ဒေါ်နယ်ထရမ့် နယူးယောက်တိုင်းမ်ကို တရားရုံးစရိတ် ဒေါ်လာ လေးသိန်းနီးပါး ပေးရမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နယူးယောက်တိုင်းမ်သတင်းစာကို တရားရုံးစရိတ်အဖြစ် ဒေါ်လာ ၄၀၀,၀၀၀ (ကျပ်သိန်းပေါင်း ၁,၃၇၂,၀၀၀,၀၀၀၊ ပေါင် ၃၁၃,၉၀၀) ပေးဆောင်ရမှာဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ တူမ မေရီ ထရမ့် နဲ့ သတင်းစာတို့ဟာ သူ့အခွန်ဆောင်မှတ်တမ်းတွေကို ရရှိဖို့ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ စီမံဆောင်ရွက်နေပြီး နစ်နာကြေးအဖြစ် ဒေါ်လာ သန်း ၁၀၀ ရလိုတယ်လို့ ထရမ့်က တရားစွဲဆိုခဲ့တဲ့အမှု ဖြစ်ပါတယ်။
ထရမ့်ရဲ့ လျှောက်ထားချက်ဟာ ဥပဒေကြောင်းအရ မခိုင်လုံဘူးဆိုပြီး တရားသူကြီးတစ်ဦးက အရင်နှစ်မှာ ပယ်ချခဲ့ပါတယ်။
ထရမ့်ရဲ့ ငွေကြေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ ဆောင်းပါးတွေရေးသားခဲ့တဲ့အတွက် နယူးယောက်တိုင်းမ်ဟာ ပူလစ်ဇာဆုရရှိခဲ့ပါတယ်။
သူ့ရဲ့ မအောင်မြင်တဲ့ တရားရေးအရ လုပ်ဆောင်မှုကြောင့် ကုန်ကျစရိတ်တွေကို နယူးယောက်တိုင်းမ်ကို ထရမ့်ဟာ တရားရုံးစရိတ်ပေးဆောင်ရမှာဖြစ်တယ်လို့ နယူးယောက်တရားလွှတ်တော်ချုပ် တရားသူကြီး ရောဘတ် ရိဒ်က ဇန်နဝါရီ ၁၂ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ တရားသူကြီးဟာ ဒီမိုကရက်တစ်ဦးဖြစ်ပါတယ်။
တရားစွဲဆိုမှုမှာ တင်ပြတဲ့ အကြောင်းအရာတွေရဲ့ ရှုပ်ထွေးမှုသာမက သတင်းစာဘက်က ရှေ့နေတွေရဲ့ အရည်အချင်းနဲ့ ဂုဏ်သတင်းတို့အပါအဝင် အချက်အလက်များစွာကို သုံးသပ်ပြီးနောက်မှာ တရားရုံးစရိတ်အဖြစ် ၃၉၂၆၃၈ ဒေါ်လာ ပေးဆောင်ရမယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တရားသူကြီးက ပြောဆိုခဲ့ပါတယ်။
သမ္မတဟောင်းဟာ သံသယဖြစ်စရာကောင်းတဲ့ အခွန်ဆိုင်ရာကိစ္စတွေမှာ ပါဝင်နေတယ်ဆိုပြီး သတင်းစာက ၂၀၁၈ ခုနှစ်မှာ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။
သူ့ကိုပုဂ္ဂိုလ်ရေးအရ လက်စားချေဖို့လုပ်နေတာရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် သတင်းသမားသုံးဦးဟာ ထရမ့်ရဲ့တူမနဲ့လက်တွဲပြီး သတင်းရယူခဲ့တာဖြစ်တယ်လို့ ထရမ့်ရဲ့ တရားစွဲဆိုမှုမှာဖော်ပြထားပါတယ်။
သတင်းသမားသုံးဦးဟာ တူမဖြစ်သူနောက်ကို တကောက်ကောက်လိုက်ပြီး မှတ်တမ်းမှတ်ရာတွေ သူ့ကိုပေးအပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ တရားစွဲဆိုမှုမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
သတင်းသမားတွေဟာ ဥပဒေကြောင်းနဲ့ ပုံမှန်သတင်းစုဆောင်းရေးတို့ကို လုပ်ဆောင်ခွင့်ရှိတယ်ဆိုတာ တရားရေးစနစ်က အသိအမှတ်ပြုထားပြီးဖြစ်တယ်လို့ တရားသူကြီးရိဒ်ကပြောဆိုပြီး တရားစွဲဆိုမှုကို မေလ မှာ ပယ်ချခဲ့ပါတယ်။
သတင်းသမားတွေရဲ့ လုပ်ဆောင်မှုဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် ၁ ပါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရဲ့ အနှစ်သာရဖြစ်တယ်လို့ တရားသူကြီးက ပြောဆိုခဲ့ပါတယ်။
ဘီဘီစီက ထရန့်ဘက်ကတုံ့ပြန်မှုရဖို့ ထရမ့်ရဲ့ ရှေ့နေကို ဆက်သွယ်ခဲ့ပါသေးတယ်။








