ကနေဒီ ကွယ်လွန်တာ နှစ် ၅၀ ပြည့် ကျင်းပ

နိုဝင်ဘာလ ၂၂ ရက် နေ့ဟာ အမေရိကန် ပြည်ထောင်စု မှာတော့ သမိုင်းဝင် နေ့တနေ့ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ က အဲဒီ နေ့မှာ အမေရိကန်ရဲ့ ၃၅ ယောက်မြောက် သမ္မတဖြစ်တဲ့ ဂျွန် အက်ဖ် ကနေဒီ ဟာ ဒါးလတ်စ် မြို့မှာ လုပ်ကြံ ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနေ့မှာတော့ အမေရိကန် ပြည်ထောင်စုမှာ သူလုပ်ကြံ ခံခဲ့ရတာ နှစ် ၅၀ ပြည့်တဲ့ အခမ်း အနားတွေကို ကျင်းပ ခဲ့ကြပါတယ်။
သူ လုပ်ကြံ ခံခဲ့ရတဲ့ မြို့အဖြစ်နဲ့ အရိပ်မည်းကြီး ထိုးနေခဲ့တဲ့ တက္ကဆက် ပြည်နယ်က ဒါးလတ်စ် မြို့မှာဆိုရင်လည်း အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။
ဒါးလတ်စ် မြို့ရဲ့ သံစုံ တီးဝိုင်းက ခေါင်းလောင်းသံတွေနဲ့ အလေးပြု ခဲ့ကြသလို မြို့တော်ဝန်ကလည်း ကျွန်တော်တို့အားလုံးကို ကိုယ်ကျိုး စီးပွားထက် တိုင်းပြည် အကျိုးကို ဦးစားပေးဖို့ ပြောခဲ့တဲ့ သမ္မတရဲ့ ခေါင်းဆောင်မှု အမွေ အနှစ် တွေကို ဒီနေ့ ဂုဏ်ပြု ကြတာ ဖြစ်တယ်လို့ ပြောသွား ခဲ့ပါတယ်။
သမ္မတ ကနေဒီ သေနတ် ထိမှန်ခဲ့တဲ့ ဒီလေး ပလာဇာ နေရာ မှာဆိုရင်လည်း လူတွေ ကြိတ်ကြိတ် တိုး နေခဲ့ပါတယ်။
သမ္မတ ကနေဒီကို မြှုပ်နှံ ထားတဲ့ ဝါရှင်တန် မြို့တော် အနားက အာလင်တန် သုသာန် မှာလည်း ကျန်ရစ်တဲ့ မိသားစု ဆွေမျိုးတွေက ပန်းခွေ ချလို့ ဂုဏ်ပြု ခဲ့ကြပါတယ်။
အမေရိကန်ရဲ့ လက်ရှိ သမ္မတ အိုဘားမား ကိုယ်တိုင်ကလည်း အဲဒီ နေ့ အတွက် အိမ်ဖြူတော်မှာ အလံ တိုင်ဝက် လွှင့်ဖို့ကို ညွှန်ကြား ထားခဲ့ပါတယ်။
သမ္မတ ကနေဒီကို အောက်မေ့ သတိရကြတာ အမေရိကန် မှာသာ မကပါဘူး။ စစ်အေး တိုက်ပွဲကာလ အတွင်း ၁၉၆၃ ဇွန်လမှာ နာမည်ကျော် ကျွန်တော် ဘာလင်သား ဆိုတဲ့ မိန့်ခွန်း ပြောခဲ့တဲ့ ဂျာမနီက ဘာလင်မြို့တော် မှာလည်း ပန်းခွေချ ဂုဏ်ပြု ခဲ့ကြပါတယ်။
ဒီမိုကရက် တဦး ဖြစ်တဲ့ သမ္မတ ကနေဒီဟာ ၂၀ ရာ စု အတွင်းမှာ အမေရိကန် နိုင်ငံရေး လောကအတွင်းမှာ ဩဇာ အရှိဆုံး မိသားစု တွေထဲက တခုကနေ ပေါ်ထွက် လာသူလည်း ဖြစ်ပါတယ်။
သူဟာ ကွယ်လွန်ချိန်မှာ အသက် ၄၆ နှစ်သာ ရှိသေးပြီး သမ္မတ အဖြစ် တာဝန် ထမ်းဆောင်တဲ့ အချိန်က တကယ်တမ်းမှာ ၃ နှစ် မရှိခဲ့ပေမယ့် သူ့ကို အမေရိကန် ရဲ့ အထူးချွန်ဆုံး နဲ့ အကောင်းဆုံး သမ္မတ တွေထဲက တယောက် အဖြစ် သတ်မှတ်ကြ ပါတယ်။
သူ့ရဲ့ ပျိုမြစ် တက်ကြွတဲ့ ခေါင်းဆောင်မှုတွေ နဲ့ ကျူးဘား ဒုံးပျံ အရေး အခင်းကို ကိုင်တွယ် ခဲ့ပုံတွေ၊ နောက်ပြီး လပေါ်ကို လူရောက်အောင် သွားဖို့ အစပျိုးပေး ခဲ့တဲ့ လုပ်ဆောင်မှု တွေကို ဂုဏ်ပြု စရာ စွမ်းဆောင်ခဲ့မှု တွေအဖြစ် သတ်မှတ် ထားကြ ပါတယ်။
၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နေ့မှာတော့ သမ္မတ နောက်တကြိမ် အရွေးခံရေး အတွက် မဲဆွယ်ဖို့ ဒါးလတ်စ် မြို့ကို အမိုးဖွင့်ထားတဲ့ ကားနဲ့အလာ နေ့လည် ၁၂ နာရီ ခွဲလောက်မှာ သူ့ကို ကြိုနေ ကြသူတွေကို နုတ်ဆက် နေစဉ်မှာပဲ သူ့ရဲ့ ဦးခေါင်းနဲ့ လည်ပင်းကို သေနတ်နဲ့ လှမ်းပစ်ပြီး လုပ်ကြံ ခံခဲ့ရတာပါ။
နောက်နာရီဝက် အကြာမှာတော့ သူကွယ်လွန်သွား ခဲ့ပါတယ်။
သူ့ကို လုပ်ကြံခဲ့သူ ကတော့ အရင် အမေရိကန် စစ်တပ်က ကမ်းတက် တပ်သားဟောင်း တဦး ဖြစ်တဲ့ လီဟာ ဗေ အော့စဝေါလ် ဖြစ်ပါတယ်။
အဲဒီနှစ် နိုဝင်ဘာ တလလုံး အမေရိကန်တွေ ကြေကွဲ ဝမ်းနည်းခဲ့ကြပါတယ်။ တချို့ဆို ခုထက်ထိတောင် အဲဒီ နေ့ကို သတိရ နေကြတုန်း ဖြစ်ပါတယ်။
ဒါပေမယ့် သမ္မတ ကနေဒီကို သတိရကြ သူတွေထဲမှာ အဲဒီ အချိန်က ရှိနေပြီးသား လူတွေတင်မကပါဘူး။ ဒီနေ့ခေတ် လူငယ်တွေလည်း ပါပါတယ်။
အမေရိကန် လူငယ်လေး တဦး ဖြစ်တဲ့ တိုင်လာ ဖရစ္စခ် က သမ္မတ ကနေဒီဟာ အမေရိကန်ရဲ့ အထူးချွန်ဆုံး လူတွေထဲက တယောက်ပါ။ သူ့ရဲ့ တွေးခေါ် လုပ်ကိုင်ပုံတွေ ၊ မိန့်ခွန်းတွေဟာ ဒီနေ့ အထိကို ကျိုးကြောင်း ဆီလျော် နေတုန်း ပါလို့ ပြောသွား ခဲ့ပါတယ်။
သမိုင်း ပညာရှင် တယောက်ဖြစ်တဲ့ ရောဘတ် ဒါးလက်ခ် ကတော့ အမေရိကန် တွေအကြားမှာ သမ္မတ ကနေဒီ ဟာ အခုထက်တိုင် လူကြိုက်များ ၊ ကျော်ကြား နေရတာ ကတော့ သူ့နောက်မှာ တက်လာသူတွေ သူ့လောက် မစွမ်းဆောင် နိုင်ကြလို့ပဲလို့ သုံးသပ်ပါတယ်။








