၁၆ နှစ်အောက် ဆိုရှယ်မီဒီယာ မသုံးရ - သြစီရဲ့မူ အလုပ်ဖြစ်မှာလား


ရှပ်အင်္ကျီဝတ်ထားတဲ့ လူငယ်တစ်ယောက် ကင်မရာကို ကြည့်နေ သူ့ရဲံ ပန်းရောင် လက်ကိုင်ဖုန်းလည်း မျက်နှာတဝက်ဖုံးနေ

ဓာတ်ပုံ ရင်းမြစ်, BBC/Jessica Hromas

ဓာတ်ပုံ ပုံစာ, အစ်ဆိုဘယ်ကတော့ သူ့လို ကလေးတစ်ယောက်အတွက် လူမှုကွန်ရက် အသုံးပြုခွင့်ပိတ်တာ အလုပ်ဖြစ်မယ်လို့ မထင်ပါဘူး
    • ရေးသားသူ, တစ်ဖနီ တန်းဘူးလ်
    • ရာထူးတာဝန်, ဆစ်ဒနီမြို့

အသက် ၁၃ နှစ်အရွယ် အစ်ဆိုဘယ်အတွက် ကမ္ဘာမှာ ဦးဦးဖျားဖျားလုပ်တယ်လို့ဆိုနိုင်တဲ့ သြစတြေးလျနိုင်ငံရဲ့ကလေးငယ်တွေ လူမှုကွန်ရက် သုံးစွဲခွင့်တားမြစ်ချက်ကို ကျော်လွှားနိုင်ဖို့ လုပ်တာ ၅ မိနစ်တောင်မကြာလိုက်ပါဘူး။

Snapchat နိုတီတစ်ခု သူ့ဖုန်း ဖန်သားပြင်ပေါ် တက်လာပါတယ်။ အပိတ်ခံရတဲ့လူမှုကွန်ရက် ၁၀ ခုထဲ Snapchat လည်း ပါဝင်ပါတယ်။

အစ်ဆိုဘယ် တစ်ယောက် အခုသီတင်းပတ်မှာ စတင်အသက်ဝင်မယ့် အသက် ၁၆ နှစ် မကျော်ဘူးဆိုရင် ကလေးတွေ ဆိုရှယ်မီဒီယာသုံးစွဲမှု တားမြစ်ချက်ကြောင့် Snapchat သုံးလို့ရတော့မှာ မဟုတ်ဘူးဆိုတဲ့ သတိပေးစာ နိုတီပါ။

''အမေ့ရဲ့ဓာတ်ပုံကို ကင်မရာရှေ့မှာ ထောင်ပြ လိုက်တယ်။ အဲဒီလိုပြလိုက်တော့ သုံးနိုင်တဲ့အသက်ကျော်တယ်ဆိုပြီး မှတ်ပုံတင်တာ အောင်မြင်သွားတယ်။ အသက်အရွယ်ကို အခုလိုပြတဲ့အတွက် ကျေးဇူးတင်တယ်လို့တောင်ပြောသွားတယ်'' လို့ အစ်ဆိုဘယ်က ပြောပါတယ်။

''တစ်ယောက်ဆို အခုလိုလုပ်တုန်းက အဆိုတော် ဘီယွန်းစေးရဲ့မျက်နှာကိုတောင်ပြလိုက်တယ်လို့ ကြားတယ်''

သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်အောက်ကလေးငယ်တွေဟာ ဒီဇင်ဘာ ၁၀ ရက်ကစလို့ လူမှုကွန်ရက်အကောင့်တွေကို ပိုင်ဆိုင်ခွင့်မရှိတော့ပါဘူး။

သြစတြေးလျ အစိုးရကတော့ မိဘတွေကြား သဘောခွေ့ပြီး ကမ္ဘာမှာ ပထမဆုံးချမှတ်တဲ့ ဒီတားမြစ်မှုဟာ ဆိုက်ဘာအနိုင်ကျင့်မှုတွေနဲ့ တခြားမဖြစ်သင့် မဖြစ်ထိုက်တဲ့အကြောင်းအရာတွေကို ကလေးတွေ မကြည့်ရ၊ မမြင်ရ၊ မကြုံရအောင် ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

နောက်ပြီး ဒီလိုပိတ်လိုက်လို့ ကလေးတွေ ဖုန်းလျှော့သုံးလာရင် အအိပ်အနေ ပိုကောင်းလာပြီး စိတ်ပိုင်းရုပ်ပိုင်း တိုးတက်လာမယ်လို့လည်း ယုံကြည်နေပါတယ်။

အစ်ဆိုဘယ်ရဲ့မိခင် မယ်လ်ကတော့ သမီးဖြစ်သူကို တစ်တော့နဲ့ Snapchat သုံးစွဲခွင့် ပြုခဲ့ပါတယ်။ ဒါပေမဲ့ ကွယ်ရာမဟုတ် သူ့မျက်စိ အောက်မှာပဲ အသုံးပြုခွင့်ပေးတာပါ။ အခုတော့ အစိုးရကိုယ်တိုင်က တားမြစ်ဖို့ လုပ်လာပြီဖြစ်လို့ မိဘတွေဖြစ်စေချင်တဲ့ ရည်ရွယ်ချက်အတိုင်း ဖြစ်လာဖို့ပဲ မျှော်လင့်နေပါတယ်။

တဖက်မှာလည်း ကမ္ဘာတဝန်းက နာမည်ကျော်ကုမ္ပဏီတချို့ကိုယ်တိုင် စောင့်ကြည့်နေတဲ့ အခုတားမြစ်မှုကို အကောင်အထည်ဖော်နိုင်စွမ်းမှာ ဘယ်လိုယိုပေါက်တွေ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ကလေးတွေအပြင် ပညာရှင်တွေကပါ စောင့်ကြည့်နေကြပါတယ်။

ဘယ်လို စည်းကမ်း သတ်မှတ်မှာလဲ

အဖြူအညို ဂါဝန်ဝတ်ထားတဲ့အမျိုးသမီးတစ်ဦး သမီးငယ်ဖြစ်သူနဲ့အတူ ကော်ဇောပေါ်မှာ ထိုင်နေတဲ့ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, BBC/Jessica Hromas

ဓာတ်ပုံ ပုံစာ, မယ်လ်ကတော့ အခုတားမြစ်မှုကြောင့် အကျိုးရှိရှိဖော်ဆောင်ထားနိုင်တဲ့ အွန်လိုင်းသုံးစွဲမှု ဘေးကင်းရေး နည်းနာတွေကနေ လမ်းချော်သွားမှာကို စိုးရိမ်နေပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၄ နိုဝင်ဘာမှာ စတင်ကြေညာခဲ့တဲ့ ဒီမူဝါဒကြောင့် ဆိုရှယ်မီဒီယာကို သုံးစွဲလို့ မိဘရော ကလေးကိုပါ ဒဏ်တပ်တာမျိုး လုပ်မှာမဟုတ်ပါဘူး။

ဒါပေမဲ့ သုံးတဲ့အကောင့်ပိုင်ရှင်ဟာ အသက် ၁၆ နှစ် အနည်းဆုံးရှိရမယ်ဆိုတာကို သက်သေထူနိုင်မယ့် သင့်တင့်တဲ့ခြေလှမ်းအဆင့်ဆင့်ကို ဆိုရှယ် မီဒီယာပလက်ဖောင်းတွေဘက်က လုပ်ရမှာဖြစ်ပါတယ်။

မလုပ်နိုင်ဘူးဆိုရင်တော့ ပလက်ဖောင်းတွေဟာ ကြီးမားတဲ့ချိုးဖောက်မှုတွေအတွက် ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၃၃ သန်းနီးပါးအထိ ပေးဆောင်ရနိုင်ပါတယ်။

ဒီလိုအသက်ပြည့် မပြည့် သေချာအောင်လုပ်နိုင် မလုပ်နိုင်ဆိုတဲ့အပိုင်း ကနဦး ဆန်းစစ်မှုကို သြစတြေးလျ လူမှုကွန်ရက် နယ်ပယ်ကပဲ အစိုးရရဲ့ငွေကြေးထောက်ပံ့မှုနဲ့ အခုနှစ်အစောပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

နည်းပညာပိုင်းအရ ဖြစ်နိုင်ပေမဲ့ တကယ်လုပ်နိုင်မှာလားဆိုတဲ့အပိုင်းမှာတော့ ယတိပြတ် အာမခံပြောနိုင်တာမရှိသလို ယိုပေါက် ဟာပေါက်တွေလည်း ရှိနေတယ်ဆိုတာတာကို အဲဒီလေ့လာချက်မှာ တွေ့ခဲ့ရပါတယ်။

ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင် စတဲ့ ကတ်တွေကို သုံးပြီး အသက်ပြည့် မပြည့် မှတ်ပုံတင်တဲ့နည်းလမ်းက အမှန်ကန်ဆုံးနည်းလမ်းတစ်ရပ်လို့ အဲဒီလေ့လာစမ်းသပ်မှုက အကြံပြုပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း ဒီလိုလုပ်ရင် သုံးစွဲသူတွေဟာ အကဲဆတ်တဲ့သူတို့ရဲ့အချက်အလက်တွေနဲ့ အရေးကြီးတဲ့စာရွက်စာတမ်းတွေကို သူတို့မှတ်ပုံတင်တဲ့ ကုမ္ပဏီဘက်ကို လက်လွှဲလိုက်တယ်လို့ ဆိုလိုရာလည်း ရောက်နေပြန်ပါတယ်။

အသက်ဘယ်လောက်ဆိုရင် သင့်တော်တယ်ဆိုတဲ့အကြမ်းဖျင်း သုံးသပ်ချက်မှာဆိုရင်လည်း မျက်နှာသိမှတ်နည်းပညာဟာ တိကျမှုအပိုင်းမှာ မေးခွန်းထုတ်စရာဖြစ်ပြီး ဆယ်ကျော်သက်တွေအတွက်တောင် တိကျမှု ပြည့်ပြည့်ဝဝ မရှိဘူးဆိုတာကို ပြပါတယ်။ သုံးစွဲသူတွေရဲ့အွန်လိုင်းပေါ် က အမူအကျင့်ကို အခြေခံပြီး အခုလို ကောက်ချက်ချတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အသက်ပြည့်ကြောင်း အတည်ပြုချက် ယူတဲ့နည်းပညာတွေဟာ သုံးစွဲသူရဲ့အချက်အလက်ရယူမှုအပိုင်းမှာ လုံခြုံရေးအဆင့်ဆင့်မြှင့်ထားတယ်ဆိုရင်တော့ ထိရောက်တယ်ဆိုတဲ့အကြောင်း လေ့လာချက်မှာ တွေ့ထားပါတယ်။

''ပုလင်းထောင်ဖို့ ဆိုင်မှာ သွားဝယ်သလိုပေါ့။ အသက်ပြည့် မပြည့်ဆိုတာ ဆိုင်ရှင်က ကိုယ့်ကို ခြေဆုံးခေါင်းဆုံးကြည့်မယ်။ ပြည့်တယ်လို့ သူထင်ရင် ရောင်းလိုက်မယ်။ အသက်မပြည့်ဘူးလို့ ထင်ရင် မှတ်ပုံတင် တောင်းကြည့်မယ်။ ဒီလို သဘောမျိုးပါပဲ'' လို့ တိုနီ အယ်လန်က ပြောပါတယ်။

သူက ဗြိတိန်အခြေစိုက် အသက်ပြည့်မပြည့်စစ်ဆေးတဲ့အစီအစဉ်ကို ဦးဆောင်သူဖြစ်ပြီး အပေါ်မှာပြောခဲ့တဲ့ ရှေ့ပြေး လေ့လာစမ်းသပ်ချက်ကို လုပ်ခဲ့သူပါ။

ဒါပေမဲ့ သူတို့အဖွဲ့ရဲ့တွေ့ရှိချက်မှာလည်း အငြင်းပွားစရာအချက်တွေ ရှိနေပါတယ်။ ဒီအဖွဲ့ရဲ့အကြံပေးဘုတ်အဖွဲ့ဝင်ဟောင်းတွေဆိုရင် အခုလို လေ့လာတာကို ''လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို ခဝါချတာ''လို့ဆိုပြီး လေ့လာချက်မှာ တည့်မတ်မှုအပိုင်းကို စွပ်စွဲပြောဆိုပါတယ်။

ပြီးတော့ ဒီလေ့လာချက်ကို ဆယ်ကျော်သက်တွေနဲ့ စမ်းသပ်လေ့လာတာမျိုးမလုပ်ဘဲ လုပ်ခဲ့တာဖြစ်ပြီး ဆယ်ကျော်သက်တွေဟာ ဒီအတွက် ကျော်လွှားဖို့ နည်းလမ်းအသွယ်သွယ်ရှိတယ်လို့လည်း အဲဒီလေ့လာချက်က ယူဆပါတယ်။

လက်ရန်းတွေကို မီပြီး ဖုန်းသုံးနေကြတဲ့ဆယ်ကျော်သက်တွေ၊ သူတို့ထဲက ဆံပင်လိပ်လိပ်နဲ့ ကောင်လေးနဲ့ ရွှေအိုရောင်ဆံပင်နဲ့ကောင်မလေးကို အဓိက ရိုက်ကူးထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသက်အကန့်အသက်နဲ့သုံးရတဲ့စနစ်တွေကိုတောင် ကျော်ခွ သုံးစွဲနိုင်တယ်လို့ ဆယ်ကျော်သက် အချို့က ပြောကြပါတယ်

အသက် ၁၆ နှစ်အောက် လူမှုကွန်ရက်မသုံးရဆိုတဲ့ ကန့်သတ်ချက်ကို ကျော်ဖို့ ခွဖို့ ဘယ်လို လုပ်ရင်ရတယ်ဆိုတဲ့ နည်းပေးလမ်းပြတဲ့အချက်အလက်တွေလည်း လူမှုကွန်ရက်မှာ ပလူပျံနေပါတယ်။

အသက်ပြည့် မပြည့် သက်သေပြပြီးမှ ဆိုရှယ်မီဒီယာသုံးခွင့်ပေးတာကို ထောက်ခံကြသူတွေရှိသလို ဒီလိုသက်သေပြဖို့ နည်းပညာကို တစ်ဖက်လှည့်နဲ့သုံးစွဲမှုလည်း တစ်ဖက်ခြမ်းမှာရှိနေပြန်ပါတယ်။

အသက်ပြည့်ကြောင်းပြဖို့ အစ်ဆိုဘယ် သုံးခဲ့တဲ့ သူ့အမေ ဓာတ်ပုံဟာဆိုရင် တကယ်တော့ အသက်ပြည့် မပြည့် နည်းပညာပိုင်းအရ စိစစ်တာတွေကို လှည့်ဖျားဖို့ မဟုတ်ပါဘူး။

ဘီဘီစီက Snapchat ကို ဒါနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာတော့ ပြောခွင့်ရသူက ကုမ္ပဏီဟာ အခုတားမြစ်မှုကိုလိုက်ပါဆောင်ရွက်တဲ့နေရာမှာ နည်းပညာပိုင်း စိန်ခေါ်ချက်တွေ ရှိတာကို သိရှိကြောင်းပြောပြီး ''စိန်ခေါ်ချက်ထဲမှာ အဲဒီတစ်ခုလည်း ပါတယ်'' လို့ ပြောပါတယ်။

''ဒီလိုဖြစ်နေတာတွေကို လျော့ကျအောင် မပြတ်လုပ်နေရတာဟာ တရက်မှ မနားတဲ့တိုက်ပွဲ တစ်ခုလိုပါပဲ။ ပြောရရင် နိစ္စဓူဝကိစ္စလို ဖြစ်နေတယ်'' လို့ အမှုဆောင်အရာရှိ လုခ် ဒီလန်နီက ပြောပါတယ်။ သူက Snapchat ကိုယ်စား သုံးစွဲသူရဲ့အသက်အရွယ်ကို စိစစ်တဲ့ K-ID က အမှုဆောင် အရာရှိဖြစ်ပါတယ်။

အစ်ဆိုဘယ်ကတော့ ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာမသုံးရမူ ဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ထင်နေပါတယ်။

''မသုံးရဘူးလို့ ကျွန်မ တားမြစ်တာ ခံရမယ််ဆိုရင်လည်း ဒါမသုံးရ နောက်တစ်ခုသုံးမှာပေါ့'' လို့ သူက ပြောပါတယ်။

ဒါကပဲ ဆွေးနွေးစရာကိစ္စဖြစ်လာတယ်လို့ မိခင်ဖြစ်သူ မယ်လ် ကပြောပါတယ်။

ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ လုပ်ထုံးလုပ်နည်းထိန်းကွပ်သူတွေကြားမှာ ကလေးတွေ ဒီကနေ ဟိုဘက်ပြောင်းသုံးကြလို့ အဲဒီအရာကိုပါ ပိတ်ဆိုပြီး ဝိုင်းကြီးပတ်ပတ်ဖြစ်မှာကို သူက စိုးရိမ်တာပါ။

လူမှုကွန်ရက်ပလက်ဖောင်းတွေဟာ အခုတားမြစ်မှုကို လူးသာလွန့်သာဖြစ်အောင် ဘောင်ထဲကနေ လှုပ်ရှားလိမ့်မယ်လို့ ပြောနေကြသူတွေလည်းရှိပါတယ်။ အဲဒီထဲမှာ စတီဖင် ရှီးလာလည်း ပါဝင်ပါတယ်။ သူက ၂၀၁၃ နဲ့ ၂၀၁၇ ခုနှစ်ကြား သြစတြေးလျနဲ့ နယူးဇီလန် ဖေ့ဘွတ်ခ် အကြီးအကဲလုပ်ခဲ့သူပါ။

ပြီးတော့ အဲဒီလိုလုပ်လို့ ပေးလိုက်ရမယ့် ဒဏ်ကြေး တပ်မယ်ဆိုရင်လည်း ဆိုရှယ်မီဒီယာတွေဘက်က မမူဘူးလို့ သူ ယူဆပါတယ်။

အထူးသဖြင့် ဖေ့ဘွတ်ခ်လို ကုမ္ပဏီဆို ဒဏ်ကြေးဆောင်ရမယ့်ငွေကို ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ၂ နာရီတောင် မပြည့်ဘဲ ရနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

''ကားမရပ်ရမယ့်နေရာမှာ ရပ်လို့ ဒဏ်ကြေးလာဆောင်ဖို့ပေးသွားတဲ့ လက်မှတ်ဖိုးလောက်ပဲရှိမှာ''လို့ သူက ပြောပါတယ်။

အထက်လွှတ်တော် တရားရေးကော်မတီကြားနာမှုမှာ အနက်ရောင်အနောက်တိုင်း ဝတ်စုံဝတ်၊ မီးခိုးရောင် လည်စည်း ဝတ်ပြီး စကားပြောနေတဲ့ မာ့ခ် ဇူကာဘတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

တဖက်မှာလည်း အတူပါလာတာက တရားတဘောင်ကိစ္စရပ်တွေပါ။

၁၆ နှစ်အောက် ဆိုရှယ်မီဒီယာမသုံးရ ဆိုတဲ့ အခုတားမြစ်မှုဟာ ဖွဲ့စည်းပုံနဲ့မကိုက်ညီဘူးဆိုပြီး ဆယ်ကျော်သက် ၂ ဦးက နိုင်ငံရဲ့တရားလွှတ်တော်ချုပ်အထိ တက်ပြီး တိုင်တန်းထားပါတယ်။

Youtube နဲ့ ဂူဂဲလ်ကို ပိုင်တဲ့ အယ်လ်ဖာဘတ် ကုမ္ပဏီကလည်း အခုတားမြစ်ချက်ကို သူ့နည်း သူ့ဟန်နဲ့ ကိုင်တွယ်ဖို့ လုပ််နေပုံရပါတယ်။ လူအခွင့်အရေးအဖွဲ့တွေနဲ့ တရားရေးကျွမ်းကျင်သူတွေကလည်း ကန့်ကွက်တာတွေ လုပ်နေပါတယ်။

ဒါဟာ တရားမဝင်ဘူးလို့ ရှင်းရှင်းဘွင်းဘွင်း ထုတ်ပြောချင်ကြတဲ့ စိတ်တိုနေကြတဲ့မိဘအချို့လည်းရှိနေပြန်ပါတယ်။ သူတို့ကတော့ သူတို့ကလေးတွေ ဆိုရှယ်မီဒီယာသုံးပိုင်ခွင့်ဟာ ဖိအား အောက်ကနေ ရပိုင်ခွင့်တစ်ခုလိုဖြစ်တာကို မလိုချင်ကြတာပါ။

''မူဝါဒ အောင်မြင်ဖို့ဆိုရင် ကလေး အယောက် ၁၀၀ ရှိရင် အဲဒီ ၁၀၀ လုံး မသုံးတဲ့အထိ သွားစရာမလိုဘူး။ အကုန်လုံး အွန်လိုင်းသုံးနေတာမှမဟုတ်တာ'' လို့ မစ္စတာ အယ်လန်က ပြောပါတယ်။

''ကလေးအယောက် ၈၀ လောက် ပါလာအောင်လုပ်ရင် ကျန်တဲ့ နောက် ၂၀ လည်း သူ့ဘာသာသူ ကျွဲကူး ရေပါဖြစ်လာမှာ''

ဒီလိုတားမြစ်လို့ ထိခိုက်မှုလျှော့ချနိုင်မှာပါလား

ဒီလိုတားမြစ်လို့ ကလေးတွေ ဘေးကင်းလာမှာလားဆိုတဲ့ မေးခွန်းကို ဘေးထုတ်ထားချင်ပေမဲ့လည်း အဲဒီမေးခွန်းကပဲ အခုတားမြစ်မှုမှာ အရေးပါနေတာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ကတော့ အခုမူဝါဒကြောင့် ကလေးငယ်တွေကို အင်တာနက်လောကရဲ့ အမှောင်ဘက်ခြမ်းကို တွန်းပို့ရာရောက်တယ်ဆိုတဲ့စိုးရိမ်ချက်လည်း ရှိကြပါတယ်။

တဖက်စွန်းရောက်ဖို့ အားသာစေတဲ့ ချက်ရွမ်းတွေလို ဂိမ်းကစားရင်း စကားပြောနိုင်ကြတဲ့နေရာတွေကိုရော ဒီအတိုင်း လွှတ်ထားမှာလားဆိုတဲ့ မေးခွန်းရှိပါတယ်။

ကလေးတွေဟာ တစ်တော့နဲ့ ယူကျူလို တခြား အက်ပ်ပလီကေးရှင်းအများစုကို အကောင့် မလုပ်ဘဲ အင်တာနက်မှာ သုံးနိုင်ပါသေးတယ်။ ပလက်ဖောင်းအမျိုးမျိုးဟာ ကလေးတွေ ကြည့်သင့်တဲ့အကြောင်းအရာတွေကို အကန့်အသတ်လုပ်ထားတယ်လို့ဆိုပေမဲ့ အကောင့်မဖွင့်ဘဲ အဲဒီလိုသုံးနိုင်တာကပဲ အသက်အရွယ်နဲ့ ကြည့်ဖို့ မသင့်တဲ့ကြောင်းအရာတွေနဲ့ ကြော်ငြာတွေကို ကလေးတွေ မြင်ဖို့တွေ့ဖို့ ပိုနီးစပ်ပါတယ်။

လူမှုကွန်ရက်ပေါ်က မမြင်သင့်တဲ့အကြောင်းအရာတွေကို မမြင်အောင် မပျံ့အောင် ဖြုတ်ချ ဖယ်ရှားဖို့ လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်သံ ညံပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တဲ့အပိုင်းမှာ ကုမ္ပဏီအသေးတွေထက်စာရင် ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေက ပိုလုပ်နေတယ်လို့ ပြန်ချေပကြသူတွေလည်း ရှိပါတယ်။

နမူနာအနေနဲ့ပြောရရင် ဖေ့ဘွတ်ခ်ဟာ အရွယ်ရောက်ပြီးသူတစ်ယောက်က ကလေးတစ်ယောက်ကို မကြာမကြာ မက်ဆေ့ပို့တာမျိုးဖြစ်လာရင် အချက်ပေးသံ ညံတဲ့စနစ်ကို ဖော်ဆောင်ထားပါတယ်။

ဖုန်းကြည့်နေတဲ့ဆယ်ကျော်သက်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, BBC/Jessica Hromas

ဓာတ်ပုံ ပုံစာ, တားမြစ်မှုကို စိတ်မပူသူတွေထဲ အစ်ဆိုဘယ်လည်းပါဝင်ပါတယ်

ဆိုရှယ်မီဒီယာနဲ့ ကျန်းမာရေး ဆက်နွှယ်မှုအကြောင်း သိပ္ပံနည်းကျ ပြောရင်တော့ ရှုပ်ထွေးနေဆဲဖြစ်ပြီး အသစ်အသစ်တွေလည်း တွေ့နေကြဆဲပါ။

ဆိုရှယ်မီဒီယာဟာ ကောင်းကျိုးထက် ဆိုးပြစ်ဘက်ကို ပိုသွားတယ်လို့ လေ့လာချက်တချို့မှာ ဖော်ပြပေမဲ့ တချို့နေရာတွေမှာတော့ ဆိုရှယ်မီဒီယာဟာ ကလေးတွေအတွက်၊ ကျေးလက်နေ လူတန်းစားအတွက်၊ LBFTQ+ လို အသိုင်းအဝိုင်းအတွက် ကောက်ရိုးတစ်မျှင် ဖြစ်နေတယ်လို့လည်း ပြနေပြန်ပါတယ်။

ဒါပေမဲ့ အများစုကတော့ အင်တာနက်ဝက်ဘ်တွေရဲ့ သဘောသဘာဝကို ကလေးတွေ သိကျွမ်းနားလည်လာအောင်လည်း လုပ်၊ တဖက်မှာလည်း သုံးစွဲသူရဲ့ အွန်လိုင်းပေါ် က အမူအကျင့်ကို လိုက်ပြီး အကြောင်းအရာတွေကို ပြသတဲ့စနစ်ကို ကန့်သတ်တာ၊ သုံးစွဲသူကို ထိခိုက်စေတဲ့အကြောင်းအရာတွေကို ထိန်းချုပ်ကိုင်တွယ်တာတွေကို ဆိုရှယ်ပလက်ဖောင်းတွေကို လိုက်နာစေတာမျိုးလို ကိစ္စတွေကို ပိုအာရုံထားလုပ်ဆောင်စေချင်ကြပါတယ်။

သြစတြေးလျ ဆက်သွယ်ရေးဝန်ကြီး အနီကာ ဝဲလ်စ် ကတော့ သူ့ အစိုးရအနေနဲ့ ဒီလို ကိစ္စတွေကိုလည်း လုပ်ဖို့ဆန္ဒရှိတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။ အခုတားမြစ်မှုဟာ ခြောက်ပြစ်ကင်း မူဝါဒတော့ မဟုတ်ပေမဲ့ လောလောဆယ်တော့ လုပ်ထိုက်တဲ့အရာတစ်ခုဖြစ်နေပါတယ်။

''ဒါဟာ ရောဂါအတွက် ညုံဖွ ဆေးမဟုတ်ပါဘူး။ ကုထုံးအစီအစဉ်ပါ။ တဖြည်းဖြည်းနဲ့ တဆင့်ချင်းသွားရမှာပေါ့''