အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူဒါဇင်နဲ့ချီ သေဆုံး

အောက်တိုဘာလအစောပိုင်းတုန်းက တွေ့ရတဲ့ ဂျာဘာလီယာလမ်းမတစ်ခုပေါ်က အပျက်အစီးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလအစောပိုင်းတုန်းက တွေ့ရတဲ့ ဂျာဘာလီယာ လမ်းမတစ်ခုပေါ်က အပျက်အစီးများ

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းမှာ အမျိုးသမီး ၂၁ ဦးအပါအဝင် လူ ၃၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို ဟားမတ်စ်အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။

အစ္စရေးတပ်တွေဟာ ဂျာဘာလီယာက လူဦးရေများပြားလှတဲ့ ဒုက္ခသည်စခန်းကို ပိတ်ဆို့ထားတာ ရပ်သတ္တပတ်ပေါင်းများစွာရှိခဲ့ပြီဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အစ္စရေးဘက်က တစ်စုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီတစ်ပတ်အတွင်း ဟားမတ်စ်ခေါင်းဆောင် ယာယာ ဆင်ဝါ ကို အစ္စရေးက သတ်ဖြတ်နိုင်ခဲ့တာကြောင့် စစ်ပွဲပြီးဆုံးတော့မယ်လို့ တချိုက ထင်မြင်နေကြပေမဲ့လဲ ဟာ့မာ့စ်ဒုတိယခေါင်းဆောင်က အဖွဲ့ဟာ ပိုမိုအင်အားတောင့်တင်းသွားဖို့ပဲရှိတယ်လို့ ဆိုခဲ့ပါတယ်။

အစ္စရေးက ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲနိုင်ဖို့ လမ်းစရှိပေမဲ့ ဂါဇာမှာတော့ အဲဒီလိုဖြစ်နိုင်ဖို့ ခက်ခဲနေလိမ့်မယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဘိုင်ဒန်ဟာ ဂျာမန်မြို့တော် ဘာလင်မြို့မှာ ဂျာမန်၊ ပြင်သစ်နဲ့ ဗြိတိန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာ အခုလို ပြောဆိုခဲ့တာပါ။

ဟားမတ်စ်ခေါင်းဆောင် ဆင်ဝါ သေဆုံးတာကြောင့် တော်လှန်ရေးဝင်ရိုး ရပ်သွားမှာမဟုတ်ဘူး လို့ အီရန်ရဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမဲနေက အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။

တော်လှန်ရေးဝင်ရိုးဆိုတာ အီရန်ရဲ့ ထောက်ခံမှုရရှိထာပြီး လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ဒေသဆိုင်ရာပြည်သူ့စစ်တွေဖြစ်ပါတယ်။

ဟားမတ်စ်ဟာ ရှင်သန်နေပြီး ဆက်လက်ရှင်သန်နေဦးမယ် လို့ ခါမဲနေက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သောကြာနေ့က ဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ လူ ၈၅ ဦးထက်မနည်းရှိခဲ့ပြီး အဲဒီထဲက တချို့မှာ ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

စစ်ရှောင်စခန်း အနီးက စစ်ရှောင်တဲ ၃ ခုထက်မနည်းလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ဟားမတ်စ်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသရဲ့ နိုင်ငံပိုင်မီဒီယာရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အဆောက်အဦအပျက်အစီးတွေအောက်မှာ ပိတ်မိသေဆုံးနေတဲ့သူတွေလည်း ရှိတာကြောင့် သေဆုံးတဲ့သူ ၅၀ ဦးအထိ ထပ်တိုးလာနိုင်တယ်လို့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းကြေညာထားပေမယ့် သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဂါဇာမြောက်ပိုင်းမှာ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေကို အတည်မပြုနိုင်သေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

လူမှုကွန်ရက်မှာ ပြန့်နှံနေတဲ့ ရုပ်သံဖိုင်တစ်ခုမှာတော့ အယ်အာဒါဆေးရုံဝင်းထဲ အဖြူရောင်အဝတ်တွေနဲ့ ပတ်ထားတဲ့ အလောင်းတွေကို မြင်ရပေမယ့် ဘီဘီစီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဆေးရုံရဲ့ ညွှန်ကြားရေးမှူးကတော့ အသေအပျောက်ထပ်တိုးလာတယ်လို့ သတင်းထောက်တွေကို ဖြေဆိုထားပါတယ်။

“လူနာတင်ယာဉ်ပေါ်လိုက်ပါတဲ့ ဆေးအဖွဲ့တွေကတော့ တက်ကြွသူတွေနဲ့ ဒဏ်ရာရသူတွေကို ဂျက်ဘလီယာစစ်ရှောင်စခန်းထဲကနေ ကယ်ဆယ်ခေါ်ထုတ်ဖို့ ကြိုးစားနေတုန်းပဲ” သူက ဆက်ပြောပါတယ်။

“ဆေးရုံအဆောင်တွေမှာ ဒဏ်ရာရတဲ့သူတွေနဲ့ ပြည့်နေတာကြောင့် ဒဏ်ရာရတဲ့သူတော်တော်များများကို ကြမ်းပြင်ပေါ်မှာပဲ ဆေးကုသမှုခံယူနေရတယ်”လို့ ဆိုပါတယ်။

ဂါဇာက ဟားမတ်စ်အဖွဲ့ ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ အစ္စရေးရဲ့ သောကြာနေ့က ဂျာဘာလီယာကို တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အနည်းဆုံး ၃၉ ဦးသေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

လူပေါင်း လေးသိန်းခန့် စစ်ရှောင်စခန်းထဲ ပိတ်မိနေပြီး သောက်ရေနဲ့ ရိက္ခာတချို့ကလည်း ရက်သတ္တပတ် ၂ ပတ်အတွက်လောက်ပဲ ရှိတော့တယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးရုံးရဲ့ အကြီးအကဲ ဂျော်ဂျီရို့စ် ပက်ထရိုပေါလော့စ် ကတော့ ဂျာဘာလီယာစခန်းက စစ်ရှောင်မိသားစုတွေဟာ ဆိုးရွားတဲ့အခြေအနေအတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရတယ်လို့ ဘီဘီစီ ကို ပြောခဲ့ပါတယ်။

“အရပ်သားတွေရင်ဆိုင်နေရတဲ့အခြေအနေ ဘယ်လောက်ဆိုးရွားပြီး အန္တရာယ်ရှိနေလဲဆိုတဲ့အချက်ပြသတိပေးမှုကို ကျွန်တော်တို့ထုတ်ပြောနေရုံနဲ့ မလုံလောက်သေးဘူး” လို့ ဂါဇာတောင်ပိုင်းက ရာဖာမြို့ကနေလည်း ဖော်ပြလာကြပါတယ်။

၂၀၂၄ ခုနှစ် မေ ၁၄ ရက်တုန်းက ဂျာဘာလီယာစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် မေ ၁၄ ရက်တုန်းက ဂျာဘာလီယာစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရတဲ့မြင်ကွင်း

အစားအစာ၊ ရေ၊ ဆေးဝါးနဲ့ အမိုးအကာတွေပါတဲ့ ကုန်တင်ကား အစီး ၃၀ ခန့် ဂါဇာမြောက်ပိုင်းကို သောကြာနေ့ကတည်းက ပေးပို့ခဲ့တယ်လို့ အစ္စရေးကပြောပေမယ့် ဒီထောက်ပံ့ကူညီမှုတွေက ဂျာဘာလီယာလို ဆိုးဆိုးရွားရွားတိုက်ခိုက်ခံလိုက်ရတဲ့ဒေသတွေအထိ မရောက်လာသေးဘူးလို့ ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူ တချို့က ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။

အစ္စရေးကတော့ ဂါဇာကိုဝင်ရောက်မဲ့ လူသားချင်းစာနာထောက်ထားအကူအညီတွေကို မတားဆီးထားဘူးလို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပေမဲ့ အမေရိကန်ကတော့ ဒီလိုမျိုးပိတ်ပင်နေမယ်ဆိုရင် အမေရိကန်ကပေးနေတဲ့ စစ်ရေးအကူအညီတွေကို ဖြတ်တောက်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။

အစ္စရေးဟာ ဂျာဘာလီယာအပါအဝင် ဂါဇာမြောက်ပိုင်းက အစိတ်အပိုင်းတွေကို ပိတ်ဆို့ထားတယ်လို့ အစ္စရေးဝန်ကြီးတစ်ဦးဖြစ်တဲ့ အမီချိုင် ချီကလီက ဘီဘီစီကိုပြောဆိုခဲ့ပါတယ်။

“အရပ်သားပြည်သူတွေကို ဘေးကင်းတဲ့ဇုန်ထဲ လွတ်မြောက်အောင် ဝင်ခွင့်ပြုခဲ့ပြီး စစ်ရေးအရ ပိတ်ဆို့ထားတဲ့ဒေသကိုသာ ရိက္ခာတွေမဝင်အောင် တားဆီးခဲ့ပါတယ်” လို့ သူက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

ဒါကလည်း “နိုင်ငံတကာ ဥပဒေနဲ့အညီ တရားဝင်နည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့တာ” လို့ အခိုင်အမာထပ်ပြောပြန်ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက အစ္စရေးလေကြောင်းတိုက်ခိုက်တာ ခံခဲ့ရတဲ့ ဂျာဘာလီယာ စစ်ရှောင်စခန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်တုန်းက အစ္စရေးလေကြောင်းတိုက်ခိုက်တာ ခံခဲ့ရတဲ့ ဂျာဘာလီယာ စစ်ရှောင်စခန်း

လွန်ခဲ့တဲ့ တစ်နှစ်ကျော် ဟားမတ်စ်ဦးဆောင်ပြီး အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဂါဇာကမ်းမြောင်ဒေသမှာ အနည်းဆုံးလူပေါင်း ၄၂,၅၀၀ သေဆုံးပြီး လူပေါင်းသောင်းနဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဟားမတ်စ် အာဏာပိုင်တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တုန်းက ဟားမတ်စ်နဲ့ မဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးက လူပေါင်း ၁,၂၀၀ ခန့် သေဆုံးခဲ့ပြီး ၂၅၁ ဦးကိုလည်း ဓားစာခံအဖြစ် ဂါဇာကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ဟားမတ်စ်ဒုတိယခေါင်းဆောင်က အစ္စရေးအနေနဲ့ စစ်ပွဲရပ်ပြီး ဂါဇာကနေ မဆုတ်ခင်အချိန်အထိ အစ္စရေးဓားစာခံတွေကို ပြန်ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဆင်ဝါရဲ့သေဆုံးမှုက အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်မှုအတွက် တာဝန်ရှိလို့ သေဆုံးခဲ့ရတာလို့ အစ္စရေး ကပြောပါတယ်။

အစ္စရေးစစ်တပ်ရဲ့ အပြောအရ ဂါဇာတောင်ပိုင်း ရာဖာမြို့ထဲမှာ ယာယာဆင်ဝါ ပုန်းအောင်နေတဲ့ အဆောက်အအုံကို တင့်ကားနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် သေဆုံးသွားခဲ့တာလို့ ပြောထားပါတယ်။

ဆင်ဝါရဲ့ ရုပ်အလောင်းကို စစ်ဆေးခဲ့တဲ့ အစ္စရေးက ရောဂါဗေဒပညာရှင်ကတော့ ဆင်ဝါက ဦးခေါင်းမှာ သေနတ်ထိမှန်ပြီး သေဆုံးခဲ့တာလို့ အမေရိကန်မီဒီယာကို ဖြေကြားခဲ့ပါတယ်။

ဒေါက်တာ ချန် ကူဂယ်လ်က “လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဆင်ဝါရဲ့ ညာဘက်လက်ဖျံမှာ ဒဏ်ရာတွေရရှိခဲ့ပြီး ဘယ်ဘက်ခြေထောက်ကတော့ ပြုတ်ကျထားတဲ့အရှိန်နဲ့ ဒဏ်ရာရနေတာတွေ့ရပြီး ကျည်ဆန်မှန်တဲ့ ဒဏ်ရာတွေလည်းတွေ့ရတယ်”လို့ ပြောခဲ့ပါတယ်။

သောကြာနေ့ကစပြီး အစ္စရေးဟာ လက်ဘနွန်မြို့မှာ ဟစ်ဇ်ဘိုလာတွေကို မြေပြင်ကနေ ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၆၀ ဦးခန့်ကို သတ်ဖြတ်ခဲ့ပြီး အီရန်ကျောထောက်နောက်ခံပြုတဲ့ ဒေသဆိုင်ရာ ကွပ်ကဲမှုစင်တာကိုလည်း လေကြောင်းကနေ တိုက်ခိုက်ပြီး ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့နဲ့ မြောက်ဘက်က ဒေသတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။