အောက်တိုဘာ ၆ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - အုတ်ဖို ဂမုန်းဆည်တိုက်ပွဲမှာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

ဂမုန်းရေလှောင်တမံမှာ လုံခြုံရေးယူထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂

ဓာတ်ပုံ ပုံစာ, ဂမုန်းရေလှောင်တမံမှာ လုံခြုံရေးယူထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမမှာရှိတဲ့ ဂမုန်းရေလှောင်တမံမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်နည်းသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က အောက်တိုဘာ ၆ ရက် ဒီနေ့မှာ သတင်း ထုတ်ပြန်ပါတယ်။

ဂမုန်းဆည်မှာ အောက်တိုဘာ ၃ ရက်နဲ့ ၄ ရက်တွေမှာ ဖြစ်ပွားခဲ့တဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က နောက်ထပ် ၁၇ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဂမုန်းရေလှောင်တမံမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အထိုင်ချနေရာယူထားတာဖြစ်ပြီး ဝိုင်းကျေးရွာရဲစခန်းကနေ တက်လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု များခဲ့တာလို့ ဆိုပါတယ်။

ဒီထိတွေ့တိုက်ပွဲမှာ လက်နက်ခဲယမ်း၊ မိုဘိုင်းဖုန်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စက်တင်ဘာ ၄ ရက်မှာလည်း ရေလှောင်တမံကို တက်လာမယ့်စစ်ကြောင်းကို တာဝါတိုင်ရွာမှာ ဖြတ်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနေ့မှာပဲ အရပ်ဝတ်နဲ့ ကင်းထောက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားပါတယ်။

သီပေါမြို့ ခလရ ၂၃ တပ်မှာ တိုက်ပွဲဆက်ဖြစ်နေ

TNLA တပ်ဖွဲ့ဝင်တွေ ပုံဟောင်း

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၃ ခြေလျင်တပ်ရင်း(ခလရ)နဲ့ တအာင်းတပ်(TNLA) တို့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်စစ်ရေးအခြေအနေသိသူတွေက ဘီဘီစီကို ပြောပါတယ်။

ခလရ ၂၃ တပ်စခန်းနေရာမှာ စစ်ကောင်စီတပ်နဲ့ အောက်တိုဘာလ ၅ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့အကြောင်းကိုလည်း တအာင်းတပ်ဘက်က အတည်ပြုသတင်းထုတ်ပြန်ပါတယ်။

တအာင်းတပ်(TNLA) ဟာ သီပေါမြို့ထဲက စစ်ကောင်စီတပ်စခန်းတွေကို သြဂုတ်လဆန်းပိုင်းကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခမရ ၅၀၃ နဲ့ ၅၀၄ တပ်စခန်းတွေကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကြေညာထားတာပါ။

အခုတော့ သီပေါမြို့မှာ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ ၂၃ စခန်းမှာ တိုက်ပွဲ ဆက်ဖြစ်နေတာဖြစ်ပါတယ်။

ဒီအ‌တောအတွင်းမှာပဲ စစ်ကောင်စီတပ်ဟာ ခလရ ၂၃ စခန်းမှာရှိတဲ့ သူ့တပ်သားတွေကို မြေပြင်စစ်ကူအစား ထောက်ပို့လေယာဥ်နဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေထောက်ပို့နေတယ်လို့လည်း မြေပြင် အခြေအနေသိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ သီပေါမြို့နယ် ထဲကို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။ အခုလဆန်းပိုင်းတုန်းကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နားလွယ်ရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး နောက်ထပ် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

သီပေါမြို့မှာ တိုက်ပွဲ စတင်ကတည်းက ဒေသခံအများစုဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။

လင်းခေးမှာ တတိယအကြိမ် ရေကြီးနေ

လင်းခေးမြို့နယ်၊ဝမ်ဟတ်တိုက်နယ်၊နားကုန်းရွာ ရေ တက်နေတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Nargone Monastery

ဓာတ်ပုံ ပုံစာ, ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၆ ရက်မှာ တွေ့ရတဲ့ လင်းခေးမြို့နယ်၊ဝမ်ဟတ်တိုက်နယ်၊နားကုန်းရွာ ရေ တက်နေတဲ့ အခြေအနေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှမ်းပြည်နယ်တောင်ပိုင်းက လင်းခေးမြို့ပေါ်အပါအဝင် တိုက်နယ်နဲ့ကျေးရွာတွေမှာ တောင်ကျရေနဲ့ နန့်တိန်းချောင်း ရေတက်လာလို့ တတိယအကြိမ် ရေဘေးထပ်ကြုံနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာ ၁ ရက်ကစလို့ နန့်တိန်းချောင်းရေပြန်တက်လာတာဖြစ်ပြီး လင်းခေးမြို့ပေါ်မှာတော့ ချောင်းနဲ့ကပ်လျက် ကမ်းနားလမ်းပေါ်ကို ရေပြန်ကျော်နေတာပါ။

“အခုချောင်းဘေးက နေရာတွေဆို ရေက လူကြီးလည်ပင်းလောက်ရောက်နေပြီ။ ရွာဘုန်းကြီး ကျောင်းအောက်ထပ်လည်း ရေဝင်နေပြီ။ ဒုတိယတစ်ကြိမ်လောက်မဆိုးပေမယ့် ရေထက်တက်လာရင်တော့ နောက်တစ်ခါရွှေ့ပြောင်းတာတွေလုပ်ရဦးမယ်”လို့ လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်၊ နားကုန်းရွာခံက ပြောပါတယ်။

ဒီရွာမှာ ၂၀၂၄ခုနှစ်၊ သြဂုတ်လ ၁၇ ရက်၊ စက်တင်ဘာ ၁၀ ရက်တွေမှာလည်း ရေဘေးကြုံခဲ့ရပြီး အရေးပေါ် ရွှေ့ပြောင်းတာတွေလုပ်ခဲ့ရတာပါ။

ဒုတိယအကြိမ် ရေတက်ကာလတုန်းက လင်းခေးမြို့ပေါ်မှာ စက်တင်ဘာ ၁၀ ရက်တစ်ရက်တည်းကို ရေ ၁၇ ပေထိတက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်နယ်အတွင်းက ရွာချင်းဆက်လမ်းတချို့လည်း ရေစီးကြောင့် ပျက်စီးတာတွေရှိခဲ့ပါတယ်။

နားကုန်ရွာမှာ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး ဝမ်ဟတ်တိုက်နယ်တစ်ခုလုံးမှာတော့ အိမ်ခြေ ၃,၀၀၀ ဝန်းကျင်ရှိနေတာဖြစ်ပါတယ်။

ကလေး ၆ သန်းကျော် ကျန်းမာရေးနဲ့ ပညာရေး ပုံမှန်မရရှိဘဲ နေရပ်စွန့်ခွာနေရတယ်လို့ ဦးကျော်မိုးထွန်းပြော

 ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၄ ရက်၊ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာတွေ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း

မြန်မာနိုင်ငံမှာ ကလေး ၆ သန်းကျော်ဟာ နေရပ်စွန့်ခွာရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပုံမှန်ပညာရေး ပြတ်တောက်တာတွေ အောက်မှာ ရုန်းကန်နေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ အောက်တိုဘာ ၄ ရက်က လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာပါ။

စစ်တပ်ရဲ့လေ‌ကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေဟာ ယာယီစခန်းတွေနဲ့ ဗုံးခိုကျင်းတွေထဲမှာ ပညာသင်ကြားနေရတယ်လို့ ဦးကျော်မိုးထွန်းက မီးမောင်းထိုးပြောပြပါတယ်။

ဒါအပြင် ကလေးတွေဟာ စားနပ်ရိက္ခာမလုံလောက်တာနဲ့ကာကွယ်ဆေးမရတာကြောင့် အာဟာရပြတ်လပ်တာတွေ ကြုံနေရတယ်လို့လည်း သူက ပြောပါတယ်။

အသက်မပြည့်တဲ့ကလေးငယ်တွေလည်း စစ်တပ်ရဲ့တပ်သားသစ်စုဆောင်းတာကိုကြုံတွေ့နေရတယ်လို့ ကုလအစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကလေးငယ်တွေကြုံတွေ့နေရတာနဲ့ ပတ်သတ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိမြန်မာမှာ နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ ၃ ဒသမ ၄ သန်းကျော်ရှိနေပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီလိုအပ်နေသူက ၁၈ ဒသမ ၆ သန်းကျော်ရှိနေတာပါ။

ဒီထဲမှာ ထိခိုက်လွယ်တဲ့ အမျိုးသမီး၊မိန်းကလေးငယ်၊မသန်စွမ်း၊သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေ အများဆုံး ပါဝင်နေတာဖြစ်ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(UNOCHA)ကတော့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာမှာ လိုအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေအတွက် ရန်ပုံငွေ ရရှိမှုနည်းပါးပြီး အကူအညီပေးဖို့ ရန်ပုံငွေမလုံလောက်တာ ကြုံနေရတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်တပ်က စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၅၀ လုပ်ခဲ့၊ အရပ်သားသေဆုံးမှု နှစ်ဆကျော် တိုးလာ

လေကြောင်းဗုံးထိမှန်ခဲ့တဲ့ လားရှိုးမြို့က လူနေအိမ်

ဓာတ်ပုံ ရင်းမြစ်, လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ဓာတ်ပုံ ပုံစာ, ၂၀၂၄ခုနှစ်၊စက်တင်ဘာလအတွင်း လေကြောင်းဗုံးထိမှန်ခဲ့တဲ့ လားရှိုးမြို့က လူနေအိမ်

၂၀၂၄ခုနှစ်၊ စက်တင်ဘာလ တစ်လတည်းမှာတင် စစ်ကောင်စီတပ်က ရန်ကုန်၊ ဧရာဝတီ၊ မွန်နဲ့ တနင်္သာရီ တို့ကလွဲပြီး ကျန်တဲ့ပြည်နယ်နဲ့တိုင်း ၁၀ ခုမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၅၀ ထိလုပ်ခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (BMC)က အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီ(ကယား)၊ ကရင်ပြည်နယ်တွေနဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းတို့မှာ ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကလေးနဲ့အမျိုးသမီးအပါအဝင် အရပ်သား ၂၁၇ ဦးသေဆုံးခဲ့တာဖြစ်လို့ ဒါဟာ ပြီးခဲ့တဲ့ သြဂုတ်လကထက် အရပ်သားသေဆုံးမှု ၂ဆ ကျော်မြင့် တက်လာပါ။

“စစ်အုပ်စုရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားလာတယ် ဆိုတာ သိသိသာသာထင်ထင်ရှားရှားတွေ့ရတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးပျက်စီးထိခိုက်တာ လည်းမြင့်တက်လာပါတယ်”လို့ BMC အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ ရဲ့အချက်အလက်အရ စက်တင်ဘာလအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သူ ၃၂၇ ဦးအထိ ရှိနေပါတယ်။

စစ်ကောင်စီက ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာလည်း ဒရုန်းအသုံးပြုတိုက်ခိုက်တာ ၃၁ ကြိမ်လုပ်ခဲ့ပြီး အရပ်သား ၁၂ ဦးသေဆုံးပြီး ၃၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ BMCက ထုတ်ပြန်ပါတယ်။

စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ၁၁၈ ကြိမ်အထိ အများ ဆုံးတိုက်ခိုက်ခံခဲ့ရပြီး ဒုတိယအနေနဲ့ ရခိုင်ပြည်နယ်မှာတော့ ၅၉ ကြိမ်ထိတိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ရက်ဆက်လေကြောင်းတိုက်ခံနေရတဲ့ ရှမ်းမြောက်က ကိုးကန့်တပ်(MNDAA) သိမ်းထားတဲ့ လားရှိုးမြို့ပေါ်မှာဆိုရင် လူနေအိမ်တွေအပေါ် လေကြောင်းဗုံးကျရောက်ပေါက်ကွဲတာကြောင့် အိမ်ထဲနေရင်းသေဆုံး၊ထိခိုက်သူတွေရှိခဲ့ တာပါ။

ရခိုင်ပြည်နယ်က အေအေက ထိန်းချုပ်ထားနိုင်တဲ့ သံတွဲမြို့ပေါ်မှာ စစ်ရှောင်တွေနေထိုင်နေတဲ့ မြို့တော်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးပေါ်ကို လေကြောင်းဗုံးကြဲလို့ အရပ်သား ဆယ်ကျော်အစုလိုက် သေဆုံးခဲ့ပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ဆေးရုံ၊ဆေးခန်းတွေပိတ်ထားရတာကြောင့် လေကြောင်းကနေ ကြဲချတဲ့ ဗုံးထိမှန်ပြီး ထိခိုက်သူတွေအတွက် ဆေးကုသရေးအခက်အခဲရှိတယ်လို့ မန္တ‌လေးတိုင်းနဲ့ ရှမ်းမြောက်က ကူညီကယ်ဆယ်ရေးလုပ်နေသူတချို့က ဘီဘီစီကိုပြောကြပါတယ်။

လားရှိုးမြို့ပေါ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်း လုံးဝဖြတ်‌တောက်ခံရ

လားရှိုးမြို့ပေါ်က Starlink ရတဲ့နေရာမှာ အင်တာနက်စုဝေးအသုံးပြုနေသူတွေ

ဓာတ်ပုံ ရင်းမြစ်, လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ဓာတ်ပုံ ပုံစာ, လားရှိုးမြို့ပေါ်က Starlink ရတဲ့နေရာမှာ အင်တာနက်စုဝေးအသုံးပြုနေသူတွေ (ပုံဟောင်း)

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်(MNDAA) သိမ်းထားတဲ့ လားရှိုးမြို့ပေါ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေအားလုံးကို MNDAA ဘက်က ဖြတ်တောက်လိုက်တယ်လို့ နယ်မြေအခြေအနေသိရှိတဲ့ ဘီဘီစီရဲ့သတင်းအရင်းအမြစ်ကပြောပါတယ်။

ဖုန်းလိုင်းတွေကို လွန်ခဲ့တဲ့ ၅ ရက်လောက်က စတင်ဖြတ်တောက်လိုက်တာဖြစ်ပြီး ဂြိုဟ်တု စနစ်နဲ့ အသုံးပြုတဲ့ စတားလင့်ခ်(Starlink) ဝိုင်ဖိုင်စက်တွေကိုတော့ ဒီနေ့ အောက်တိုဘာ ၆ ရက်မှာ ရပ်ကွက်အားလုံးကနေ လိုက်လံသိမ်းဆည်းလိုက်နေတယ်လို့ နယ်မြေအခြေအနေသိရှိသူက ပြောပါတယ်။

“သတင်းပေးတွေကြောင့် လေကြောင်းတိုက်မှုတွေ ပိုဖြစ်လာတယ်လို့ ယူဆပြီး MNDAA ဘက်က ဖြတ်တာလို့သိထားရတယ်။ မြို့မှာ နေထိုင်သူတွေကတော့ မြို့ကနေ အဝင်အထွက်လုပ်လို့ ရပါသေးတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့မှာ လူမှုကူညီရေးလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုကတော့ လားရှိုးမြို့ပေါ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်ပေမယ့် မြို့နေလူထုတွေ အဆင်ပြေကြပါတယ်လို့ အဖွဲ့ရဲ့လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

သြဂုတ်လ ၃၀ ရက်ကစလို့ စစ်တပ်ဟာ လားရှိုးမြို့ပေါ်ကို လေကြောင်းပစ်ခတ်တိုက်ခိုက်တာ ရက်ဆက်လုပ်လာခဲ့ပြီး စက်တင်ဘာလကုန်ထိ ၁၀ ကြိမ်ထက်မနည်း လေကြောင်းကနေ ဗုံးကြဲမှု လုပ်ထားပါတယ်။

အောက်တိုဘာ ၅ ရက် မနေ့ကအထိ စစ်တပ်က လားရှိုးမြို့ မယ်ဟန်က ကွန်ပြူတာတက္ကသိုလ် ဝန်းကျင်ကို ဗုံးလေးကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ကထုတ်ပြန်ထားပါတယ်။

အင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်တောက်တာနဲ့ပတ်သတ်လို့တော့ MNDAA ဘက်ကထုတ်ပြန်လာတာ မရှိသေးပါဘူး။

၂၀၂၄ခုနှစ်၊ ဇွန်လအထိ မြို့နယ်ပေါင်း ၉၂ မြို့နယ်မှာ စစ်ကောင်စီက ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း တွေဖြတ် တောက်ထားတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်အလက်ရပိုင်ခွင့် ကိစ္စရပ်တွေ ဆောင်ရွက်နေတဲ့ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။

ရေဦးမြို့နယ်က တင်းတိမ်ရံရွာကို စစ်တပ် လေကြောင်းတိုက်၊ အရပ်သားထိခိုက်သေဆုံးမှုရှိ

၂၀၂၂ခုနှစ်အတွင်း စစ်ကောင်စီတပ်က တပ်စွဲနေထိုင်ပြီး မီးရှို့ဖျက်ဆီးတာခံရတဲ့ တင်းတိမ်ရံရွာ

ဓာတ်ပုံ ရင်းမြစ်, KNG

ဓာတ်ပုံ ပုံစာ, ၂၀၂၂ခုနှစ်အတွင်း စစ်ကောင်စီတပ်က တပ်စွဲနေထိုင်ပြီး မီးရှို့ဖျက်ဆီးတာခံရတဲ့ တင်းတိမ်ရံရွာ

ရေဦးမြို့နယ်၊အနောက်ခြမ်းက တင်းတိမ်ရံစံပြကျေးရွာကို စစ်ကောင်စီတပ်က မနေ့ အောက်တိုဘာလ ၅ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

“ဈေးနားက အိမ်ပေါ်ကို ကျတာ။ သေတဲ့သူနဲ့ ထိတဲ့သူက သားအမိတွေပါ။ အမေက ပွဲချင်းပြီးသေသွားတာပါ” လို့ သူက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က အခုလို ဗုံးကြဲခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ရေဦးနယ်ကသတင်းတွေကိုဖော်ပြနေတဲ့ People’s Defense Comrade လူမှုကွန်ရက်စာမျက်နှာမှာလည်း တင်းတိမ်ရံရွာအပြင် ရေဦးမြောက်ဘက်ခြမ်းက မုံတိုင်ပင် စံပြကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်လို့ အရပ်သား ၇ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကောင်စီက ရေဦး၊ခင်ဦးနဲ့ ကန့်ဘလူနယ်စပ်က ကျီစုရွာကိုလည်း ဒရုန်းနဲ့ စက်တင်ဘာ ၅ ရက်မှာ တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြကြပါတယ်။

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

မန္တလေးမြို့၊ နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ပုံဟောင်း

ဓာတ်ပုံ ရင်းမြစ်, BWM

ဓာတ်ပုံ ပုံစာ, ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်၊မန္တလေးမြို့၊ နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ပုံဟောင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အောက်တိုဘာ ၅ ရက် မနက်အစောပိုင်းမှာ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM က ထုတ်ပြန်ပါတယ်။

တိုင်းစစ်ဌာနချုပ်တချို့ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့တိုက်ခိုက်မှု ပြုလုပ်နေတဲ့ အဲဒီအဖွဲ့က အောက်တိုဘာ ၅ ရက် မနေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီစစ်ဆင်ရေးကို NSA31 မြို့ပြပြောက်ကျားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်း စစ်ဆင်ရေးအဖွဲ့တို့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း BWM က ပြောပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်က စစ်ရေးအမိန့်ပေး ကွပ်ကွဲနေတဲ့ စစ်ဌာနချုပ်ဖြစ်ပြီး လတ်တလောမှာ ဒရုန်းအစင်း ၁၀၀ လည်း ရောက်နေတဲ့သတင်းရလို့ အခုလိုတိုက်ခိုက်တာလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ရှော့တိုက်ဒုံးထိလို့ စစ်ဌာနချုပ်ထဲက စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာရှိတယ်လို့ BWM ကပြောထားပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

BWM ဟာ မဟာမိတ်အဖွဲ့တွေနဲ့အတူ မန္တလေးမြို့၊ နန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စက်တင်ဘာ ၂၉ ရက်တုန်းက တတိယအကြိမ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခဲ့ပါသေးတယ်။

တောင်ငူက အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

လားရှိုးမြို့ ရပ်ကွက် ၅ က လူနေအိမ်ကို လေကြောင်းဗုံး ကျရောက်ပေါက်ကွဲ

လေကြောင်းဗုံးထိမှန်ခဲ့တဲ့ လားရှိုးမြို့ ရပ်ကွက် ၅ ကလူနေအိမ်

ဓာတ်ပုံ ရင်းမြစ်, လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ဓာတ်ပုံ ပုံစာ, ၂၀၂၄ခုနှစ်၊အောက်တိုဘာ ၆ ရက်၊ လေကြောင်းဗုံးထိမှန်ခဲ့တဲ့ လားရှိုးမြို့ ရပ်ကွက် ၅ ကလူနေအိမ်

အောက်တိုဘာ ၆ ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်ကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

“ရပ်ကွက် ၅ က မန်အိုင်ကုန်းပေါ်ကို ကျတာပါ။ ထိခိုက်တဲ့သူ တစ်ဦးရှိပါတယ်”လို့ သူက ပြောပါတယ်။

ဓာတ်ပုံတွေအရ သုံးထပ်အိမ်တစ်လုံး၊ နှစ်ထပ်အိမ်တစ်လုံးနဲ့ အနီးပတ်ဝန်းကျင်က အိမ်တချို့ ထိခိုက်ပျက်စီးတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီဟာ လားရှိုးမြို့ပေါ်ကို သြဂုတ်လ ၃၀ ရက်ကစလို့ အောက်တိုဘာ ၆ ရက် ဒီနေ့အထိ လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးတာတွေရှိနေတာပါ။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (BMC) ရဲ့ အချက်အလက်အရတော့ စက်တင်ဘာလအတွင်း စစ်ကောင်စီဟာ လားရှိုးအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေကို လေကြောင်းကနေ အကြိမ်ရေ ၁၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကိုးကန့်တပ်(MNDAA)က လားရှိုးမြို့ လေကြောင်းတိုက်ခံရအောင် သတင်းပေးရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်း၊အင်တာနက် လိုင်းတွေကို ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။