သမ္မတ ကနေဒီ လုပ်ကြံခံရမှုနဲ့ဆက်စပ်ပြီး အသစ်ထုတ်လိုက်တဲ့ဖိုင်တွေထဲက သိသင့်တဲ့အချက် ၄ ချက်

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဂျိတ် ဟာတန်
- ရာထူးတာဝန်, BBC Verify
- ရေးသားသူ, ရှာယာ ဆာဒါရီဒါး
- ရာထူးတာဝန်, BBC Verify
- ရေးသားသူ, မိုက်ခ် ဝမ်းဒလင်း
- ရာထူးတာဝန်, BBC News
အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီ လုပ်ကြံခံရမှုကို စုံစမ်းမှုနဲ့ဆက်စပ်တဲ့ စာရွက်စာတမ်း အသစ် ၂,၀၀၀ ကျော်မှာ စာရွက်တွေထဲမှာပါတဲ့အကြောင်းအရာထက် ဘာတွေ ချန်လှပ်ထားတယ်ဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
ကျွမ်းကျင်သူအများစု မျှော်လင့်ထားတဲ့အတိုင်း သမ္မတထရမ့်အစိုးရက အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ စာရွက်စာတမ်းတွေဟာ အမေရိကန်သမိုင်းမှာ အလှည့်အပြောင်းဖြစ်စေတဲ့ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်တဲ့ ၁၉၆၃ ခုနှစ်တုန်းက ဒါးလပ်စ်မြို့မှာ သမ္မတ ကနေဒီလုပ်ကြံခံရမှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး တအုံနွေးနွေးမေးခွန်းတွေအတွက် အဖြေပါမလာခဲ့ပါဘူး။
ဒါပေမဲ့ အခု နောက်ဆုံး ထုတ်လိုက်တဲ့ စာရွက်စာတမ်း အပုံလိုက်ထဲမှာတော့ အရင်ကလိုမျိုး ဗလာလုပ်ထားတာ ဒါမှမဟုတ် မင်အမည်းသုတ်ပြီး ကန့်သတ်အနေနဲ့လုပ်ထားတာမျိုး မရှိသလောက် စာရွက်စာတမ်းတွေလည်း ပါလာပါတယ်။ အဲဒီကနေ သမ္မတကနေဒီကို ပစ်ခတ်တဲ့ သေနတ်သမားကို အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) က ဘယ်အချိန်ထဲက စောင့်ကြည့်နေခဲ့သလဲဆိုတာမျိုး သိလာရပါတယ်။
အမေရိကန်အစိုးရ စုံစမ်းစစ်ဆေးမှုတစ်ခုကတော့ ကနေဒီရဲ့ ယာဥ်တန်းကို အနီးနား အဆောက်အဦတစ်လုံးကနေ သေနတ်နဲ့ ပစ်ခတ်သူဟာ အဲဒီတုန်းက နေအိမ်အတည်တကျမရှိသူ၊ ဆိုဗီယက်ပြည်ထောင်စုဆီကို ဘက်ပြောင်းခဲ့ဖူးသူ အမေရိကန် မရိန်းတပ်သားဟောင်း လီး ဟာဗေး အော့စ်ဝဲလ်ဖြစ်တယ်၊ ဒီလုပ်ကြံမှုကို သူတစ်ဦးတည်း လုပ်ခဲ့တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
ဒါပေမဲ့ ဒီအမှုဟာ လျှို့ဝှက်ပူးပေါင်းကြံစည်မှုဆိုတဲ့ထင်မြင်ယူဆချက်တွေနဲ့အတူ မေးခွန်းတွေ ကျန်နေဆဲဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ကြာအပြီးမှာတော့ အခုနောက်ဆုံး ထုတ်လိုက်တဲ့ စာရွက်စာတမ်းတွေဟာ ဒါကို ပြောင်းလဲသွားနိုင်ခြေတော့ မရှိသေးပါဘူး။ အဲဒီထဲက အခရာကျတဲ့ အကြောင်းအရာတွေကို ရှင်းပြသွားပါမယ်။
လုပ်ကြံသူလို့ဆိုတဲ့ အော့စ်ဝဲလ် အကြောင်း ပိုပါဝင်လာ
ကျွမ်းကျင်သူအများစုကတော့ အခုလို ထုတ်ပြန်တာဟာ အမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုအတွက် ခြေလှမ်းတစ်လှမ်းဖြစ်တယ်လို့ ချီးကျူးစကားပြောပါတယ်။ အရင်တုန်းကတော့ သိန်းနဲ့ချီတဲ့ စာရွက်စာတမ်းတွေ အများပြည်သူကြည့်နိုင်အောင် လုပ်ခဲ့ပေမဲ့ တချို့တဝက်ကို မျဥ်းအမည်းတွေနဲ့ ပိတ်ထားခဲ့တာပါ။
အမျိုးသားလုံခြုံရေးစိုးရိမ်ချက်တွေရှိနေတယ်လို့ဆိုပြီး အရာရှိတွေက စာရွက်စာတမ်းအချို့ကို မထုတ်ပြန်ခဲ့ပါဘူး။
အခုထုတ်လိုက်တဲ့စာရွက်စာတမ်းအသစ်အများစုထဲမှာ အရင်က ထုတ်ခဲ့ဖူးတာတွေလည်းပါဝင်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပြည့်ပြည့်စုံစုံပါဝင်တဲ့ပုံစံနဲ့ပါ။ ဒီစာရွက်ပုံတွေကြား ထူးတာများ ပါလေမလားလို့ ပညာရှင်တွေ ရှာဖွေနေဆဲဖြစ်ပေမဲ့ ဟင်ကနဲဖြစ်စေမယ့် ဇာတ်ကြောင်းတွေတော့ ထွက်ပေါ် မလာသေးပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့လည်း JFK လုပ်ကြံခံရမှု ဆက်စပ်အချက်အလက်များ (JFK Facts) ဘလော့ရဲ့ အယ်ဒီတာလည်းဖြစ်၊ ဝါရှင်တန်ပို့စ် သတင်းစာ သတင်းထောက်ဟောင်းလည်းဖြစ်တဲ့ ဂျက်ဖာဆင် မော်လီကတော့ ''၁၉၉၀ ပြည့်နှစ်တွေကတည်းက ထုတ်လာသမျှ မှတ်တမ်းတွေထဲ အခုတစ်ကြိမ်က စိတ်လှုပ်စရာအကောင်းဆုံး သတင်း'' လို့ ဆိုပါတယ်။
''သိပ်ကို အရေးပါတဲ့စာရွက်စာတမ်းတော်တော်များများ ဒီတစ်ကြိမ်မှာ အများပြည်သူကြည့်ခွင့်ရလာတယ်'' လို့ သူက ပြောပါတယ်။
ဒီစာရွက်စာတမ်းတွေဟာ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (CIA) က အော့စ်ဝဲလ်ကို ထောက်လှမ်းခဲ့မှု အတိုင်းအဆကို မြင်လာရတယ်လို့ မော်လီကပြောပြီး ဘယ်လောက်အတိုင်းအဆအထိ ထောက်လှမ်းခဲ့တယ်ဆိုတာဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပိုရှင်းလင်းလာတာဖြစ်ပါတယ်။
လုပ်ကြံမှုမတိုင်ခင်ကတည်းက ''သူဟာ CIA ရဲ့ အာရုံစိုက်မှုကို နက်နက်ရှိုင်းရှိုင်းခံခဲ့ရသူတစ်ယောက်'' လို့ သူက ပြောပါတယ်။
ကနေဒီကို လုပ်ကြံသတ်ဖြတ်မှုအကြောင်း ၂၀၁၃ ခုနှစ်မှာ စာအုပ်တစ်အုပ်ရေးသားခဲ့တဲ့ ဖိလစ် ရှီနွန်ကတော့ အရင်က ထုတ်ပြန်ခဲ့တဲ့ စာရွက်စာတမ်းတွေမှာလည်း အော့စ်ဝဲလ်ဟာ လုပ်ကြံသတ်ဖြတ်မှုမတိုင်ခင် လပိုင်းအလို ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလမှာ မက္ကစီကို စီးတီးမြို့ကို သွားခဲ့တာကို ဖော်ပြထားတာမျိုး ပါလာတယ်လို့ AP သတင်းမှာ ပြောပါတယ်။
အမေရိကန်ထောက်လှမ်းရေး CIA ဟာ အော့စ်ဝဲလ်ကို "မပြတ် စောင့်ကြည်နေခဲ့တာ'' လို့လည်း သူက AP ကိုပြောပါတယ်။ ''ကနေဒီကို သတ်မယ့်အကြောင်း မက္ကဆီကိုစီးတီးကို ရောက်တုန်းမှာ သူ ထုတ်ပြောခဲ့တယ်လို့ ယုံကြည်နိုင်လောက်စရာရှိတယ်။ အဲဒီအကြောင်း လူတွေလည်း ကြားခဲ့နိုင်ခြေရှိတယ်။''
အရင်က ထုတ်ပြန်ခဲ့ဖူးတဲ့ ၁၉၇၅ ခုနှစ်၊ ဧပြီလ မှတ်တမ်းမှာဆိုရင် CIA ဟာ အော့စ်ဝဲလ် တစ်ယောက် မက္ကစီကိုစီးတီးကို သွားခဲ့တယ်ဆိုတာကို သိတယ်ဆိုတာမျိုးပဲ ဖော်ပြခဲ့တာလို့ AP က ဖော်ပြပါတယ်။
CIA ဟာ အော့စ်ဝေါနဲ့ ဆိုဗီယက်သံရုံးက အစောင့်တစ်ယောက်တို့ အပြန်အလှန် ခေါ်ခဲ့ကြတဲ့ ဖုန်းခေါ်မှု သုံးကြိမ်ကို အသံဖမ်းခဲ့ပေမဲ့ အဲဒီထဲမှာ အော့စ်ဝဲလ်ဟာ သူ ဘယ်သူဖြစ်ကြောင်း တစ်ကြိမ်ပဲ ပြောထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters/Dallas Police Department
ထောက်လှမ်းရေး နည်းနာတွေအကြောင်းလည်းပါဝင်လာ
ကနေဒီတစ်ယောက် မသေဆုံးခင်မှာ CIA နဲ့ သူ့ကြားက ဆက်ဆံရေးနဲ့ ထောက်လှမ်းရေးအချက်အလက် စုဆောင်းမှုနည်းတွေလည်း အခုထုတ်ပြန်တဲ့စာရွက်စာတမ်းတချို့မှာ ပါဝင်လာတာကြောင့် စစ်အေးခေတ် ထောက်လှမ်းရေးနည်းနာတွေကို လှစ်ဟပြရာလည်းရောက်နေပါတယ်။
မင်အမည်း မတားထားတဲ့မှတ်တမ်းအသစ်တစ်ခုမှာဆိုရင် ကနေဒီရဲ့လက်ထောက် အာသာ ရှယ်ဆင်ဂျာ လက်ရေးမူနဲ့ရေးထားတဲ့မှတ်စုတစ်ခုကို ပိုပြီး ပီပီပြင်ပြင်မြင်ရပါတယ်။
နိုင်ငံခြားရေးမူဝါဒကို ပုံဖော်ရာမှာ CIA ရဲ့ အခန်းကဏ္ဍနဲ့ အရေးပါမှုနဲ့ပတ်သက်ပြီး အမေရိကန် သံရုံးတွေတိုင်း CIA ရဲ့ လက်တံခြေတံဆန့်မှုကို အဲဒီမှတ်စုမှာမြင်နိုင်ပါတယ်။ ပြင်သစ်လို အမေရိကန်မဟာမိတ်နိုင်ငံတွေမှာတောင် CIA ရှိခဲ့တာကိုလည်း အဲဒီမှတ်စုက ပြပါတယ်။
အဲဒီမှတ်စုထဲမှာတော့ အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ CIA ရဲ့ လွှမ်းမိုးမှုကို ရှယ်ဆင်ဂျာက ကနေဒီကို သတိပေးထားတာတွေ့ရပါတယ်။ လုပ်ကြံသတ်ဖြတ်မှုနဲ့ တိုက်ရိုက်သက်ဆိုင်တာမျိုးမရှိပေမဲ့ သမ္မတနဲ့ ထောက်လှမ်းရေး အေဂျင်စီတွေကြား အဆင်မချောမှုကို အဲဒီမှတ်တမ်းမှာ မြင်နိုင်ပါတယ်။
CIA ဟာ အစဥ်အလာအားဖြင့် လည်ပတ်ပုံနဲ့ သုံးစွဲတဲ့ငွေကြေးအချက်အလက်တွေကို ထုတ်ပြန်ဖို့ ငြင်းလေ့ရှိခဲ့တယ်လို့ သမ္မတလုပ်ပိုင်ခွင့်နဲ့ CIA ရေးရာ ကျွမ်းကျင်သူလည်းဖြစ်၊ ဗီလာနိုဗာတက္ကသိုလ်က ပါမောက္ခလည်းဖြစ်တဲ့ ဒေးဗစ် ဘာရက်က ပြောပါတယ်။
''ဖျက်ထားတဲ့အပိုင်း အနည်းအကျဥ်းပါတယ်ဆိုရင်တောင်မှ အစိုးရအနေနဲ့ ဒီလို စာရွက်စာတမ်းတွေကို ထုတ်ပြန်တာဟာ သိပ်ကို ကောင်းတဲ့အရာပါ'' လို့ သူက ပြောပါတယ်။
မှတ်တမ်းတစ်ရွက်မှာဆိုရင် ဖလူရိုစကုတ်ပစ် စကန်းနင်းလို့ခေါ်တဲ့ အရာဝတ္တုတွေရဲ့အတွင်းပိုင်းမြင်ကွင်းကို မြင်တွေ့နိုင်ဖို့သုံးတဲ့ အိတ်စ်ရေးနည်းပညာကိုလည်း အသုံးပြုတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကို ဖော်ပြထားပါတယ်။
အဲဒီနည်းပညာဟာ CIA ရုံးတွေကို ထောက်လှမ်းဖို့ လျှို့ဝှက်တပ်ထားတဲ့ မိုက်ခရိုဖုန်းတွေ ရှိ၊ မရှိ ဆိုတာကို သိအောင် ထောက်လှမ်းတဲ့နည်းပညာဖြစ်ပါတယ်။
နောက်ထပ် စာရွက်တစ်ရွက်မှာတော့ CIA ဟာ အများသုံးဖုန်းရုံတွေမှာ ဘယ်ဖုန်းရုံက ကြားဖြတ်နားထောင်ဖို့ လုပ်ထားတဲ့ဖုန်းရုံလဲဆိုတာ ခွဲခြားသိနိုင်အောင် ခရမ်းလွန်ရောင်အလင်းရောင်နဲ့ ထိုးကြည့်မှ မြင်နိုင်တဲ့ သုတ်ဆေးတစ်မျိုးကို အသုံးပြုတဲ့စနစ်ကို သုံးတယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီမှတ်တမ်းဟာ အထဲမှာပါတဲ့နာမည်တွေထဲက တစ်ခုကြောင့်လည်း ထူးခြားနေပါတယ်။ အဲဒီ နာမည်က ဂျိမ်းစ် မက်ကော့ ဖြစ်ပါတယ်။ သူက နောက်ပိုင်းမှာ ဝါးတားဂိတ်အဆောက်အဦထဲ ဖောက်ဝင်ခဲ့တဲ့အမျိုးသားတွေထဲက တစ်ဦးဖြစ်တာကြောင့် အရှက်ကြုံခဲ့ရသူလည်းဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့်ပဲ သမ္မတ ရစ်ချတ် နစ်ဆင် ပြုတ်တဲ့အထိ ဖြစ်ခဲ့ပြီး ဝါးတားဂိတ် အရှုပ်တော်ပုံလို့ ကမ္ဘာကျော်ခဲ့ပါတယ်။
တခြားဇာတ်လမ်းတွေလည်း ပေါ်လာ
အခုတစ်ခေါက် ထုတ်ပြန်လိုက်တဲ့စာရွက်စာတမ်းတွေဟာ ကနေဒီအပေါ် ကာလရှည်ကြာ စွပ်စွဲထားတဲ့ ဇာတ်ကြောင်းတွေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်အသေးစိတ်လည်း ပါလာတယ်လို့ အွန်လိုင်းပေါ်မှာ လူသိများတဲ့အကောင့်တစ်ချို့က ပြောပါတယ်။ တချို့အချက်အလက်တွေဟာ လူထုကြားထဲမှာရောက်နေတာ နှစ်ပေါင်းများစွာတောင် ကြာနေပြီလို့ဆိုပါတယ်။
အဲဒီထဲမှာ ဒုတိယကမ္ဘာစစ်တုန်းက စစ်စုံထောက် ဂယ်ရီ အန်ဒါဟေးအကြောင်းလည်း ပါဝင်ပါတယ်။ မစ္စတာ အန်ဒါဟေးက ကနေဒီလုပ်ကြံခံရမှု နောက်ကွယ်မှာ CIA စုံထောက်တွေပါဝင်တဲ့ နိုင်ငံရေးလျှို့ဝှက်ကြံစည်တဲ့ လူတစ်စုရှိနေခဲ့တယ်ဆိုပြီး ပြောခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီသီအိုရီကိုလည်း လက်ဝဲယိမ်းမဂ္ဂဇင်း ရမ်းပါ့စ်မှာ ၁၉၆၇ ခုနှစ်တုန်းက ဖော်ပြခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာ မစ္စတာ အန်ဒါ ဟေးလ် သေဆုံးခဲ့တာကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှုအဖြစ် သတ်မှတ်ခံရပါတယ်။ ဒါပေမဲ့ မဂ္ဂဇင်းကတော့ ဒါကို သံသယပွားခဲ့ပါတယ်။
မစ္စတာ အန်ဒါဟေးနဲ့ပတ်သက်ပြီး စာမျက်နှာ ၇ ရွက်ပါတဲ့ မှတ်တမ်းတစ်ခုရဲ့ ဓာတ်ပုံတွေဟာ အင်္ဂါနေ့ တုန်းက လူမှုကွန်ရက်မှာ အတော်လေး ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဒီစာရွက်တွေဟာ အသစ်တွေတော့ မဟုတ်နေပြန်ပါဘူး။ သူ့အကြောင်း အွန်လိုင်းမှာ ပြောနေခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီအကြောင်း ပြောထားတဲ့ CIA မှတ်တမ်းဟာလည်း ၂၀၁၇ ခုနှစ်ကတည်းက ပထမဆုံး ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
အခုနောက်ဆုံးထုတ်လိုက်တဲ့စာရွက်စာတမ်းထဲမှာ အဲဒီမှတ်တမ်းထဲက စာရွက်တစ်ရွက်ဟာ မင်အမည်း မသားထားဘဲ ပါဝင်လာတာပါ။
ပြီးတော့ အပေါ်မှာပြောခဲ့တဲ့ သီအိုရီဟာ မစ္စတာ အန်ဒါဟေး သေဆုံးပြီးမှ ထုတ်ပြန်တဲ့ တဆင့်ပြန်လည်ပြောကြားချက်ဖြစ်နေတာကြောင့် သက်သေခိုင်ခိုင်မာမာ မပါဝင်ပါဘူး။
ဒါပေမဲ့ ဒီအကြောင်းဟာ အခုနောက်ဆုံးထုတ်လာတဲ့ဖိုင်တွေ တသီကြီးရဲ့နောက်ဆက်တွဲ ပြောကြ ဆိုကြ ခန့်မှန်းကြတဲ့သီအို တစ်တန်းကြီးထဲက တစ်ခုဖြစ်ပါတယ်။
ဖိုင်တွေအားလုံးမှာ စာတွေကို လုံးဝ ဖြတ်ထားတာလား
၁၉၉၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရ ကနေဒီလုပ်ကြံခံရမှုနဲ့ ဆက်နွှယ်တဲ့စာရွက်စာတမ်းတွေကို ၂၅ နှစ်အတွင်း ထုတ်ပြန်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားလုံခြုံရေး စိုးရိမ်ချက်နဲ့ ချွင်းချက်ဆိုတာမျိုးတော့ ပါဝင်ပါတယ်။
ပိုပြီးပွင့်လင်းမြင်သာမှုရှိဖို့ တိုက်တွန်းကြရာကနေ အခုလို ဖိုင်တွေ ထပ်မံ ထုတ်ပြန်တာမျိုးဖြစ်လာတာပါ။ သမ္မတ ထရမ့်က သူ့ရဲ့ပထမအကြိမ် သက်တမ်းမှာလည်း စာရွက်စာထမ်းတွေကို ထုတ်ပြန်ခဲ့သလို သမ္မတ ဘိုင်ဒန်ကလည်း ၂၀၂၃ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တာမျိုးရှိပါတယ်။
အခုစာရွက်စာတမ်းအသစ်တွေ မထုတ်ခင် သမ္မတထရမ့်ကတော့ အဲဒီစာရွက်စာတမ်းတွေမှာ ''မင်အမည်းသား'' တာမျိုး လုံးဝ မလုပ်ဖို့ သူ့ဝန်ထမ်းတွေကို တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့ အကုန်လုံးတော့ မူရင်းအတိုင်း မပါလာပါဘူး။ စာရွက်စာတမ်းအသစ်တွေမှာ တည်းဖြတ်မှု အချို့ပါဝင်နေပါသေးတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ အခုနောက်ဆုံးထုတ်ပြန်မှုဟာ ပိုပြီး ပွင့်လင်းမြင်သာမှုကို ဦးတည်စေတဲ့ခြေလှမ်းလို့ ကျယ်ကျယ်ပြန့်ပြန့်မှတ်ယူကြပါတယ်။
JFK Files သတင်းထောက် မော်လီ ကတော့ ထပ်ပြီး ထုတ်ဖို့ရှိတဲ့ စာရွက်စာတမ်းတွေဟာ မော်ကွန်း တိုက်ထဲမှာ ရှိနေသေးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ CIA နဲ့ FBI က သိမ်းထားတယ်ဆိုတဲ့စာရွက်စာတမ်းတွေကတော့ ဘယ်လောက်အထိ ရှိနေမလဲဆိုတာ မသိရပါဘူး။
ရောဘတ် အက်ဖ် ကနေဒီ စီနီယာနဲ့ မာတင် လူသာ ကင်း ဂျူနီယာတို့ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်တဲ့ နောက်ထပ် စာရွက်စာတမ်းတွေ ထုတ်ပြဖို့ရှိပေမဲ့ ဂျွန်အက်ဖ် ကနေဒီ လုပ်ကြံခံရမှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကတော့ ဆက်ရှိနေပါတယ်။
''လုပ်ကြံမှုတစ်ခုရှိတိုင်းမှာ အဲဒါနဲ့ပတ်သက်ပြီး အငြင်းအခုန်ဆွေးနွေးကြတာတွေရှိဦးမှာပဲ။ အဲဒီမှာ တချို့ကလည်း ပူးပေါင်းကြံစည်ကြတယ်ဆိုတဲ့တွေးကြခေါ်ကြ ယူဆကြတာတွေ ရှိဦးမှာပါပဲ'' လို့ ဗီလာနိုရာက သမိုင်းပညာရှင် ဘာရက်က ပြောပါတယ်။
''ဒီအခြေအနေက ဒီစာရွက်တွေပဲကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်စာရွက်တွေကြောင့်ပဲဖြစ်ဖြစ် ပြောင်းလဲသွားမှာမဟုတ်ပါဘူး။''











