ဖေဖော်ဝါရီ ၅ ရက် ထိပ်တန်းသတင်းများ - ဘင်္ဂလားဒေ့ရှ်ထဲ မြန်မာမော်တာကျည်ကျလို့ အရပ်သား နှစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Tofayel Ahmed
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ တောင်ပြိုလက်ဝဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် အေအေ ကြားတိုက်ပွဲပြင်းထန်ရာကနေ ဒီကနေ့ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ လက်နက်ကြီးကျလို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်၊ မြန်မာအချိန် ၃ နာရီ ၁၅ မိနစ်ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း ဘန်ဒါဘန်ခရိုင် (Bandarban) မှာရှိတဲ့ တန်ဘရူ (Tumbru) နယ်ထဲကို မော်တာကျည်ကျခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အမျိုးသမီး ၁ ဦးနဲ့ ရိုဟင်ဂျာ အမျိုးသား ၁ ဦးသေဆုံးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဘီဘီစီကို အတည်ပြုပါတယ်။
အခုလိုလူသေဆုံးခဲ့တဲ့ မော်တာကျည်ပစ်ခတ်မှုဟာ ဘယ်တပ်ဖွဲ့က လုပ်ဆောင်တာလဲဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ရက္ခိုင့်တပ်တော် အေအေ ရဲ့ ဒီကနေ့ မနက်အစောပိုင်းထုတ်ပြန်ချက်အရတော့ စစ်ကောင်စီရဲ့ မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်စခန်းဖြစ်တဲ့ တောင်ပြို လက်ဝဲ - လက်ယာ စခန်းနှစ်ခုထဲက လက်ယာ စခန်းကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီး လက်ဝဲစခန်းကို သိမ်းနိုင်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ မနေ့တုန်းကလည်း စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အနည်းဆုံး ၆၈ ဦး နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီးမော့ဆိုမှာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ် ၄ ဦးထက်မနည်းသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Jobs for Kayah
ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်း တစ်ဝိုက်ကို ဒီကနေ့ ဖေဖော်ဝါရီ ၅ရက် မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းကိုဗုံးစထိမှန်ပြီး ကျောင်းသား ၄ ဦး သေဆုံးသွားတယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။
လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာတော့ စာသင်ကျောင်းအမိုးအကာတွေကိုထိမှန်ခဲ့ပြီး ကျောင်းဆောင်တစ်ခုလုံး နီးပါးပြိုကျပျက်စီးနေတာတွေ့ရပါတယ်။ လက်ရှိမှာ သေဆုံးသူ ၄ ဦးအပြင် ဒဏ်ရာရသူ ၉ ဦးထက်မနည်းရှိပြီး ပစ်ခတ်မှုမြန်ဆန်တာကြောင့် အချိန်မီရှောင်တိမ်းနိုင်တာမျိုးမရှိခဲ့ဘူးလို့ ဒေသခံအချို့ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jobs for Kayah
ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ အလယ်တန်းကျောင်းဖြစ်ပြီး ကျောင်းသား အယောက် ၂၀၀ ကျော် ပညာသင်ကြားနေတယ်လို့ သိရပါတယ်။ ဒီကနေ့တစ်ရက်တည်းမှာပဲ စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကသုံးနေရာ ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၄ ခုနှစ် တစ်လနဲ့ ၅ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီဒေသမှာသေဆုံးခဲ့ရတဲ့ အရပ်သား ၅ ဦးအထိ ရှိလာခဲ့ပြီး ၄ ဦးက ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အသင်းကို NUG ဖျက်သိမ်း

ဓာတ်ပုံ ရင်းမြစ်, Embassy of the Republic of the Union of Myanmar, Tokyo
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီနိုင်ငံခြားငွေအရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ဝင်ငွေခွန် (အခွန်နှစ်ထပ်) ကောက်ခံတာကို အကောင်အထည်ဖော်ပေးနေတာကြောင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ကို မတရားအသင်းအဖြစ်သတ်မှတ်ပြီး ဖျက်သိမ်းကြောင်း NUG က ထုတ်ပြန်ပါတယ်။
NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက် ထုတ်ပြန်ချက်အရတော့ MOEAA ဟာ စစ်ကောင်စီသတ်မှတ်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုပ်အားခ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ လွှဲပို့ငွေအဖြစ် ပေးပို့ရမယ်ဆိုတဲ့အတိုင်း အလုပ်သမားတွေကိုဖိအားပေးလွှဲပြောင်းစေပြီး အကောင်အထည်ဖော်ပေးနေတာလို့ ဖော်ပြပါတယ်။
ဒါအပြင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေရဲ့ အလုပ်သမားတွေအပေါ် ဝန်ဆောင်မှုအဆမတန်ကောက်ခံတာ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေကို လုပ်ငန်းရှင်များအသင်းအနေနဲ့ ကြပ်မတ်တာမျိုးမရှိဘဲ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာကြောင့် အခုလိုကြေညာတာလို့ ဆိုပါတယ်။
"တော်လှန်ရေးရှုထောင့်ကကြည့်ရင်ဒါဟာ စိတ်အားတက်ကြွစရာဆိုပေမဲ့ လက်တွေ့မကျဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေကြုံနေရတဲ့အခက်အခဲတွေကို သက်ဆိုင်ရာအစိုးရတွေနဲ့ ချိတ်ဆက်ဆွေးနွေးပြီး လုပ်ပေးတာမျိုး၊ ကြပ်မတ်ကိုင်တွယ်သင့်တာပါ။ NUG အနေနဲ့ အကန့်အသတ်ရှိတာလည်း သဘောပေါက်ပါတယ်" လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အမြင်ကို ပြောပါတယ်။
NUG ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အလုပ်သမားအခွင့်အရေးချိုးဖောက်တာအပြင် စစ်ကောင်စီကို ဝင်ငွေခွန်ပေးဆောင်ဖို့၊ မိသားစုငွေလွှဲပို့တာကို စစ်ကောင်စီသတ်မှတ်တဲ့အတိုင်း ဖိအားပေးခိုင်းစေတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေကို အမည်ပျက်စာရင်းသတ်မှတ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဋ္ဌအပါအဝင် လုပ်ငန်းရှင် အယောက် ၆၀ ကျော်ကို NUG က အမည်ပျက်စာရင်းသွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ UMFCCI ကိုဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
မောင်တော၊ တောင်ပြိုလက်ယာတပ်စခန်းကို အေအေ သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, Screen Grab
စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၆၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ပြို လက်ယာ နဲ့ လက်ဝဲ စခန်းနှစ်ခုကို မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် အေအေ က တိုက်ခိုက်ခဲ့ပြီး လက်ယာစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
တောင်ပြို လက်ဝဲ - လက်ယာ တပ်စခန်းနှစ်ခုဟာ စစ်ကောင်စီရဲ့ မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်ပြီး တောင်ပြိုလက်ယာစခန်းကို ညနေ ၆ နာရီခန့်မှာ သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ မနေ့တုန်းကပဲ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အနည်းဆုံး ၆၈ ဦး နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
"ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း ဘန်ဒါဘန်ခရိုင် (Bandarban) မှာရှိတဲ့ တန်ဘရူ (Tumbru) နယ်ထဲကို လက်နက်တွေနဲ့ ကျူးကျော်ဝင်ရောက်လာကြတာပါ။ ဒါပေမဲ့ နယ်ခြားစောင့်အဖွဲ့ BGB တွေက လက်နက်တွေသိမ်းပြီး ဘေးကင်းတဲ့နေရာခေါ်ထားပါပြီ။ မြန်မာနိုင်ငံပြန်ပို့တာအပါအဝင် နောက်ဆက်တွဲလုပ်ဆောင်တာတွေ ဆက်လုပ်ဖို့ရှိတယ်" လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB က ထုတ်ပြန်ထားပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အရလည်း နယ်ခြားစောင့်ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၆၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့တယ်လို့ ပြောထားပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်အထိ တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်က တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို လက်နက်ကြီး ပေါက်ကွဲတဲ့ အပိုင်းအစတွေနဲ့ ကျည်တွေကျရောက်မှုရှိနေပြီး မနေ့တုန်းကလည်း နယ်စပ်မှာနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး လက်မောင်းကို ကျည်ထိမှန်ခဲ့ပါတယ်။
ဒါ့အပြင် နယ်စပ်အနီးမှာနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာလည်း လုံခြုံရေးစိုးရိမ်လို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေကြသလို ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်တွေကိုလည်း နယ်စပ်မှာ တပ်လှန့်ထားတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။
ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးမယ်

ဓာတ်ပုံ ရင်းမြစ်, UN
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ မြန်မာအရေးတံခါးပိတ်ဆွေးနွေးကြဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒီအစည်းအဝေးကို မြန်မာ့အရေးအာဆီယံအထူးသံတမန်သစ်အာလွန်ကောင်းကစ်တီကွန်တက်ရောက်ပြီး မြန်မာ့အရေးဝင်ရောက်ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုရဲ့ မြန်မာအရေးအထူးသံတမန်သစ်ဆီကနေ မြန်မာ့အရေးဖြေရှင်းဖို့ မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင်သဘောတူညီထားတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်နဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေ ရှိ မရှိအပေါ် အကဲဖြတ်ချက်ကို ကြားရဖို့လည်း ကုလသံတမန်အသိုင်းအဝိုင်းက မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်ခန့်အပ်ဖို့အတွက် ဖြစ်ထွန်းမှုမရှိတဲ့ အပေါ်မှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ထုတ်ပြောဖို့လည်းရှိနိုင်တယ်လို့ဆိုပါတယ်။ အရင် အထူးကိုယ်စားလှယ် နိုလင်းဟေဇာရဲ့ တာဝန်သက်တမ်းဟာ ၂၀၂၃ခုနှစ် ဇွန်လမှာ ကုန်ဆုံးခဲ့တဲ့နောက်မှာ မြန်မာမှာ ကုလသမဂ္ဂ အထူးသံတမန်မရှိတဲ့အခြေအနေဖြစ်ပါတယ်။
အခုကျင်းပမဲ့ဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံကဦးဆောင်တာဖြစ်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးကျင်းပဖို့ရှိနေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်လည်း နယူးယောက်မြို့ကို ရောက်နေပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုရဲ့ အာဆီယံအထူးသံ အာလွန်ကောင်းကတော့ သူတာဝန်ထမ်းဆောင်တဲ့ ရက်သတ္တပတ်အတွင်း ဇန်နဝါရီ ၁၀ ရက်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံထားပါတယ်။ သူ့ရဲ့ မြန်မာခရီးစဥ်အတွင်းမှာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့သလို အဲဒီနောက် မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပရောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ သီးသန့်တွေ့ဆုံတာတွေလုပ်ခဲ့ပါတယ်။ ဒါအပြင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့လည်း အွန်လိုင်းကတဆင့်တွေ့ဆုံပြီးမြန်မာ့အရေးဖြေရှင်းဖို့ ဆွေးနွေးထားပါတယ်။
သူ့ခရီးစဥ်နောက် အချိန်ကိုက်ပေါ်လာတဲ့ ဇန်နဝါရီ ၂၉ ရက်မှာ ကျင်းပတဲ့ အလှည့်ကျဥက္ကဋ္ဌ လာအိုရဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပထမဆုံးအစည်းအဝေးမှာ စစ်ကောင်စီဘက်ကလည်း နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို ကိုစေလွှတ်ခဲ့ပါတယ်။
အဲဒီအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာတော့ ဘုံသဘောတူညီချက် ၅ ချက်ဟာ အာဆီယံရဲ့ အဓိကဆုပ်ကိုင်ထားမယ့်အရာဖြစ်ပြီး
“မြန်မာနိုင်ငံမှာ နိုင်ငံရေးရည်မှန်းချက်ကို ဖြေရှင်းဖို့ ” ရည်ညွှန်းတယ်လို့ ထပ်ပြီး အတည်ပြုပြောထားပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ အာလွန်ကောင်းကစ်တီကွန်းရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ မြန်မာကိုယ်တိုင်ဦးဆောင်ဖြေရှင်းဖို့ကိုလည်းတိုက်တွန်းထားပါတယ်။
လုံခြုံရေးကောင်စီရဲ့ ဒီတစ်ခေါက်တံခါးပိတ်ဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီဘက်က လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လောက်လိုက်နာဆောင်ရွက်တာ ရှိသလဲဆိုတဲ့အပေါ် သုံးသပ်မယ့်ဆွေးနွေးပွဲဖြစ်တယ်လို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ လုံခြုံရေးကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးထားသူ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့ တွေ ပါဝင်ပါတယ်။
ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံထားပြီး အဲဒါကို အခိုင်အမာ အကောင်အထည်ဖော်ဖို့၊ မြန်မာ ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ ချိုးဖေါက် ကျုးလွန်သူတွေကို အရေးယူနိုင်ဖို့၊ လူသားချင်းစာနာ ထောက်ထားမှု လိုအပ်နေသူ တွေဆီကို အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်နိုင်ဖို့ စတာတွေကိုလည်း တောင်းဆိုထားပါတယ်။
အဲဒီကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချနိုင်တာဖြစ်လို့ အရေးပါတယ်လို့ သုံးသပ်ကြသလို မလိုက်နာရင် ဘယ်လို ဆက်လုပ်ကြမှာလဲ ဆိုတဲ့ မရေရာမှုတွေအပေါ် ဝေဖန်ကြတာတွေလည်း ရှိနေတာပါ။
ကုလလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံရှိပြီး အမေရိကန်၊ ယူကေ၊ တရုတ်၊ ရုရှားနဲ့ ပြင်သစ်တို့ ဖြစ်ပါတယ်။
အဲဒီ ၅ နိုင်ငံနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အချက်တချက်ကတော့ လုံခြုံရေး ကောင်စီဝင် နိုင်ငံတွေအကြား ဆွေးနွေး ဆုံးဖြတ်သမျှ ဗီတိုအာဏာကို သုံးပြီး ပယ်ချခွင့် ရှိနေတာပဲ ဖြစ်ပါတယ်။လုံခြုံရေး ကောင်စီဝင်တွေအကြား မဲခွဲဆုံးဖြတ်ပြီး ချိန်မှာတောင် သူတို့ထဲက တစ်နိုင်ငံက ဗီတိုနဲ့ ပယ်ချပစ်ခဲ့ရင် အဲဒီ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်လို့ မရတော့ပါဘူး။ ဒါပေမယ့် ဗီတို မသုံးဘဲ မဲမပေးဘဲ နေခဲ့ရင်တော့ အကောင်အထည် ဖော်လို့ ရနိုင်ပါတယ်။








