တရုတ် သန်းချီအကုန်ခံထားတဲ့ကုန်သွယ်ရေးလမ်းသစ်က မြန်မာ စစ်မီးတောက်

    • ရေးသားသူ, လော်ရာ ဘစ်ကာ
    • ရာထူးတာဝန်, တရုတ်ပြည် သတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ကနေ သတင်းပေးပို့ပါတယ်

“ရွာတရွာ ၊ နှစ်နိုင်ငံ ” ဆိုတာ တရုတ်ပြည် အရှေ့တောင်စွန်းက ယင်ဂျင်းရွာကို ရည်ညွှန်းခဲ့တဲ့ စကားလုံး ဖြစ်ပါတယ်။

ဝါးထရံတွေ၊ မြောင်းတွေနဲ့ ကုန်းရိုးတွေနဲ့ပဲ မြန်မာဘက်ကို နယ်ခြားထားတယ်ဆိုပြီး ခရီးသွား ဆိုင်းဘုတ်ဟောင်းတခုမှာ ပါပါတယ်။ တရုတ်က သူ့အိမ်နီးချင်းနဲ့ စီးပွားရေး ဆက်ဆံမှု အဆင်ပြေချင်ခဲ့တဲ့ အမှတ်လက္ခဏာ ဖြစ်ပါတယ်။

အခုတော့ ဒီနယ်စပ်ကို သံစည်းရိုးမြင့်ကြီးနဲ့ ကာထားပြီး ယူနန်ပြည်နယ် ရွှေလီနယ်ထဲကို ဖြတ်သွားပါတယ်။ သံဆူးကြိုးနဲ့ ကာထားပြီး လုံခြုံရေး ကင်မရာတွေ တပ်ထားသလို စပါးခင်းတွေနဲ့ လမ်းတွေကိုလည်း ဖြတ်တောက်ပြီး ဒီစည်းရိုးကြီးကို ဆောက်ထားပါတယ်။

တရုတ်ပြည်ရဲ့ တင်းကျပ်တဲ့ ကိုဗစ် လော့ဒေါင်း ကန့်သတ်မှုတွေကြောင့် ဒီလို ခွဲခြားမှုတွေ စဖြစ်လာပါတယ်။ မြန်မာပြည်မှာ ၂၀၂၁ အာဏာသိမ်းပွဲ နောက်ပိုင်း ဖြစ်တဲ့ ပြည်တွင်းစစ်ကြောင့်လည်း ကန့်သတ်မှုက အခြေခိုင်သွားပါတယ်။ တရုတ်နယ်စပ်က ရှမ်းပြည်နယ်အပါအဝင် နိုင်ငံအနှံ့ကို စစ်ကောင်စီ ထိန်းချုပ်နိုင်ဖို့ စစ်ခင်းနေရပြီး ရှမ်းပြည်နယ်မှာတော့ စစ်ကောင်စီရဲ့ အဆုံးအရှုံးက ကြီးပါတယ်။

မိုင် ၁၂၄ဝ ရှည်လျားတဲ့ မြန်မာနယ်စပ်တလျှောက် ဖြစ်နေတဲ့ စစ်ပွဲကြောင့် တရုတ်ပြည်မှာ စရိတ်ပိနေပါတယ်။ အရေးပါတဲ့ ကုန်သွယ်ရေး စင်္ကြံအဖြစ် မြန်မာပြည်မှာ တရုတ်က ဒေါ်လာ သန်းချီပြီး ရင်းနှီးမြှုပ်နှံထားတာပါ။ တရုတ်ပြည် အရှေ့တောင်ပိုင်းက ကုန်းတွင်းပိတ် ပြည်နယ်တွေကို မြန်မာကတဆင့် အိန္ဒိယသမုဒ္ဒရာနဲ့ ချိတ်ဆက်ပေးဖို့ အကြံနဲ့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ခုတော့ ဒီစင်္ကြံနယ်မြေမှာ မြောက်ပိုင်းမဟာမိတ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်တလင်းပြင် ဖြစ်နေပါပြီ။

တရုတ်က နှစ်ဖက်လုံးအပေါ် သြဇာလွှမ်းမိုးပေမယ့် ဇန်နဝါရီလက ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်ရပ်စဲရေးက ပြိုလဲသွားခဲ့ပါတယ်။ ခုတော့ တရုတ်စစ်တပ်တွေ နယ်စပ်တကြောမှာ စစ်ရေးလေ့ကျင့်နေကြပြီး တရုတ်အစိုးရကလည်း တင်းတင်းမာမာ သတိပေးထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နေပြည်တော်ကို နောက်ဆုံးရောက်လာတဲ့ တရုတ်သံတမန်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သတိပေးစကား ပါးခဲ့တယ်လို့ ယူဆကြပါတယ်။

မဖွံ့ဖြိုး ဆင်းရဲတဲ့ ရှမ်းပြည်မှာ စစ်မီး ပဋိပက္ခတွေက အသစ်အဆန်းမဟုတ်ပါဘူး။ ကမ္ဘာမှာ ထွက်သမျှဘိန်းနဲ့ စိတ်ကြွဆေးပြား အများစုကလည်း မြန်မာပြည်က အကြီးဆုံး ဒီပြည်နယ်က ထွက်ပါတယ်။ နောက်ပြီး ဗဟိုအစိုးရကို ဆန့်ကျင်နေတဲ့ လူမျိုးစု တပ်ပေါင်းစုံကလည်း ဒီပြည်နယ်မှာ တပ်စွဲထားပါတယ်။

ဒါပေမဲ့လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖန်တီးထားတဲ့ ဒီစီးပွားရေးဇုန်တွေမှာ ပြည်တွင်းစစ် ဖြစ်တဲ့အချိန်ထိ ဖွံ့ဖြိုးခဲ့ပါတယ်။

ခြံစည်းရိုးနား သိပ်မကပ်ကြဖို့ အသံချဲ့စက်နဲ့ ရွှေလီက လူတွေကို သတိပေးနေပါတယ်။ ဒါပေမဲ့လည်း တရုတ်ခရီးသည်တယောက်က ဂိတ်တံခါး သံတိုင်တွေကြား လက်မောင်းလျှိုထည့်ပြီး သူ့ကိုယ်သူ ဆယ်လ်ဖီပုံ ရိုက်နေပါတယ်။

ဒစ္စနီတီရှပ် ဝတ်ထားတဲ့ မိန်းကလေးနှစ်ယောက်ကလည်း ပန်းရောင် ရေခဲမုန့်ခွက်တွေကို လျက်ရင်း အဘိုးရေ၊ ဒီဘက် ကြည့်ပါဦး ဆိုပြီးသံတိုင်ကြားကနေ လှမ်းအော်ပါတယ်။ တဘက်ခြမ်းက ခြေဗလာနဲ့ အဘိုးအိုကတော့ စောင်းငဲ့ပြီး မကြည့်ပါဘူး။

ရွှေလီမှာ ခိုလှုံ

မြန်မာပြည်သူတွေ နေရတာ ခွေးတွေလိုပဲလို့ လီမြန်ကျန်းက ပြောပါတယ်။ သူ့ရဲ့ ဆိုင်ကလေးမှာ နို့လက်ဖက်ရည်လို မြန်မာပြည်က အစားအသောက်တွေ ရောင်းပါတယ်။ ရွှေလီနယ်စပ်ဂိတ်နဲ့ ခြေလှမ်းအနည်းငယ်ပဲ ဝေးတဲ့နေရာက စျေးကလေးမှာပါ။

အသက် ၆ဝ ကျော်လို့ ယူဆရတဲ့ လီက မူဆယ်မှာ အရင်တုန်းက တရုတ်အဝတ်အစားတွေ ရောင်းပါတယ်။ ခုတော့ သူ့မြို့မှာ ဘယ်သူမှ သုံးစွဲစရာ ငွေလုံလုံလောက်လောက် မရှိတော့ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ခုထိ ဒီမြို့ကို ထိန်းချုပ်ထားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီလက်ထဲ ကျန်နေသေးတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ် တပ်တွေကတော့ တခြား နယ်စပ်ဂိတ်တွေကို ထိန်းချုပ်ထားသလို မူဆယ်အဝင်လမ်းက ကုန်သွယ်ရေးစခန်းကြီးကိုလည်း သိမ်းထားပါတယ်။

စစ်အခြေအနေကြောင့် လူတွေ ဒုက္ခပိုရောက်ကြတယ်လို့လည်း လီက ပြောပါတယ်။ ၁၀ ယွမ်လောက် ရဖို့ နယ်စပ်ကို ကူးပြီး ပိုက်ဆံရှာရတဲ့သူတွေကိုလည်း သူသိပါတယ်။ ဒါမှ မြန်မာပြည်ထဲက မိသားစုတွေကို ပြန်ကျွေးနိုင်မှာပါ။

ဒီစစ်ကြောင့် မြန်မာပြည်နဲ့ အဆက်အသွယ် အကူးအသန်းတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတာပါ။ အရင်က ကြိုရောက်ပြီးသား ဒါမှမဟုတ် နယ်စပ်ကို ဖြတ်ဝင်လာဖို့ နည်းလမ်းရှာနိုင်တဲ့ လီလို လူတွေဆီကနေပဲ ဒီအကြောင်းတွေကို သိရတာ ဖြစ်ပါတယ်။

တရုတ်ပြည်ထဲ လာဖို့ အလုပ်သမားကတ်တွေ မရလို့ လီရဲ့ မိသားစုက မန္တလေးမှာ ပိတ်မိနေပါတယ်။ စစ်ကောင်စီကို တော်လှန်နေတဲ့ တပ်တွေကလည်း မန္တလေးနား နီးလာနေပါတယ်။

ကျွန်မ စိတ်ပူလွန်းလို့ သေရတော့မယ်ဆိုပြီး လီက ပြောပါတယ်။ ဒီစစ်ကြောင့် ကျွန်မတို့ အတော် ကံမကောင်းတာပါ။ ဘယ်တော့မှ စစ်က ပြီးမှာလဲ လို့လည်း ဆိုပါတယ်။

၃၁ နှစ် အရွယ် ကိုဇင်အောင်လို့ နာမည်ပြောင်းထားတဲ့သူလည်း ဒီလို ထွက်လာနိုင်တဲ့ သူတွေထဲမှာ ပါပါတယ်။ သူက ရွှေလီမြို့စွန်က စက်မှုဇုန်တခုမှာ အလုပ်လုပ်ပါတယ်။ အဲဒီမှာ အဝတ်အစား၊ လျှပ်စစ်ပစ္စည်းနဲ့ မော်တော်ကား အစိတ်အပိုင်းတွေ ထုတ်ပြီး တကမ္ဘာလုံးကို ပို့ပါတယ်။

သူ့လို အလုပ်သမားတွေ အများကြီးကို မြန်မာပြည်ဘက်က ခေါ်လာပြီး ဒီမှာ ရှိတဲ့ တရုတ်အစိုးရ ထောက်ပံ့ထားတဲ့ လုပ်ငန်းတွေ အတွက် စျေးပေါတဲ့ အလုပ်သမားတွေ ဖြစ်လာပါတယ်။ တလကို သူတို့ ယွမ် ၂၄ဝဝ (ဒေါ်လာ ၄၅ဝ) လောက် ရပြီး တရုတ်အလုပ်သမားတွေထက် ပိုနည်းပါတယ်။

စစ်ကြောင့် မြန်မာပြည်မှာ ဘာမှ လုပ်စရာ မရှိဘူးလို့ ကိုဇင်အောင်က ပြောပါတယ်။ ဆန်၊ ဆီက အစ အကုန် စျေးကြီးကုန်တယ်၊ နေရာတိုင်းမှာ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေလို့ လူတိုင်း ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။

အသက်ကြီးလို့ ထွက်မပြေးနိုင်တဲ့ မိဘတွေအတွက် သူက ငွေကို ပို့နိုင်တဲ့အခါ ပို့ပေးပါတယ်။

ရွှေလီက တရုတ်အစိုးရ ဆောက်ထားတဲ့ စက်ရုံဝင်းထဲမှာ ဒီလူတွေ နေပြီး အလုပ်လုပ်ကြပါတယ်။ မြန်မာပြည် အခြေအနေ မကောင်းလို့ ဒီမှာ လာခိုလှုံနေကြတာလို့ ကိုဇင်အောင်က ပြောပါတယ်။

အတင်းအကျပ် စစ်သားစုဆောင်းတာကနေလည်း သူ ထွက်ပြေးလာခဲ့တာပါ။ မြန်မာစစ်ကောင်စီတပ်အတွက် တိုက်ပွဲ အကျအရှုံးနဲ့ တပ်ပြေးတွေ များနေလို့ လူရအောင် လိုက်စုနေတာပါ။

ညနေစောင်းလာချိန်မှာတော့ ကိုဇင်အောင်တို့ ဘောလုံးကစားဖို့ ခြေဗလာနဲ့ မိုးရေစိုနေတဲ့ ကွင်းထဲ ဆင်းကြပါတယ်။

ဘောလုံးပွဲကြည့် ပရိသတ်ထဲက မြန်မာ၊ တရုတ်နဲ့ ယူနန်ဒေသသံတွေ ရောပြွမ်းထွက်လာပါတယ်။ ဘောလုံး ဂိုးမဝင်ဘဲ ချော်ထွက်သွားလို့ အော်ကြတဲ့ အသံကိုလည်း ကြားရပါတယ်။ ဒါကတော့ ၁၂ နာရီ အလုပ်ဆိုင်းက ဆင်းပြီးနောက် သူတို့အတွက် ယာယီ အိမ်သစ်မှာ နေ့စဉ်တွေ့နေကျ မြင်ကွင်း ဖြစ်ပါတယ်။

ဒီအလုပ်သမား အများစုက လားရှိုးနဲ့ လောက်ကိုင်က လာကြပါတယ်။ လောက်ကိုင်က ဇန်နဝါရီလမှာ မြောက်ပိုင်းမဟာမိတ်တွေ လက်ကို ကျရောက်ခဲ့ပြီး လားရှိုးကိုတော့ ဝိုင်းထားခဲ့ပါတယ်။ အဲဒီနောက် စစ်ပွဲလမ်းကြောင်းနဲ့ တရုတ်ရဲ့ ကဏ္ဍက ပြောင်းသွားခဲ့ပါတယ်။

ဘေဂျင်းရဲ့ ပြဿနာ

ဒီနှစ်မြို့လုံးက တရုတ်ရဲ့ ကုန်သွယ်ရေး စင်္ကြံတလျှောက်မှာ တည်ရှိပြီး တရုတ် ထောက်ခံပေးတဲ့ အပစ်ရပ်စဲရေးကလည်း လားရှိုးကို စစ်ကောင်စီလက်ထဲ ထည့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီသီတင်းပတ်တွေအတွင်း မြောက်ပိုင်းမဟာမိတ်တွေ လားရှိုးကို ဝင်သိမ်းခဲ့တာကတော့ သူတို့ရဲ့ အကြီးဆုံး အောင်ပွဲ ဖြစ်လာပါတယ်။ စစ်ကောင်စီက ဗုံးကြဲတာ၊ ဒရုန်းနဲ့ တိုက်တာတွေနဲ့ တုံ့ပြန်သလို အင်တာနက်နဲ့ မိုဘိုင်းဖုန်းတွေ သုံးမရအောင် ကန့်သတ်ပါတယ်။

လားရှိုးကျမှုက စစ်တပ်အတွက် သမိုင်းမှာ အရှက်ရဆုံး အရှုံးတခု ဆိုပြီး နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့ အိုင်စီဂျီက မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ရစ်ချတ်ဟော်ဆေးက ပြောပါတယ်။

သူပုန်အဖွဲ့တွေ မူဆယ်ကို မသိမ်းသေးတာက တရုတ်စိတ်ဆိုးမှာ ကြောက်လို့ ဖြစ်ပုံရတယ်လို့လည်း မစ္စတာ ဟော်ဆေးက ပြောပါတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်ရင် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်စဖို့ မျှော်လင့်ချက်ကို ထိခိုက်စေလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းတခုလုံးနီးပါး လက်လွှတ်လိုက်ရပြီး ရွှေလီနဲ့ ကပ်လျက်က မူဆယ်ပဲ ကျန်ခဲ့တယ်လို့ ပြောပါတယ်။

ရွှေလီနဲ့ မူဆယ်က အထူးကုန်သွယ်ရေး ဇုန်တွေ ဖြစ်ပြီး မိုင်တထောင်ကျော် ရှည်တဲ့ တရုတ် မြန်မာ စီးပွားရေး စင်္ကြံခေါ် တရုတ် ပိုက်ဆံထုတ်ပြီး တည်ထောင်ထားတဲ့ ကုန်သွယ်ရေး လမ်းကြောင်း အတွက် အရေးကြီးပါတယ်။ ဒီလမ်းကြောင်းကနေ စွမ်းအင်၊ အခြေခံ လမ်းတံတားနဲ့ လျှပ်စစ်ကား ထုတ်ရာမှာ အရေးပါတဲ့ မြေရှားသတ္တုတူးတာလို တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ယူနန်ပြည်နယ် မြို့တော် ကူမင်းနဲ့ ရခိုင်ကမ်းရိုးတန်းမှာ တရုတ်တွေ ဆောက်နေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဆက်သွယ်ပေးမယ့် မီးရထားလမ်းကတော့ ဒီစီမံကိန်းရဲ့ အသည်းနှလုံးမှာ ရှိပါတယ်။

ဒီဆိပ်ကမ်းနဲ့အတူ ဘင်္ဂလားပင်လယ်အော် ရေလမ်းက ရွှေလီနဲ့ တရုတ်ပြည်အတွင်းပိုင်းက စက်ရုံတွေကို အိန္ဒိယသမုဒ္ဒရာနဲ့ ကမ္ဘာ့စျေးကွက်ထိ ရောက်အောင်ပို့မှာ ဖြစ်ပါတယ်။ တခါ ဒီဆိပ်ကမ်းကမြန်မာပြည်ကို ဖြတ်ပြီး ယူနန်ထိ ပို့မယ့် ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ စတဲ့ နေရာလည်း ဖြစ်ပါတယ်။

အခုတော့ ဒီအစီအစဉ်တွေ အခက်တွေ့ကုန်ပါပြီ။

မြန်မာပြည်က ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရာထူးက ဖယ်ရှားခံရချိန်မှာ တရုတ်သမ္မတ ရှီကျင်ပင်းက သူ့ရဲ့ သယံဇာတကြွယ်ဝတဲ့ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အတွက် နှစ်တွေနဲ့ချီ အချိန်ကုန်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာပြည် အာဏာသိမ်းပွဲကို ရှုတ်ချဖို့ မစ္စတာရှီ ငြင်းဆန်ခဲ့ပြီး စစ်တပ်ကို လက်နက် ဆက်ရောင်းပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတော့ မြန်မာပြည် ခေါင်းဆောင်အဖြစ် သူ အသိအမှတ် မပြုခဲ့သလို တရုတ်ပြည်ကိုလည်း မဖိတ်ကြားခဲ့ပါဘူး။

သုံးနှစ်ကြာလာပြီးနောက် စစ်ပွဲကြောင့် လူထောင်ချီ သေဆုံးပြီး လူသန်းချီ အခြေပျက် ရွှေ့ပြောင်းခဲ့ရပါတယ်။ စစ်ပြီးမယ့် အရိပ်အယောင်တော့ မတွေ့ရသေးပါဘူး။

စစ်မျက်နှာသစ်တွေ ဖွင့်ပြီး တိုက်နေရတဲ့ စစ်ကောင်စီတပ်အတွက်လည်း အတိုက်အခံတပ်မျိုးစုံတွေ လက်ထဲ နိုင်ငံရဲ့ တဝက်ကနေ သုံးပုံ နှစ်ပုံထိ ဆုံးရှုံးခဲ့ပါတယ်။

တရုတ်အတွက် သောင်မတင်ရေမကျ ဖြစ်နေပါတယ်။ တရုတ်က ဒီအခြေအနေကို မကြိုက်ဘဲ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးကို မအုပ်ချုပ်နိုင်တဲ့သူလို့ မြင်ကြောင်း မစ္စတာ ဟော်ဆေးက ပြောပါတယ်။ ဒါကြောင့် တရုတ်က ရွေးကောက်ပွဲလုပ်ဖို့ တွန်းအားပေးနေတာပါ၊ ဒီမိုကရေစီ အုပ်ချုပ်ရေး ပြန်ရစေချင်လို့ မဟုတ်ဘဲ ဒီနည်းနဲ့ အရင်ပုံစံ ပြန်သွားလို့ ရတယ် ထင်လို့ပါ ဆိုပြီး သူက ရှင်းပြပါတယ်။

တရုတ်က နှစ်ဖက်လုံးကို ဝင်ကစားနေတယ် ဆိုပြီး စစ်ကောင်စီကလည်း သံသယရှိပါတယ်။ တရုတ်က စစ်တပ်ကို ထောက်ပံ့ပေးတဲ့ ပုံစံ ဆက်ထားပြီး ရှမ်းပြည်က လူမျိုးစုတပ်တွေနဲ့ ဆက်ဆံရေး ဆက်ပြီး ထားရှိနေတယ်လို့ မြင်ပါတယ်။

လူမျိုးစုတပ်အများအပြားက တရုတ်လက်နက်တွေ သုံးနေကြတယ်လို့ သုံးသပ်သူတွေက ထောက်ပြပါတယ်။ နောက်ဆုံးပိတ် ဖြစ်တဲ့ တိုက်ပွဲတွေကလည်း ညီနောင်သုံးဖွဲ့လို့ နာမည်ယူထားတဲ့ လူမျိုးစုတပ်တွေရဲ့ မနှစ်က ထိုးစစ်ကို ပြန်ဖော်လာတာ ဖြစ်ပါတယ်။ တရုတ်က အချက်မပြဘဲ မြောက်ပိုင်းတပ်တွေက ဒီလို စစ်ဆင်မှာ မဟုတ်ဘူးဆိုပြီးလည်း ယူဆကြပါတယ်။

မြောက်ပိုင်းတပ်တွေ အနိုင်ရမှုကြောင့် ထောင်နဲ့ချီတဲ့ တရုတ်အလုပ်သမားတွေကို ပိတ်လှောင်ထားတဲ့ ငွေလိမ်လုပ်ငန်းတွေကို ပိုင်တဲ့ လူဆိုးဂိုဏ်းမိသားစုတွေ အဆုံးသတ်သွားပါတယ်။ နယ်စပ်တကြောမှာ ဥပဒေမဲ့ ဖြစ်နေတာတွေကို စိတ်ကုန်နေတာ ကြာပြီ ဖြစ်တဲ့ တရုတ်အစိုးရက ဒီလို လူဆိုးဂိုဏ်းတွေ ပြိုလဲသွားတာကို ကြိုဆိုပါတယ်။ မြောက်ပိုင်းမဟာမိတ်တွေကလည်း ထောင်သောင်းချီတဲ့ ငွေလိမ်ဂိုဏ်းဝင်လို့ သံသယရှိသူတွေကို တရုတ်လက်ကို အပ်ပါတယ်။

တရုတ်အတွက် အဆိုးဆုံး ဖြစ်နိုင်တာက မြန်မာ ပြည်တွင်းစစ်က နှစ်တွေနဲ့ချီ ဖြစ်သွားမှာပါ။ စစ်အစိုးရ ပြိုလဲပြီး နောက်ထပ် ဖရိုဖရဲနိုင်မှု ဖြစ်မှာကိုလည်း တရုတ်က စိုးရိမ်ပါတယ်။

ဒီလိုဖြစ်နိုင်ခြေတွေကို တရုတ် ဘယ်လို တုံ့ပြန်မလဲ ဆိုတာလည်း မသိရသေးပါဘူး။ တရုတ်အနေနဲ့ နှစ်ဖက်လုံးကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိအားပေးတာအပြင် ဘာထပ်လုပ်နိုင်သေးလဲ ဆိုတာလည်း မသဲကွဲလှပါဘူး။

ရပ်ဆိုင်းထားတဲ့ စီမံကိန်းများ

စီးပွားရေးမကောင်းတာကို ရွှေလီက ပိတ်ထားတဲ့ ဆိုင်တန်းကြီးက ပြနေပါတယ်။ တချိန်တုန်းက မြန်မာနယ်စပ်ကို အမှီပြုပြီး စီးပွားရေး ကောင်းခဲ့တဲ့မြို့ဟာ အခုတော့ မြန်မာပြည်နဲ့ မနီးစပ်တော့ဘဲ ရှိနေပါတယ်။

တရုတ်ပြည်ရဲ့ အတင်းကျပ်ဆုံး လော့ဒေါင်းပိတ်ဆို့မှုတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် နယ်စပ်ဖြတ်ကျော်တဲ့ ကုန်သွယ်ရေးက ပြန်ပေါ်မလာတဲ့အခါမှာ ဒီက စီးပွားရေးလုပ်ငန်းတွေ နောက်ထပ် အထိနာခဲ့ပြန်ပါတယ်။

ဒီက စီးပွားရေး လုပ်ငန်းတွေကလည်း မြန်မာဘက်က အလုပ်သမားတွေအပေါ် မှီခိုနေပါတယ်။ အဲဒီအလုပ်သမား စျေးကွက်ကလည်း ပျောက်သွားပြီလို့ မြန်မာအလုပ်သမားတွေကို အလုပ်ရှာပေးတဲ့ အေးဂျင်တွေက ဆိုပါတယ်။ နယ်စပ်ဖြတ်ပြီး အလုပ်သမားငှားရမ်းမှုကို တရုတ်က တင်းကျပ်ကန့်သတ်လိုက်ပြီး တရုတ်ပြည်ထဲမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ ရာနဲ့ချီတဲ့ မြန်မာတွေကို ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အလုပ်သမားတွေ ပြန်ပို့တဲ့အတွက် စီးပွားရေး ထိခိုက်ရကြောင်း အမည်မဖော်လိုတဲ့ တရုတ် စက်ရုံပိုင်ရှင်ကလေးတယောက်က ဘီဘီစီကို ပြောပါတယ်။ သူလည်း ဘာမှ မတတ်နိုင်ဘူးလို့ ဆိုပါတယ်။

နယ်စပ်ဂိတ်နားက ကွက်လပ်မှာ လူငယ်အလုပ်သမားတွေနဲ့ စည်ကားနေပါတယ်။ ဒီထဲ အရိပ်ထဲမှာ ကလေးတွေနဲ့ စောင့်နေကြတဲ့ အမေတွေလည်း ပါပါတယ်။ သူတို့ အလုပ်ရဖို့အတွက် လိုအပ်တဲ့ စာရွက်တွေကိုလည်း ချပြရပါတယ်။ အဆင်ပြေတဲ့သူတွေကတော့ တပတ်ထိ တရုတ်ဘက်မှာ လာပြီးအလုပ်လုပ်ခွင့် ရပါတယ်။ တချို့လည်း လီလိုပဲ နှစ်နိုင်ငံကြား ကူးသန်းနေလို့ ရပါတယ်။

တိုက်ပွဲတွေ ရပ်ဖို့ ဘက်အားလုံးကို လူကောင်းတွေက ဝင်ပြောနိုင်မယ်လို့ မျှော်လင့်ကြောင်း လီက ပြောပါတယ်။ ဒီကမ္ဘာမှာ ကျွန်မတို့အတွက် စကားပြောပေးမယ့်သူမရှိရင် တကယ် ဝမ်းနည်းဖို့ ကောင်းပါတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်နားကပ်ပြီး တိုက်ပွဲတွေ မဖြစ်ပါဘူးလို့ သူ့ဘေးနားက လူတွေက သူ့ကို ဖျောင်းဖျရတယ်လို့လည်း လီက ပြောပါတယ်။ ဒါပေမဲ့ သူက မယုံနိုင်သေးပါဘူး။ အနာဂတ်ကို ဘယ်သူမှ မှန်းလို့မရဘူးလို့လည်း ဆိုပါတယ်။

အခုတော့ ရွှေလီက လီနဲ့ ကိုဇင်အောင်အတွက် ဘေးကင်းတဲ့ နေရာ ဖြစ်နေပါတယ်။ သူတို့အနာဂတ်က တရုတ်တွေလက်ထဲမှာ ရှိတယ်လို့လည်း သူတို့ နားလည်ကြပါတယ်။ ဒါကို တရုတ်တွေကလည်း သိပါတယ်။

မင်းတို့ တိုင်းပြည်က စစ်ဖြစ်နေတာ ဆိုပြီး တရုတ်ခရီးသွားတယောက်က မြန်မာကျောက်စိမ်း ရောင်းသမားကို စျေးဆစ်ရင်း ပြောပါတယ်။ ငါပေးသလောက်ပဲ မင်းယူရမယ်လို့လည်း တရုတ်ခရီးသည်က ပြောပါတယ်။