နိုင်ငံတော်သီချင်းကြောင့် ထိုင်းက မြန်မာရွှေ့ပြောင်းစာသင်ကျောင်း အပိတ်ခံခဲ့ရတာလား

ထိုင်းနိုင်ငံတော် သီချင်းဆိုပြီးတဲ့နောက် မြန်မာနိုင်ငံတော်သီချင်းကို ဆက်သီဆိုနေကြတဲ့ အင်္ကျီအပြာဝတ် ကလေးငယ်ရာချီရဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့လတုန်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ပြီး ကြည့်ရှုသူ သန်းနဲ့ချီ ရှိခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဒီကျောင်းဟာ မြန်မာရွှေ့ပြောင်းကလေးငယ် ၁,၂၀၀ ကျော် တက်ရောက်ပညာသင်ကြားနေတဲ့ ထိုင်းနိုင်ငံ(တောင်ပိုင်း) စူရတ်ဌာနီခရိုင်ထဲက မေတ္တာရိပ် ရွှေ့ပြောင်းစာသင်ကျောင်းဆိုတာကို သိခဲ့ကြပါတယ်။
ဒါပေမဲ့ မကြာခင်မှာပဲ မေတ္တာရိပ်အပါအဝင် မြန်မာသာသာစကားနဲ့ သင်ကြားတဲ့စင်တာ(ကျောင်း) ၆ ကျောင်းကို ထိုင်းအာဏာပိုင်တွေဘက်က စက်တင်ဘာပထမအပတ်ထဲမှာ အပြီးတိုင်ပိတ်စေခဲ့တယ်လို့ ကျောင်းနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ဘီဘီစီကိုပြောလာပါတယ်။
ကျောင်းပိတ်သိမ်းပြီးနောက် စစ်ဆေးခံနေရတဲ့ မေတ္တာရိပ်ကျောင်းက ဆရာ၊ ဆရာမတွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
မေတ္တာရိပ်အပါအဝင် ကျောင်း ၆ ကျောင်းစလုံးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်ကစလို့ ထိုင်းအာဏာပိုင်တွေဘက်က တစ်ပြိုင်တည်းပိတ်စေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကျောင်းတွေကို ၂၀၂၂ ခုနှစ်ကတည်းက ပိတ်သိမ်းဖို့ ထိုင်းပညာရေးဝန်ကြီးဌာနဘက်က သတိပေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြပါတယ်။
အပိတ်ခံရတဲ့ ကျောင်းအားလုံးဟာ မြန်မာလူမျိုးဆရာ၊ ဆရာမတွေအပြင် မြန်မာကျောင်းအုပ်နဲ့ ဦးစီး လည်ပတ်နေတဲ့ ကျောင်းတွေဖြစ်ကြပြီး ကျောင်းအဆောက်အဦနဲ့ မြေပိုင်ရှင်ကတော့ ထိုင်းလူမျိုးတွေပဲဖြစ်တယ်လို့ မေတ္တာရိပ်ကျောင်းက ဆရာတစ်ဦးက ဆိုပါတယ်။
စက်တင်ဘာ ၅ ရက်မတိုင်ခင်နေ့မှာ “ကျောင်းရှေ့ကို သူတို့ (ထိုင်းအာဏာပိုင်တွေ)ပိတ်ဖို့ သတိပေးစာတွေလာကပ်တယ်၊ ကလေးတွေရှိတော့ သူတို့ ကျောင်းဝင်းထဲတော့ ဝင်မလာဘူး” လို့ အာဏာပိုင်တွေလာတဲ့အချိန် ကျောင်းမှာရှိနေခဲ့တဲ့ မေတ္တာရိပ်ကျောင်းရဲ့ ကျောင်းအုပ်က ပြောပါတယ်။
စာကပ်သတိပေးခဲ့တဲ့အဖွဲ့တွေထဲ ထိုင်း၊ စူရတ်ခရိုင်ပညာရေးရုံးက တာဝန်ရှိသူတွေပါသလို လူဝင်မှုကြီးကြပ်ရေးဌာနက ထိုင်းရဲတပ်ဖွဲ့ဝင်တွေလည်းပါဝင်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စက်တင်ဘာ ၅ ရက် မှာ ကျောင်းကို အပြီးတိုင်ပိတ်သိမ်းခဲ့ကြသလို ကျောင်းအုပ်နဲ့ဆရာ၊ ဆရာမတွေ ကျောင်းမှာ ဆက်ရှိနေလားဆိုတဲ့အခြေအနေကို စုံစမ်းဖို့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေ ထပ်ရောက်လာခဲ့ကြတယ်လို့ သူကပြောပြပါတယ်။
“ကျွန်တော်တို့ ဆရာ၊ ဆရာမတွေက ကျောင်းလည်းပိတ်လိုက်ရပြီဆိုတော့ ပစ္စည်းသိမ်းဆည်းတာတွေ လုပ်နေခဲ့တာပါ” ဆိုပြီး ကျောင်းဆရာတစ်ဦးက ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေ သတိပေးစာ လာကပ်တဲ့နေ့မှာပဲ “ကျောင်းပိတ်လိုက်ပြီဆိုတဲ့အကြောင်းကို ကျောင်းသားနဲ့ အုပ်ထိန်းသူမိဘတွေကို တရားဝင်အကြောင်းကြားခဲ့ပါတယ်” လို့ မေတ္တာရိပ်ကျောင်းအုပ်ဆရာက ပြောပြပါတယ်။
ကျောင်းပိတ်ရတဲ့အကြောင်းရင်းနဲ့ ကျောင်းပြန်ဖွင့်ချိန်ကို မေးတဲ့ကျောင်းသားမိဘတွေရဲ့ မေးခွန်းတွေအတွက်တော့ သူ့မှာ အဖြေမရှိခဲ့ပါဘူး။
ဒါ့အပြင် စက်တင်ဘာ ၇ ရက် မှာတော့ ဒေသဆိုင်ရာထိုင်းရဲတပ်ဖွဲ့ရုံးကနေ မေတ္တာရိပ်ရုံးက ဆရာ၊ဆရာမတွေကို ဆင့်ခေါ်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဆရာမတစ်ဦးက ပြောပါတယ်။
“အထောက်အထားတွေစစ်တယ်၊ ဖုန်းတွေကို စားပွဲပေါ်တင်ထားရတယ်၊ ကျောင်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးတယ်” လို့ ဆရာမ က ဆိုပါတယ်။
“ပိတ်ခံရတဲ့ ကျောင်းတွေထဲ ကျွန်တော်တို့ ကျောင်းက ဆရာ၊ဆရာမတွေပဲ ဒီလိုစစ်မေးခံရတာ” လို့ မေတ္တာရိပ်ကျောင်းအုပ်က ဆိုပါတယ်။ ကျန်တဲ့ကျောင်း ၅ ကျောင်းကိုတော့ သတိပေးစာကပ်ပြီး ဘယ်နေ့ပိတ်ဆိုပြီးတော့ပဲ ပြောသွားတာ”လို့ ပြောပါတယ်။
ပိတ်ခံရတဲ့ အကြောင်းရင်းတွေထဲမှာလည်း တရားမဝင်ဖြစ်နေတာကတစ်ကြောင်း ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံတော်သီချင်းဆိုလိုက်တဲ့အချက်ကြောင့် ဒီလိုစစ်မေးတဲ့အထိ ပြင်းထန်သွားတာဖြစ်နိုင်တယ်လို့ ကျောင်းအုပ်က ရှင်းပြပါတယ်။
“ကျွန်တော်တို့ကို အရေးယူမယ်လို့ပြောတယ်။ ဘယ်တော့ ဆင့်ခေါ်ခံရမလဲဆိုတာတော့ မသိသေးဘူး” လို့ ဆိုပါတယ်။
ကျောင်းအုပ်အပါအဝင် ဆရာ၊ ဆရာမတွေကိုလည်း သင်ကြားရေးအလုပ်က တရားမဝင်တာကြောင့် ဆက်မလုပ်ဖို့နဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေလုပ်ကိုင်ခွင့်ရှိတဲ့အလုပ်ကိုပဲ လုပ်ကြဖို့ အတိအလင်းသတိပေးလိုက်တယ်လို့ သူက ပြောပါတယ်။
မေတ္တာရိပ်ကျောင်း ပိတ်သိမ်းခံရတဲ့အချိန်မှာ ဆရာ၊ဆရာမ အယောက် ၂၀ နဲ့ကျောင်းလည်ပတ်နေတာဖြစ်ပါတယ်။
မေတ္တာရိပ်ကျောင်းမှာ အသက်မွေးဝမ်းကျောင်းပညာရပ်တွေဖြစ်တဲ့ စက်ချုပ်တာ၊ မုန့်လုပ်တာတွေ သင်ကြားပေးတဲ့အပြင် အမေရိကန်နိုင်ငံက အထက်တန်းအောင်နဲ့ ညီမျှတဲ့ GED စာမေးပွဲ ဝင်ဖြေနိုင်ဖို့ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာအခြေခံတွေကိုလည်း သင်ပေးနေတာပါ။

မြန်မာနိုင်ငံတော်သီချင်းက ကျောင်းပိတ်ဖို့အထိ တွန်းပို့ခဲ့သလား

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ထိုင်းနိုင်ငံတော်သီချင်းနဲ့ မြန်မာနိုင်ငံတော်သီချင်း ၂ ခုလုံးသီဆိုနေတဲ့ မေတ္တာရိပ်ကျောင်းရဲ့ ရုပ်သံဗီဒီယိုဖိုင် တစ်ခု လူမှုကွန်ရက်မှာ ဩဂုတ်လကုန်ပိုင်းလောက်တုန်းက ပျံ့နှံ့လာခဲ့ပါတယ်။
လူအများစုကတော့ နိုင်ငံကိုစွန့်ခွာပြီးထွက်လာခဲ့ရတဲ့ မြန်မာကလေးငယ်တွေအနေနဲ့ တခြား(ထိုင်း) နိုင်ငံတစ် နိုင်ငံမှာ ပညာဆက်သင်ခွင့်ရပြီး ကိုယ့်နိုင်ငံတော်သီချင်းကို ဆိုခွင့်ရလို့ ဝမ်းသာတဲ့အကြောင်းတွေ မှတ်ချက်ပြုခဲ့ကြပါတယ်။
အဲဒီဗီဒီယို ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ထိုင်းနိုင်ငံရဲ့ ပညာရေးဌာနကို တိုင်ကြားစာတွေရောက်လာခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီလိုတိုင်ကြားစာတွေလက်ခံရရှိပြီးတဲ့နောက် အကျိုးဆက်အနေနဲ့ တရားမဝင်ရပ်တည်နေတဲ့ စူရတ်ဌာနီက မြန်မာကျောင်း ၆ ကျောင်းကို ထိုင်းပညာရေးအာဏာပိုင်တွေက ပိတ်သိမ်းစေခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းပညာရေးဝန်ကြီး Pol Gen Permpoon Chidchob နဲ့ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Suthep Kagsanthia တို့ကလည်း ပြည်နယ်နဲ့ တိုင်းဒေသအားလုံးအတွင်းမှာ တရားမဝင်တဲ့ မြန်မာဘာသာစကားကျောင်းတွေ ရှိ၊ မရှိဆိုတာကို ဆက်ရှာဖွေဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို အမိန့်ပေးထားပါတယ်။
“တရားဝင်ကျောင်းဖြစ်အောင် စာတွေတင်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရတယ်”

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
မေတ္တာရိပ်ကျောင်းကို မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက်ဖြစ်ပြီး လပိုင်းအကြာ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၀ ရက် မှာ စာသင်သားဦးရေ အယောက် ၁၅၀ ဝန်းကျင်နဲ့ ထိုင်းနိုင်ငံ၊ စူရတ်ခရိုင်မှာ စတင်ဖွင့်လှစ်ခဲ့တာလို့ ကျောင်းအုပ်က ပြောပါတယ်။
“စဖွင့်တဲ့နှစ်တုန်းကတော့ နားလည်မှုနဲ့ပဲ စပြီးဖွင့်ခဲ့တာပဲ၊ သတိပေးခဲ့တာလည်းမရှိဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေကို ခပ်သွက်သွက်အကောင်အထည်ဖော်လာတဲ့ ဒီနှစ် ၂၀၂၄ ထဲမှာ ကျောင်းသားဦးရေ ပိုတိုးလာပြီး ၁,၂၀၀ ကျော်ဝန်းကျင်အထိ ရှိလာပါတယ်။
တရားဝင်ကျောင်းမဟုတ်တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ ကျောင်းကို ထိုင်းပညာရေးဝန်ကြီးရုံးက တာဝန်ရှိသူတွေ စစ်ဆေးရေးတစ်ကြိမ် ဝင်ခဲ့ပါတယ်။ ဒါကြောင့် ကျောင်းဘက်ကလည်း ပညာရေးရုံးက တောင်းဆိုတဲ့အထောက်အထားတွေနဲ့အတူ ကျောင်း တရားဝင်ဖွင့်ခွင့်ရအောင် စူရတ်ပညာရေးရုံးဆီ စာတင်ခဲ့တယ်လို့ ကျောင်းအုပ်က ရှင်းပြပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လကုန်မှာလည်း ကျောင်းကို အာဏာပိုင်တွေဘက်က ထပ်မံ သတိထပ်ပေးလာတာကြောင့် ကျောင်းကိုပိတ်သိမ်းမှာစိုးတာကတစ်ကြောင်း၊ တရားဝင်ဖွင့်ခွင့်ရချင်တာတစ်ကြောင်းကြောင့် စူရတ်ခရိုင်၊ ပညာရေးနယ်ပယ်ထဲက တာဝန်ရှိတဲ့သူပြောတဲ့ လိုအပ်တဲ့အထောက်အထားတွေနဲ့အတူ ဒုတိယအကြိမ်မြောက် ကျောင်းဖွင့်ဖို့ ခွင့်တောင်းစာ ထပ်တင်ခဲ့တယ်လို့ ကျောင်းအုပ်က ပြောပါတယ်။
“အစည်းအဝေးတွေလည်း ပညာရေးနယ်ပယ်က တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ်လုပ်ခဲ့တယ်၊ တရားဝင်ဖွင့်ခွင့်ရမယ့် နည်းလမ်းတွေလည်း ပေးတယ်၊ အချက်အလက်တွေပြည့်စုံရင် ခရိုင်ပညာရေးမှူးဆီစာရောက်ရင် ထောက်ခံပေးမယ့်အကြောင်း ပြည်နယ်ပညာရေးမှူးကိုယ်တိုင်က ပြောခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
“စာကိုသေချာပေါက် ပြောတဲ့အတိုင်းတင်ပေမဲ့ ကျွန်တော်တို့ကို လက်မခံဘူး။ လာမယ့် ၁၂ လပိုင်းကျမှ လာတင်ပါလို့ပဲ ထပ်ပြောခဲ့တာ။ ပထမတစ်ကြိမ်စာတင်တုန်းကလည်း ဒီလိုပယ်ချခဲ့တာပဲ” လို့ သူက တုံ့ပြန်ပါတယ်။
တစ်ဖက်မှာလည်း ထိုင်းအာဏာပိုင်တွေက မြန်မာဘာသာကျောင်းတွေကို ကြပ်မတ်လာတာကြောင့် မြန်မာရွှေ့ပြောင်းကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ တာ့ခ်ခရိုင်ထဲက ပညာရေးစင်တာ(ကျောင်း) တွေအနေနဲ့လည်း စိုးရိမ်ချက်တွေရှိတယ်လို့ အဲဒီကကျောင်းတွေနဲ့နီးစပ်သူတချို့က ဘီဘီစီကို ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိတဲ့ တာ့ခ်ခရိုင်ထဲမှာ မြန်မာက ရွှေ့ပြောင်းကလေးတွေအတွက် ထိုင်းဘက်ကနေ လူသားချင်းစာနာထောက်ထားတဲ့အကူအညီအဖြစ် ထိုင်း အမှတ် (၂) ပညာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖွင့်ထားတဲ့ ပညာရေးစင်တာ ၆၅ ခုရှိပါတယ်။ အဲဒီကျောင်းတွေမှာ စာသင်ကြားနေတဲ့ကလေးအရေအတွက် ၂ သောင်းဝန်းကျင်ရှိပါတယ်။
မဲဆောက်မှာရှိတဲ့ မြန်မာကျောင်းစင်တာတစ်ခုရဲ့ ကျောင်းတာဝန်ရှိသူတစ်ဦးကတော့ “စူရတ်ဌာနီမှာ တင်းကြပ်နေသလို မဲဆောက်မြို့ဘက်က ကျောင်းတွေကိုလည်း ပိုပြီးခိုင်လုံတဲ့ အထောက်အထားတွေ ထပ်ပြဖို့ ဖိအားပေးလာမှာကို စိုးရိမ်နေပါတယ်” လို့ ဖြေပါတယ်။
ထိုင်းအာဏာပိုင်တွေဘက်က ပညာရေးစင်တာ ၆၅ ခုကို နီးစပ်ရာစင်တာတွေ ပေါင်းပြီးဖွင့်ကြဖို့ မကြာခဏတိုက်တွန်းတာတွေရှိတယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ကျောင်းတွေအနေနဲ့ တစ်ကျောင်းနဲ့တစ်ကျောင်း စီမံခန့်ခွဲတဲ့စနစ်မတူညီတဲ့အပြင် ကျောင်းအလိုက် သက်ဆိုင်ရာ အလှူရှင်တွေရဲ့ သဘောထားတွေကြောင့် ပေါင်းပြီးဖွင့်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။
တာ့ခ်ခရိုင်ထဲက စင်တာ(ကျောင်း) ၆၅ ခုလုံးကတော့ ပုံမှန်အခြေအနေအတိုင်း လည်ပတ်နေဆဲဖြစ်တဲ့အကြောင်း သူက ထပ်ပြောပါတယ်။
တာ့ခ်ခရိုင်ထဲက ပညာရေးစင်တာ(ကျောင်း)တွေဟာ ထိုင်းအစိုးရရဲ့ တရားဝင်ကျောင်းတွေအဖြစ် အသိအမှတ်ပြုထားတာမဟုတ်ဘဲ ဒီစင်တာတွေအားလုံးကတော့ ထိုင်း အမှတ် (၂) ပညာရေးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပညာရေးနဲ့ဆက်စပ်လုပ်ငန်းတွေကို လည်ပတ်နေတာဖြစ်ပါတယ်။
ပိတ်ခံရတဲ့ မေတ္တာရိပ်ကျောင်းမှာ စာသင်နေတဲ့ မြန်မာကျောင်းသားတွေကို ထိုင်းကျောင်းတွေမှာ ပြောင်းလဲပညာသင်ယူဖို့ ထိုင်းဒေသန္တရပညာရေးအာဏာပိုင်တွေဘက်က ကျောင်းနဲ့ ညှိနှိုင်းတာတွေ လုပ်ခဲ့ပေမဲ့ ကျောင်းဘက်က တင်းခံခဲ့တယ်လို့ပြောတဲ့အကြောင်း ထိုင်းဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
တဖက်မှာလည်း မြန်မာကလေးငယ်တွေဟာ မိဘဖြစ်သူ ရွှေ့ပြောင်းလုပ်သားတွေနဲ့ အသက်ကြီးမှ ထိုင်းနိုင်ငံကို ရောက်လာကြသူအများစုဖြစ်တာကြောင့် ထိုင်းဘာသာစကားနဲ့ သင်ကြားတဲ့ ထိုင်းကျောင်းတွေကို တက်ရောက်ဖို့ကလည်း အခက်အခဲဖြစ်စေတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်နေပါတယ်။
ထိုင်းမှာတရားဝင်ကျောင်းဖွင့်ဖို့ ကျောင်းအဖြစ်ဖွင့်မယ့် အဆောက်အဦနဲ့ မြေနေရာငှားရမ်းထားတဲ့ "၃ နှစ်စာချုပ်" ရှိဖို့လိုအပ်တယ်လို့ ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ပညာရေးနဲ့ ဥပဒေရေးရာပိုင်းကို ဆယ်စုနှစ်ချီ ကြာအောင် လိုက်ပါ ကူညီပေးနေသူ ဆိုပါတယ်။
တစ်ဖက်မှာလည်း ထိုင်းနိုင်ငံမှာ တရားဝင်ကျောင်းဖွင့်ဖို့အတွက် ထိုင်းပညာရေးဌာနက တောင်းတဲ့အထောက်အထားတွေရှိထားဖို့ မဖြစ်မနေလိုအပ်တယ်လို့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားဝင်ဖွင့်ထားတဲ့ ချစ်သောမြန်မာပြည် အကယ်ဒမီ (Dear Burma Acacdemy) ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို မှတ်ချက်ပြုပြောပါတယ်။
ဒါ့အပြင် ကျောင်းကသင်ကြားပေးမယ့် သင်ရိုးညွှန်းတမ်းကလည်း ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းဖြစ်ဖို့လိုပြီး တတ်ကျွမ်းနားလည်တဲ့ပညာရှင်တွေကိုယ်တိုင်ရေးဆွဲထားတာဖြစ်ဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။
ကျောင်းမှာ သင်ကြားမယ့်ဆရာတွေအနေနဲ့ ပညာရေးဘွဲ့ရရှိထားတဲ့သူတွေဖြစ်ဖို့လိုသလို ကျောင်းအတွက် အာမခံကြေးငွေတချို့ကိုလည်း ထိုင်းအစိုးရဘဏ်ထဲမှာ ပုံသေအပ်နှံထားဖို့လိုတယ်လို့ ဆိုပါတယ်။
“နေ့ကလေးထိန်းကျောင်းဆိုရင်တောင် ထိုင်းနိုင်ငံက အသိအမှတ်ပြုတဲ့ ကလေးထိန်းသိမ်းစောင့်ရှောက်တဲ့သင်တန်း ပြီးစီးထားတဲ့သူဖြစ်ဖို့ လိုတယ်” လို့ သူက ထည့်သွင်းပြောဆိုပါတယ်။
ပိတ်ခံလိုက်ရတဲ့ ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ထိုင်းမှာ ရွှေ့ပြောင်းလုပ်သားအနေနဲ့ စာရင်းသွင်းထားကြပေမဲ့ တချို့ကတော့ မြန်မာမှာ စစ်အာဏာသိမ်းတာကိုလက်မခံတာကြောင့် CDM လုပ်ခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေဖြစ်ကြပါတယ်။
တချို့ကတော့ သင်ကြားရေးအတွေ့အကြုံမရှိတဲ့လူတွေဖြစ်တာကြောင့် ရောထွေးနေတာမျိုးလည်းဖြစ်နေတယ်လို့ မှတ်ချက်ပြုသူတွေလည်းရှိပါတယ်။
ဒါ့အပြင် ထိုင်းပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ရတဲ့ မြန်မာဘာသာကျောင်းတွေအားလုံးမှာ “ထိုင်းဘုရင်ပုံတွေ ချိတ်ဆွဲရမယ်၊ ထိုင်းနိုင်ငံတော်အလံပဲ လွှင့်တင်ထားရမယ်၊ ထိုင်းနိုင်ငံတော်သီချင်းပဲဆိုခွင့်ရှိသလို ထိုင်းစာလည်း သင်ပေးရမယ်” စတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း မဖြစ်မနေလိုက်နာဖို့လိုတယ်လို့ မဲဆောက်က ပညာရေးစင်တာ တာဝန်ရှိသူတစ်ဦးက ထပ်ပြီးထောက်ပြပြောဆိုပါတယ်။
ရွှေ့ပြောင်းကလေးငယ်တွေ ထိုင်းမှာ ပညာသင်ခွင့် အခွင့်အလမ်း များလား

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
မြန်မာမှာ စစ်တပ်အာဏာသိမ်းတာအပြင် စစ်မှုထမ်းဥပဒေတွေကြောင့် လူငယ်၊ လူလတ်ပိုင်းအရွယ်တော်တော်များများဟာ အိမ်နီးချင်းနိုင်ငံတွေဆီ တရားဝင်နည်းလမ်းအပြင် တရားမဝင် နည်းလမ်းနဲ့ပါ နိုင်ငံကို စွန့်ခွာနေကြပါတယ်။
အနီးဆုံးအိမ်နီးချင်း ထိုင်းနိုင်ငံဘက် ရွှေ့ပြောင်းလာကြတဲ့ မြန်မာမိသားစုတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်လာတာကြောင့် မိဘတွေဟာ စားဝတ်နေရေးအပြင် သားသမီးတွေကို ကျောင်းထားနိုင်ဖို့ ပြည်ပနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရအောင်ကြိုးစားပြီး ရုန်းကန်နေကြရတာပါ။
ကျောင်းထားတဲ့အခါမှာလည်း အတန်းပညာတစ်ခုထိ မြန်မာနိုင်ငံက ကျောင်းမှာ တက်ခဲ့တဲ့ ကလေးငယ်တချို့အနေနဲ့ မြန်မာဘာသာစကားနဲ့သင်တဲ့ ကျောင်းကိုတက်မှပဲ ကလေးရဲ့ပညာရေးက အရှိန်ရမယ်လို့တွေးမိတဲ့အကြောင်း ထိုင်းမှာရွှေ့ပြောင်းလုပ်သားအဖြစ်လုပ်ကိုင်နေတဲ့ မိဘတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“ထိုင်းဘာသာစကားမတတ်တော့ ထိုင်းကျောင်းကို ထားလို့လည်းမရဘူး၊ မြန်မာစကားပြောပြီးသင်မှပဲ နားလည်မှာပေါ့” လို့ မြန်မာရွှေ့ပြောင်းလုပ်သားမိဘကပြောပါတယ်။
ဒါကြောင့်ပဲ မေတ္တာရိပ်လို ကျောင်းတွေဟာ ရွှေ့ပြောင်းမိဘတွေအတွက် ကလေးတွေ ပညာရေး အားထားဖို့နေရာတစ်ခုဖြစ်လာပါတယ်။
လက်ရှိမှာ ပိတ်သိမ်းခံလိုက်ရတဲ့ မြန်မာဘာသာစကားနဲ့သင်တဲ့ကျောင်းတွေရဲ့ ကျောင်းလခက တစ်လကိုအမြင့်ဆုံး ဘတ် ၆၀၀ ဝန်းကျင်လောက်ပဲ ကုန်ကျပါတယ်။
ထိုင်းနိုင်ငံအစိုးရကျောင်းရဲ့ စာသင်နှစ်တစ်ဝက်စာ ကျောင်းလခကတော့ ထိုင်းဘတ် ၁၀,၀၀၀ ကနေ ဘတ် ၃၀,၀၀၀ အထိ ကုန်ကျပါတယ်။ ဒါကြောင့် ကျောင်းလခ တစ်လစာပျမ်းမျှနှုန်းက ၈ ဆဝန်းကျင်အထိ ကွာဟပါတယ်။
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအလုပ်လုပ်ကိုင်နေတဲ့ မိဘတစ်ဦးအနေနဲ့ တစ်လလုပ်ခလစာက ဘတ် ၁၂,၀၀၀ ကနေ ၁၅,၀၀၀ ဝန်းကျင်ပဲရှိတာကြောင့် ထိုင်းကျောင်းကိုထားဖို့ လက်လှမ်းမမီနိုင်တဲ့အခြေအနေလို့ ထိုင်းရောက် မိဘတချို့ကလည်း ရင်ဖွင့်ပြောပြခဲ့ပါတယ်။
“ကျောင်းလခ တစ်လစာက ကိုယ့်လစာ တစ်ဝက်လောက်ဖြစ်နေတာကို ဘယ်လိုနည်းနဲ့ ထားနိုင်တော့မှာလဲ”ဆိုပြီး ညည်းတွားပါတယ်။
ထိုင်းလူ့အခွင့်အရေးကော်မရှင်ကတော့ သင်ကြားရေးစင်တာတွေကို ပိတ်သိမ်းတာဟာ ပညာရေးအခွင့်အလမ်းတွေကို ပိတ်ပင်တာဖြစ်ပြီး ကလေးတွေရဲ့ဘေးကင်းရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အနာဂတ်တိုးတက်မှု အခွင့်အလမ်းတွေပေါ် သက်ရောက်မှုရှိတယ်လို့ စာထုတ်ပြန်ပြောဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(CRC) မှာ လက်မှတ်ထိုးထားတာကြောင့် ကလေးငယ်တွေ ပညာသင်ကြားခွင့်ရရှိရေးဟာ မရှိမဖြစ်လိုအပ်ချက်ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။














