ဂျွန် အက်ဖ် ကနေဒီ လုပ်ကြံခံရမှု အချက်အလက် အသစ်တွေကို ထောက်လှမ်းရေးမှူးဟောင်း တယောက်က ဖွင့်ချ

ကေလာ အက်ပ်စတိန်း

ဘီဘီစီ သတင်းဌာန

JFK

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တက္ကဆက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျွန် ကော်နယ်လီကို ဂျွန် အက်ဖ် ကနေဒီ နဲ့ ဂျက်ကလင်း ကနေဒီတို့ ရဲ့ ရှေ့ထိုင်ခုံမှာတွေ့ရ

အမေရိကန်သမိုင်းမှာ ရနိုင်သမျှ အသေးစိတ်တွေကို ထပ်ထပ်ပြီးရအောင် ထဲထဲ ဝင်ဝင် ပြန်လေ့လာ ပြန်ဆန်းစစ်ခဲ့တဲ့ အဖြစ်ကြီးတွေထဲက တခုဖြစ်တဲ့ သမ္မတ ဂျွန် အက်ဖ် ကနေဒီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အခုလို ဆယ်စုနှစ် ၆ ခု လောက် အကြာမှာ အသေးစိတ် အသစ်တွေ ထပ်ပြီး ထွက်ပေါ်လာပါတယ်။

သမ္မတ သေဆုံးတဲ့ ဒီအဖြစ်မှာ အနီးကပ်ရှိနေခဲ့တဲ့ အဲဒီအချိန်က လျှို့ဝှက် ထောက်လှမ်းရေးအေးဂျင့် ပေါလ် လန်းဒစ်စ် (အခု အသက် ၈၈ နှစ်အရွယ်) က မစ္စတာ ကနေဒီ အပစ်ခံရပြီးတဲ့နောက် ကျည်ဖူး တခုကို သူတွေ့ခဲ့ပြီး ကောက်ယူ ခဲ့တယ်၊ နောက် ဆေးရုံရောက်တော့ သမ္မတကို သယ်ယူသွားတဲ့ လူနာတင် ကုတင် လှည်း ပေါ်မှာ ထားပစ်ခဲ့တယ်လို့ မကြာခင်ကာလမှာ ထုတ်ဝေတော့မယ့် သူ့ရဲ့ ဘဝ မှတ်တမ်း စာအုပ်မှာ ပြောထားပါတယ်။

၁၉၆၀ နှစ်တွေကတည်းက ဒီအဖြစ်အပျက်ကြီးထဲက ဖြစ်ပျက်သမျှ အလုံးစုံကို လူပေါင်းများစွာက ဆယ်စု နှစ်ချီ ကြည့်ခဲ့ကြပြီးဖြစ်ပေမယ့် ဒီတမိနစ်စာ အသေးစိတ် လေးက မပါဝင်ခဲ့သေးတဲ့အတွက် မစ္စတာ လန်းဒစ်စ်ပြောတာက တကယ့်ကို အကြီး အမားနဲ့ အရင်က မသိကြရသေးတဲ့ အဖြစ်တခုပါ။

သေနတ်သမား ဘယ်နှယောက် ပါဝင်ခဲ့တယ်၊ ဘယ်သူက အဓိက တရားခံလဲ၊ သမ္မတကို ထိမှန်သွားတဲ့ ကျည်ဆံက ဘယ်နှတောင့်လဲ စတဲ့ လျှို့ဝှက်သီအိုရီတွေ မှတ်ယူချက်တွေက လုပ်ကြံသတ်ဖြတ်မှုကြီးနောက်ပိုင်း ဆယ်စုနှစ်ပေါင်း များစွာကြာလာတဲ့ ဒီနေ့အထိ အမေးတွေကို ဖြစ်ပေါ်နေစေပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားဝင်ပြောထားခဲ့တာတွေနဲ့ ပေါ်ပေါက်လာတဲ့အချက် အလက်အမှန်တွေက ကွဲလွဲနေမယ်ဆိုရင် အမေရိကန်ရဲ့ လျှို့ဝှက်ကြံစည်မှု ခေတ်သစ် သီအိုရီ တခုအဖြစ် ပေါ်လာဦးမှာပါ။

မစ္စတာ လန်းဒစ်စ်ရဲ့ ဇာတ်လမ်းကနေ အပြောင်းအလဲတွေ ဖြစ်လာမှာလား၊ ဒါမှ မဟုတ် ဘာမှ မပြောင်းလဲနိုင်ဘူးလား။

သူ့ စာအုပ် The Final Witness (နောက်ဆုံး သက်သေ) က ဒီလုပ်ကြံမှုနဲ့ ပတ်သက်ပြီး နိုင်ငံတဝန်းက မမေ့ဖျောက်နိုင်ကြဘဲ စိတ်ဝင်စားနေဆဲ ရှိနေကြ သေးတာကို ဆက်ပြီး တာရှည်နေစေဦးမှာလို့ ဆိုကြပါတယ်။

ကနေဒီနဲ့ ပတ်သက်တဲ့အကြောင်းတွေလေ့လာသူ သမိုင်းပညာရှင်တယောက်လည်း ဖြစ်၊ မစ္စတာ လန်းဒစ်စ်ရဲ့ ပြည်သူတွေကို အသိပေးထုတ်ဖော်ချက်အတွက် စီစဉ် ပေးရသူလည်းဖြစ်တဲ့ ဂျိမ်းစ် ရော်ဘင်နော့တ်က “ဒါက ၁၉၆၃ နောက်ပိုင်း ဒီလုပ်ကြံမှုနဲ့ ပတ်သက်တဲ့ အရေးကြီးဆုံး သတင်းပါပဲ” လို့ ပြောပါတယ်။

အမှုဟောင်းက အသေးစိတ်အချက် အသစ်တွေ

ကနေဒီ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ အဓိကအချက်အလက်တွေက အများ သိပြီးဖြစ်သလို၊ ခိုင်ခိုင်မာမာလည်း ဖြစ်ပြီးသားပါ။

၁၉၆၃ နိုဝင်ဘာ ၂၂ရက်နေ့မှာ သမ္မတ ကနေဒီ၊ သမ္မတ က‌တော် ဂျက်ကီ ကနေဒီ၊ တက္ကဆက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျွန် ကော်နယ်လီ ဂျူနီယာနဲ့ သူ့ဇနီး တို့ကို တင်လာတဲ့ ခေါက်အမိုးဖွင့် မော်တော်ကားတစီး ဒဲလ်လပ်စ်က ဒီယဲလ်လီ ပလာဇာ တလျောက်မောင်းလာနေတုန်း သေနတ်ပစ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မစ္စတာ ကနေဒီက ခေါင်းနဲ့ လည်ပင်းတို့မှာ သေနတ်မှန်ခဲ့ပြီး မစ္စတာ ကော်နယ်လီက ကျောကုန်းမှာ ထိပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေက သူတို့ကို အနီးက ပတ်ခ်လန်း မမ်မိုရီယယ် ဆေးရုံကို ခေါ်ယူသွားပါတယ်။ အဲဒီဆေးရုံကပဲ မစ္စတာ ကနေဒီ ကွယ်လွန်သွားပြီ ဆိုတာကို ထုတ်ပြန်ခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ကတော့ အသက်ရှင်ခဲ့ပါတယ်။

JFK

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတ ဂျွန် အက်ဖ် ကနေဒီကို သတ်တဲ့နေရာမှာ သုံးခဲ့တဲ့ ရိုင်ဖယ်သေနတ်ကို ဒဲလ်လပ်စ် ရဲတပ်ဖွဲ့ဝင် တယောက်က မြှောက်ပြီးပြနေစဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီလုပ်ကြံသတ်ဖြတ်မှုအတွက် အစိုးရ စုံစမ်းစစ်ဆေးရေး ဝါရန်း ကော်မရှင် (The Warren Commission) အစီ ရင်ခံစာမှာ သေနတ်သမားက တဦးတည်းဖြစ်ပြီး အဲဒီလူက လီး ဟာဗေး အော့်စ်ဝဲလ် ပါတဲ့။ ကျည်ဆန်အထောက်အထားတွေကလည်း ဒီကောက်ချက်ကို အတည်ပြုဖို့ အထောက်အကူပေးပါတယ်။ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက် သူဟာ ရဲ အချုပ်မှာ ရှိနေစဉ်မှာ ပစ်သတ်ခံရပြီး သေဆုံးသွားပါတယ်။

အစီရင်ခံစာမှာ ကျည်ဆန် တစ်တောင့်ကပဲ မစ္စတာ ကနေဒီ့ကို ဖောက်ထွက်သွားပြီ မစ္စတာ ကော်နယ်လီကို မှန်တယ်၊ သူတို့ ၂ ယောက်ရဲ့ နေရာအတော်များများကို မှန်ခဲ့တယ်လို့ သုံးသပ်နိဂုံးချုပ်ထားပါတယ်။ သေနတ်သမား တစ်ယောက်ပဲ ဒီတိုက်ခိုက်မှုကို လုပ်တာလို့ ဆိုခဲ့ပါတယ်။ အဲဒီ တွေ့ရှိချက်ဟာ “ကျည်ဆန် တစ်တောင့်ထဲ သီအိုရီ” ဒါမှမဟုတ် “မှော်ဝင် ကျည်ဆန် သီအိုရီ” အဖြစ် အမည်ကျော်ခဲ့ပါတယ်။

မစ္စတာ ကော်နယ်လီ ဆေးရုံလူနာတင် ကုတင်လှည်းပေါ်မှာ တွေ့ခဲ့တဲ့ ကျည်ဖူး တခု အပေါ် တစိတ်တပိုင်း မူတည်ပြီး အဲဒီကော်မရှင်က သူတို့ သုံးသပ်ချက်ကို အခြေပြု ထားပါတယ်။

အဲဒီအချိန်ထိ ဒီကျည်ဖူး ဘယ်နေရာက ရောက်လာခဲ့သလဲ ဆိုတာ ဘယ်သူမှ မသိခဲ့ ပါဘူး။ ဒါပေမဲ့ ဆရာဝန်တွေ မစ္စတာ ကော်နယ်လီကို ကုသဖို့ အသည်းအသန် ကြိုးစားနေချိန်မှာ သူ့ကိုယ်ကနေ ဒီကျည်ဖူးဟာ ပြုတ်ပြီးထွက်ကျလာခဲ့တာလို့ ကော်မရှင်က နိဂုံးချုပ်ထားပါတယ်။

တရားဝင် အစီရင်ခံစာအပေါ် သံသယဝင်သူတချို့က ကျည်ဆန် တဆန် ထဲ ဆိုတဲ့အချက် ကို သိပ်မယုံကြပါဘူး၊ ကျည်ဆန် တခုထဲကနေ လူ ၂ယောက်ကို ဒဏ်ရာတွေ အများကြီး ဖြစ်အောင် လုပ်နိုင်ပါ့မလားလို့ သူတို့ သံသယရှိကြပါတယ်။

မစ္စတာ လန်းဒစ်စ်ရဲ့ ဖွင့်ဟချက်က နောက်ထပ် အချက်အလက် အသစ်ကြီး တချက်လည်း ဖြစ်သလို၊ ကျည်ဆန် က တဆန် ထဲဆိုတဲ့ သီအိုရီကို ပိုပြီး ရှုပ်ထွေး လာစေပါတယ်။

အဲဒီ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ခဲ့တဲ့နေ့က မစ္စတာ ကနေဒီနဲ့ ပတ်သက်တဲ့ အသေးစိတ် တွေကို အဲဒီတုန်းက အသက် ၂၈ နှစ်အရွယ် မစ္စတာ လန်းဒစ်စ်က ပြောပြပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာ သူက သမ္မတ ကနေဒီနဲ့ ပေအနည်းငယ် အကွာမှာပဲ ရှိနေပြီး သမ္မတ ခေါင်းကို မှန်သွားတာကို သူတွေ့ခဲ့ရပါတယ်။

နောက်တော့ တကယ့် ကသောင်းကနင်း ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတော့တယ်။ အဲဒီတုန်းက သူ ဘာတွေလုပ်ခဲ့သလဲဆိုတာကို သူရဲ့ အနီးကပ်သူငယ်ချင်း တချို့က လွဲလို့ မစ္စတာ လန်းဒစ်စ်က ဘယ်သူကိုမှ သူ မပြောပြခဲ့ပါဘူး။

အခုတော့ နယူးရော့ခ်တိုင်းမ် အင်တာဗျူးမှာ မစ္စတာ လန်းဒစ်စ်က ဆေးရုံကို ကားတန်း ရောက်သွားတဲ့အခါ၊ မစ္စတာ ကနေဒီ စီးခဲ့တဲ့ ကား နောက်ခန်းမှာ ကျည်ဖူး တခု ကျနေတာကို သူတွေ့ခဲ့ရတယ်။

သူ အဲဒီကျည်ကို ကောက်ယူခဲ့ပြီး အိတ်ထဲ ထည့်ထားလိုက်တယ်။ သူမှတ်မိသမျှ သူ အဲဒီနောက် မကြာခင်လေးမှာ သမ္မတ ကနေဒီကို အရေးပေါ်ကုသပေးနေတဲ့ အခန်း ထဲမှာ သူရှိနေခဲ့တယ်။ သူက အဲဒီမှာ သမ္မတကို သယ်သွားတဲ့ လူနာတင် ဘီးတပ် ကုတင်လှည်း ပေါ်မှာ အဲဒီ ကျည်ဖူးကို တင်ပေးလိုက်တယ်၊ ဒါမှ အထောက် အထား က သူ့ ကိုယ်ခန္ဓာနဲ့ အတူရှိသွားမှာလို့ ပြောပါတယ်။

“အဲဒီမှာ အကာအကွယ်ပေးမယ့်သူတယောက်မှ မတွေ့ဘူး၊ ဒါက တကယ့်ကို စိတ် အနှောင့်အယှက်ဖြစ်စရာကြီးပါ” လို့ မစ္စတာ လန်းဒစ်စ်က နယူးရော့ခ် တိုင်းမ် ကို ပြောပါတယ်။

“အဖြစ်အပျက်တွေက သိပ်မြန်မြန်ကြီးဖြစ်သွားတယ်။ ဒါက အထောက်အထား တခု ပါလားဆိုတာတွေ တွေးမိတယ်”... “ဒါက သိပ်အရေးကြီး ပါလား၊ ဒါကို မပျောက်ဆုံး စေချင်ဘူး။”

မစ္စတာ လန်းဒစ်စ်က ဒီ အထောက်အထားကို အရင်က လူရှေ့မှာ ထုတ်ဖော်ပြောဖို့ လုပ်ခဲ့ပုံမရပါဘူး၊ ဝါရန်း ကော်မရှင်ကလည်း သူ့ကို မမေးမြန်းဖူးပါဘူး။ တရားဝင် အစီရင်ခံစာတွေထဲမှာ သူ့ကို ဘယ်သူ့မှ ထည့်မရေးခဲ့ပါဘူး။

“သူ့အနေနဲ့ ညဖက်အိပ်မရတာတွေ ဖြစ်နေတုန်းပဲ၊ ဒီအဖြစ်ကြီးရဲ့ ရိုက်ခတ် သက်ရောက်မှု‌ကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှု ဝေဒနာ အခုထိ အပြင်းအထန် ရှိနေတုန်းပဲ” လို့ မစ္စတာ ရော်ဘင်နော့တ်က ဘီဘီစီကို ပြောပါတယ်။

“သူ ကျည်ဖူး အကြောင်းကို မေ့သွားခဲ့တယ်” လို့ ဒီအဖြစ်တွေကို ပြန်ပြီး သတိရစေအောင် စေ့ဆော်လုပ်ဆောင်ရင်း သူနဲ့ စကားတွေပြော၊ အင်တာဗျူးတွေ မေးခဲ့တဲ့ မစ္စတာ ရော်ဘင်နော့တ်က ပြောပါတယ်။

မစ္စတာ လန်းဒစ်စ်ဟာ ဒီလုပ်ကြံမှုအကြောင်း၊ လျှို့ဝှက်ကြံစည်တဲ့ သီအိုရီတွေ အကြောင်း စသဖြင့် ရေးကြ သားကြတာတွေကို ဘာတခုမှ မဖတ်ဘဲ ရှောင်ရှား ခဲ့ပါတယ်။ နောက်ဆုံးတော့ ဒီဇာတ်လမ်းကို ကမ္ဘာကို ပြောပြဖို့ သူ ဆုံးဖြတ်ခဲ့ပါ တော့တယ်။

ဆန်းပြားတဲ့ ကျည်ဆန်

မစ္စတာ လန်းဒစ်စ်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ကြားခဲ့ကြသူတွေက ကောက်ချက် အမျိုးမျိုးချကြပါတယ်။ ဒီဇာတ်လမ်းက အဖြေပေးမယ့်အစား မေးခွန်းတွေ ထပ်ပြီး ထွက်လာခဲ့ပါတယ်။

မစ္စတာ ရော်ဘင်နော့တ်က ဒီဇာတ်လမ်းဟာ “ကျည်ဆန် က တဆန် ထဲ” သီအိုရီကို အားပျော့သွားအောင်လုပ်မှာတော့ အမှန်ပဲ လို့ သူယုံကြည်ထားတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ကော်နယ်လီရဲ့ လူနာတင် ခုတင်လှည်းပေါ်က တွေ့တယ်ဆိုတဲ့ ကျည်ဆန် က သူ ကားထဲမှာတွေ့တဲ့ ကျည်ဆန်လို့ မစ္စတာ လန်းဒစ်စ်က ယုံကြည်နေပါတယ်။

ကျည်က မစ္စတာ ကနေဒီရဲ့ကိုယ်မှာ စိုက်ဝင်ခဲ့ပြီး ကားထဲကို ထွက်ကျလာခဲ့တာလို့ သူယုံကြည်ပါတယ်။

တကယ်လို့ မစ္စတာ လန်းဒစ်စ်သာ မှန်တယ်ဆိုရင် မစ္စတာ ကော်နယ်လီနဲ့ မစ္စတာ ကနေဒီတို့ဟာ ကျည်ဆန် တဆန် ထဲနဲ့ မှန်ခဲ့တာမဟုတ်ဘူး လို့ မစ္စတာ ရော်ဘင်နော့တ် က ပြောပါတယ်။

တဆက်တည်းမှာပဲ ဒီပစ်ခတ်မှုကို မစ္စတာ အော့စ်ဝဲလ် တယောက်တည်းက လုပ်ခဲ့ တာ မဟုတ်ဘူးဆိုတဲ့ သံသယတွေကို ပြန်ပေါ်လာစေပြီလို့ သူက ဆိုပါတယ်။

ကျည်တတောင့်ထဲက လူ ၂ ယောက်ရဲ့ ဒဏ်ရာတွေကို ဖြစ်စေခဲ့တာ မဟုတ်ဘူးဆိုရင် မစ္စတာ အော့စ်ဝဲလ်က သူ့ ရိုင်ဖယ်နဲ့ ၂ ချက်လုံးကို ပစ်ခဲ့လေသလားလို့ မစ္စတာ ရော်ဘင်နော့တ်က စောကြောပါတယ်။

မစ္စတာ လန်းဒစ်စ်ကို သံသယဝင်သူတွေလည်း ရှိပါတယ်၊ အဲဒီနေ့က ရှိခဲ့တဲ့ သူ့ လုပ်ဖော်ကိုင်ဖက် တယောက်လည်း အပါအဝင်ပါ။

အဲဒီနေ့က သမ္မတကို အကာအကွယ်ပေးဖို့ မစ္စတာ ကနေဒီရှိရာ ကားနောက်ခန်းထဲကို ခုန်ဝင်ခဲ့တဲ့ ထောက်လှမ်းရေး အေးဂျင့် ကလင့်တ် ဟေးက မစ္စတာ လန်းဒစ်စ် ပြော တာတွေကို မယုံပါဘူး။

“ဖြစ်ခဲ့တဲ့အဖြစ်နဲ့ ပတ်သက်တဲ့အထောက်အထားတွေ၊ ထုတ်ပြန်ချက်တွေကို သူပြန် ကြည့်ရင် (အခုပြောနေတာတွေက) တညီတညွတ်ထဲမဖြစ်နေဘူး” လို့ မစ္စတာ ဟေးက NBC သတင်းဌာနကို ပြောပါတယ်။ “ဒီကျည်ဖူးကို သမ္မတ လူနာတင် ကုတင်ပေါ် သူထည့်လိုက်တယ်ဆိုတာက ကျွန်တော့ အတွက်တော့ ယုတ္တိသိပ် မရှိဘူး။”

Case Closed: Lee Harvey Oswald နဲ့ Assassination of JFK စာအုပ်တွေကို ရေးခဲ့တဲ့ ဂျာရဲလ် ပေါ့စနာက မစ္စတာ လန်းဒစ်စ်ရဲ့ ဇာတ်လမ်းက တကယ်တော့ “ကျည်ဆန် တဆန် ထဲ” သီအိုရီကို အထောက်အကူပေးတယ်လို့ ဆိုပါတယ်။

“လူတွေက အခုတော့ ကော်နယ်လီရဲ့ လူနာတင် ကုတင်လှည်းပေါ်မှာ ကျည်ဖူး ဘယ်လိုလုပ်ပြီး ရောက်လာသလဲ ဆိုတာကို သိကြရပြီ” လို့ သူက ဆိုပါတယ်။

မစ္စတာ ပေါ့စနာက “သူ့ရဲ့ ဇာတ်လမ်းကို အသေအချာ နားထောင်ကြည့် စေလိုပါ တယ်၊ တချိန်တည်းမှာပဲ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က အဖြစ်တွေကို ပြန်ပြောတာဆိုတော့ သူ့ရဲ့ မှတ်မိနိုင်စွမ်း အပေါ်မှာလည်း သံသယဖြစ်စရာတွေ ရှိနေတယ်” လို့ ပြောပါတယ်။

ပတ်ခ်လန်း ဆေးရုံက မစ္စတာ ကနေဒီကို အရေးပေါ်ကုသခန်းမှာ ရှိနေတဲ့ လူတွေကို သူ အင်တာဗျူးခဲ့တာတွေကို သူက ဥပမာ ထောက်ပြပါတယ်။ ဘယ်သူကမှ မစ္စတာ လန်းဒစ်စ် ရှိခဲ့တယ်ဆိုတာကို မပြောခဲ့ကြဘူးလို့ သူက ပြောပါတယ်။

အဲဒီနေ့က သူလုပ်ဆောင်ခဲ့တာတွေကို ဘယ်တုန်းကမှ မစ္စတာ လန်းဒစ်စ်က ပြောမပြခဲ့သလို ဘာမေးခွန်းမှ မထုတ်ခဲ့ဘူး ဆိုတဲ့ အချက်ကိုလည်း မစ္စတာ ပေါ့စနာက ထောက်ပြပါတယ်။

ဘယ်သို့ရှိစေ၊ ဇာတ်လမ်းသစ်တခုက ထွက်လာခဲ့ပါပြီ။

ဒီအဖြစ်ကြီးက ကနေဒီ လုပ်ကြံသတ်ဖြတ်မှုကြီးပါ။ မစ္စတာ လန်းဒစ်စ်ရဲ့ ထုတ်ဖော် ချက်က အမေရိကန် သမိုင်းဝင် ထိခိုက်ကြေကွဲစရာ အဖြစ်ကြီးနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ ဖြစ်လာခဲ့တဲ့ အငြင်းအခုံတွေကို ဆက်ပြီး ဖြစ်စေဦးမှာပါ။

“လူတိုင်း ၁၀၀% ကျေနပ်သွားအောင် ဖြေရှင်းနိုင်မယ်လို့ ထင်လား၊ မထင်ပါနဲ့ဗျ” လို့ မစ္စတာ ပေါ့စနာက ပြောပါတယ်။ “လူအများစုအတွက်တော့ ဒီအမှုက ဘယ်တော့မှ ပြီးသွားမယ့် အမှုမဟုတ်ဘူး။”