ခြိမ်းခြောက်မှုတွေကြောင့် ထိုင်ဝမ် လေကြောင်းရန်ကာ စနစ် တည်ဆောက်မယ်

ထိုင်ဝမ်အမျိုးသားနေ့က သမ္မတလိုင်နဲ့ သမ္မတကတော်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်အမျိုးသားနေ့က သမ္မတလိုင်နဲ့ သမ္မတကတော်
    • ရေးသားသူ, ကယ်လီအန်း

ထိုင်ဝမ် စစ်စရိတ် တိုးမြှင့်မယ့် စီမံကိန်းတွေကို သမ္မတက ကြေညာခဲ့ပါတယ်။

ထိုင်ဝမ်မှာ တီဒုမ်းလို့ ခေါ်တဲ့ အလွှာအထပ်ထပ်ပါဝင်တဲ့ လေကြောင်းကာကွယ်ရေး စနစ်ကို တည်ဆောက်မယ်လို့လည်း သမ္မတ ဝီလျံလိုင်က ပြောပါတယ်။

တရုတ်က ထိုင်ဝမ်ကို တိုက်ဖို့ စစ်ရည်စစ်သွေး တိုးမြှင့်နေတယ်လို့ ထိုင်ဝမ်အစိုးရက သတိပေးပြီး နောက်နေ့မှာပဲ ကြေညာလိုက်တာ ဖြစ်ပါတယ်။

လိုင်က တရုတ်ပြည်ကို နာမည် ထည့်မပြောပေမယ့် ထိုင်ဝမ်ကို တရုတ်ရဲ့ အစိတ်အပိုင်းလို့ ရှုမြင်ပြီး အင်အားသုံးပြီး မသိမ်းဘူးလို့လည်း တရုတ်ဘက်က မပြောခဲ့ပါဘူး။

စစ်အသုံးစရိတ် တိုးချဲ့ဖို့ လိုတာ သိသာကြောင်း လိုင်က ပြောပြီး တရုတ်က ထိုင်ဝမ်ရဲ့ လေနဲ့ ရေပိုင်နက်ကို ကျူးကျော်တာတွေ ပိုများလာတာကို ရည်ညွှန်းချင်ပုံ ရပါတယ်။ ဒီထဲမှာ ဝင်သိမ်းတဲ့ပုံစံမျိုး တရုတ်စစ်ရေးပြမှုတွေလည်း ပါပါတယ်။

ကာကွယ်ရေး ကိစ္စမှာ ထိုင်ဝမ်မှာ အငြင်းပွားကြတဲ့ ကိစ္စ ဖြစ်ပြီး တရုတ် ခြိမ်းခြောက်မှုကို ဘယ်လို တုံ့ပြန်သင့်သလဲဆိုရာမှာ အမြင်တွေ ကွဲပြားနေကြပါတယ်။

မစ္စတာလိုင်ဟာ သူ့ထောက်ခံမှုရဖို့ တရုတ်သိမ်းပိုက်မှုနဲ့ ခြောက်လှန့်နေတယ်ဆိုပြီး လိုင်ရဲ့ အတိုက်အခံတွေက စွပ်စွဲကြသလို တရုတ်နဲ့ ပိုပြီး သံတမန်ရေးအရ ဆက်ဆံဖို့ တိုက်တွန်းကြပါတယ်။

ဒါပေမဲ့လည်း တရုတ်စစ်ရေးပြမှုတွေကနေ ထိုင်ဝမ်ကို အလစ်အငိုက် သိမ်းပိုက်ဖို့ တကယ့်တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ထိုင်ဝမ် ကာကွယ်ရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်ဝမ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို နောက်နှစ်ကစပြီး ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးရဲ့ သုံးရာခိုင်နှုန်း တိုးမှာ ဖြစ်သလို ၂၀၃၀ မှာ ငါးရာခိုင်နှုန်းထိ တိုးမယ်ဆိုပြီး ထိုင်ဝမ် အမျိုးသားနေ့ မိန့်ခွန်းမှာ မစ္စတာလိုင်က ပြောကြားခဲ့ပါတယ်။

အတိုက်အခံ ကြီးစိုးတဲ့ ထိုင်ဝမ်လွှတ်တော်က ဒီနှစ်ထဲမှာ အသုံးစရိတ် ဥပဒေကြမ်းတွေကိုပယ်ချခဲ့လို့ ဒီလိုတိုးဖို့ ခက်ပါတယ်။

ခုကြေညာသွားတဲ့ ထိုင်ဝမ်ရဲ့ တီဒုမ်းကို တာတိုပစ် လက်နက်တွေကို ပစ်ချနိုင်ပြီး ရာသီတိုင်းမှာ လည်ပတ်နိုင်တဲ့ အစ္စရေးရဲ့ သံဒိုင်းစနစ်နဲ့လည်း အမည်မဖော်လိုတဲ့ ရင်းမြစ်က ရိုက်တာ သတင်းဌာနကို နှိုင်းယှဉ်ပြပါတယ်။

သံဒိုင်းစနစ်ရဲ့ ထိရောက်မှုကို အစ္စရေးနဲ့ ဟားမတ်စ် စစ်ပွဲ စတဲ့ ၂၀၂၃ အောက်တိုဘာကတည်းက ကောင်းကောင်းတွေ့ခဲ့ရပါတယ်။ ဟားမတ်စ်နဲ့ ဟစ်ဇဘိုလာလို တခြားအဖွဲ့တွေဘက်က ပစ်တဲ့ ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေကို ဒီဒိုင်းစနစ်က ၂ နှစ်အတွင်း ပစ်ချနိုင်ခဲ့ပါတယ်။

အလွှာအထပ်ထပ်နဲ့ လုပ်တဲ့ ကာကွယ်ရေး စနစ်၊ အဆင့်မြင့် ထောက်လှမ်းမှုနဲ့ ထိရောက်တဲ့ ပစ်ချနိုင်မှုတွေ ပါတဲ့ ထိုင်ဝမ်ရဲ့ တီဒုမ်းကလည်း နိုင်ငံသားတွေကို ကာကွယ်ဖို့ ဘေးကင်းတဲ့ ကွန်ရက် ဖြစ်လာမယ်ဆိုပြီး လိုင်က ပြောပါတယ်။

ထိုင်ဝမ်အမျိုးသားနေ့ စစ်ရေးပြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်အမျိုးသားနေ့ စစ်ရေးပြ

လိုင်ရဲ့ ပြောကြားချက်ထဲမှာ ပုံဖျက်ထားတဲ့ အချက်အလက်တွေ ပါနေပြီး လူထု ထင်မြင်ချက်ကို လမ်းမှားဘက် ပို့နေတယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဂို ဂျက်ကွန်းက ဆိုပါတယ်။

မစ္စတာလိုင်ဟာ ပြဿနာရှာသူ၊ စစ်လိုလားသူဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

တီဒုမ်းခေါ် လေကြောင်းကာကွယ်ရေးဒိုင်းက ထိုင်ဝမ်ရဲ့ ကာကွယ်ခုခံလိုစိတ်ကို ပြနေပေမယ့် ဒါကို အကောင်အထည်ဖော်ဖို့ မလွယ်ကြောင်း သုံးသပ်သူတွေက ဆိုပါတယ်။

အစ္စရေးပုံစံယူပြီး လုပ်ရင် ငွေအများကြီး လိုလိမ့်မယ်၊ မလွယ်ဘူးဆိုပြီး ချန်ကန်းတက္ကသိုလ်က နိုင်ငံရေး သိပ္ပံပညာရှင် ဟုန် ဂျန် ဝမ်းက ပြောပါတယ်။

တီဒုမ်းကို ချက်ချင်းဆောက်လို့ မလွယ်ကြောင်းလည်း ဆမ် ဟူစတန် တက္ကသိုလ်က ဒင်းနစ်ဝမ်းက ပြောပါတယ်။

လိုင်ရဲ့ သမ္မတသက်တမ်းကုန်မှ ဒီဒိုင်းစနစ်က ပြီးမှာ ဖြစ်ပြီး ဒီသတင်းစကားက အမေရိကန်ကို ရည်ရွယ် ပြောတာလို့ သူက ဆိုပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးဖို့ ဥပဒေအရ ပြဋ္ဌာန်းထားပေမယ့်လည်း သမ္မတထရမ့်အစိုးရက ထိုင်ဝမ်ကို ကိုယ့်ကိုယ်ကိုယ် ပိုပြီး ကာကွယ်ဖို့ တိုက်တွန်းထားပါတယ်။

အတင်းအကျပ် ဖိအားသုံးပြီး ထိုင်ဝမ်ကို သိမ်းဖို့ ကြံနေတာကို လက်လျှော့ဖို့လည်း တရုတ်အစိုးရကို လိုင်က တောင်းဆိုခဲ့ပါတယ်။

တရုတ်ပြည်ဟာ အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်ဖို့ တာဝန်ယူမှုကို ပြရမယ်လို့လည်း သူက ဆိုပါတယ်။

တရုတ်က ခွဲထွက်ရေးသမားလို့ သတ်မှတ်ထားတဲ့ လိုင်က သူ့ရှေ့က သမ္မတ ဆိုင်ယင်ဝမ်းနဲ့ စာရင် ပိုပြီး တရုတ်ကို တင်းတင်းမာမာ ဆက်ဆံတဲ့ အနေအထား ရှိပါတယ်။

ဇူလိုင်လတုန်းကလည်း ထိုင်ဝမ်မှာ အကြီးဆုံးနဲ့ အချိန်ကြာဆုံး နှစ်လည် စစ်ရေးပြပွဲကြီး ကျင်းပပြီး ပြည်သူတွေကို တပ်လှန့်ခဲ့ပါတယ်။

ဂျွိုက်စ်လီးနဲ့ တင်ချန်းတို့ ထိုင်ဝမ်က ဖြည့်စွက် ရေးသားပါတယ်။