ဒေါ်နယ်ထရမ့်အမှု တရားလွှတ်တော်ချုပ် အချိန်တိုအတွင်း မဆုံးဖြတ်နိုင်

ဓာတ်ပုံ ရင်းမြစ်, REUTERS
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းပြန်လှန်ဖို့ ကြိုးပမ်းခဲ့မှုအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရှိမရှိကို လက်ရှိအချိန်မှာ မဆုံးဖြတ်သေးဘူးလို့ အမေရိကန်တရားလွှတ်တော်ချုပ်က ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ အထူးအကြံပေးအရာရှိ ဂျက်စမစ်က တရားလွှတ်တော်ချုပ်ကို လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။
သမ္မတဟောင်းထရမ့်ဟာ ရွေးကောက်ပွဲရလဒ်တွေ ပျက်စီးအောင် လုပ်ဆောင်မှုနဲ့ ဒီနှစ်အစောပိုင်းမှာ စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။
စမစ်ရဲ့ လျှောက်ထားချက်ကို ပယ်ချလိုက်တယ်လို့ပဲ တရားလွှတ်တော်ချုပ်က ထုတ်ပြန်လိုက်တာဖြစ်ပြီး ရှင်းလင်းပြောဆိုတာမရှိခဲ့ပါဘူး။
အယူခံဝင်မှုဖြစ်စဉ်ကြောင့် ထရမ့်ကို ရုံးတင်ဖို့ နှောင့်နှေးသွားမှာစိုးရိမ်နေတဲ့အတွက် တရားလွှတ်တော်ချုပ်ကို ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တဲ့ စမစ်အတွက် ဒီဆုံးဖြတ်ချက်ဟာ ထိခိုက်နစ်နာမှု ရှိခဲ့ပါတယ်။
ထရမ့်ကို ဝါရှင်တန်ဒီစီမှာ မတ်လ ၄ ရက်မှာ ကြားနာစစ်ဆေးဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။
စမစ်ရဲ့ ရုံးကတော့ တစ်စုံတရာမှတ်ချက်မပေးသေးပါဘူး။
ဇန်နဝါရီ ၆ ရက် လွှတ်တော်အဆောက်အအုံစီးနင်းမှုကိုဦးတည်သွားစေတဲ့ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းရေးကြိုးပမ်းမှုတွေအတွက် ထရမ့်ဟာ စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထရမ့်ရဲ့ ရှေ့နေအဖွဲ့ဟာ ရုံးတင်စစ်ဆေးမှုကိုရွှေ့ဆိုင်းနိုင်ရေးကြိုးပမ်းနေတာမို့ တရားလွှတ်တော်ချုပ်ရဲ့ ညွှန်ကြားချက်ဟာ သမ္မတဟောင်းအတွက် လုပ်ငန်းစဉ်ဆိုင်ရာအောင်မြင်မှုဖြစ်ခဲ့ပါတယ်။
ထရမ့် အယူခံဝင်နေတာမို့ စီရင်စုတရားသူကြီး တန်ယာ ချတ်ကန်က အမှုကိုရပ်ဆိုင်းပေးထားပါတယ်။
သူဟာ လွှတ်တော်အဆောက်အအုံသိမ်းပိုက်မှုမဖြစ်မီနဲ့ ဖြစ်ပွားစဉ်မှာ သမ္မတတစ်ဦးအဖြစ် လုပ်ပိုင်ခွင့်အတိုင်းလုပ်ဆောင်နေတာမို့လို့ ပြစ်ဒဏ်ကျခံရခြင်းကနေ ကင်းလွတ်ခွင့်ရှိတယ်လို့ သမ္မတဟောင်းက ကြွေးကြော်ထားပါတယ်။
အိမ်ဖြူတော်မှာရှိစဉ်အတွင်း ပြည်ထောင်စုအဆင့် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် သမ္မတဟောင်းဟာ ပြစ်ဒဏ်ကျခံရခြင်းမှ လုံးဝကိုကင်းလွတ်ခွင့်ရှိမရှိ ဆိုတဲ့ အမေရိကန်ဒီမိုကရေစီစနစ်ရဲ့ ဗဟိုချက်မှာရှိတဲ့ အရေးအပါအဆုံးပြဿနာဖြစ်တာမို့ တရားလွှတ်တော်ချုပ်က ကြားဝင်ဆုံးဖြတ်ပေးဖို့ စမစ်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။
‘’ဒါဟာ အင်မတန်ကိုထူးခြားတဲ့ တောင်းဆိုမှုဆိုတာ အမေရိကန်ပြည်ထောင်စုက သိရှိပါတယ်’’ လို့ စမစ်က ဆက်ပြောပါတယ်။
ရုံးတင်စစ်ဆေးဖို့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တောင်းဆိုတာဟာ နိုင်ငံရေးအရ လှုံ့ဆော်မှု လို့ ထရမ့်ရဲ့ ရှေ့နေတွေက ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်သလို သမ္မတဂျိုးဘိုင်ဒင်ရဲ့ အကြီးမားဆုံးပြိုင်ဘက်လည်းဖြစ်တဲ့ ထရမ့်ဟာ သမ္မတရွေးကောက်ပွဲဆိုင်ရာမဲဆွယ်စည်းရုံးမှုအရှိန်မြင့်နေချိန်မှာ လပေါင်းများစွာကြာ ရုံးတင်စစ်ဆေးမှုနဲ့ကြုံနေရအောင် အားထုတ်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းလည်းဖြစ်တယ် လို့ ထရမ့်ရဲ့ ရှေ့နေတွေက ပြောပါတယ်။
တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်အရ အယူခံတရားရုံးဟာ အမှုကိုကြားနာရမှာဖြစ်ပြီး အမှုကို ဆုံးဖြတ်ပြီးမှသာ တရားလွှတ်တော်ချုပ်မှာ အယူခံဝင်လို့ရမှာ ဖြစ်ပါတယ်။
တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်က အပြီးအပြတ်ဖြစ်မှာဖြစ်ပေမဲ့ အယူခံဝင်မှုကြောင့် ကြားနာစစ်ဆေးမှုစတင်မယ့်ရက် နှောင့်နှေးသွားနိုင်ပါတယ်။
ဥပဒေအရာရှိတွေက ရွေးကောက်ပွဲမတိုင်မီ စတင်နိုင်ဖို့ မျှော်လင့်ထားတာပါ။
ရွေးကောက်ပွဲနေ့ နီးကပ်လာတာနဲ့အမျှ အမှုဟာ နိုင်ငံရေးနဲ့ပိုဆက်နွှယ်လာနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။
ထရမ့်ရဲ့ ရှေ့နေတွေက ရုံးတင်မယ့်နေ့ကို ရွေးကောက်ပွဲပြီးတဲ့အထိ ရွှေ့ဆိုင်းနိုင်မယ်ဆိုရင်၊ ရွေးကောက်ပွဲမှာ ထရမ့်နိုင်မယ်ဆိုရင် ရုံးတင်မယ့်နေ့ရက်ကို အချိန်ကာလအကန့်အသတ်မရှိ ရွှေ့ဆိုင်းနိုင်မှာ ဖြစ်ပါတယ်။
အခုလောလောဆယ်မှာတော့ ဒီစီတရားရုံးမှာ နှစ်ဖက်ရှေ့နေတွေ ဇန်နဝါရီ ၉ ရက်မှာ လျှောက်ထားကြမှာဖြစ်ပါတယ်။
တရားသူကြီး ချတ်ကန်က ထရမ့်ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြောဆိုမှုကို ပယ်ချပြီး သမ္မတဟောင်းရဲ့ လေးနှစ်ကြာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တာဟာ နိုင်ငံသားတွေအပေါ် သက်ရောက်မှုရှိတဲ့ ရာဇဝတ်မှုဆိုင်ရာပြစ်ဒဏ်ကျခံရခြင်းမှ ရှောင်ရှားနိုင်တဲ့ ဘုရင်တွေရဲ့ ဘုရားပေးတဲ့ အခွင့်အရေးကိုရရှိတာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးနောက် အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ဟာ ရွေးကောက်ပွဲရလဒ်ပျက်ပြားအောင် လုပ်ဆောင်မှုနဲ့ဆက်စပ်တဲ့ ပြစ်မှုနှစ်မှုအပါအဝင် ပြစ်မှုလေးမှုနဲ့ဆက်စပ်ပြီး ရာဇဝတ်ကြောင်းအရတရားစွဲဆိုမှု ဒါဇင်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီဇင်ဘာ ၂၂ ရက် တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြည့်မယ်ဆိုရင် တရားသူကြီးကိုးဦးဟာ ထရမ့်ရဲ့ ဥပဒေရေးရာကိစ္စတွေနဲ့ပတ်သက်လို့ ဝင်ပါဖို့ တွန့်ဆုတ်နေတာကို ပြသနေပါတယ်။
ဒါဟာ ထရမ့်ပါဝင်တဲ့ နာမည်ကျော် တရားရေးပြဿနာတွေကို တရားလွှတ်တော်ချုပ်က ကိုင်တွယ်ပုံဟာ လာမယ့်လတွေဟာ တရားလွှတ်တော်ချုပ်ဆီကို ပြန်ရောက်မယ်ဆိုတာကို အရိပ်အမြွက်ပြနေပြီ ဖြစ်ပါတယ်။
သမ္မဟောင်းဟာ လျှို့ဝှက်မှတ်တမ်းတွေကို ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ ဖလော်ရီဒါမှာလည်း တရားစွဲဆိုခံထားရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်အမှတ် ၁၄ မှာပါဝင်တဲ့ နိုင်ငံတော်ပုန်ကန်ထကြွမှုဆိုင်ရာ ပုဒ်မကြောင့် ထရမ့်ဟာ ကော်လိုရာဒိုပြည်နယ်ရဲ့ ၂၀၂၄ ခုနှစ် ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းစာရင်းမှာပါဝင်တော့မှာမဟုတ်ဘူးလို့ ကော်လိုရာဒိုပြည်နယ်တရားလွှတ်တော်ချုပ်က အခုအပတ်အစောပိုင်းမှာ ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်တရားလွှတ်တော်ချုပ်က အထက်ပါအတိုင်း ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
လွှတ်တော်အဆောက်အအုံသိမ်းပိုက်ခံရမှုနဲ့ဆက်စပ်လို့ ထရမ့်ဟာ ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် အကျုံးမဝင်တော့ဘူးလို့ ကော်လိုရာဒိုတရားလွှတ်တော်ချုပ်က တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ သမ္မတဟောင်းဟာ တရားလွှတ်တော်ချုပ်မှာ အယူခံဝင်ထားပါတယ်။








