တရားခံမဲ့ လေကြောင်းပစ်ခတ်မှု - ‌ ‌ကြွေလွင့်သွားတဲ့ကျောင်းသားအသက်တွေ

စာသင်ကျောင်းထဲကက ကလေးတွေရဲ့ ပစ္စည်းတွေ

ဓာတ်ပုံ ရင်းမြစ်, BBC/ Getty Images /CJ

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရတဲ့စာသင်ကျောင်းက ကလေးငယ်တွေရဲ့ လွယ်အိတ်နဲ့ ထမင်းဘူးတွေ။

အသိပေးချက် - ဒီ‌ဆောင်းပါးမှာဖတ်ရှုသူတွေရဲ့ စိတ်နှလုံးကိုထိခိုက်စေနိုင်တဲ့ မျက်မြင်တချို့ရဲ့ပြောကြားချက်တွေ ပါဝင်တယ်ဆိုတာကို ကြိုတင်အသိပေးအပ်ပါတယ်။

နှစ်ဖက်တိုက်ပွဲမရှိတဲ့ ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်း ဒေါဆီးအီ နဲ့ လွိုင်နန်းဖ ရွာစာသင်ကျောင်းတွေပေါ် အနည်းဆုံးတိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေသေဆုံးတဲ့ဖြစ်စဉ်ကို သူတို့ မလုပ်ဆောင်ခဲ့ဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးက ငြင်းဆန်လိုက်ပါတယ်။

“သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်တွေအရ တပ်မတော်မှ ဒီးမော့ဆိုမြို့နယ်တွင်းသို့ လေကြောင်း ပျံသန်းမှုမရှိကြောင်း” ဆိုပြီး ဖြစ်စဉ်ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် ညပိုင်းမှာပဲ သတင်းထုတ်ပြန်ခဲ့တာပါ။

ဘီဘီစီက မေးမြန်းကြည့်ခဲ့တဲ့ ကရင်နီမြေပြင်မှာရှိနေသူ ငါးဦးထက်မနည်းကတော့ စစ်ကောင်စီလေယာဉ်တွေရဲ့ လေကြောင်းကတိုက်ခိုက်သံ၊ လက်နက်ကြီးပစ်ခတ်သံတွေကို မြင်ခဲ့ ကြားခဲ့ရကြောင်း အတည်ပြုပြော ကြပါတယ်။

“K-8 ဂျက်လေယာဉ်က ခပ်နိမ့်နိမ့်ပျံပြီး ဗုံးကြဲတယ်။ သူ့ရဲ့အပေါ် ခပ်မြင့်မြင့်မှာက တြိဂံပုံစံကိုယ်ထည်၊ အတောင်ပံနှစ်ထပ် နဲ့ လေယာဉ်ကဝဲနေတယ်။”

ဒေါဆီးအီကျေးရွာပေါ်ကို ပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်တဲ့အနေအထားကို ခပ်ဝေးဝေးက မြင်တွေ့ခဲ့ရတဲ့ အမျိုးသားတစ်ဦးက သူမြင်ခဲ့ရတာကို ပြန်ပြောပြပါတယ်။

နာရီပိုင်းအတွင်း ရွာနှစ်ရွာက စာသင်ကျောင်းတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေါဆီးအီ စာသင်ကျောင်းက ကျောင်းသား ၄ ဦးသေဆုံးပြီး လွိုင်နန်းဖရွာစာသင်ကျောင်းမှာ ဆရာမ ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပါတယ်။

စာသင်ရင်း အသက်ကြွေလွင့်ခဲ့ရတဲ့ ကလေးငယ်တွေ

စာသင်ရင်း အသက်ကြွေလွင့်ခဲ့ရတဲ့ ကလေးငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, BBC / CJ

ဓာတ်ပုံ ပုံစာ, ဒေါဆီးအီ စာသင်ကျောင်းက ကျောင်းသား ၄ ဦးသေဆုံး

ကျောင်းသားတွေရဲ့စာအော်ဆိုသံတွေ နဲ့ လှုပ်ရှားအသက်ဝင်နေခဲ့တဲ့ စာသင်ကျောင်း တွေဟာ မိနစ်ပိုင်းအတွင်း လေယာဉ်နီးကပ်လာသံ၊ ဗုံးကြဲချလိုက်လို့ ပေါက်ကွဲသံ၊ စက်သေနတ်သံတွေနဲ့ အစားထိုးခံလိုက်ရပြီး စာသင်ခန်းဟာ ကလေးငယ်လေးဦးရဲ့ နောက်ဆုံးခိုနားရာနေရာအဖြစ် အသက်မဲ့သွားခဲ့ပါတယ်။

“လေ‌ကြောင်းတိုက်တဲ့အချိန် ကျွန်တော်က လွိုင်နန်းဖရွာနဲ့ပိုနီးတဲ့နားမှာ ရှိနေတာပါ။ ဒေါဆီးအီဘက်လည်း ထိတယ်ကြားတော့ ကျွန်တော်တို့အဲဒီဘက်ကိုသွားကြတယ်”

“ရောက်တော့ မိဘတွေက ကျောင်းသားတွေကိုခေါ်ထုတ်နေကြတယ်၊ ပြီးတော့ ကားပေါ်မှာကလေး နှစ်ယောက် အလောင်းတင်ထားတာကို တွေ့လိုက်တယ်။ တစ်ယောက်က ရင်ဘတ်ပွင့်ပြီး၊ တစ်ယောက်က ခေါင်းကြေမွနေပြီ” လို့ မျက်မြင်တွေ့ခဲ့ရတဲ့ စစ်ရှောင်ကူညီသူအမျိုးသားက ဘီဘီစီကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်း ဒေါဆီးအီ နဲ့ လွိုင်နန်းဖ ရွာစာသင်ကျောင်းတွေပေါ် လေကြောင်းကနေ ဗုံးကြဲပစ်ခတ်

ဓာတ်ပုံ ရင်းမြစ်, BBC/ Google Map/ CJ

ဓာတ်ပုံ ပုံစာ, ဒီးမော့ဆိုအနောက်ဘက်ခြမ်း ဒေါဆီးအီ နဲ့ လွိုင်နန်းဖ ရွာစာသင်ကျောင်းတွေပေါ် တိုက်လေယာဉ် အနည်းဆုံး ၂ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုလို ရုတ်တရက်လေကြောင်းတိုက်ခိုက်မှုဟာ ဖေဖော်ဝါရီ ၅ ရက် မနက် ၁၀ နာရီကျော်မှာ စတင်ပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်လုပ်ရင် လေယာဉ်နှစ်စီးလာရောက်ကာ တစ်စီးက ဗုံးကြဲ၊ နောက်တစ်စီးက အနီးကပ် ပစ်ခတ်မှုတွေလုပ်ခဲ့တာလို့ မျက်မြင်တွေက ဆိုပါတယ်။

အဲဒီနောက် မနက် ၁၁ နာရီခွဲဝန်းကျင်အထိ ရွာနှစ်ရွာ စာသင်ကျောင်း နဲ့ အနီးတဝိုက်ကို လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲပစ်ခတ်ခဲ့ပြီး ကင်းထောက်လေယာဉ်တွေလည်း ပျံဝဲခဲ့ပါတယ်။

“ကလပ်စတာ (cluster) ဗုံးတွေ ကြဲချခဲ့တာကို မြေပြင်မှာကျန်နေသေးတဲ့ မပေါက်သေးတဲ့ ဗုံးအကြွင်း အကျန်ကို ကြည့်လို့ သိလိုက်ရပါတယ်။ အဲဒီ ဗုံးတွေက လေထဲမှာပေါက်ပြီး ဗုံးစတွေပြန့်သွားတာမျိုးလေ။”

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ စာသင်ကျောင်းတွေဆီ ကိုယ်တိုင်ရောက်ရှိခဲ့သူ ကရင်နီ Free Burma Rangers ရဲ့ ဒုတိယတာဝန်ခံ ကိုအောင်ဇေယျက ပြောပါတယ်။

ဘီဘီစီအနေနဲ့ ပေါက်ကွဲမှုရဲ့ဗုံးစအမျိုးအစားတွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ ဒီနှစ်ရွာကို လေယာဉ်နဲ့ (၁၀) ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့သလို တချိန်တည်းမှာပဲ လွိုင်ကော်နဲ့ ဒီးမော့ဆိုမှာရှိတဲ့ စစ်‌ကောင်စီ တပ်စခန်းတွေက လက်နက်ကြီးနဲ့ (၆) ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

တစ်ရွာနဲ့ တစ်ရွာခပ်လှမ်းလှမ်းမှာရှိတဲ့ ဒီစာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာနှစ်ရွာက ကျောင်းသားနဲ့ ဆရာမတွေအပါ ၅ ဦးသေဆုံးထားပြီး ထိခိုက်ဒဏ်ရာရသူအရေအတွက်လည်း အယောက် ၃၀ နီးပါးအထိ ရှိနေပြီလို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး (၂) ကိုဗညားက ဘီဘီစီကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ကလေးတွေထဲ အများစုကဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသခံယူနေရပါတယ်။

စာသင်ကျောင်းတံခါးတွေ ပိတ်လိုက်ရတဲ့ ဒီးမော့ဆိုအနောက်ခြမ်း

ဖေဖော်ဝါရီ ၅ ရက်လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးခိုကျင်းထဲမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၅ ရက်လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးခိုကျင်းထဲက မြင်ကွင်း

လေကြောင်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံလိုက်ရတဲ့ ဒီစာသင်ကျောင်းတွေဟာ အရင်အစိုးရလက်ထက်တွေကတည်းက တည်ရှိနေတဲ့ကျောင်းတွေဖြစ်ပြီး လွိုင်နန်းဖကျောင်းဆိုရင် အထက်တန်းအဆင့် ကျောင်းသားတွေပါ ပညာသင်ယူနေကြတာဖြစ်ပါတယ်။

ဒီရွာနှစ်ရွာမှာ စစ်ဘေးရှောင်တွေလည်းရှိနေတာကြောင့် ဒီစာသင်ကျောင်းတွေဟာ ရွာခံကလေးတွေရော စစ်ရှောင်ကလေးတွေပါ စာသင်ကြားရာနေရာဖြစ်ပါတယ်။

“ကျောင်းတွေက ပိတ်လိုက်ရပြီ။ ပြင်ဆင်ချိန်မရဘဲ အပစ်ခံရတော့ ကလေးတွေမှာက ထရော်မာ (စိတ်ဒဏ်ရာ) ရကြမှာ အသေအချာပဲ” လို့ ကလေးငယ်တွေကို ကူညီကယ်ဆယ်ရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ကယား (ကရင်နီ) ပြည်နယ်ဟာ စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်စစ်အားကောင်းတဲ့ဒေသတစ်ခုဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုလည်း မကြာခဏကြုံတွေ့ရလေ့ရှိတဲ့ဒေသတစ်ခုဖြစ်ပါတယ်။

“၂၀၂၄ နှစ်စ လေကြောင်းတိုက်ခိုက်ခံရတာတွေမှာတော့ ဒီဖြစ်စဉ်က လူသေဆုံးမှုအများဆုံးဖြစ်စဉ်လို့ ပြောလို့ရတယ်။ စစ်ရာဇဝတ်မှု ထပ်ကျူးလွန်တာပါပဲ” လို့ ကရင်နီ Free Burma Rangers ရဲ့ ဒုတိယတာဝန်ခံ ကိုအောင်ဇေယျက ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးရှိနေတဲ့ ‌ဖေဖော်ဝါရီ ၅ ရက်မှာပဲ ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကလေးငယ်တွေ သေဆုံးခဲ့ရတာကြောင့် ဒါဟာ စစ်ကောင်စီက လုံခြုံရေးကောင်စီကို အရေးမစိုက်တဲ့သဘောလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်ရုံသာမက “ကလေးတိုင်းမှာ ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင်နေထိုင် ခွင့်ရှိသည်” ဆိုတဲ့ ဂျီနီဗာသဘောတူညီချက်ကို ချိုးဖောက်တာလို့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ဝေဖန်နေကြပေမဲ့ စစ်ကောင်စီကတော့ လုပ်ကြံသတင်းအမှားဆိုတဲ့ ထုတ်ပြန်ချက်အတိုနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။