မြန်မာတွေ အလုပ်လုပ်နေတဲ့ ထိုင်းကြက်ခြံ အသရေဖျက်မှုမှာ ပိုင်ရှင် ရှုံးနိမ့်

အမှုနိုင်လိုက်တဲ့ အမျိုးသမီး သုံးဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမှုနိုင်လိုက်တဲ့ အမျိုးသမီး သုံးဦး
    • ရေးသားသူ, ဂျွန်နသန်ဟက်
    • ရာထူးတာဝန်, ဘီဘီစီသတင်းထောက်၊ ဘန်ကောက်

ထိုင်းနိုင်ငံမှာ ကြက်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းရှင်ကို လူမှုကွန်ရက်မှာ အသရေဖျက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ထိုင်းလူ့အခွင့်အရေးလှုပ်ရှားသူ ၃ ဦးကို အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ကြက်မွေးမြူရေးလုပ်ငန်းရှင် ချန်ချိုင်း ဖီအမ်ဖွန်ကနေ သူမူလတရားစွဲထားသူတွေကို ဒီအမျိုးသမီးတွေက ထောက်ခံတဲ့ မှတ်ချက်တွေ လူမှုကွန်ရက်မှာ ရေးတင်လို့ သူတို့ကိုပါ ထပ်ပြီးတရားစွဲထားပါ။

သူ့ရဲ့ ကြက်မွေးမြူထုတ်လုပ်ရေးစက်ရုံတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ မှတ်ချက်တွေ လူမှုကွန်ရက်မှာ ရေးတင်ကြတာ ဖြစ်ပါတယ်။

မစ္စတာချန်ချိုင်းတရားစွဲတဲ့ အမှု ၃၇ မှုမှာ အမှုတစ်ခုကလွဲလို့ ကျန်တဲ့အမှုတွေ အားလုံး ရှုံးနိမ့်ခဲ့ပါတယ်။ အသရေဖျက်မှုနဲ့ အလွယ်တကူတရားစွဲလို့ရနေတဲ့ ထိုင်းနိုင်ငံမှာ ဒါက အသရေဖျက်မှုနဲ့တရားစွဲ စံချိန်တင်များပြားတဲ့အမှုတစ်ခုလည်း ဖြစ်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တစ်ခုက ပြုလုပ်ထားတဲ့ ၁၀၇ စက္ကန့်ရှိတဲ့ ဗီဒီယိုတစ်ခုက အသရေဖျက်မှုမြောက်တယ်လို့ မစ္စတာချန်ချိုင်းက ယူဆထားပြီး ဒီဗီဒီယိုကို လူတွေကြည့်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အားပေးခဲ့ကြတယ်ဆိုပြီး သူက တရားစွဲတာပါ။

သြဂုတ်လ ၂၉ ရက်ကတော့ တရားသူကြီးက သူ့အမိန့်ကို ၁၀ မိနစ်အတွင်း ဖတ်ကြားပြခဲ့ပါတယ်။ ဒီဗီဒီယိုကို ကြည့်နိုင်ဖို့ လူတွေက ကလစ် အဆင့်ဆင့်နှိပ်ပြီးမှ ရောက်နိုင်ကြမှာဖြစ်တယ်၊ တရားစွဲခံရသူတွေမှာ အပြစ်ရှိတယ်လို့ ယူဆစရာ အကြောင်းပြချက် မတွေ့ရဘူးလို့ ကောက်ချက်ချကြောင်း ပြောပါတယ်။

“ကျွန်မအနေနဲ့တော့ ဒီအမိန့်ကို ကျေနပ်တယ်လို့ မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းက ကျွန်မ အမှားမလုပ်ခဲ့ဘူး။ ဒါက တရားကို မစွဲသင့်တဲ့ကိစ္စပါ” လို့ တရားစွဲခံရသူတွေထဲက အန်ခါနာ နီးလာပိုင်ဂျစ်က တရားရုံးက အထွက်မှာ ပြောပါတယ်။

သူဟာ ထိုင်းလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ သူနဲ့အတူ တရားစွဲခံရတဲ့ ပူတာနီး ကန်ကွန်း နဲ့ ထနာပွန်း ဆာလီဖို တို့လည်း အပြစ်မရှိကြောင်း ဆုံးဖြတ်ခံရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီအမှုက ၄ နှစ်နီးပါး ကြာမြင့်ခဲ့ပြီး တရားစွဲခံရသူတွေအတွက်တော့ အမှုရင်ဆိုင်ရတာက စိတ်ရှုပ်ထွေးပြီး ငွေကုန်ကြေးကျ များခဲ့ကြပါတယ်။

မစ္စ အန်ခါနာဟာ တရားမျှတမှုမရှိတဲ့ကိစ္စရပ်တွေအတွက် တိုက်ပွဲဝင်နေတာ ၁၉ နှစ်ရှိပါပြီ။ သူ့ခင်ပွန်း လူ့အခွင့်အရေးရှေ့နေ ဆွမ်ချိုင်း ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးသွားကတည်းက ဖြစ်ပါတယ်။ သူဟာ ကုလသမဂ္ဂရဲ့ ပျောက်ဆုံးနေသူများဆိုင်ရာ လုပ်ငန်းအဖွဲ့မှာလည်း တာဝန်ပေးခံရပါတယ်။

ထိုင်းနိုင်ငံက အသရေဖျက်မှုဥပဒေတွေဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်မှုဖြစ်စေတယ်ဆိုပြီး ကာလရှည်ကြာ ဝေဖန်ထောက်ပြခံနေရပါတယ်။

နိုင်ငံရေးသမားတွေ၊ စီးပွားရေးသများတွေက သူတို့အကြောင်း မကောင်းပြောတဲ့ သူတွေ၊ အထူးသဖြင့် သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တရားစွဲဖို့ ဒီဥပဒေကို အသုံးပြုကြတယ်လို့ တချို့က ထောက်ပြပါတယ်။ ဒါက ဥပဒေအသုံးချပြီး အလဲထိုးနိုင်တဲ့ ကြိုးဝိုင်းသတ်ကွင်းလို ဖြစ်နေတယ်လို့တောင် ပြောပါတယ်။

“ကျွန်မတို့ ၄ နှစ်တောင် အလဟဿ အချိန်တွေ ကုန်ခဲ့တယ်”လို့ မစ္စ အန်ခါနာက ပြောပါတယ်။ “ရှေ့နေငှားဖို့ နဲ့ ခရီးသွားလာဖို့ ငွေတွေအများကြီး ကုန်ခဲ့ကြတယ်။ စိတ်ဒဏ်ရာ ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ စိတ်ကျန်းမာရေးနဲ့ အလုပ်အပေါ်လည်း ထိခိုက်တယ်။ ဒါက တိုင်းတာဖော်ပြလို့မရတဲ့ အရာတစ်ခုပါ။”

နိုင်ငံတိုင်းမှာ လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ မှတ်ချက်တွေ ဖော်ပြတဲ့အခါ ဖြစ်စေတဲ့ အသရေဖျက်မှုကို ရာဇဝတ်မှုတစ်ခုအဖြစ် ပြဋ္ဌာန်းကြပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာလို ဒီဥပဒေကို အသုံးချတာမျိုး နောက်ပြီး တလွဲအသုံးချတာမျိုးက တခြားနိုင်ငံတွေမှာ သိပ်မရှိပါဘူး။ လူ့အခွင့်အရေးအဖွဲ့ Article 19 ပြောတာကတော့ ၂၀၁၅ ကစလို့ ထိုင်းမှာ အသရေဖျက်မှုနဲ့ တရားစွဲတဲ့ အမှု ၂၅၀၀၀ ရှိပြီး ကုလသမဂ္ဂကတော့ ဒါဟာ တရားရေးစနစ်ရဲ့ ဒုက္ခပေးနှောင့်ယှက်မှု မြောက်စေတယ်လို့ ဆိုပါတယ်။

ထိုင်းဥပဒေမှာ အမှန်တရားက အသရေဖျက်မှုတွေကို အကာအကွယ်မပေးနိုင်ပါဘူး။တရားစွဲခံရသူက အမှန်ကို လျှောက်ထားရင်တောင်၊ နောက်ပြီး တရားလိုက တရားစွဲခံရသူ မှန်ကန်စွာထွက်ဆိုကြောင်း ပြောရင်တောင် ထုတ်ဖော်ပြောဆိုမှုတွေက အများပြည်သူအကျိုးရှိစေတယ်ဆိုတာ သက်သေမပြနိုင်ရင် တရားစွဲခံရသူ အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ပါတယ်။

အမှုတင်နိုင်ဖို့ ရဲနဲ့ အစိုးရရှေ့နေတွေ လက်ခံလာအောင် တရားလိုက အများကြီး ပြောစရာမလိုပါဘူး။ သူတို့က အမှုကို စရိတ်နည်းနည်းနဲ့ တရားရုံးဆီရောက်အောင် လုပ်ပေးကြပါတယ်။ ထိုင်းတရားသူကြီးတွေကလည်း အမှုရဲ့အကြောင်းခြင်းရာ ဘယ်လို ဖြစ်နေပါစေ၊ အမှုအားလုံးနီးပါးကို တရားရုံးက လက်ခံလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီအခါ တရားစွဲခံရသူတွေက ရှေ့နေငှားဖို့ ပြင်ရသလို အမှုတွေက နှစ်နဲ့ချီကြာတတ်ကြလို့ ငွေကုန်ကြေးကျလည်း များပါတယ်။ တကယ်လို့ အမှုနိုင်ရင်တောင် ဒီစရိတ်တွေကို လျော်ကြေးအဖြစ် ပြန်မရပါဘူး။

ထမားကဆက် ကြက်မွေးမြူထုတ်လုပ်ရေးစက်ရုံက ရွေ့ပြောင်းအလုပ်သမားတွေက အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ကုမ္ပဏီကို စွပ်စွဲခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထမားကဆက် ကြက်မွေးမြူထုတ်လုပ်ရေးစက်ရုံက ရွေ့ပြောင်းအလုပ်သမားတွေက အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ကုမ္ပဏီကို တိုင်တန်းခဲ့

ဒီ ကြက်မွေးမြူရေးအလုပ်သမား အမှုက ၂၀၁၆ မှာ စဖြစ်ခဲ့တာပါ။ ထမားကဆက်စက်ရုံမှာ အလုပ်ချိန်တွေ အလွန်အမင်း ကြာရှည်တာ နဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို ထိန်းသိမ်းထားတာနဲ့ပတ်သက်လို့ မြန်မာ အလုပ်သမား ၁၄ ဦးက တိုင်တန်းခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေက ဒီတိုင်ကြားချက်ကို လက်ခံခဲ့ပြီး အလုပ်သမားတွေကို ဘတ် ၁.၇ သန်း (ဒေါ်လာ ၅ သောင်း) လျှော်ကြေးပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာချန်ချိုင်းကလည်း ဒီအမှုအပေါ် မှတ်ချက်ပေးပြောဆိုသူ စုစုပေါင်း လူပုဂ္ဂိုလ် ၂၂ ဦးကို ရာဇဝတ်မှုတွေနဲ့ အမှုပေါင်း ၃၇ မှု တရားစွဲခဲ့ပါတယ်။

“ထမားကဆက်ကုမ္ပဏီလီမိတက်လို ကုမ္ပဏီတွေက တရားစွဲတဲ့အမှုတွေဟာ ဝေဖန်ပြောဆိုမှုတွေကို ကန့်သတ်ဖို့၊ ခြိမ်းခြောက်ဖို့ နဲ့ နှုတ်ပိတ်စေဖို့ ဥပဒေကို အသုံးချကြတဲ့ စီးပွားရေးလုပ်ငန်းတွေထဲက ရှင်းလင်းတဲ့ သာဓကတစ်ခုပါ” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြောပါတယ်။ “လူ့အခွင့်အရေး အကာအကွယ်ပေးသူတွေဟာ သူတို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် ထောင်ဒဏ်တွေ၊ ကြီးလေးတဲ့ ငွေဒဏ်တွေနဲ့ ရင်ဆိုင်ရတဲ့အပေါ် ကျွန်ုပ်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်။”

မစ္စတာ ချန်ချိုင်းကတော့ သူဟာ သူ့ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာအတွက် သူ့ရဲ့ရပိုင်ခွင့်ကို အသုံးပြုပြီး တရားစွဲခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ အမှုအားလုံးနီးပါး ရှုံးနိမ့်ခဲ့ပြီး ကျန်တဲ့တစ်မှုကလည်း အယူခံမှာကျမှ မူလအမိန့် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုလို ထင်ရှားတဲ့နောက်အမှုတစ်မှုကတော့ ၂၀၁၃ တုန်းက ဗြိတိသျှ အလုပ်သမားရေးလှုပ်ရှားသူ အန်ဒီ ဟောလ် ရင်ဆိုင်ခဲ့ရတဲ့အမှုဖြစ်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းက နာနတ်သီးထုတ်လုပ်ရေးကုမ္ပဏီက အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတာကို မစ္စတာ ဟောလ်က သုတေသနစာတမ်းတစ်စောင် ကူညီရေးသားခဲ့အတွက် ရာဇဝတ်မှုနဲ့ တရားမမှုတွေ ရင်ဆိုင်ခဲ့ရတာပါ။ ဒီအမှုကလည်း အပြန်အလှန်တွေ အများကြီး ဖြစ်ခဲ့ပါတယ်။ အပြစ်ရှိတဲ့ဆုံးဖြတ်ချက်ရော၊ အပြစ်မရှိတဲ့ ဆုံးဖြတ်ချက်ရော၊ အယူခံမှာ မူလဆုံးဖြတ်ချက်ကို ပြင်ဆင်တာတွေရော စသည်ဖြင့် အပြန်အလှန်တွေ ဖြစ်နေတာ ၇ နှစ်ကြာခဲ့ပြီးနောက် မစ္စတာ ဟောလ်ဟာ သူ ပုံမှန်အလုပ်ပြန်လုပ်ဖို့ အခက်အခဲဖြစ်လာတဲ့အတွက် နောက်ဆုံးမှာ ထိုင်းနိုင်ငံကနေ ထွက်ခွာဖို့ ဖြစ်ခဲ့ရပါတယ်။

ထိုင်းနာနတ်သီးစက်ရုံပိုင်ရှင်ကို ဒီအမှုဘာကြောင့် အကြာကြီးဆက်ရင်ဆိုင်နေခဲ့လဲဆိုတာ မေးကြည့်တော့ သူမျက်နှာပျက်ခဲ့ရတယ်လို့ ခံစားမိလို့ ဆက်ရင်ဆိုင်တာလို့ ဘီဘီစီကို ပြောပါတယ်။

ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေကလည်း ထိုင်းနိုင်ငံမှာ အသရေဖျက်မှုတွေ လျော့နည်းအောင် နည်းလမ်းရှာဖို့ ထိုင်းအာဏာပိုင်တွေကို ပန်ကြားခဲ့ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လူတွေအပေါ် ထိခိုက်မှုတွေအပြင် ဒီလို ထောင်နဲ့ချီတဲ့အမှုတွေက ထိုင်းတရားရုံးတွေမှာ ပြည့်ကျပ်နေပြီး ထိုင်းရဲ့တရားရေးစနစ်ကို ပိုပြီးကြံ့ကြာနှေးကွေးစေပါတယ်။

၂၀၁၈ မှာတော့ ထိုင်းရဲ့ ရာဇဝတ်ကျင့်ထုံးတွေကို ပြင်ဆင်လိုက်ပြီး တရားလိုတစ်ဦးက အကြိမ်ကြိမ်စွဲတဲ့အမှုတွေ ဒါမှမဟုတ် မမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ စွဲတဲ့အမှုတွေကို တရားသူကြီးတွေ ပယ်ချနိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

ဒီလိုပယ်ချနိုင်ဖို့ ထမားကဆက်ရဲ့ ၃၇ မှုလည်း အကျုံးဝင်ဖွယ်ရှိပါတယ်။

ဒါကြောင့် ဒီအမှုတွေကို တရားသူကြီးက ပယ်ချပေးဖို့ တရားစွဲခံရတဲ့အမျိုးသမီး ၃ ဦးရဲ့ ရှေ့နေက လျှောက်လဲခဲ့ပေမဲ့ မပယ်ချခဲ့ပါဘူး။

အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်ကလည်း သူတို့အနေနဲ့ အသရေဖျက်မှုတိုင်ကြားချက်တွေနဲ့ပတ်သက်လို့ ပြင်ဆင်ချက်ကို အသုံးချပြီး ပယ်ချခဲ့တဲ့အမှု တစ်မှုမှ မတွေ့ရှိသေးကြောင်း ပြောပါတယ်။

ထိုင်းက နာမည်ကြီး လူ့အခွင့်အရေးလှုပ်ရှားသူ အန်ကာနာ နီးလာပိုင်ဂျစ်

ဓာတ်ပုံ ရင်းမြစ်, WASAWAT LUKHARANG/ BBC THAI

ဓာတ်ပုံ ပုံစာ, ထိုင်းက နာမည်ကြီး လူ့အခွင့်အရေးလှုပ်ရှားသူ အန်ကာနာ နီးလာပိုင်ဂျစ်

တရားရေးစနစ်အပေါ် ဝေဖန်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ တင်းကျပ်တဲ့ ဥပဒေတွေကြောင့်လည်း ဥပဒေပညာတွေအနေနဲ့ ဒီအခြေအနေတွေကို လူသိရှင်ကြားရှင်းပြဖို့လည်း ခက်ခဲပါတယ်။ ဒါပေမဲ့ တချို့ပညာရှင်တွေက ဘီဘီစီကို သီးသန့်ပြောကြားရာမှာတော့ ထိုင်းတရားသူကြီးတွေက တချို့ဆို အသက် ၂၅ နှစ်လောက်ထိ ငယ်ရွယ်ကြပြီး အတွေ့အကြုံမရှိတာ နဲ့ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုလည်း စာအုပ်ကြီးအတိုင်းသာ သင်ယူခဲ့ကြလို့ ဥပဒေကို ကိုယ်ကျိုးအတွက် တလွဲအသုံးချတယ်ဆိုတာ သိသာတဲ့အမှုတွေမှာတောင် ပယ်ချဖို့ ယုံကြည်မှုမရှိကြဘူးလို့ ပြောပါတယ်။

နောက်ပြီး ထိုင်းက ယဥ်ကျေးမှုအရ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ထက် ဂုဏ်သိက္ခာကို အကာအကွယ်ပေးဖို့ကို ပိုအလေးထားတဲ့ စံတန်းဖိုးနဲ့လည်း ဆိုင်တယ်လို့ ပြောကြပါတယ်။

“အခုဆို ကျွန်မ အွန်လိုင်းမှာ ပို့စ်တင်ရင် ပိုသတိထားနေရတယ်။ လူသိရှင်ကြား မှတ်ချက်ပေးတာမျိုးတောင် ကျွန်မရဲ့ ပို့စ်ကို အများကြည့်လို့မရအောင် လုပ်ထားရတယ်။ သတိထားပြီး ပြောဆိုရသလို ကိုယ့်ကိုယ်ကိုယ် ဆင်ဆာနည်းနည်း လုပ်နေရတယ်လို့တောင် ခံစားမိတယ်” လို့ ထမားကဆက်ရဲ့အမှုတစ်ခုမှာ ၂၀၂၀ တုန်းက အနိုင်ရခဲ့တဲ့ နောက်ထပ် လူ့အခွင့်အရေးလှုပ်ရှားသူ ဆူသာရီး ဝမ်နာဆီရိက ပြောပါတယ်။

ကုမ္ပဏီဘက်က အယူခံတင်တော့လည်း ပြီးခဲ့တဲ့နှစ်က သူ ထပ်အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ထမာကဆက်က တရားရုံးချုပ်ကို ဆက်တင်တဲ့အတွက် ဒီအမှုက နောက်ထပ် တစ်နှစ်လောက် ထပ်ကြာနိုင်ပါသေးတယ်။

“အတော်စိတ်ပျက်ဖို့ ကောင်းတယ်” လို့ မစ္စ ဆူသာရီးက ပြောပါတယ်။ “ဒါက ကျွန်မတို့အပေါ် တာဝန်ဝတ္တရား နှောင့်ယှက်မှုလို့ ခံစားရတယ်။ လက်စားချေတုံ့ပြန်ခံရမှာမျိုး ကြောက်နေစရာမလိုဘဲ လူ့အခွင့်အရေးကိစ္စတွေကို ဆက်သွယ်လုပ်ဆောင်ဖို့က ကျွန်မတို့ရဲ့ အခြေခံရပိုင်ခွင့်ပဲလေ။”