြစ်ပါတယ်။

ကြာသပတေးနေ့မှာတော့ သံသယရှိသူရဲ့ ချီကာဂိုကအိမ်ကို ရှာဖွေနိုင်ခဲ့ပြီး သူရဲ့ အီလက်ထ ရောနစ်အသုံးအဆောင်ပစ္စည်းတွေကနေ ချိတ်ဆက်ရှာဖွေခဲ့တာဖြစ်ပါတယ်။

သံသယရှိသူနဲ့ အဆောက်အဦတစ်ခုထဲမှာနေကြတာ တစ်နှစ်နီးပါးရှိဖြစ်တယ်လို ချီကာဂိုကအိမ်နီးချင်းဖြစ်သူ ဂျွန် ဝိန်း ဖရိုင်းကပြောပါတယ်။

သူ့အခန်းရဲ့အပြင်ဘက်မှာဆိုရင် ၂၀၂၃ ခုနှစ်အတွင်း ချီကာဂိုမှာအသတ်ခံခဲ့ရတဲ့ ပါလက်စတိုင်း-အမေရိကန် ကလေးငယ်တစ်ဦးရဲ့ ဓာတ်ပုံကို ပြသထားတယ်လို့ ဖရိုင်းက ပြောပါတယ်။

ခြောက်နှစ်အရွယ် ဝါဟီ အယ်ဖယူမီ ကိုသတ်ဖြတ်ခဲ့သူကိုတော့ အမုန်းတရားရာဇဝတ်မှုဆိုင်ရာ ပြစ်မှုနဲ့ ဒီလအစောပိုင်းမှာ စွဲချက်တင်ထားပါတယ်။

အစ္စလာမ်ကိုမုန်းတီးခြင်းနဲ့ ဂါဇာကပဋိပက္ခတွေကြောင့် သူဟာလှုံ့ဆော်ခံခဲ့ရသူဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ကောင်လေးမိသားစုနဲ့ အခုသံသယရှိသူ တိုက်ရိုက်ဆက်နွယ်မှုရှိလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

"ဝါဒီရာအတွက်အမှန်တရား" လို့စာသားရေးထားပြီး ပြတင်းပေါက်မှာထားထားတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, "ဝါဒီရာအတွက်အမှန်တရား" လို့စာသားရေးထားပြီး ပြတင်းပေါက်မှာထားထားတဲ့ပုံ

လက်ရှိဆက်ဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြားမှာဘဲ ဂါဇာကထိခိုက်နာကျင်နေရသူတွေကို ကူညီဖို့ ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာ နစ်နာသူတွေအပါအဝင် ဒီပွဲကိုတက်ရောက်လာကြသူတွေက အာရုံစိုက်ကြဖို့ ဝါရှင်တန်ဒီစီမှာ ပွဲစီစဥ်သူတွေထဲကတစ်ဦးဖြစ်တဲ့ ဂျိုဂျို ကာလင်ကပြောပါတယ်။

"လုံးဝကိုအထင်နဲ့အမြင်ကတခြားစီဖြစ်သွားတယ်။ အဲဒီလို အမုန်းတရားတွေကို အားလုံးအတူ ခေါင်းခြင်းဆိုင်ကာကျော်လွှားဖို့နဲ့ ပေါင်းကူးပြီးလုပ်ကိုင်ကြဖို့ဆွေးနွေးခဲ့တာပါ" လို့ သူမကထပ်ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဆာကီယာစတာမာအပါအဝင် ကမ္ဘာခေါင်းဆောင်တွေက တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြစ်တင်ပြောဆိုကြပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်ထဲက "ဂျူးမုန်းတီးရေးတိုက်ခိုက်မှု" ကို ကမ်းကုန်အောင် ပြစ်တင်ပြောဆိုလိုပါတယ် လို့ ဆာကီယာစတာမာက ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုက "စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ဂျူးကိုမုန်းတီး တိုက်ခိုက်တဲ့ သတ်ဖြတ်မှုတစ်ခု" လို့ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုက "စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ဂျူးကိုမုန်းတီး တိုက်ခိုက်တဲ့ သတ်ဖြတ်မှုတစ်ခု" လို့ပြော

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုကတော့ "စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ဂျူးကိုမုန်းတီး တိုက်ခိုက်တဲ့ သတ်ဖြတ်မှုတစ်ခု" လို့ဆိုလိုက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ နိုင်ငံခြားရေးဆိုင်ရာတာဝန် တွေကိုထမ်းဆောင်နေရတဲ့ သံတမန်နဲ့ အစ္စရေးကိုယ်စားပြုတာဝန်ရှိသူတွေရဲ့ လုံခြုံရေးကို တိုးမြှင့်လုပ်ရမယ်လို့လည်းပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုကတော့ "စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ဂျူးကိုမုန်းတီး တိုက်ခိုက်တဲ့ သတ်ဖြတ်မှုတစ်ခု" လို့ဆိုလိုက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ နိုင်ငံခြားရေးဆိုင်ရာတာဝန် တွေကိုထမ်းဆောင်နေရတဲ့ သံတမန်နဲ့ အစ္စရေးကိုယ်စားပြုတာဝန်ရှိသူတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ရမယ်လို့လည်းပြောပါတယ်။

ဂျူးလူမျိုးကိုမုန်းတီးတဲ့ တန်ပြန်တိုက်ခိုက်မှု ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကလည်း ရှုတ်ချခဲ့ပါတယ်။

"မုန်းတီးမှုနဲ့ အစွန်းရောက်ဝါဒအတွက်အမေရိကန်မှာနေရာမရှိ စေရဘူး" လို့ Truth ဆိုရှယ်မီဒီယာက သူရဲ့အကောင့်ကနေ ရေးသားခဲ့ပါတယ်။

မတော်တဆမှုအကြောင်း ထရမ့်နဲ့ နေတန်ညာဟုတို့ ဖုန်းပြောခဲ့ပြီး အမေရိကန်သမ္မတက ဝမ်းနည်းကြောင်းဖော်ပြခဲ့တယ်လို့ ဖုန်းပြောဆိုမှုအကြောင်း အရာတွေကိုဖတ်ကြားပြောပြမှုအရသိရပါတယ်။