ဒေါ်နယ်ထရမ့် သေနတ်ပစ်ခံရမှု - လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုလို့ FBI ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ အခြေအနေ စုစည်းချက်
ဒေါ်နယ် ထရမ့်ကတော့ သူ့ရဲ့ နိုင်ငံရေးလူထုဆွေးနွေးမှုတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ နားကို သေနတ်ထိမှန်ခဲ့တယ်လို့ဆိုပြီး ‘‘ဝီကနဲ’’ဆိုတဲ့အသံနဲ့အတူ ‘‘ကျည်က အရေပြားကို ဖောက်သွား’’ တယ်လို့လည်း ပြန်ပြောပြပါတယ်။
အမေရိကန်သမ္မတဟောင်းလည်းဖြစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် သမ္မတလောင်းလည်းဖြစ်တဲ့ မစ္စတာ ထရမ့်ကို လုပ်ကြံသတ်ဖြတ်မှုလို့ ယူဆရတဲ့ အခုဖြစ်ရပ်အပြီးမှာတော့ သေနတ်သမားလို့ ယူဆရတဲ့ မသင်္ကာသူ အမျိုးသားကို သမ္မတသက်တော်စောင့်လုံခြုံရေးအဖွဲ့(Secret Service) က အသေ ပစ်ခတ် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်သူကြောင့် လူထုတွေ့ဆုံပွဲကို လာတဲ့ ပရိသတ်တစ်ဦးလည်း သေဆုံးခဲ့ပြီး နောက်ထပ် ၂ ဦးလည်း စိုးရိမ် ဒဏ်ရာရခဲ့တယ်လို့ သမ္မတ လုံခြုံရေးအဖွဲ့က ပြောပါတယ်။
လူထုတွေ့ဆုံပွဲမှာရှိခဲ့တဲ့ မျက်မြင်တစ်ဦးကတော့ ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့အမျိုးသားတစ်ဦးဟာ ပစ်ခတ်မှုမတိုင်ခင်မှာ အနီးနားက အဆောက်အအုံတစ်ခု အမိုးပေါ်ကို တွယ်တက်သွားခဲ့တာ မြင်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ထရမ့် ‘‘နေကောင်း’’ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်နယ် ထရမ့် ‘‘နေကောင်း’’ ပြီး ဥပဒေစိုးမိုးရေအရာရှိတွေကို ကျေးဇူးတင်တဲ့အကြောင်း ရီပတ်ဘလီကန် အမျိုးသားကော်မတီ(RNC) က သူတို့ရဲ့အင်တာနက် စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာတော့ ‘၄၇ ဆက်မြောက် အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့’ ပါတီက သူ့ကို အဆိုပြုရွေးချယ်ရေး ဆက်လုပ်မယ့်အချိန်မှာပဲ သူလည်း မီလ်ဝါကီမြို့မှာ ပြုလုပ်မယ့် ညီလာခံကို ပါတီဝင်တွေနဲ့အတူ တက်မှာဖြစ်ပါတယ်။ ပါတီရဲ့ သမ္မတလောင်းဖြစ်တာနဲ့အညီ ... (သူဟာ) အမေရိကန်ကို တဖန်ပြန်ကြီးမြတ်စေဖို့ သူ့ရဲ့ရှေ့အမြော်အမြင်တွေကို မျှဝေမှာဖြစ်ပါတယ်’’ လို့ ထရမ့် မဲဆွယ်အဖွဲ့နဲ့ NRC ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အစောပိုင်းတုန်းကလည်း ထရမ့်က သူ ပိုင်ဆိုင်တဲ့ Truth Social လူမှုကွန်ရက်ကနေ ကြေညာချက်တစ်ခု ထုတ်ပါတယ်။
ဥပဒေစိုးမိုးရေးအရာရှိတွေနဲ့ သက်တော်စောင့်အဖွဲ့ရဲ့ ‘‘လျင်လျင်မြန်မြန်တုံ့ပြန်မှု’’ ကို ကျေးဇူးတင်ကြောင်း သူကပြောပါတယ်။
‘‘ပိုပြီး အရေးကြီးတာကတော့ လူထုစုဝေးပွဲမှာ သေဆုံးခဲ့သူရဲ့ မိသားစုအတွက် ဝမ်းနည်းကြောင်း ကျွန်တော် ပြောကြားလိုပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တဲ့နောက်ထပ် တစ်ယောက်ရဲ့ မိသားစု ကိုလည်း စာနာမှု မျှဝေလိုကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုဖြစ်ရပ်ဖြစ်တယ်ဆိုတာ မယုံနိုင်စရာပါပဲ’’
အခုတော့ သမ္မတ ဒေါ်နယ် ထရမ့်ဟာ နယူး ဂျာဆီပြည်နယ်က သူ့ရဲ့အိမ်ကို ပြန်ရောက်နေပြီဖြစ်ပါတယ်။
ပစ်ခတ်ခံရမှုဖြစ်အပြီး လူမြင်ကွင်းထဲ ပထမဆုံးပြန်မြင်တွေ့ရတဲ့ မစ္စတာ ထရမ့်ရဲ့ ရုပ်သံဖိုင်တစ်ခုမှာတော့ လေယာဥ်ပေါ်က ဆင်းလာတဲ့ သမ္မတဟောင်း ထရမ့်ဟာ အောက်မှာစောင့်နေတဲ့ ကားပေါ် မတက်ခင် လေကားထစ်တွေ အဆင်းမှာ ကြိုဆိုနေသူတွေကို လက်လှမ်းပြသွားတာကို တွေ့ရပါတယ်။
ပစ်ခတ်မှုမှာ သမ္မတ သက်တော်စောင့်အဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သမ္မတဟောင်း ဘာကြောင့် အခုလိုပစ်ခတ်ခံခဲ့ရတယ်ဆိုတာကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (FBI) က ဦးဆောင် စုံစမ်းစစ်ဆေးနိုင်ခြေရှိပေမဲ့ ပြစ်တင်မယ့်သူ အားလုံးရဲ့ လက်ညှိုးကတော့ သမ္မတ သက်တော်စောင့်အဖွဲ့ (Secret Service) ဆီကို ရောက်နေတယ်လို့ ဘီဘီစီ လုံခြုံရေးဆိုင်ရာသတင်းထောက် ဖရန့် ဂါနာက ပြောပါတယ်။
Secret Service အဖွဲ့ရဲ့ အလုပ်ဟာ အမေရိကန်သမ္မတတွေဖြစ်တဲ့ သမ္မတဟောင်းတွေကိုရော၊ တာဝန်ထမ်းဆောင်ဆဲ သမ္မတကိုပါ လုံခြုံရေး တာဝန်ယူရတာဖြစ်ပေမဲ့ မနေ့ညက ပစ်ခတ်မှုဟာ သူတို့ အဲဒီတာဝန်ကို အောင်အောင်မြင်မြင် ထမ်းဆောင်ဖို့ရာ မစွမ်းသာခဲ့ဘူးဆိုတာကို ပြသနေတယ်လို့ သူက ပြောပါတယ်။
အမေရိကန်မှာ တာဝန်ထမ်းဆောင်ဆဲ သမ္မတ တစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုဟာ လွန်ခဲ့တဲ့ ၄၃ နှစ်တုန်းက ဖြစ်ပြီး အဲဒီတုန်းက သမ္မတ ရော်နယ် ရေဂင်ဟာ အဆုတ်ကို ကျည်ထိခဲ့ပေမဲ့ အသက်ရှင်ခဲ့ပါတယ်။
ဒီနေ့မှာတော့ အမေရိကန် နိုင်ငံရေးသမားတွေရော၊ လူထုကပါ မေးခွန်းထုတ်နေတာက ပစ်ခတ်မှုလုပ်ခဲ့တဲ့သေနတ်သမားဟာ မပစ်ခင်မှာ မစ္စတာထရမ့် စကားပြောမယ့် စင်မြင့်ကို မြင်ကွင်းကောင်းကောင်းကနေ ရိုင်ဖယ်သေနတ်နဲ့ ၄ ချက် ပစ်နိုင်လောက်တဲ့အထိ အဆောက်အအုံပေါ် ဘယ်လိုဘယ်ပုံနဲ့ တက်ပြီး နေရာယူသွားနိုင်တာလဲဆိုတာပဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
FBI၊ Secret Service နဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးကို ကိုင်တွယ်တဲ့ Homeland Security ဌာနတို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထွက်ဆိုရှင်းပြဖို့ Secret Service ညွှန်ကြားရေးမှူး ကင်ဘာလေ ချီတယ်လည်း အောက်လွှတ်တော် ကော်မတီရှေ့ဆီ ဇူလိုင်လ ၂၂ ရက်မှာ လာရောက်ဖို့ ဆင့်ခေါ် ခံထားရပါတယ်။
ပစ်ခတ်သူလို့ဆိုတဲ့ သေနတ်သမား ဘယ်သူလဲ
အမေရိကန်ထောက်လှမ်းရေးအဖွဲ့ FBI ရဲ့ အပြောအရဆိုရင် ပစ်ခတ်တဲ့သေနတ်သမားဆိုသူဟာ သောမတ်စ် မက်သူး ခရွစ် ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့အကြောင်း လက်ရှိ သိထားရသမျှ -
- သောမတ်စ် မက်သူး ခရွစ်ဟာ အသက် ၂၀ အရွယ်ဖြစ်ပါတယ်။
- သူဟာ ပစ်ခတ်မှုဖြစ်တဲ့ ဘတ်တလာမြို့ကနေ မိုင် ၄၀ ကျော်အကွာ ဘက်သယ် ပါ့ခ်မြို့ ကဖြစ်ပါတယ်။
- သေနတ်သမားကိုတော့ အမေရိကန် သမ္မတ နဲ့ သမ္မတဟောင်းတွေကို လုံခြုံရေးယူပေးတဲ့ ထောက်လှမ်းရေးတွေက အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
FBI ကတော့ အခုပစ်ခတ်မှုကို ‘’ဆက်ပြီး ဖော်ထုတ်နေတဲ့စုံစမ်းစစ်ဆေးမှု’’အဖြစ်သတ်မှတ်ထားတယ်လို့ ပြောပါတယ်။
ဘိုင်ဒန်နဲ့ ထရမ့် စကားပြောထား
လူထုစုဝေးပွဲမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပစ်ခတ်ခံခဲ့ရပြီးတဲ့နောက်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ သမ္မတလောင်း မစ္စတာ ထရမ့်နဲ့ စကားပြောဆိုပြီးဖြစ်တယ်လို့ သမ္မတအိမ်တော် အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
သမ္မတ ဘိုင်ဒန်နဲ့ မစ္စတာ ထရမ့်တို့ ဘာတွေ ပြောခဲ့ကြတယ်ဆိုတာကိုတော့ အိမ်ဖြူတော်ဘက်က အသေးစိတ်ပြောဆိုတာ မရှိသေးပါဘူး။
သမ္မတ ဘိုင်ဒန်ဟာ ပန်ဆယ်ဗေးနီးယားပြည်နယ်က အုပ်ချုပ်ရေးမှူးနဲ့ရော ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဘတ်တလာမြို့ရဲ့ မြို့တော်ဝန်နဲ့ရော စကားပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။
သမ္မတ ဘိုင်ဒန်ကတော့ ပန်ဆေလ်ဗေးနီးယားပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု မြင်ကွင်းမျိုးဟာ ‘‘လူတိုင်း ရှုတ်ချရမယ့် မြင်ကွင်း’’ လို့ဆိုပြီး မစ္စတာထရမ့် သေနတ်နဲ့ပစ်ခတ်ခံရမှုအပြီးမှာပဲ ပြောထားပါတယ်။
‘‘ဒါတွေ ဖြစ်ဖို့ရာ ကျွန်တော်တို့ ခွင့်ပြုလို့မရဘူး။ ဖြစ်ဖို့လည်း ခွင့်မပြုနိုင်ဘူး’’ လို့ သူက ထပ်လောင်းပြောပါတယ်။
လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုလို့ FBI ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပစ်ခတ်မှုဖြစ်ရပ်ကို လုပ်ကြံသတ်ဖြတ်ရန်ကြံစည်မှုအဖြစ် မှတ်ယူ စုံစမ်းနေပြီလို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ (FBI) မြေပြင်ကွင်းဆင်းအရာရှိ ကယ်ဗင် ရိုဂျက်က သတင်းစာရှင်းလင်းပွဲ အစမှာပဲ ပြောလာပါတယ်။
‘‘ကျွန်တော်တို့ရဲ့ သမ္မတဟောင်း ဒေါ်နယ် ဂျေ ထရမ့်ကို လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းတဲ့ဖြစ်ရပ်အဖြစ် ကျွန်တော်တို့ သုံးနှုန်းခေါ်ဆိုနေကြတဲ့ ပစ်ခတ်မှု ဒီညနေမှာ ဖြစ်ပွားခဲ့ပါတယ်’’ လို့ သူက ပြောပါတယ်။
‘‘အဲဒီနေရာဟာ အခုအထိ စုံစမ်းစစ်ဆေးနေဆဲ ရာဇဝတ်မှုအခင်းဖြစ်ပွားရာနေရာအဖြစ် ဆက်ရှိနေပါတယ်’’ လို့ သူက ထောက်လှမ်းရေးအချို့ စုံစမ်းစစ်ဆေးတာတွေလုပ်နေတဲ့ ပစ်ခတ်မှု ဖြစ်ပွားရာနေရာကို လက်ညှိုးထိုးပြီး ပြောပါတယ်။
ရဲတပ်ဖွဲ့အပါအဝင် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေဟာ ဒေါ်နယ်ထရမ့် လူထုတွေ့ဆုံပွဲလုပ်မယ့် အနီးနား အဆောက်အအုံ ခေါင်မိုးပေါ်မှာ လူတစ်ယောက်ရှိနေခဲ့တယ်ဆိုတာကို ပစ်ခတ်မှုမဖြစ်ခင်အထိ မသိရှိခဲ့ကြဘူးလို့ FBI က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဒေါ်နယ်ထရမ့် ဆေးရုံက ဆင်းပြီ
အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ လူထုစုဝေးပွဲမှာ နားကို သေနတ်နဲ့ ပစ်ခတ်ခံရမှု ဖြစ်ပြီးတဲ့နောက် သူ ကုသမှုခံယူတဲ့ဒေသန္တရ ဆေးရုံကနေ ဆင်းသွားပြီလို့ သတင်းရင်းမြစ် ၂ ခုကို ကိုးကားပြီး ဘီဘီစီရဲ့ အမေရိကန်မိတ်ဖက်သတင်းဌာန CBS က သတင်းဖော်ပြပါတယ်။
မစ္စတာထရမ့် တစ်ယောက် ဘယ်ကို သွားတယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အစောပိုင်းတုန်းကတော့ သူဟာ ဒီလူထုတွေ့ဆုံပွဲပြီးရင် နယူးဂျာဆီပြည်နယ်၊ ဘတ်မင်စတာက သူ့အိမ်ကို သွားဖို့ရှိနေတာပါ။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ တနင်္လာနေ့မှာစတင်ဖို့ရှိတဲ့ ရီပတ်ဘလင်ကန်ပါတီအထွေထွေညီလာခံတက်ဖို့ ဝင်စ်ကာဆင်ပြည်နယ်က မယ်ဝါကီးမြို့ကို ဒီကနေ့ သွားရောက်ဖို့ရှိလည်း စီစဥ်ထားတာဖြစ်ပါတယ်။
သေနတ်သမားလို့ယူဆရသူသေဆုံး၊ ပရိသတ် ၁ ဦးလည်း သေဆုံး
ထရမ့်ရဲ့ လူထုစုဝေးပွဲမှာ သေနတ်သမားလို့ ယူဆရသူနဲ့ နောက်ထပ် ပရိသတ်တစ်ဦးတို့ သေဆုံးတယ်လို့ ဒေသန္တရ ခရိုင်ရှေ့နေ ရစ်ချက် ဂိုလ်ဒင်ဂါက AP သတင်းဌာနနဲ့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုက ဘီဘီစီရဲ့ မိတ်ဖက်သတင်းဌာနဖြစ်တဲ့ CBS ကတော့ သမ္မတဟောင်း ကိုယ်ရံတော် လုံခြုံရေးအဖွဲ့တွေဟာ မသင်္ကာသူနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ တရားဥပဒေစိုးမိုးရေး သတင်းရင်းမြစ် ၂ ခုအပြောအရဆိုရင် သေနတ်သမားလို့ယူဆရသူ အမျိုးသား သေဆုံးသွားပြီလို့လည်း သတင်းက ဆိုပါတယ်။
ပစ်ခတ်မှုကို ထရမ့် သားသမီးတွေ ဘယ်လို တုံ့ပြန်ကြလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်နယ်ထရမ့်ရဲ့ သမီးဖြစ်သူ အီဗန်ကာ ထရမ့်ကတော့ သူ့ဖခင်အတွက်ရော၊ အဆင်ခြင်မဲ့ပြုလုပ်ခဲ့တဲ့သေနတ်ပစ်ခတ်မှုမှာ ထိခိုက်ခဲ့တဲ့တခြားသူတွေအတွက်ပါ ‘‘မေတ္တာပိုတာနဲ့ ဆုတောင်းတာတွေ’’ ပြုလုပ်နေတယ်လို့ လူမှုကွန်ရက် X (အရင်က တွစ်တာ)မှာ ရေးသားပါတယ်။
‘‘ဒီနေ့မှာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီး မြန်မြန်ဆန်ဆန် အရေးတယူဆောင်ရွက်ခဲ့တဲ့ သက်တော်စောင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကိုလည်း ကျေးဇူးတင်လှပါတယ်’’
‘‘ကျွန်မတို့ နိုင်ငံအတွက်လည်း ဆက်ပြီး ဆုတောင်းပါတယ်။ အဖေ့ကို ချစ်တဲ့အချစ်တွေ မပေါ့သွားပါဘူး’’
သားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာကလည်း ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ ပစ်ခတ်ခံရပြီးတဲ့နောက် မျက်နှာမှာ သွေးစွန်းလျက်နဲ့ လက်သီးကျစ်ကျစ်ပါဆောင်ဆုပ်ထားတဲ့လက်သီးကို လေထဲ မြောက်ပြခဲ့တဲ့ ဖခင်ဖြစ်သူ ထရမ့်ရဲ့ပုံကို သူ့ရဲ့ X အကောင့်မှာ ထိပ်ဆုံးက တင်ထားပါတယ်။
အဲဒီဓာတ်ပုံနဲ့အတူ ‘‘သူဟာ အမေရိကန်ကို ကယ်ဆယ်ဖို့ ဘယ်တော့မှ ရပ်တန့်မယ်သူ မဟုတ်ဘူး’’ လို့လည်း ရေးသားပါတယ်။
နောက်ထပ် သမီးတစ်ယောက်ဖြစ်တဲ့ တစ်ဖနီ အရီယာနာ ထရမ့်ကလည်း ဘုရားမလို့ ဖခင်ဖြစ်သူ အသက်အန္တရာယ်မစိုးရိမ်ခဲ့ရတာလို့ ပြောပြီး နိုင်ငံရေး အကြမ်းဖက်မှုဟာ ‘‘ဘယ်တုန်းကမှ အဖြေမဟုတ်ခဲ့ဘူး’’ လို့ ပြောပါတယ်။
‘‘အားလုံး ဒီနေ့ မြင်ခဲ့ကြတဲ့အတိုင်းပါပဲ။ ကျွန်မ အဖေဟာ ဖိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ အမေရိကန်အတွက်၊ လူတွေအတွက် ဆက်ပြီး ဖိုက်သွားမှာပါ’’ လို့ X မှာ ရေးပါတယ်။
နိုဝင်ဘာ ရွေးကောက်ပွဲ မဲဆွယ်မှုကို ပြောင်းလဲစေနိုင်မယ့်ဖြစ်ရပ်

ဓာတ်ပုံ ရင်းမြစ်, Reuters
သက်တော်စောင့်လုံခြုံရေးအဖွဲ့က စင်ပေါ်ကနေ ခေါ်ဆင်းသွားချိန် မျက်နှာမှာသွေးတွေ စွန်းနေပေမဲ့ ဆုပ်ထားတဲ့လက်သီးကို လေထဲ မြှောက်ပြခဲ့တဲ့ အလွယ်အရှုံးမပေးဘူးဆိုတဲ့ သမ္မတဟောင်း ထရမ့်ရဲ့ ပုံတွေကြောင့် အမေရိကန်ရဲ့ နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲဟာ အလှည့်အပြောင်း ဖြစ်လာနိုင်တယ်လို့ ဘီဘီစီမြောက်အမေရိက အယ်ဒီတာ ဆာရာ စမစ်က ရေးပါတယ်။
တုန်လှုပ်စရာ ဒီနိုင်ငံရေးအကြမ်းဖက်မှုဖြစ်ရပ်ဟာ နိုဝင်ဘာသမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲအပေါ် အတော်လေး သက်ရောက်မှုရှိလာမှာကတော့ မြေကြီးလက်ခတ်မလွဲဘူးလို့လည်း သူက ပြောပါတယ်။
ဒေါ်နယ် ထရမ့်ရဲ့သားဖြစ်သူ အဲရစ်ထရမ့်ကတော့ ဒီပုံကိုပဲ လူမှုကွန်ရက်ပေါ် ခပ်မြန်မြန် တင်ခဲ့ပြီး ‘‘ဒါဟာ အမေရိကန်လိုအပ်နေတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်’’လို့ ပုံစာ ထိုးပါတယ်။
နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်းအနေနဲ့ ပြန်လာဖို့ရှိတဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မဲဆွယ်အဖွဲ့ကလည်း ဒီပစ်ခတ်မှုကြောင့် သူတို့ကြေညာထားပြီးသား ထုတ်ပြန်ချက်တွေနဲ့ ရုပ်မြင်သံကြားမဲဆွယ်ကြော်ငြာတွေကို ရပ်ထားဖို့ လုပ်ခဲ့ပါတယ်။ လက်ရှိဖြစ်နေတဲ့အခြေအနေမှာ ပြိုင်ဘက်သမ္မတလောင်းဖြစ်လာမယ့် မစ္စတာထရမ့်ကို နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ဖို့ မသင့်တော်ဘူးလို့ ယူဆတာကြောင့်ဖြစ်ပါတယ်။
မစ္စတာထရမ့်နဲ့ နိုင်ငံရေးအရ သဘောတစ်ထပ်တည်းမကျတဲ့ နိုင်ငံရေးသမားတွေတောင် ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒီမိုကရေစီမှာ ဒီလိုအကြမ်းဖက်မှုမျိုးအတွက် နေရာမရှိဘူးဆိုပြီး တစ်သံတည်းပြောဆိုကြပါတယ်။
အမေရိကန်သမ္မတဟောင်းတွေဖြစ်တဲ့ ဘားရတ် အိုဘားမား၊ ဂျော့ ဒဗလျူ ဘုရှ်၊ ဘီလ် ကလင်နဲ့ ဂျင်မီကာတာတို့ကလည်း ဒီအကြမ်းဖက်မှုကို ရှုတ်ချကြောင်းမြန်မြန်ထုတ်ပြောကြပြီး မစ္စတာ ထရမ့် တစ်ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာမရလို တော်သေးတယ်လို့လည်း ဆိုကြပါတယ်။
ဒါပေမဲ့ မစ္စတာထရမ့်နဲ့ ရင်းနှီးသူတွေနဲ့ ထောက်ခံသူတွေကတော့ အခုဖြစ်ရပ်အတွက် မစ္စတာ ဘိုင်ဒန်ကို အပြစ်ဖို့ပါတယ်။ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်တစ်ဦးဆိုရင် သမ္မတ ဘိုင်ဒန်ဟာ ‘‘လုပ်ကြံဖို့ ပြောဆိုနေတယ်’’ လို့ဆိုပြီး လူမှုကွန်ရက် X(အရင်က တွစ်တာ)ပေါ်မှာ ပို့စ် တင်ရေးပါတယ်။
မစ္စတာ ထရမ့် သမ္မတလောင်းဖြစ်တဲ့အခါ ဒုတိယသမ္မတလောင်းအဖြစ် ပါလာနိုင်ခြေရှိသူဖြစ်တဲ့ အထက်လွှတ်တော်အမတ် ဂျေဒီ ဗန့်စ်ကတော့ ဘိုင်ဒန်ရဲ့မဲဆွယ်မှုတွေကနေ ထွက်လာတဲ့ ထေ့လုံးတွေဟာ အခုဖြစ်ရပ်ဖြစ်လာဖို့ ဦးတည်စေခဲ့တယ်လို့ ပြောပါတယ်။
တခြား ရီပတ်ဘလီကန် နိုင်ငံရေးသမားတွေကလည်း အလားတူအပြောမျိုးတွေ ပြောနေတာကြောင့် အမေရိကန်နိုင်ငံရေးမှာ အန္တရာယ်များလှချိန် မီးလောင်ရာလေပင့်တဲ့အပြောတွေအဖြစ်နဲ့ သူတို့ရဲ့ပြိုင်ဘက် နိုင်ငံရေးသမားတွေက ရှုတ်ချလာနိုင်ခြေရှိပါတယ်။
လက်ရှိမှာ မြင်နေရတာကတော့ အတော်လေးကို တုန်လှုပ်စရာကောင်းတဲ့အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အလွန်အရုပ်ဆိုးလာနိုင်ခြေရှိတဲ့ သူ့ထက်ငါ အနိုင်ထက် ပြောဆိုမှုတွေကို မြင်နေရပါတယ်။ ဒါကိုကြည့်ရင် အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်မှု တနည်းတဖုံ အပြောင်းအလဲဖြစ်လာနိုင်ခြေရှိနေပါတယ်။
ပစ်ခတ်မှု အခြေအနေ ကနဦးသိရသမျှ

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ်က လူထုစည်းဝေးပွဲတစ်ခုမှာ ကျယ်လောင်တဲ့အသံတွေ ထွက်ပေါ်ခဲ့အပြီး သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကို ထောက်လှမ်ရေးအဖွဲ့တွေ အမြန်ကယ်ထုတ်သွားခဲ့ရပါတယ်။
သေနတ်သံလို့ ယူဆရတဲ့ အသံတွေ ထွက်လာချိန် မစ္စတာထရမ့်ကို ခေါင်းငုံ့မရှောင်ခင်မှာ လက်တစ်ဘက်ကို နားပေါ်တင်ရင်း ရှုံ့မဲ့နေပုံကို ဗီဒီယိုပုံတွေမှာ တွေ့ရပါတယ်။
သူ့အနားကို လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့ဝင်တွေ အလျင်အမြန် ဝိုင်းလာကြပြီး စင်မြင့်ပေါ်ကနေ အနားမှာ စောင့်နေတဲ့ မော်တော်ယာဉ်တစ်စင်းဆီ ဆွဲခေါ်သွားခဲ့ပါတယ်။
သူ့ကို စင်မြင့်ပေါ်ကနေ ဆွဲခေါ်သွားချိန်မှာ ညာဘက်နားမှာ သွေးတွေ ပေကျံနေပုံ ရတဲ့ မစ္စတာ ထရမ့်ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ တွေ့ရပါတယ်။
ချက်ချင်းဆိုသလိုပဲ လက်နက်ကိုင် ရဲတွေ စင်မြင့်ပေါ်ကို ရောက်လာကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စတာထရမ့် ဘေးကင်းလုံခြုံစွာ ရှိနေပြီး သူ့ကို အကာအကွယ်ပေး ဆောင်ရွက်မှုတွေ အပြီးသတ် ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ စုံစမ်းစစ်ဆေးမှု တစ်ခု စလုပ်နေပြီ ဖြစ်ပြီး နောက်ထပ် သတင်းအချက်အလက်တွေ ထပ်ရတဲ့အခါ ထပ်မံ ထုတ်ပြန်သွားမယ်လို့ လည်း ဆိုပါတယ်။
ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း မစ္စတာ ထရမ့်ဟာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ်ဖြစ်တဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာမြို့မှာ သူ့ကို ထောက်ခံအားပေးသူတွေကို မိန့်ခွန်းပြောနေစဉ် အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
သမ္မတ ဂျိုးဘိုင်ဒန် နဲ့ အစိုးရအပေါ် ထရမ့်က တိုက်ခိုက်ပြောဆိုနေစဉ်မှာ ပေါက်ကွဲသံတွေ အများအပြား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထရမ့်ရဲ့ နောက်မှာ မဲဆွယ်ဆိုင်းဘုတ်ပြားတွေ ကိုင်ဆောင်ရင်း ရပ်နေကြတဲ့ ထောက်ခံအားပေးသူတွေက သေနတ်ပစ်ဖောက်သံတွေ ကြားချိန်မှာ အောက်ကိုငုံ့လျှိုးပြီး အလျင်အမြန် အကာအကွယ်ယူခဲ့ကြပါတယ်။
ဒယ်လာဝဲ မြို့က ဘုရားကျောင်းတစ်ခုကနေ ထွက်ခွာလာတဲ့ သမ္မတ ဘိုင်ဒန်ကတော့ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သူ့ကို အကြောင်းကြား သတင်းပို့တာမျိုးမရှိသေးဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒီပစ်ခတ်မှု နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးသွားမှာဖြစ်လို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။












