ရဲဘော်ဖိုးသံချောင်း၊ မန္တလေး လူထုဒေါ်အမာရဲ့ မီးပင်လယ်ကို ဖြတ်တဲ့သား

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
စိန့်ပီတာလို့ ခေါ်တဲ့ မန္တလေးက ခရစ်ယာန်သာသနာပြု ယောကျ်ားလေးကျောင်းကို ဒုတိယကမ္ဘာစစ်ပြီးစမှာ ဆေးရုံဖွင့်ခဲ့ပါတယ်။ ၁၉၄၅ စစ်ပြီးစ ညမထွက်ရ အမိန့်ထုတ်ထားချိန်မှာ သတင်းစာဆရာမ ပေါက်စ လူထုမအမာ ဝမ်းနာလာလို့ ဆေးရုံပို့ရတော့ သူ့ခင်ပွန်း လူထုကိုလှနဲ့အတူ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်လောင်း ရခိုင်ဦးကျော်ရင် ဖြစ်လာမယ့် ကွန်မြူနစ်ပါတီက ကိုကျော်ရင်နဲ့ တခြားရဲဘော်တယောက်က စောင့်ရှောက် ခေါ်သွားကြကြောင်း လူထုဒေါ်အမာက ကျွန်မရေးတဲ့ သူ့ဘဝ လူထုဦးလှ စာအုပ်မှာ အမှတ်တရ ရေးခဲ့ပါတယ်။ မီးဖွားချိန်ကတည်းက ကွန်မြူနစ်တွေ လမ်းပြခေါ်သွားခဲ့တဲ့ ဖိုးသံချောင်းဟာ နောက် အနှစ် ၈၀ ကြာတဲ့အခါမှာလည်း ဗကပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူအဖြစ် တရုတ်ပြည်မှာ ရှိနေပါတယ်။
အသက်ပြင်းတဲ့ သတင်းစာဆရာသား

ဓာတ်ပုံ ရင်းမြစ်, Archive
ဇာတာအမည် မောင်ချစ်ခင် ဖြစ်ပေမယ့် သူ့ကြီးတော် နဂါးဒေါ်ဦးရဲ့ ဒုတိယခင်ပွန်း ကာယဗလဦးနေဝင်း ခေါ် စာရေးဆရာ ရဲထွန်းလင်းပေးတဲ့ ဖိုးသံချောင်း အမည်နဲ့ပဲ သူ့ကို သိကြပါတယ်။ ဖိုးသံချောင်းမှာ အစ်ကိုနဲ့ အစ်မတယောက်၊ နှမနဲ့ ညီတယောက်စီ ရှိပြီး သူက သားလတ် ဖြစ်ပါတယ်။ စစ်ပြီးစ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့အတူ ဖဆပလမှာ ပါဝင်ခဲ့တဲ့ ဖခင်နဲ့ မိခင် သတင်းစာဆရာမရဲ့ သားသမီးတွေ ဖြစ်လို့ ငယ်စဉ်ကတည်းက နိုင်ငံရေး၊ စာပေ၊ အနုပညာလောကနဲ့ သူတို့ နီးစပ်ခဲ့ပြီး နိုင်ငံရေးမုန်တိုင်းကိုလည်း အရွယ်နဲ့မမျှ ကြုံခဲ့ရပါတယ်။
သူ့ကိုယ်ဝန်ကြီးနဲ့ ဒေါ်အမာက ဒုတိယကမ္ဘာစစ်နောက်ခံ ရုရှားဝတ္ထု သက်တန့်ရောင်ကို ပြန်ဆိုခဲ့သလို ဦးလှကို ဗြိတိသျှတပ်က ဖမ်းသွားလို့ ခင်ပွန်းအတွက် ဗန်းမော်ထိ စစ်လေယာဉ်စီးပြီး လိုက်လံ စုံစမ်းခဲ့ရပါတယ်။ မောင်ဖိုးသံ ကျောင်းမနေရသေးခင် ၁၉၄၉ မှာ မန္တလေးကို ကရင်လက်နက်ကိုင်တွေနဲ့ ကွန်မြူနစ်တပ်စုံ ဝင်သိမ်းပါတယ်။ မြို့ကို အစိုးရတပ်က ပြန်သိမ်းပြီးတရက်မှာတော့ ၈၄ အောင်ဆန်းလမ်းပေါ်က မြန်မာစက္ကူဆိုင်ရှေ့မှာ သူတို့မိသားစုနဲ့ တောခိုနေတဲ့ စစ်ဗိုလ်ကတော် အဒေါ် မိသားစုအပြင် အိမ်အကူတွေပါမကျန် တန်းစီခိုင်းပြီး ပစ်သတ်ဖို့ အစိုးရစစ်သားတွေက ကြိုးစားပါတယ်။ တောင်ပြင် ထီးလင်းတိုက်က သူ့မိဘဆွေမျိုးများ ကိုးကွယ်တဲ့ ဘုန်းကြီးတပါး ရောက်လာပြီး မေတ္တာရပ်ခံလို့ သူတို့အသက်မသေ ချမ်းသာရာ ရခဲ့ပေမယ့် ဂုန္တန်ဆေးရိုးဝင်းထဲက လူထုသတင်းစာ ပုံနှိပ်စက်တွေကိုတော့ အစိုးရတပ်က ဒိုင်းနမိုက်နဲ့ ခွဲသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
၁၉၄၅ သူ မွေးခါနီးအချိန်ကနေ ဆယ်နှစ်ကျော်အတွင်း ဗြိတိသျှနဲ့ ဖဆပလခေတ်တွေမှာ သူ့ဖခင်ကို ဖမ်းတာ လေးကြိမ်ကြုံခဲ့ပြီး စတုတ္ထအကြိမ်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ သတင်းစာတိုက် ချိတ်ပိတ်တာ၊ အာမခံတောင်းတာတွေကလည်း လူထုလို အစိုးရမထောက်ခံတဲ့ သတင်းစာမျိုးအတွက် မဆန်းတဲ့ ကိစ္စဖြစ်နေပါတယ်။ အထက်ဗမာပြည်မှာ လက်ဝဲဝါဒအားကောင်းတာ လူထုကြောင့်ဆိုပြီး ရန်ကုန်က ဖဆပလခေါင်းဆောင်ကြီးတွေနဲ့ လက်ယာသတင်းစာတွေကလည်း အထင်ရှိပါတယ်။ ဒီလို ဖိနှိပ်မှုတွေနဲ့ ကြုံခဲ့ရပေမယ့် သူ့မိခင်ဟာ သားသမီးငါးယောက်ကို မသိမ်ငယ်ရအောင်ထားခဲ့ပြီး အနောက်တိုင်းသာသနာပြုကျောင်းတွေမှာ ပညာသင်စေခဲ့ပါတယ်။ ဒါကြောင့် သူ့အစ်မမှာ အက်စသာ ဆိုတဲ့ အင်္ဂလိပ်-အမေရိကန်နာမည် ရှိသလို သူ့မှာလည်း အိုင်ဗန်ဆိုတဲ့ ရုရှားနာမည် ရှိပါတယ်။ သူ့နှမမှာတော့ မာရီဆိုတဲ့ ပြင်သစ်နာမည် ရှိပါတယ်။
စာတော်တဲ့ မောင်ဖိုးသံဟာ သူ့အစ်ကို မောင်စိုးဝင်းလိုပဲ စိန့်ပီတာကျောင်းက ကက်သလစ်ဘုန်းတော်ကြီးတွေ ချီးကျူးခံရတဲ့ ကျောင်းသားဖြစ်ခဲ့ပါတယ်။ ပြင်သစ်စာကိုလည်း ဒီဘုန်းတော်ကြီးတွေဆီမှာပဲ သူ သင်ခဲ့ပါတယ်။ စိန့်ပီတာက သူနဲ့ ရွယ်တူ ပညာချွန်တဲ့ သူငယ်ချင်းတွေ ဆရာဝန်၊ အင်ဂျင်နီယာ၊ လုပ်ငန်းရှင်တွေ ဖြစ်ခဲ့ကြပေမယ့် မောင်ဖိုးသံကတော့ သူ့အစ်ကိုလိုပဲ နိုင်ငံရေးဘက်ကို စိတ်သန်ခဲ့ပါတယ်။
ကျောင်းသား၊ ထောင်နဲ့ ကျွန်း
မောင်ဖိုးသံ လူဖြစ်ခဲ့တဲ့ ၁၉၅၀၊ ၁၉၆၀ ပြည့်လွန်နှစ်တွေဟာ ကမ္ဘာမှာ စစ်အေးဆိုတဲ့ လက်ဝဲလက်ယာ ဝါဒကြီးနှစ်ရပ် ယှဉ်ပြိုင်တဲ့ ခေတ်ကြီး အရှိန်အကောင်းဆုံး အချိန် ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း လွတ်လပ်ရေးခါစက စပြီး ကွန်မြူနစ်၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ကရင် စတဲ့ လက်နက်ကိုင်လှုပ်ရှားမှု မျိုးစုံနဲ့ ကြုံခဲ့ရသလို တရုတ်ဖြူ ကျူးကျော်မှုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ သူ့မိဘတွေနဲ့ ခင်မင်တဲ့ ဝန်ကြီးချုပ် ဦးနု အစိုးရကို သူ့မိခင်စာအုပ်မှာ အမှာစာရေးပေးခဲ့တဲ့ သခင်သန်းထွန်းရဲ့ ကွန်မြူနစ်တွေက ပုန်ကန်နေတာ ဖြစ်ပြီး သူတို့ထုတ်တဲ့ သတင်းစာကို ကွန်မြူနစ်ဘက်ယိမ်းတယ်ဆိုပြီး ဖဆပလအစိုးရနဲ့ စစ်တပ်က စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
လူထုအယ်ဒီတာချုပ် ရွှေဥဒေါင်း၊ ဗန်းမော်တင်အောင်၊ မြသန်းတင့် စတဲ့ မိဘအသိုင်းအဝိုင်းက စာရေးဆရာတွေ၊ သူ့မိဘတွေရဲ့ လူထုသတင်းစာတိုက်ကို ဝင်ထွက်နေကြတဲ့ မောင်သာနိုး၊ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်နဲ့ မောင်မိုးသူ စတဲ့ တပ်ဦးကျောင်းသားသမဂ္ဂဝင် ကဗျာဆရာနဲ့ သတင်းစာဆရာတွေနဲ့ ခင်မင်မှုကြောင့်လည်း မောင်ဖိုးသံ နိုင်ငံရေး စိတ်ဝင်စားလာပါတယ်။ သူ့ဘဝရဲ့ ပထမဆုံး ဆန္ဒပြပွဲက ၁၉၆၀ ဦးနုရဲ့ ပထစအစိုးရခေတ်မှာ ဖြစ်ပြီး ကိုးတန်းနဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေနိုင်ရာက ၁၀ တန်းကျမှ ဖြေခွင့်ပေးတဲ့ တန်းခွဲတန်းချစနစ်ကို ဖျက်သိမ်းရေး ဆန္ဒပြပွဲ ဖြစ်ပါတယ်။
သူ အသက် ၁၇ နှစ်အရွယ်မှာပဲ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီး ဆိုရှယ်လစ်နိုင်ငံ ထူထောင်ပေမယ့် ကျောင်းသားထုက အယုံအကြည်မရှိဘဲ ဆဲဗင်းဇူလိုင် အရေးအခင်းဖြစ်လို့ သူ့အစ်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားနဲ့ သမဂ္ဂ ခေါင်းဆောင် ကိုစိုးဝင်း တောခိုရပါတယ်။ လက်ဝဲသတင်းစာဆရာ သူ့ဖခင်ကို ဗိုလ်ချုပ်ကြီးနေဝင်းက တော်လှန်ရေး အစိုးရဂေဟာကို ဖိတ်ခေါ်ဆွေးနွေးနေချိန်မှာ သူကတော့ အမေနဲ့ အစ်ကိုလမ်းစဉ်ကိုလိုက်ပြီး သမဂ္ဂကျောင်းသား ဖြစ်လာပါတယ်။
မန္တလေးတက္ကသိုလ် သမဂ္ဂကျောင်းသားဘဝမှာ ကဗျာဆရာ ကြည်အောင်၊ ကဗျာဆရာမ မစိမ်းပင်နဲ့ ကိုကိုးကျွန်းမှာ ကျဆုံးတဲ့ ကိုလေးမောင်တို့နဲ့ ကိုဖိုးသံနဲ့ အတူ သမဂ္ဂမှာ လှုပ်ရှားခဲ့ကြပါတယ်။ ကျွန်တော်မမေ့နိုင်သောအဆောက်အဦများ မတကသကပ်တဲကြီး ဆိုပြီး ၁၉၆၂ မှာ အဖျက်ခံခဲ့ရတဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ လုပ်ခဲ့တဲ့ တဲကြီးအကြောင်းကိုလည်း ကိုဖိုးသံ နောက်ပိုင်းမှာ အမှတ်တရ ပြန်ရေးခဲ့ပါတယ်။ ဒီသမဂ္ဂနေရာ ကွက်လပ်မှာပဲ သူ ၁၈ နှစ်အရွယ်၊ ၁၉၆၃ ဆဲဗင်းဇူလိုင် နှစ်လည်နေ့မှာ သူ့ဘဝရဲ့ ပထမဆုံး မိန့်ခွန်းကို ပြောခဲ့ရတာပါ။
ဒီအချိန်မှာပဲ သူဝါသနာပါတဲ့ ပန်းချီအနုပညာပိုးကြောင့် မိသားစုပိုင် ကြီးပွားရေးတိုက်ထုတ် သူ့မိခင်ပြန်ဆိုတဲ့ ဘဝချင်းမတူသည့် တရုပ်ပြည်၊ မောင်စွမ်းရည် ရေးတဲ့ ပြည်သူရှုဒေါင့် စာအုပ်ဝေဖန်ချက်များနဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက ထုတ်တဲ့ ဖိုးလမင်းကဗျာများ စတဲ့ စာအုပ်အဖုံးတွေကို တက္ကသိုလ်ကျောင်းသား ကိုဖိုးသံ ရေးဆွဲခဲ့ပါတယ်။ ၁၉၆၆ မှာတော့ ဒီလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး သူ့ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၁ နှစ်သားနဲ့ ဘဝတက္ကသိုလ် ရောက်သွားတဲ့ ကိုဖိုးသံဟာ ၂၄ နှစ်အရွယ် ၁၉၆၉ မှာ ကိုကိုးကျွန်းကို တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ အပို့ခံရပါတယ်။ လေထီးဦးအုန်းမောင်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်စတဲ့ နာမည်ကြီး လက်ဝဲသမားတွေနဲ့အတူ ကပ္ပလီပင်လယ်ပြင်ထဲက ကိုကိုးကျွန်းပေါ်မှာ သုံးနှစ်နေခဲ့ရင်း အာဏာပိုင်တွေကို ကိုယ်ထူကိုယ်ထ အကျဉ်းစခန်းတိုက်ဖျက်ရေးအတွက် အစာငတ်ခံ တိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။နိုင်ငံရေးသမားတွေကို ကျွန်းပို့ပြီး သေတပန်သက်တဆုံး လုပ်ကိုင်စား သောက်စေရေးအတွက် အကျဉ်းစခန်း သုံးခု ဖွင့်ဖို့ ပြင်ခဲ့တဲ့ တော်လှန်ရေးကောင်စီကို ဆန့်ကျင်တဲ့ အစာငတ်ခံတိုက်ပွဲမှာ ၈ ဦးကျဆုံးပြီး စခန်းကို ပိတ်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။
ဒီအတွေ့အကြုံတွေကြောင့်ပဲ ကိုဖိုးသံကို လက်ဝဲကျောင်းသားဘဝကနေ ကွန်မြူနစ်ဘဝကို ကူးပြောင်းစေခဲ့ပါတယ်။ ကျွန်းအတွေ့အကြုံတွေကို အခြေခံ ရေးတဲ့ မြသန်းတင့်ရဲ့ နာမည်ကျော် ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဝတ္ထုမှာလည်း အဓိကဇာတ်လိုက်နာမည်ကို သံချောင်းလို့ မှည့်ခေါ်ပြီး ကိုဖိုးသံကို အမှတ်ရစေခဲ့ပါတယ်။ သူနဲ့ခေတ်ပြိုင်မှာ ကျွန်းမှာ နေခဲ့သူတွေထဲ ဦးခင်မောင်မြင့်၊ ကိုနီအောင်မေသုတို့လို နဝတ အကျဉ်းထောင်မှာ ဆုံးပါးခဲ့တဲ့ နာမည်ကျော် လက်ဝဲသမားတွေ ပါသလို ကိုကိုးကျွန်းက လှေနဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး ကေအန်ယူကနေ စစ်ကောင်စီကို ရောက်သွားတဲ့ မန်းငြိမ်းမောင်လည်း ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျွန်းမှာ ကိုဖိုးသံ သုံးနှစ်ရောက်နေချိန်အတွင်း မန္တလေး သူ့မိဘများမှာလည်း သူပြန်လွတ်ရေးအတွက် သောကဗျာပါ ပွေခဲ့ရပါတယ်။ ဒီအထဲ ဖိုးသံချောင်းရဲ့မိတ်ဆွေဆိုတဲ့ ပုံစံမျိုးနဲ့ လာလိမ်တာတွေ၊ ကောလာဟလထုတ်လွှင့်တာတွေကိုလည်း သူ့မိသားစုကြုံခဲ့ရပါတယ်။ ဒီအကြောင်းတွေကို သူ့မိခင် လူထုဒေါ်အမာက မှတ်တမ်းတွေ ရေးထားခဲ့ပြီး သူကွယ်လွန်ပြီးမှ ထောင်နှင့်မိခင်ဆိုပြီး ပြည်ပမှာ စာအုပ် ထုတ်ဝေခဲ့ပါတယ်။
အဲဒီအချိန်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း မန္တလေးရောက်လို့ လူထုဦးလှနဲ့ ဒေါ်အမာကို ခေါ်တွေ့တဲ့အခါတွေမှာ သားဖြစ်သူ လွတ်ဖို့အကြောင်း ထည့်ပြောပေမယ့် ခေါင်းမာတယ်ဆိုပြီး စစ်ထောက်လှမ်းရေးနဲ့ တောပြန်လက်နက်ချတသိုက်က သတင်းပို့တဲ့အကြောင်းလည်းပြောပါတယ်။ ပဲခူးရိုးမထဲက ဗကပအချင်းချင်း ဖြုတ်ထုတ်သတ်လုပ်ကြတဲ့အကြောင်း ကိုဖိုးသံက မယုံဘူးလို့ ဒီလက်နက်ချတွေ သူ့ကို လာဆွေးနွေးချိန်မှာ ပြောလိုက်တာပါ။
ဒီအခါ အသက်ငယ်သေးတဲ့ လူငယ်လေးမို့ ကျားကလေး၊ ကျားသစ်ကလေးတွေကို တောထဲက ဖမ်းလာပြီး လှောင်အိမ်ထဲ ထည့်ထားတဲ့အခါ မာန်ဖီပြီး လှောင်အိမ်ထဲ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေတဲ့ သဘောမျိုး ဖြစ်လိမ့်မယ်လို့ မိခင်ဖြစ်သူက ကာကွယ် ပြောရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
နောက်ဆုံး သူ့ကို တကယ်ပြန်လွှတ်ပေးတော့မယ်ဆိုပြီး ဗိုလ်ချုပ်ကြီးရဲ့ မေမြို့ နွေရာသီအိမ်တော်မှာ ခေါ်ပြောချိန်မှာတော့ စိတ်လှုပ်ရှားခဲ့ရပြီး အဲဒီကအပြန် ရင်ထဲ ဖိုခနဲ ဖြစ်ပြီး ဝမ်းသာလုံးဆို့သလို ဖြစ်ခဲ့ရကြောင်း ဒေါ်အမာ ရေးခဲ့ပါတယ်။ ၁၉၇၂ ကိုဖိုးသံ ပြန်လွတ်လာချိန်မှာတော့ သူ့မိဘတွေရဲ့ မိတ်ဆွေရင်းနဲ့ ပြည်သူပိုင် ကြေးမုံသတင်းစာ အယ်ဒီတာချုပ် ဇဝနက ရန်ကုန် ဆေးတက္ကသိုလ် ၁ မှာ နွေရတု မော်ဒန်ပန်းချီပြပွဲ လာကြည့်တဲ့ သူတို့မိသားစု ဓာတ်ပုံကို သတင်းစာမျက်နှာဖုံးမှာ ထည့်ပေးပြီး သူလွတ်မြောက်မှုအကြောင်း ပြည်သူကို သတင်းပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
အရှေ့မြောက် တော်လှန်ရေးသမား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထောင်နဲ့ကျွန်းက ပြန်လွတ်လာပေမယ့် ကိုဖိုးသံရဲ့ နိုင်ငံရေးဘဝက ခုမှ အစပျိုးစ ဖြစ်ပါတယ်။ သူ့မိဘများရဲ့ လူထုစာအုပ်တိုက်မှာ ကူညီပေးရင်း နိုင်ငံရေးနဲ့ ဆက်ပတ်သက်ခဲ့ပြန်ပါတယ်။ ၁၉၇၆ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့ သားအဖတွေ တောခိုချိန်မှာတော့ မန္တလေးမှာ ကူညီပေးလိုက်တဲ့ ဖိုးသံချောင်းကို ခေါ်စစ်ဖို့ လာဖမ်းပါတယ်။ လာဖမ်းချိန်မှာ သူပြေးမှ ဖြစ်မယ်ဆိုပြီး သူ့မိခင်ကို အင်္ဂလိပ်လို ပြောလိုက်ပါတယ်။ ဒါနဲ့ သူ ဆေးသောက်ဖို့ ရေသွားယူသလိုနဲ့ ဧည့်ခန်းက ခဏထွက်ချိန်မှာ ဒေါ်အမာက အိမ်ဘေးတံခါးကို ဖွင့်ပေးထားတဲ့အတွက် သူလွတ်မြောက်သွားကြောင်း ကိုဖိုးသံက ကျွန်တော်မရေးနိုင်ခဲ့တဲ့ ကိစ္စတရပ် ဆိုပြီး လူထုဒေါ်အမာ ဆုံးပြီးမှ ရေးပြခဲ့ပါတယ်။ အဲဒီနောက် မန္တလေးက ထွက်တဲ့ ကားတွေကို ရဲက စစ်နေတုန်း မိုးတားတိုက်က သူ့မိတ်ဆွေ ဘုန်းကြီးတပါး အကူအညီနဲ့ လွတ်သွားပါတယ်။ ဘောလုံးသမားအဖြစ် မန္တလေးမှာ နာမည်ကြီးတဲ့ ကိုဖိုးသံဟာ မန္တလေး ဘုန်းကြီး ကျောင်းတွေက ကိုယ်တော်တွေနဲ့လည်း ခင်မင်ပြီး ဘုရားကြီးကွင်း၊ မလွန်ကွင်းစတဲ့ ဘောလုံးကွင်းတွေမှာ ကစားလေ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကြီးရောက်ချိန်မှာတော့ ရှမ်းဖက်ဒရယ်ခေါင်းဆောင်ဟောင်း တောင်ကြီးဦးထွန်းမြင့်ကလေးက ကိုဖိုးသံကို ပအိုဝ်းအဖွဲ့နဲ့ ချိတ်ဆက်ပေးပြီး ဟိုပုံးမဲနယ်တောင်ဘက်ကို ပို့ပေးခဲ့ပါတယ်။ အဲဒီအချိန်က ဗကပနဲ့ တိုက်နေတဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်စိန် မန္တလေးထောင်မှာ အကျဉ်းကျစဉ်က ကိုဖိုးသံရဲ့ မိခင်က ထောင်ဝင်စာ သွားတွေ့ခဲ့ပါတယ်။ ဒီခင်မင်မှုနဲ့ ပအိုဝ်းအဖွဲ့ထဲမှာ ကူညီလုပ်ကိုင်ပေးရင်း နေခဲ့သလို သူ့ဘဝရဲ့ ပထမဆုံး စစ်ပွဲကို ဆင်နွှဲခဲ့ပြီးနောက် ပင်လုံဦးခွန်ထီးရဲ့ စီစဉ်ပေးမှုနဲ့ ဗကပနဲ့ ချိတ်မိပြီး ရွှေ့ပြောင်းခဲ့ပါတယ်။ အိမ်က ထွက်လာပြီး ကိုးလကြာမှ ဗကပနယ်မြေထဲ သူရောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ်ကိုဖြစ်သူ ကိုစိုးဝင်း ဆဲဗင်းဇူလိုင်အရေးအခင်းအပြီး ဗကပထဲ တောခိုသွားပြီးနောက် ဖြုတ်ထုတ်သတ်လှုပ်ရှားမှုမှာ အသတ်ခံခဲ့ရပေမယ့် ညီဖြစ်သူ ကိုဖိုးသံကလည်း ဗကပ အရှေ့မြောက်ဒေသကို ရောက်ရှိလာပါတယ်။ ဖြုတ်ထုတ်သတ်မှာ ကျောင်းသားတွေ သေဆုံးမှုအတွက် စစ်အစိုးရသတင်းစာတွေနဲ့ တောပြန်လက်နက်ချတွေရဲ့ မြရာပင်စာအုပ်တိုက်ကနေ သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ နဲ့ ဇင်+ချစ် နောက်ဆုံး(၂) လို စာအုပ်တွေ ရေးပြီး ဗကပ ရှုတ်ချရေးတွေ လုပ်နေချိန်မှာ ဖြုတ်ထုတ်သတ် သားကောင်ရဲ့ ညီနဲ့ ထင်ရှားတဲ့ လက်ဝဲသတင်းစာမိသားစုဝင်တယောက် အရှေ့မြောက်ကို ရောက်လာတဲ့အတွက် ဗကပအတွက် ဂုဏ်တက်စေခဲ့ပါတယ်။ ကိုစိုးဝင်း သေဆုံးမှုအတွက် မိသားစုကို ဗကပခေါင်းဆောင်တွေဘက်က တောင်းပန်သလို ကိုဖိုးသံကိုလည်း ပါတီခေါင်းဆောင်တွေနား အနီးကပ် ရာထူးတွေ ပေးခဲ့ပါတယ်။ အရှေ့မြောက်ကို ရောက်ချိန်မှာတော့ ကိုဖိုးသံကို ရဲဘော်အောင်ထက် အမည်နဲ့ပဲ သိကြတာ များပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ပြည် ဘေဂျင်းမြို့တော်က တရုတ်ခေါင်းဆောင်တွေ နေတဲ့ ရပ်ကွက်ထဲက မိတ်ဆွေ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေကို ထားတဲ့ နေရာတွေမှာ မြန်မာနဲ့ အင်ဒိုနီးရှား၊ ထိုင်းစတဲ့ ကွန်မြူနစ် ခေါင်းဆောင်တွေလည်း နေကြပြီး ဒီနေရာတွေမှာ ကိုဖိုးသံတို့ မိသားစုလည်း သခင်ဗသိန်းတင်နဲ့အတူ လိုက်နေခဲ့ရပါတယ်။ လူထုဒေါ်အမာက သူမွေးထားတဲ့အထဲ ရုပ်ရည်အချောဆုံးသားဖြစ်တဲ့ ကိုဖိုးသံဟာ မချိုချိုနဲ့ လက်ထပ်ပြီး ဖြူပြာသန့်ဆိုတဲ့ သမီးလေးတယောက် ဖွားမြင်ခဲ့ကြောင်းလည်း ရေးခဲ့ပါတယ်။ ဒီလိုပါတီခေါင်းဆောင်တွေနား နေရပေမယ့် တခြားကွန်မြူနစ် မိသားစုတွေလိုပဲ သူတို့လည်း ခြိုးခြံချွေတာ နေခဲ့ရပါတယ်။
အရှေ့မြောက်ကို ကိုဖိုးသံရောက်လာပြီးနောက် သခင်ဗသိန်းတင်ရဲ့ ညီ မန္တလေးက သားဖွားမီးယပ် ပါမောက္ခ ဦးစိုးမြင့်နဲ့ ဆက်သွယ်ဖို့ သူ့မိဘတွေဆီက တဆင့် ကြိုးစားရင်း တောတွင်းနဲ့ ဆက်သွယ်မှုနဲ့ လူထုဦးလှ-ဒေါ်အမာအပြင် သားငယ် ညီပုလေး ဖြစ်လာမယ့် မောင်ငြိမ်းချမ်းပါ ဖမ်းဆီးခံခဲ့ရပါတယ်။ ၁၉၈၂ မှာ သူ့ဖခင် ဦးလှ ကွယ်လွန်ပြီး ၁၉၈၄ မန္တလေးမီးကြီးအတွင်း သူတို့မိသားစုပိုင် လူထုပုံနှိပ်စက်နဲ့ စာအုပ်ဂိုဒေါင်တွေ မီးလောင်ဆုံးရှုံးခဲ့ပေမယ့် ကိုဖိုးသံ မကူညီနိုင် ဖြစ်ခဲ့ပါတယ်။ ၁၉၈၅ ဗကပ ရဲ့တတိယပါတီကွန်ဂရက်မှာတော့ ကွန်မြူနစ်ပါတီအတွက် ကွန်ဂရက်သတင်းလွှာကို သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ခံအဖြစ် ကိုဖိုးသံ ဦးဆောင်ထုတ်ဝေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, mayaonlinemagazine
တရုတ်ပြည်ရောက် ထာဝရဧည့်သည်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၈၈ လှုပ်ရှားမှုကြီးအတွင်း ဗကပယူဂျီလှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ မြေပေါ်က တက်ကြွလှုပ်ရှားသူတွေ ထိန်းသိမ်းခံရရာမှာ ကိုဖိုးသံရဲ့ ညီငယ် ညီပုလေးပါ ပါသွားခဲ့ပါတယ်။ အရေးအခင်းအတွင်း မန္တလေးက ရှစ်လေးလုံး သတင်းစာထုတ်ရာမှာ လူထုဒေါ်အမာနဲ့ ညီပုလေး စတဲ့ မန္တလေး စာရေးဆရာတွေရဲ့ ပါဝင်မှုကို တက်လာတဲ့ စစ်အစိုးရသစ်က ထိန်းချုပ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ၁၉၈၉ မှာတော့ ဗကပပါတီဗဟို ပြိုကွဲပြီး ဝ နဲ့ ကိုးကန့်တပ်တွေ ခွဲထွက်တဲ့အတွက် သခင်ဗသိန်းတင်နဲ့ ပါတီခေါင်းဆောင်တွေ တရုတ်ပြည်ထဲ ဝင်ရောက် ခိုလှုံရာမှာ ပါတီ ဗဟိုသုတေသန ဌာနမှူး ဖြစ်နေတဲ့ ကိုဖိုးသံ လိုက်ပါသွားခဲ့ပါတယ်။
၁၃ နှစ်ကျော် ပါတီဝင်အနေနဲ့ တော်လှန်ရေး ကိစ္စတွေ ဆောင်ရွက်လာတဲ့ ကိုဖိုးသံအတွက် ဘဝတဆစ်ချိုးနဲ့ ကြုံရတာ ဖြစ်ပါတယ်။ တချို့ ပါတီဝင်တွေလို မြန်မာပြည်ထဲ ပြန်နေဖို့ကလည်း သူ့မိသားစု နောက်ခံကြောင့် မဖြစ်နိုင်သလို တခြားနိုင်ငံ ထွက်သွားပြီး ဘဝသစ် စဖို့လည်း သူ မလိုလားပါဘူး။ ဒါကြောင့် တရုတ်ပြည် ယူနန်နယ်မှာ သူဖြစ်သလို နေထိုင်ပြီး အသက်မွေးရင်း ပါတီလုပ်ငန်းတွေ ဆက်လုပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
တော်လှန်ရေး စစ်မျက်နှာမှာ ကွန်မြူနစ်ပါတီ သြဇာမရှိတော့ပေမယ့် နိုင်ငံရေးအရ ရှင်သန်နိုင်ဖို့ ကိုဖိုးသံက ပါတီပြောရေးဆိုခွင့်ရှိသူအနေနဲ့ ဘီဘီစီ၊ ဒီဗီဘီ စတဲ့ ပြည်ပ ရေဒီယိုတွေကနေ အာဏာသိမ်း စစ်အစိုးရကို ဝေဖန်ခဲ့ပါတယ်။ ဒီလို ဝေဖန်မှုတွေကြောင့်ပဲ ၂၀၀၀ ပြည့်လွန်နှစ်တွေက ပြည်တွင်းထုတ် စစ်အစိုးရအာဘော် သတင်းစာတွေမှာ ကိုဖိုးသံနဲ့ မိသားစုကို ဝေဖန်ပုတ်ခတ်တဲ့ ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ ဖြုတ်ထုတ်သတ်မှာ သေဆုံးတဲ့ သူ့အစ်ကို ကိုစိုးဝင်းနဲ့ ကိုဖိုးသံအမည်တွေကို မှားယွင်းပြီး စိုးဝင်း ခေါ် သံချောင်းလို့ စစ်အစိုးရ ဆောင်းပါးတွေမှာ ရေးခဲ့ပါတယ်။ ဒီနှစ်ပိုင်းမှာပဲ မန္တလေးမြို့ မဟာမုနိဘုရားကြီးနားတဝိုက်မှာ လူထုဒေါ်အမာနဲ့ ဖိုးသံချောင်းကို ရှုတ်ချတဲ့ လက်ကမ်းစာရွက်တွေကို စစ်အစိုးရထောက်ခံသူတချို့က ကြဲချခဲ့ဖူးပါတယ်။ စစ်အစိုးရက ဒီလို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမယ့် အဲဒီအချိန်မှာ ထောင်က ပြန်လွတ်လာတဲ့ ညီပုလေးက ပြည်ပမှာ ရေးတဲ့ ထောင်အတွေ့အကြုံ စာစုတွေအတွက် သူ့ကလောင်ခွဲအမည်ကို ဖိုးသံစိမ်းဆိုပြီး သူ့အစ်ကို အမှတ်တရအနေနဲ့ အသုံးပြုခဲ့ပါတယ်။
မန္တလေးက သူ့မိခင် လူထုဒေါ်အမာကတော့ ပြည်ပရေဒီယိုတွေမှာ စစ်အစိုးရ ဝေဖန်ရေးစကားတွေ ပြောလေ့ရှိပြီး မန္တလေး ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရဲ့ ဦးဆောင်နာယက ဖြစ်လို့ စစ်အစိုးရက မနှစ်ခြိုက်ပါဘူး။ သူ့မိဘတွေရဲ့ မိတ်ဆွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်ဟောင်းလည်း ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်အမာကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပြီး NLD နဲ့ နိုင်ငံရေးဆန်တဲ့ စာရေးဆရာတွေကြား ပူးပေါင်းဆောင်ရွက်လာမှာကိုလည်း စစ်အစိုးရက ပူပန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါတော်မူစက ဗြိတိသျှကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ မက္ခရာ ထိပ်တင်စောရန်ပိုင် နှစ် ၅၀ ကျော် နေသွားခဲ့တဲ့ ၊ မန္တလေး ရွှေအင်ပင်ကျောင်းဒကာ ဦးစက်ရွှင်ရဲ့ ဇာတိ တရုတ်ပြည် ယူနန်ပြည်နယ်က ထိန်ချုံးမြို့လေးမှာ ရောက်ရှိနေတဲ့ ဦးဖိုးသံဟာ ၂၀၀၀ ပြည့်လွန်နှစ်တွေတဝိုက် ထိုင်းနယ်စပ်၊ ဂျပန်၊ အမေရိကန်နိုင်ငံတွေက ထုတ်တဲ့ မဂ္ဂဇင်းစာစောင်တွေနဲ့ အင်တာနက်မှာ ပေါ်က မြန်မာဝက်ဆိုက်စာစောင်တွေမှာ နိုင်ငံရေး ဆောင်းပါးတွေနဲ့ ကိုယ်ရေးမှတ်တမ်းတွေ၊ စာပေအနုပညာ ဆောင်းပါးတွေ ရေးပါတယ်။
ကိုကိုးကျွန်းမှာ အကျဉ်းကျချိန် အသက် ၂၀ ကျော်မှာ မိခင် လူထုဒေါ်အမာ ရေးတဲ့ ရွှေမန်းတင်မောင်စာအုပ်ကို ဝေဖန်ချက်ရေးခဲ့တဲ့ ဦးဖိုးသံဟာ ဖိုးသံ (လူထု)၊ ဗသြ၊ ယာတောက သာဗြော စတဲ့ ကလောင်အမည်တွေနဲ့ မိုးကြိုး၊ ခေတ်ပြိုင်၊ မာယာ စတဲ့ မြန်မာစာစောင်တွေမှာ ပေါ်ထွက်လာပါတယ်။ ဒီဆောင်းပါးတွေကို စုစည်းပြီး သေနတ်ကို အမိန့်ပေးနိုင်ရင် အစိုးရဖြစ်တဲ့ခေတ်၊ ၁၀၈ စစ်ဒေသသို့၊ ကျောင်းသား ထောင် တော်လှန်ရေးသမား၊ စစ်တပ်နှင့် နိုင်ငံရေး၊ အဝေးက ပေးစာများ စတဲ့စာအုပ်တွေ ပြည်ပမှာ ထုတ်ခဲ့ကြသလို ၂၀၁၀ နောက်ပိုင်း နိုင်ငံရေး တံခါးပွင့်လာတဲ့ မြန်မာပြည်မှာလည်း ထုတ်ဝေခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဦးဖိုးသံရဲ့ စာလက်ရာတွေထဲမှာ မြန်မာပြည်နိုင်ငံရေးသမိုင်းကို ကွန်မြူနစ်ဘက်က ခုခံချေပတဲ့ ဆောင်းပါးတွေ ပါလို့ ကွန်မြူနစ်ဝါဒ စိတ်ဝင်စားတဲ့ လူငယ်တွေကြားမှာ စိတ်ဝင်စားမှု များပါတယ်။ သူ့ရဲ့ နိုင်ငံရေးဘဝ အတွေ့အကြုံတွေကိုတော့ အဲဒီအချိန်က ပြည်မမှာ ပျောက်ကွယ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးအကြောင်း သိချင်သူ နိုင်ငံရေးနဲ့ စာပေလိုက်စားတဲ့ မြန်မာလူငယ်တွေက ဖတ်ရှုကြပါတယ်။ သူ့ငယ်ဘဝ မန္တလေးမြို့အကြောင်းနဲ့ စာပေအနုပညာအကြောင်း ရေးတဲ့ ဆောင်းပါးမှတ်တမ်းတွေကိုလည်း အတိတ်သမိုင်းကို ချစ်ခင်သူတွေက နှစ်ခြိုက်ကြပါတယ်။
ထောင်နှင့်မိခင် ဆိုပြီး သူ့ရဲ့ ကျွန်းဘဝ၊ ထောင်ဘဝအကြောင်း သူ့မိခင် လူထုဒေါ်အမာ ရေးတဲ့ စာအုပ်ကို ၂၀၁၀ နောက်ပိုင်း မြန်မာပြည်တွင်းမှာ ထုတ်ဝေချိန်မှာတော့ စစ်တပ်ခေတ် အစောပိုင်းက နိုင်ငံရေးဖိနှိပ်မှုတွေအကြောင်း မသိမီကြတဲ့ အဲဒီအချိန်က မြန်မာလူငယ်တွေအတွက် လေ့လာစရာ ဖြစ်ခဲ့ပါတယ်။
တိုင်းခြားမဲဇာနဲ့ နိုင်ငံရေးဘဝ

ဓာတ်ပုံ ရင်းမြစ်, Po Than Joung
အင်္ဂလိပ် စာပြဆရာအဖြစ် အသက်မွေးတဲ့ ဦးဖိုးသံဟာ ထိန်ချုံးမြို့မှာ ဆယ်စုနှစ်တွေနဲ့ချီပြီး နေခဲ့တဲ့အတွက် တပည့်တပန်း ပေါပါတယ်။ သူ့ဘဝအကြောင်း နော်ဝေ သြစလိုတက္ကသိုလ် လူမှုမနုဿဗေဒ ဌာန တွဲဖက်ပါမောက္ခ အယ်လက်စန္ဒရို ရစ်ပါက ထိန်ချုံးမြို့တော်ဝန် ဆိုပြီး မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။ လူက ထိန်ချုံးမှာ နေရပေမယ့် အစဉ်သဖြင့် နိုင်ငံရင်းကို အောက်မေ့နေတဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ ဦးဖိုးသံက သူ့ခံစားချက်နဲ့ နီးစပ်တဲ့ တရုတ်သီချင်းတပုဒ်ကို မြန်မာလိုလည်း ပြန်ခဲ့ဖူးပါတယ်။
သံလွင်ပင်
ငါ ဘယ်ကလာသလဲ ...မမေးပါနဲ့ကွာ၊
ငါ့ဇာတိရွာက ဝေးလံလှလို့ပါ။
ဘာလို့ လေလွင့် ရွက်လွှင့်တာလဲ၊
ဘာအတွက် ဝေးသီလံရာကို လေလွင့်လာတာလဲ။
ကောင်းကင်မှာ ပျံသွားတဲ့ ငှက်ကလေးအတွက်၊
တောင်ကြားထဲမှာ စီးဆင်းနေတဲ့ ချောင်းကလေးအတွက်၊
ကျယ်ပြောလှတဲ့ မြက်ခင်းပြင်ကြီးအတွက်၊
ငါ လေလွင့်မျောပါ ထွက်လာခဲ့တာပဲ။
နောက်ပြီး... နောက်ပြီး
ငါ့အိပ်မက်ထဲက သံလွင်ပင်၊ သံလွင်ပင်လေးအတွက်ပါ။
ဘာလို့ လေလွင့်လာတာလဲ၊ ဘာလို့ လေလွင့်လာတာလဲ
ဒါလောက် အဝေးကြီးကို။
ကျွန်တော်လည်းပဲ အိပ်မက်ထဲက၊ ရင်ထဲက သံလွင်ပင်အတွက်ပဲ ကိုယ့်မြေကိုယ့်ရွာ၊ ကိုယ့်အိမ် ကိုယ့်ယာကို စွန့်ခွာပြီး တပြည်တရွာကို ရောက်လာရတာ မဟုတ်ပါလား ဆိုပြီး ကဗျာအဆုံးသတ်မှာ သူ့ခံစားချက်ကို ဦးဖိုးသံ ရေးခဲ့ဖူးပါတယ်။ တို့ဗမာသခင်ခေတ်က ဗမာပြေ အဝှန်းအကုန်၊ တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါတို့ဗမာ ဆိုပြီး သီချင်းစပ်ဆိုခဲ့ကြပေမယ့် ဦးဖိုးသံ အသက် ၈၀ ပြည့်တဲ့အချိန်မှာတော့ မြန်မာပြည်တွင်မက ထိုင်း၊ အမေရိကန်၊ သြစတြေးလျနဲ့ အာရှ ဥရောပ နိုင်ငံတွေကို ထွက်လာကြတဲ့ မြန်မာ အဝေးရောက် နိုင်ငံရေးသမားတွေက အင်အားစုကြီးအနေနဲ့ မျိုးဆက် နှစ်ဆက်မက ကြာရှည်နေခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၁ နောက်ပိုင်းမှာလည်း မျိုးဆက်သစ် နိုင်ငံရေး အဝေးရောက်တွေ တိုးပွားလာခဲ့ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခါ ဦးဖိုးသံ ခေါ် ရဲဘော်ဖိုးသံချောင်းရဲ့ ဘဝဟာလည်း ပြည်တွင်းစစ်နဲ့ လွတ်လပ်ရေး တွဲဖက် ပေါက်ဖွားလာတဲ့ နိုင်ငံက နိုင်ငံရေးသမားဘဝ ဖြစ်လို့ လောကဓံ ရှစ်ပါးမှာ အဆိုးလေးပါး များတဲ့ ဘဝ ဖြစ်ပါတယ်။ သူကျင်လည်တဲ့ လက်ဝဲနိုင်ငံရေးကလည်း မော်ဝါဒီ လက်ဝဲစွန်းနိုင်ငံရေးဖြစ်လို့ တောင်းပွဲ တိုက်ပွဲတွေနဲ့ ပြည့်ဖုံးနေတဲ့ နိုင်ငံရေးမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သူနဲ့ ရွယ်တူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေးရေး အသားပေး နိုင်ငံရေးမျိုး သူ့ဘဝမှာ မရှိခဲ့ဘဲ ထောင်၊ ကျွန်းနဲ့ တောတွင်း၊ ပြည်ပ နိုင်ငံရေးကိုပဲ သူကြုံတွေ့ခဲ့ရပါတယ်။
၁၉၆၀ ကျော်ကတည်းက နိုင်ငံရေး ခယောင်းတောကို ဖြတ်သန်းလာတဲ့ သူနဲ့ ခေတ်ပြိုင် မျိုးဆက်တွေထဲမှာလည်း လက်ဝဲ လက်ယာမဟူ ဖြတ်သန်းမှု ကြမ်းတမ်းကြတာကို တွေ့ရပါတယ်။ ဒီမျိုးဆက်တွေဟာ ၁၉၈၈ နောက်ပိုင်း ပါတီစုံနိုင်ငံရေးနဲ့ ၂၀၁၀ အလွန် လွှတ်တော်နိုင်ငံရေးကို ဖြတ်သန်းကြသူတွေနဲ့ မတူဘဲ ရွေးကောက်ပွဲ အခြေပြု၊ စစ်တပ်နဲ့ ဆွေးနွေးရေးလမ်းကြောင်းကို အားသန်တဲ့ နိုင်ငံရေးမျိုးမဟုတ်ဘဲ စစ်တပ်ကြီးစိုးမှုကို တိုက်ဖျက်လိုတဲ့ နိုင်ငံရေးမျိုး အားသန်ကြပါတယ်။ ဒါကြောင့် သူတို့မျိုးဆက်တွေနဲ့ သူတို့ကို လိုလားသူတွေကို ရက်ဒီကယ် အကြမ်းသမားတွေဆိုပြီး ပြုပြင်ရေးသမားတွေဘက်က ခေါ်ဆိုတတ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၁ နောက်ပိုင်း တော်လှန်ရေးလှိုင်း တကြော့ပြန်လာချိန်မှာတော့ ပြုပြင်ရေးလမ်းကြောင်း မှေးမှိန်သွားပြီး စစ်တပ်ကို လက်နက်ကိုင်နည်းနဲ့ အနိုင်ယူမှ ရမယ်ဆိုတဲ့ တော်လှန် နိုင်ငံရေးလမ်းကြောင်းက ပင်မရေစီး ဖြစ်လာပြန်ပါတယ်။ ဒီအခြေအနေဟာ ဒုတိယကမ္ဘာစစ် ဖြစ်စမှာ ဗြိတိသျှကို လက်နက်ကိုင်တိုက်ဖို့ သခင်နိုင်ငံရေးသမားတွေ ဂျပန်အကူအညီနဲ့ စစ်တပ်ထောင်တာနဲ့ ဆင်တူပြီး ၂၀၂၁ မှာတော့ ပြည်ပအကူအညီ မရှိဘဲ တပ်ထောင်ခဲ့ရပါတယ်။
၁၉၄၈ က စပြီး ပြည်တွင်းစစ်အတွင်း နိုင်ငံရေးအုပ်စုမျိုးစုံ တောခိုပြီး အာဏာရ အစိုးရတွေကို တော်လှန်တိုက်ခိုက်ကြတာတွေကလည်း မျိုးဆက်သုံးလေးဆက်မက ရှိခဲ့ပါပြီ။ ပြည်တွင်းစစ် နှစ် ၈၀ သက်တမ်းနီးလာပြီး ပထမ တော်လှန်ရေးမျိုးဆက်တွေရဲ့ ဘဝသက်တမ်းကုန်ဆုံးချိန်မှာတော့ ဦးဖိုးသံတို့ ၁၉၆၀-၁၉၇၀ မျိုးဆက်တွေက သက်တမ်းအရင့်ဆုံး တော်လှန်မျိုးဆက်တွေ ဖြစ်လာကြပါတယ်။ ဒီမျိုးဆက်ဟာ ၁၉၆၂ စစ်တပ်အုပ်ချုပ်ရေးခေတ်ရှည်ကြီးအစမှာ နိုင်ငံရေးဘဝ စခဲ့ရတဲ့ မျိုးဆက်တွေ ဖြစ်ပြီး စစ်တပ်အုပ်ချုပ်ရေး အဆုံးသတ်တာကို သူတို့အသက်ရှင်နေတုန်း မြင်သွားလိုတဲ့ မျိုးဆက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မရေရာမှု၊ နိုင်ငံရေး အကွေ့အကောက်နဲ့ အုပ်စုကွဲပြားမှုတွေ စုံလင်တဲ့ မြန်မာ့နိုင်ငံရေးသဘာဝအရ ပြည်တွင်းစစ်နဲ့ စစ်တပ်အုပ်ချုပ်ရေး အဆုံးသတ်သွားဖို့ဆိုတာ အဖြေမရှိတဲ့ အမေးပုစ္ဆာကြီး ဖြစ်နေပါတယ်။
အိမ်ပြန်ခက်တဲ့ နှစ် ၅၀
၉၂ ပြည့် မွေးမိခင်သို့ ပေးစာတစောင် ဆိုပြီး ၂၀၀၇ က ဦးဖိုးသံ ရေးခဲ့တဲ့ ကဗျာတပုဒ်မှာတော့
အမေလည်း လှမ်း
ကျနော်လည်း လှမ်း
ဒီလမ်းကြီး တလျှောက်မှာ
မောတယ် တခွန်းမပြောပါဘူး။
၉၀ ကျော်ကြီး နှုတ်က
တခွန်းပဲ ထွက်ရှာတယ်။
ဘာအဓိပ္ပာယ်လဲ
ကဗျာဖတ်သူ တွေးကြည့်ပါ။
"ငါ့သားကျန်းမာအောင်နေ
အမေလည်း ကျန်းမာအောင်နေတယ်" တဲ့။ ဆိုပြီး ပြန်မဆုံနိုင်ကြတဲ့ မိသားစုတွေကြားက အလွမ်းနဲ့ ရပ်တည်ချက် မာကြောမှုတွေကို တွေ့ရသလို
ပြက္ခဒိန်စာမျက်နှာတွေ
သစ်ရွက်ခြောက်တွေလို
တဝေဝေ လွင့်ကျ
နီသူတွေဖြူ၊ ဖြူသူတွေနီ
ဘဝတွေ၊ ချစ်ခင်ရင်းနှီးသူတွေ
သေကွဲရော၊ ရှင်ကွဲရော
ခွဲခွာကုန်ကြ
အသစ်တွေနဲ့လည်း
တင်းတင်းကျပ်ကျပ်ပဲ
လက်ဆွဲ နှုတ်ဆက်ကြ
ဘာသာစကားတောင်
အတော်စုံအောင် တတ်ခဲ့
နှစ်ပေါင်းသုံးဆယ်ဆိုတာ
နည်းသမို့လား အမေရယ်။ ဆိုတဲ့ အတိုင်း နှစ် ၆၀ ကျော် နိုင်ငံရေးလှုပ်ရှားမှုနဲ့ နှစ် ၅၀ တော်လှန်ရေးကို ဖြတ်သန်းခဲ့တဲ့ သူ့ဘဝမှာလည်း မြန်မာပြည် လက်ဝဲနိုင်ငံရေးရဲ့ အတက်အကျတွေကို စာတအုပ်လို တွေ့နေရပါတယ်။
သူ့ဖခင် လူထုဦးလှကတော့ အဝေးရောက်သားတွေကို လွမ်းတဲ့အခါ ထောင်တွင်းမှ ပေးစာများ စာအုပ်ကို ဖတ်တတ်ကြောင်း လူထုဒေါ်အမာက ရေးခဲ့ပါတယ်။ နိုင်ငံရေးကြောင့် မိသားစုကွဲကွာရပြီး စိတ်ဆင်းရဲရတာကလွဲလို့ တခြားဘာအကြောင်းနဲ့မှ ဘယ်သားသမီးကြောင့်မှ စိတ်ဒုက္ခမရောက်ကြရဘူးလို့လည်း ဆိုပါတယ်။










