နိုလင်းဟေဇာအလွန် ကုလအထူးသံ နေရာ ဆက်ထားရှိဖို့ လိုလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုလအထူးသံဆိုပြီး အသစ်ခန့်မှာထက်စာရင် ညွှန်မှူးအဆင့်လောက်နဲ့ တိတ်ဆိတ်တဲ့ သံတမန်နည်းနာသုံးပြီး နိုင်ငံတကာကြား ချိတ်ဆက် ဆောင်ရွက်တာတွေ အပေါ် အာရုံစိုက်ဖို့ ခရစ္စဂန်းနက်စ် အကြံပြု
ဇွန်လ ၁၂ ရက်နေ့ဟာ စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဆိုတဲ့ ရာထူးနေရာ အတွက် နောက်ဆုံး နေ့ရက် ဖြစ်ပါတယ်။
မစ္စနိုလင်းဟေဇာဟာ အဲဒီ ဇွန် ၁၂ ရက်နေ့မှာ ကုလအထူးသံ ရာထူး အတွက် လက်ရှိ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာ ဖြစ်တယ်လို့ နားလည်ရပြီး အဲဒီရက် နောက်ပိုင်း အထူးသံရာထူးနေရာမှာ သူ ဆက်ပြီး ရှိနေတော့မှာ မဟုတ်ပဲ ဆင်းပေးမယ် ဆိုတဲ့ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က တာဝန်ပေး ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဆိုတဲ့ ရာထူးနေရာမှာ မစ္စနိုလင်းဟေဇာ ထွက်သွား ပြီးတဲ့နောက် နောက် အသစ်တစ်ယောက် အစားထိုးခန့်လာဖွယ် ရှိတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က ပြောထားပါတယ်။
ဖွံ့ဖြိုးရေး ပညာရှင်ရဲ့ ထိတွေ့ဆက်ဆံရေးလမ်းကြောင်း အဝေဖန်ခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Global New Light of Myanmar
မစ္စ နိုလင်းဟေဇာဟာ ဖွံ့ဖြိုးရေးပိုင်း အထူးပြုကျွမ်းကျင်တဲ့ ပညာရှင် တစ်ဦးဖြစ်ပြီး၊ ထိတွေ့ဆက်ဆံရေး နည်းနာအပေါ် ယုံကြည်တဲ့သူ၊ အားသာတဲ့သူ အဖြစ်သူ့ရဲ့ အထူးသံ ကနဦးကာလ ပြောဆိုမှုတွေကနေ သိနိုင်ပါတယ်။
နေပြည်တော် ခရီးစဥ်လည်း အချိန်သိပ်မဆိုင်းပဲ ပြုလုပ်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာမျိုးလုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။
အဖြေရှာနိုင်ဖို့ ဆိုရင် စစ်တပ်ကို ချန်ထားလို့ မရဘူး၊ စကားပြောရမယ် ဆိုတဲ့ သူ့ရဲ့ သဘောထားနဲ့ ပြောဆိုမှုတွေ ... စစ်တပ်ဘက်နဲ့သာ တွေ့ဆုံခွင့်ရခဲ့တဲ့ တစ်ဖက်သတ် နေပြည်တော် ခရီးတွေကြောင့် နိုလင်းဟေဇာဟာ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေကြား အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ကိုယ်ရှိန်သတ်ခဲ့ပြီး မြန်မာပြည်ခရီးစဥ် ပြုလုပ်တာမျိုး မရှိတော့ပါဘူး။ ကုလသမဂ္ဂမျက်နှာစာမှာ သူပြောဆို တင်သွင်းတာတွေထဲမှာလည်း မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတဲ့ မြေပြင် အခြေအနေတွေနဲ့တကွ၊ နှစ်ဖက် စေ့စပ်ဖြန်ဖြေလို့မရ၊ စားပွဲဝိုင်း ဆွေးနွေးပွဲ အထမြောက်ဖို့ရာ မဖြစ်နိုင်သလောက်ပဲ ဆိုတဲ့ နိုင်ငံရေး သရုပ်မှန် အခြေအနေတွေ ထင်ဟပ်နေခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အကြမ်းဖက်မှုတွေ ရပ်တန့်သွားရေး ကြိုးပမ်းတဲ့ အနေနဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းနဲ့ နိုလင်းဟေဇာ စတင် ချည်းကပ်ခဲ့နည်းလမ်းဟာ ပြည်တွင်းစစ်ပမ်းနေတဲ့ ကမ္ဘာဒီးယား ဖြစ်ရပ်မျိုးမှာ နှစ်ဖက် လက်ခံခဲ့တာမှန်ပေမယ့်၊ လက်ရှိ မြန်မာ့ အရေး ... နွေဦးတော်လှန်ရေး အစပြု အရှိန်ကောင်းတဲ့ အခြေအနေမျိုး၊ နှစ်ဖက် တိုက်ခိုက်ဖို့သာ စိတ်အားထက်သန် နေတဲ့ အချိန်မျိုးမှာ အလုပ်မဖြစ်ခဲ့ဘူးလို့ မြန်မာ့အရေးအကဲခတ် ကိုကြည်စင်က သုံးသပ်ပါတယ်။
ဒါ့အပြင်၊ နိုလင်းဟေဇာ အထူးသံ အနေနဲ့ ကြုံတွေ့ ခဲ့ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ အာဆီယံ ကမကထလုပ် ဖြေရှင်းရေး ဆိုတဲ့ နိုင်ငံတကာမူကြားမှာ သူ့ ရဲ့ ကုလ အထူးသံ ဆိုတဲ့ အခန်းကဏ္ဍကို ဘယ်ပုံ ဘယ်နည်း ဖော်ဆောင်ရမလဲ ဆိုတဲ့ ပြဿနာ ဖြစ်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
“ကုလသမဂ္ဂမျက်နှာစာမှာ ချမှတ်ထားတဲ့ မူဝါဒကိုယ်တိုင် အာဆီယံရဲ့ ဦးဆောင် ဖြေရှင်းမှု အပေါ် အားပေးထောက်ခံတယ်လို့ ဆိုထားတော့ ကုလ အထူးသံ အနေနဲ့ ဦးစီးဦးဆောင် ကဏ္ဍမှာ မရှိတော့ပဲ၊ အာဆီယံ အထူးသံရဲ့ နောက်မှာ ရောက်သလို ဖြစ်သွားတယ်” လို့ စင်္ကာပူက နာမည်ကျော် ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ လီကွမ်ယုကျောင်းမှာ မဟာတန်းတက်နေတဲ့ မြန်မာ့အရေး အကဲခတ် ကိုကြည်စင်က ဆိုပါတယ်။
အဲဒီ အာဆီယံ အထူးသံ ဆိုတာကလည်း အာဆီယံ အဖွဲ့ကြီးကနေ ခန့်အပ်တာမျိုး၊ အာဆီယံ အဖွဲ့ကြီးကို ကိုယ်စားပြုတာမျိုး မဟုတ်ပဲ အလှည့်ကျ ဥက္ကဋ္ဌ တစ်နှစ် တစ်ခါ ပြောင်းတိုင်း၊ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အဲဒီ နေရာကို ရယူပါတယ်။
တကျော့ပြန် စစ်အာဏာသိမ်းခံရမှု ၂ နှစ်ကျော်ကာလ အတွင်းမှာကို ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား ၃ နိုင်ငံ ပြောင်းသွားခဲ့ပြီ ဖြစ်တာမှာ နိုလင်းဟေဇာရဲ့ တိုတောင်းလှတဲ့ တစ်နှစ်ခွဲဝန်းကျင် ကုလ အထူးသံ သက်တမ်းအတွင်းမှာကို အာဆီယံ အထူးသံ ၂ ဆက် ရှိခဲ့တာ ဖြစ်ပါတယ်။
“အာဆီယံနဲ့ လက်တွဲညီညီ လုပ်နိုင်ဖို့ ဆိုတာ ခက်လိမ့်မယ်၊ အာဆီယံ အထူးသံ ခန့်ပုံ ခန့်နည်းကအစ ပြောင်းလဲဖို့ လိုမယ်” ဆိုပြီး ကိုကြည်စင်က သုံးသပ်ပါတယ်။
ကုလအထူးသံ ရာထူးနေရာနဲ့ ပတ်သက်ပြီး ခရစ္စတိုဖာဂန်းနက်စ်နဲ့ မေးမြန်းခန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီတော့ ကုလအထူးသံ အနေနဲ့ နိုလင်းဟေဇာ လုပ်ဆောင်ခဲ့တာတွေ အပေါ်မှာ ပြန်သုံးသပ်ရင်းမှာပဲ လက်ရှိ မြန်မာနိုင်ငံ အခြေအနေမှာ အဲဒီ UN Special Envoy ဆိုတဲ့ ကုလ အထူးသံ ရာထူးနေရာ တကယ် လိုအပ်ရဲ့လား၊ နောက် အသစ်တစ်ယောက် ခန့်ပြီး ဆက်ထားဦးမယ် ဆိုရင်လည်း ပိုပြီး ထိရောက် အလုပ်ဖြစ်လာအောင် ဘာတွေ ပြုပြင်နိုင်မလဲ ....
ကုလသမဂ္ဂမှာ နှစ်ရှည် တာဝန်ထမ်းခဲ့ပြီး လက်ရှိမှာလည်း တာဝန်ခံမှု ရှိစေရေး မြန်မာ ပရောဂျက် MAP အဖွဲ့ကို တည်ထောင်ပြီး မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက် နေတဲ့ ခရစ္စတိုဖာ ဂန်းနက်စ် ကတော့ အထူးသံ ဆိုပြီး အသစ် ထပ်မခန့်ဖို့ အဓိက ဆော်ဩနေသူ တစ်ဦး ဖြစ်ပါတယ်။
ကုလသမဂ္ဂ ယန္တရားထဲ နှစ်ရှည် တာဝန်ခဲ့သူ တစ်ဦး အနေနဲ့ အခုလို မြန်မာ့အရေး ကုလ အထူးသံ မထားဖို့ ဘာလို့ ယူဆ ကိုင်စွဲထားရတာလဲ .... ခရစ္စတိုဖာဂန်းနက်စ်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ အရင် အထူးသံတွေရဲ့ သက်တမ်းကာလနဲ့ နှိုင်းယှဥ်ရင် တိုတောင်းတယ်လို့ ပြောနိုင်တဲ့ နိုလင်းဟေဇာရဲ့ တစ်နှစ်ခွဲဝန်းကျင်ကြာ ကာလ အတွင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးသံ ရာထူးနေရာမှာ လုပ်ဆောင်ခဲ့တာတွေ အပေါ် ဘယ်လို သုံးသပ်မိပါသလဲ ခရစ်ရေ။
ခရစ္စတိုဖာ ဂန်းနက်စ်။ ။ နိုလင်းဟေဇာဟာ စိတ်ကောင်းစေတနာ အရင်းခံပြီး လုပ်သင့်လုပ်ထိုက်လုပ်တယ်လို့ သူယုံကြည်တာတွေကို လုပ်ခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့် အမြင်ကိုတော့ အရင်းခံအတိုင်းပဲ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။
သမိုင်းကတော့ နိုလင်းဟေဇာ အပေါ်မှာ အတော်လေး မငဲ့မညှာပဲ၊ မအောင်မြင်သူတစ်ဦး အဖြစ် ဆုံးဖြတ်သွားခဲ့ပြီလို့ ထင်ပါတယ်။ ဒါကလည်း၊ အောင်မြင်ဖို့ရာ မဖြစ်နိုင်တဲ့ အရာတွေကို ဘယ်လိုမှ လှုပ်သာရှားသာ မရှိတဲ့ အနေအထားမျိုးတွေနဲ့ ရရှိခဲ့တာကြောင့်၊ အခုလို “မအောင်မြင်သူ” တစ်ယောက် အဖြစ်နဲ့ ဒီ ရာထူးနေရာကနေ စွန့်ခွာ သွားရတာလို့ ထင်ပါတယ်။
အစဦးဆုံး အချိန်တွေမှာကလည်းက ကျွန်တော် ထောက်ပြနေခဲ့ပါတယ်။ မြန်မာနိုင်ငံ အခြေအနေဟာ “အထူးသံတမန်” special envoy ဆိုတဲ့ အဆင့်မြင့် ရာထူး တာဝန်မျိုး ခန့်အပ် ဆောင်ရွက်လို့ ရနိုင်မယ့် အနေအထားမျိုးမှာ ရှိမနေခဲ့ပါဘူး။ အခုလည်း အဲဒီ အခြေအနေကနေ မပြောင်းလဲ သေးပါဘူး။ နိုင်ငံတကာကနေ diplomatic intervention လို့ ခေါ်တဲ့ သံတမန်ရေးရာ ကြားဝင် စွက်ဖက် လုပ်ဆောင်လို့ ရနိုင်တဲ့ အနေအထားမျိုးမှာ ရှိမနေပါဘူး။
ဒါ့ကြောင့်၊ အခု နိုလင်းဟေဇာ နုတ်ထွက်သွားတဲ့နောက်မှာလည်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ရယ်လို့ အသစ်တစ်ယောက် ခန့်အပ်တာမျိုး မလုပ်ဖို့ ကျွန်တော် ပြောနေတာ ဖြစ်ပါတယ်။
မြေပြင် အခြေအနေတွေကို ပြောင်းလဲလာအောင် အရင်ဆုံး လုပ်ဆောင်ဖို့ လိုပါတယ်။ ကုလသမဂ္ဂ ယန္တရား အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အခု အချိန်မှာ “preparatory work” ဒါမှမဟုတ် “leg-work” လို့ ခေါ်တဲ့ အခြေခံ အဆင့်အရာတွေ ခိုင်မာအောင် ပြင်ဆင်ရေး အပေါ် အာရုံစိုက်ရမှာ ဖြစ်တယ်လို့ ကျွန်တော် ယူဆ ပါတယ်။
မြန်မာ့အရေးနဲ့ ဆက်စပ်နေတဲ့ တိုင်းပြည်နိုင်ငံတွေ၊ အဖွဲ့အစည်း အုပ်စုတွေကြား လွန်းထိုးပြီး သွားလာနေရမယ်၊ သတင်းအချက်တွေ စုစည်း၊ အမြင်တွေကို ဖလှယ်၊ ဘုံ ရပ်တည်မှု သဘောထားတွေ ပေါ်ထွက်အောင်လုပ် ... စတဲ့ အရာတွေ အပေါ်မှာ အာရုံစိုက်ပြီး ခိုင်မာတဲ့ လမ်းကြောင်း ပေါ်ထွက်လာအောင် တည်ဆောက်ရမယ့် အချိန်ဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်တဲ့ အခါမှာလည်း ဘာမှ အသံကျယ်ကျယ်လောင်လောင် ထွက်ဖို့ မလိုပါဘူး။ စကားလုံးတွေနဲ့ ဖောင်းပွနေတဲ့ ထုတ်ပြန်ချက်တွေနဲ့ လူအာရုံစိုက်ခံရဖို့ ဆိုတာ အရေးမကြီးဆုံး အရာဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်ဖို့ရာ “အထူးသံတမန်” ဆိုတဲ့ ရာထူး အဆင့်အတန်းမျိုး ခန့်ထားတာမျိုး မလုပ်သေးပဲ၊ ကုလသမဂ္ဂ အရာရှိတွေထဲက “ဒါရိုက်တာ” ဆိုတဲ့ လယ်ဗယ်လောက်နဲ့ အရှိန်ရအောင်၊ ခိုင်မာလာအောင် စပြီး လုပ်ဆောင် သင့်ပါတယ်။ သူ့အတွက် အထောင်အကူ ပြုဖို့ ဝန်ထမ်း အင်အား ကျစ်ကျစ်လစ်လစ်နဲ့ ရုံးအဖွဲ့ တစ်ခုလည်း ထားပေးနိုင်ပါတယ်။
ကျွန်တော် အခုလို ပြောရတာတွေဟာ .... ၁၉၉၀ ပြည့်ကျော် အချိန်တွေတုန်းက ဘာအတွက် အဓိက ရည်ရွယ်ပြီး ဒီ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် ဆိုတဲ့ ရာထူး နေရာကို စတင် ဖော်ဆောင်ခဲ့တာလဲ ဆိုတာနဲ့ ချိန်ဆပြီး နားလည် သဘောပေါက် ဖို့ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ အတွက် ကုလသမဂ္ဂရဲ့ အထူးသံ ဆိုတာဟာ အခြေခံသဘောကတော့ အဲဒီ နိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကြား ဘုံ ရပ်တည်မှု ရှိလာအောင်၊ တစည်းတလုံးတည်းနဲ့ ဝိုင်းဝန်း ကူညီနိုင်အောင် ခန့်အပ်ထား ရှိတာ ဖြစ်ပါတယ်။
မြန်မာ့အရေးမှာလည်း ထို့ အတူပါပဲ။ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ စကားပြောတာ၊ အမေရိကန်နဲ့ စကားပြောတာတွေ လုပ်ရပါတယ်။ သက်ရောက် လွှမ်းမိုးမှု ရှိနိုင်တဲ့ အဲဒီ နိုင်ငံကြီးတွေရဲ့ သဘောထားတွေ ကွာဟမှု ကြီးကြီးမားမား မဖြစ်ရလေအောင် ထိန်းညှိပေးရမှာ ဖြစ်ပါတယ်။
တရုတ် - အမေရိကန် ဆိုတာ ဥပမာ သဘော ပြောတာပါ။ တခြား ဂျပန်၊ အိန္ဒိယ၊ အာဆီယံ ... အီးယူ စသဖြင့် မြန်မာ့ အရေးကို ကူညီနေတဲ့၊ စိတ်ဝင်စားတဲ့ နိုင်ငံတွေ အားလုံးကြားမှာ အခြေခံ သဘောထားတွေ ကိုက်ညီလာဖို့ရာ ကုလသမဂ္ဂ သံတမန်က စွမ်းဆောင် ပေးရမှာ ဖြစ်ပါတယ်။
၁၉၆၀ ပြည့်ကျော် နှစ်တွေ တလျှောက်လုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့် ပြောခဲ့တဲ့ သံတမန်ရေး ဆိုင်ရာ နာမည်ကျော် အဆိုအမိန့် တစ်ရပ်ကိုပဲ ပြန်ကိုးကားပြီး ကျွန်တော် ပြောပါ့မယ်။
ကမ္ဘာပေါ် ပဋိပက္ခ တစ်ခု ဖြစ်လာပြီ ဆိုရင် ဘက်ကြီး ၃-ဘက် ရှိပါသတဲ့။ အဲဒါတွေကတော့ တိုက်နေကြတဲ့ နှစ်ဖက်နဲ့ ကျန်ကမ္ဘာကြီးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဆိုတာ တိုက်နေတဲ့ နှစ်ဖက်ကြား ကြားဝင် ဖြန်ဖြေနိုင်ဖို့ရာ ကျန် ကမ္ဘာကြီး တစ်ခုလုံးရဲ့ ရပ်တည်မှုကို တူညီလာအောင် ပြုလုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတော့ ကုလသမဂ္ဂရဲ့ အထူးသံရဲ့ တာဝန်ဟာ အဲဒီလို ကမ္ဘာကြီးတစ်ခုလုံး အနေနဲ့ အရေးကိစ္စတစ်ခုခု အပေါ်မှာ ရပ်တည်မှု တူညီစေတာ ဖြစ်ပါတယ်။ မြန်မာ့အရေးမှာ ကုလ အထူးသံ အနေနဲ့ အပိုဆောင်း လုပ်ဆောင်ဖို့ လိုနေတဲ့ အရာကတော့ စာနာမှု ဆိုင်ရာ အကူအညီ ပေးရေး အပိုင်းမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စာနာမှု ဆိုင်ရာ လုပ်ငန်းတွေ၊ အဖွဲ့တွေ၊ အစီအစဥ်တွေဟာ အလွန်ရှုပ်ထွေးနေပြီး အလုပ် မဖြစ်ပဲ ရှိနေပါတယ်။ ဒီ အရေးကိုလည်း အထူးသံက ဦးစီးဦးဆောင်နဲ့ စနစ်တကျ ဖြေရှင်းပေးဖို့ လိုပါတယ်။
အဲဒီ အခြေအနေမျိုးတွေဆီ ရောက်နိုင်အောင် နိုင်ငံတွေကြား၊ အဖွဲ့တွေကြား ကနဦး ဆွေးနွေးညှိနှိုင်းတာတွေ၊ သွားလာတာတွေ လုပ်ဆောင်ဖို့ ဒါရိုက်တာ လယ်ဗယ် အဆင့်နဲ့ မြေပြင်လုပ်ငန်းတွေ လုပ်ဆောင်ရမယ့် အနေအထားမျိုးမှာပဲ ရှိသေးတယ်လို့ မြန်မာ့အရေး အပေါ် ကျွန်တော် သုံးသပ်ထားပါတယ်။
ကုလအထူးသံ ရာထူး အဆင့်အတန်းဟာ နိုင်ငံကြီးတွေနဲ့ စကားပြောရာမှာ ပိုပြီး အလုပ်မဖြစ်နိုင်ဘူးလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ခရစ်အနေနဲ့ ဘက်ပေါင်းစုံကနေ အတော်လေး စဥ်းစားထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ ဒါရိုက်တာ လယ်ဗယ် အဆင့်ပဲ ထားသင့်တဲ့ အခြေအနေမှာပဲ ရှိသေးတယ် ဆိုတာ အပေါ် နားလည်နိုင်ဖို့ ခက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ သမိုင်းတလျှောက် အရေးအကြီးဆုံး အချိန်လို့တောင် ပြောနိုင်တဲ့ အနေအထားမျိုးမှာ .... ခရစ္စပြောသလိုမျိုး နိုင်ငံကြီးတွေကြား ညှိနှိုင်းမယ့် သူဟာ ပိုပြီး အဆင့်မြင့်လေလေ ပြောရ ဆိုရ လုပ်ရ ကိုင်ရတာတွေမှာ ပိုပြီး ထိရောက်နိုင်မှာမျိုး မဟုတ်ဘူးလား။ လုပ်ပိုင်ခွင့်အာဏာ ပိုရှိနိုင်သူကို ခန့်ပြီး နိုင်ငံတကာနဲ့ကြား စကားပြောတာမျိုးက ပိုပြီး အဓိပ္ပာယ် မရှိနိုင်ဘူးလား ခရစ္စရေ ...။
ခရစ္စတိုဖာ ဂန်းနက်စ်။ ။ လုံးဝ မဖြစ်နိုင်ဘူးလို့ပဲ ပြောပါရစေ။ မြန်မာ့အရေးမှာ အဆင့်မြင့် ရာထူးမျိုး ခန့်ထားရမယ့် အချိန် မဟုတ်သေးဘူးလို့ပဲ ကျွန်တော် ရပ်တည်ပါတယ်။ အထူးသံ နေရာ ခန့်ပြီ ဆိုရင် အထူးသံတွေ စပြီး လုပ်လေ့လုပ်ထ ရှိတာက မြန်မာနိုင်ငံကို အပြေးအလွှား သွားကြတာများပါတယ်။ ကျွန်တော် ခုနက ပြောထားတဲ့ မြေပြင် အခြေအနေ ကွင်းဆင်းတာတွေ၊ အခြေခံ အဆင့် တည်ဆောက်တာတွေ ဘာမှ အဆင်သင့် မဖြစ်ပဲ အဲဒီလို သွားပြီ ဆိုရင်တော့ မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ အသုံးချမှုကို ကောင်းကောင်း ခံရတော့တာပါပဲ။
နံပါတစ် ၁ က တော့ ... ကုလ အထူးသံ မြန်မာပြည်ကိုလာတာဟာ သူတို့အပေါ် တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုတဲ့ ပုံစံမျိုး မြန်မာစစ်ဗိုလ်ချုပ်တွေက ပုံဖော်ပါတယ်။ ပိုအရေးကြီးတဲ့ နံပါတ် ၂ အချက်ကတော့ အထူးသံ တမန်ထံမှာ နိုင်ငံတကာရဲ့ ဘယ်လို အခြေခံ ရပ်တည်မှုမျိုးမှ အသင့်ရှိမနေတဲ့အခါ မြန်မာ စစ်ဗိုလ်ချုပ်တွေ ချပေးတဲ့ ပုံစံမျိုး လမ်းကြောင်းမျိုးတွေသာ သူတို့ ပါးစပ်က ထွက်လာတတ်ပါတယ်။
ဥပမာ- ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ခရီးစဥ်ကိုပဲ ကြည့်ပါ။ နေပြည်တော်က အပြန် သူပြောတာတွေထဲ ရွေးကောက်ပွဲ လုပ်ဖို့ တကယ် သင့်တော်လာမယ့် အချိန်မျိုး၊ အခြေအနေမျိုး ရောက်လာအောင် ဆက်ပြီး ကြိုးစားရမှာ ဖြစ်တယ် ဆိုတာမျိုးတွေ ပါလာပါတယ်။
ဒီ ရွေးကောက်ပွဲ အသစ် ဆိုတဲ့ လမ်းကြောင်းဟာ စစ်တပ်ရဲ့ လမ်းကြောင်းပါ။ အဆင့်မြင့် ပုဂ္ဂိုလ်တွေ သူတို့ဆီလာရင် အဲဒီ သူတွေကို အသုံးချပြီး သူတို့ လမ်းကြောင်းကို နိုင်ငံတကာထံရောက်အောင် ဝါဒဖြန့်ပါတယ်။
ဥပဒေနဲ့လည်း မဆီလျော်၊ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒကို မျက်ကွယ်ပြုတဲ့ အတုအယောင် ရွေးကောက်ပွဲဆိုတဲ့ ပြက်လုံးအကြီးစားမျိုးထဲ ကုလ သမဂ္ဂရဲ့ ပုံရိပ်ကို ကိုယ်စားပြုထားတဲ့သူတွေ ပါဝင်ဖို့ကို မသင့်ပါဘူး။
အခုလို ပုံရိပ်ကြီးတဲ့သူတွေ မြန်မာပြည်ထဲ သွားပြီး စစ်ခေါင်းဆောင်တွေနဲ့ တွေ့တာ၊ တွေ့ပြီး တစုံတရာ ထုတ်ပြန် ပြောတာမျိုးတွေဟာ လူတွေကို အတော်လေး အာရုံစိုက်စေပါတယ်။ ရှုပ်ထွေးနေတာတွေ ပြေလည်စေမယ့် အစား ပိုပြီးတော့တောင် ဝေဝါး သွားစေနိုင်ပါတယ်။
ဒါ့ကြောင့် လက်ရှိ မြန်မာ့အရေးဟာ ရာထူးကြီးတွေ၊ ပုံရိပ်ကြီးတဲ့သူတွေ ပါဝင်ကပြ အသုံးတော်ခံပြီး ဆူဆူညံညံ ဖြစ်ရမယ့် အနေအထားမျိုး မဟုတ်ဘူး၊ တိတ်တဆိတ်နဲ့ ထိရောက်အောင် လုပ်ဆောင်ဖို့ လိုတယ်၊ ခရီးတွေ လွန်းထိုးထွက်၊ နိုင်ငံစုံ အဖွဲ့စုံတွေနဲ့ကြား ထိတွေ့ဖို့လိုတယ်လို့ ကျွန်တော် ပြောနေတာ ဖြစ်ပါတယ်။
အခုဆိုရင် ဒေသတွင်းမှာကို ကြည့်ပါ ... မြန်မာ့ဒီမိုကရေစီ အရေးပေါ် အတော်လေး အားပေးကူညီလိုတဲ့ ရပ်တည်မှုတွေကို တွေ့နေရပါတယ်။ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားကိုပဲ ကြည့်မလား .... တခါ၊ ထိုင်းမှာ ဆိုရင်လည်း အစိုးအရ အပြောင်းအလဲ ဖြစ်လာပြီး ဒီမိုကရေစီ စံနှုန်းတွေဘက် အလေးပေးလာဖွယ်ရာ ရှိနေပါတယ်။ ဒီအချိန်မှာ၊ သူတို့ အားလုံးနဲ့ကြား ထိတွေ့ဆက်ဆံတာတွေ၊ ပြောဆို တိုင်ပင် ဆွေးနွေးတာတွေ အရှိန်ကောင်းကောင်းနဲ့ လုပ်နိုင်ဖို့ လိုပါတယ်။
Silent diplomacy လို့ ခေါ်တဲ့ တိတ်ဆိတ်သော သံခင်းတမန်ခင်း နည်းနာနဲ့ တွေ့ဆုံမှုတွေ၊ ခရီးစဥ်တွေရဲ့ နောက် နိုင်ငံတကာ ဘုံ ရပ်တည်မှု ခိုင်မာ လာတဲ့ အခါကျရင်တော့ ကုလ အထူးသံ ဆိုတဲ့ ရာထူး နေရာမျိုး ခန့်အပ်ပြီး ... ရှိလာတဲ့ နိုင်ငံတကာ ရပ်တည်ချက်ကို အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ အဲဒီ အခါကျမှ အထူးသံဟာ မြန်မာပြည်ထဲသွားတာ၊ စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံ စကားပြောဆိုတာတွေ ပြုလုပ်သင့်ပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
တိတ်ဆိတ်သောသံခင်းတမန်ခင်းနည်းလမ်း
ဘီဘီစီ။ ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ် Stéphane Dujarric သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာတွေ အရတော့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံ တမန် နေရာမှာ သူတို့ အစားထိုး ခန့်အပ်ဖွယ် ရှိလို့ နားလည်ရပါတယ်။ ဒီတော့ ဘာပဲပြောပြော ကုလ အထူးသံ အသစ် တစ်ယောက် ရှိလာပြီ ဆိုရင် ... ပိုပြီး ဒီ ရာထူး နေရာ အလုပ်ဖြစ်လာအောင် .. ဒီ ရာထူး နေရာကို ရောက်လာတဲ့သူ ပိုစွမ်းဆောင်နိုင်အောင် ဘယ်လိုများ ပြုပြင်ရေးတွေ လုပ်နိုင်တယ်လို့ ထင်လဲ ခရစ္စရေ ... အထူး သဖြင့် အာဆီယံ ကမကထလုပ် ဖြေရှင်းရေး ဆိုပြီးတော့လည်း နိုင်ငံတကာ မူ သဘောမျိုး ရှိနေတော့ ကုလရဲ့ အခန်းကဏ္ဍနဲ့ အာဆီယံကြား ပိုပြီး လက်တွဲညီညီ ဟန်ချက်မျှအောင် ဒီတစ်ခေါက် ဘာတွေ ပြောင်းလဲ လုပ်ဆောင်သင့်တယ်လို့ ထင်လဲခင်ဗျ ... ။
ခရစ္စတိုဖာ ဂန်းနက်စ်။ ။ ဒီမေးခွန်းကို မဖြေခင် ကျွန်တော် တစ်ခုလောက်များ ပြောခွင့်ရမလားပဲ။ ကျွန်တော် စတယ်ဖန့်ကို သိပါတယ်။ အင်မတန်ကောင်းတဲ့သူ တော်တဲ့သူပါ။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ လက်တွဲပြီး အလုပ်လုပ်ဖူးပါတယ်။ ဒါပေမယ့် သူဟာ ရုံးခန်းထဲကသူ၊ စားပွဲခုံပေါ်မှာပဲ အလုပ်လုပ်ရတဲ့ သူ ဖြစ်ပြီး၊ သူ့ အတွေ့အကြုံဟာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ရုံးခန်းထဲမှာပဲ ရှိပါတယ်။
အခု မြန်မာ့အရေးမှာ အဓိက ပြဿနာ တစ်ခုကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် ဘာတစ်ခုမှ တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက်တာမျိုး မရှိ ဖြစ်နေတဲ့ အချက်ပါပဲ။ ဒီတော့ စတယ်ဖန့် အပေါ် ကျွန်တော် အင်မတန် လေးစားပေမယ့်၊ ကျွန်တော် ထောက်ပြချင်တာကတော့ ကုလအတွင်းရေးမှူးချုပ် ရုံးခန်းဟာ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် အခြေခံ သဘောထား အတွေးအမြင်တွေ၊ အခက်အခဲ ပြဿနာတွေရဲ့ လက်သည် အကြောင်းအရင်းတွေ၊ အသေးစိတ် အချက်အလက်တွေနဲ့ အင်မတန် အလှမ်းကွာနေပါတယ်။ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သူတို့မှာ နားလည် သဘောပေါက်နိုင်စွမ်း မရှိပါဘူး။ ဒီတော့ ဘယ် အရာမျိုး၊ ဘယ်လို အဖြေမျိုး ဆောင်ကြဥ်းပေးရမလဲ ဆိုတာလည်း သူတို့ မသိကြပါဘူး။
နယူးယောက်မှာ အခြေစိုက် ထားရှိထားတဲ့ ကုလသမဂ္ဂရဲ့ Political Affairs ဆိုတဲ့ နိုင်ငံရေး ဌာနကြီးဟာ နည်းတာကြီး မဟုတ်ပါဘူး။ အင်မတန်ကြီးမားတဲ့ အဖွဲ့ကြီး၊ ရင်းမြစ်တွေ ကြွယ်ဝတဲ့ အဖွဲ့ကြီးပါ။ ဒါပေမဲ့ မြန်မာ့အရေး လုပ်ဆောင်တယ် ဆိုတာ ကျွန်တော် မကြားမိပါဘူး။ ယူကရိန်းတွေ၊ ဆူဒန်တွေ ... နောက် ဘာများ ထပ်ဖြစ်လာဦးမလဲ ... အဲဒီ ထပ်ဖြစ်လာမယ့် အရေးတွေနဲ့ပဲ အလှုပ်ရှုပ် အာရုံများနေပုံရပါတယ်။ မြန်မာ့အရေး ဘာမှ မလုပ်ဆောင်ကြပါဘူး။ တကယ်ဆိုရင် အဲဒီ ဌာနကြီးက မြန်မာ့အရေး ကိုင်တွယ်သင့်တာပါ။
ဒါ့ကြောင့် ကျွန်တော် ပြောနေတာက ... ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ မြန်မာ့အရေးမှာ ဘာမှ ဆောင်ရွက်မှု မရှိ၊ အာရုံစိုက်မှု မရှိ ဖြစ်နေချိန်မှာ သူရဲ့ အထူးသံ ဆိုတဲ့ ခေါင်းစဥ်အောက်မှာ လူခန့်ပြီး ... အဲဒီလူဟာ မြန်မာ့အရေး ဘာတစ်ခုမှ မခိုင်မာပဲ ဟိုလူနဲ့ သွားတွေ့၊ ဒီလူနဲ့ သွားတွေ့ ဆိုတာမျိုး အုပ်အော်သောင်းနင်း ဖြစ်စေတဲ့ လုပ်ရပ်မျိုးတွေဟာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး။
နိုလင်းဟေဇာ ကံမကောင်း အကြောင်းမလှ ကြုံခဲ့ရတဲ့ အခြေအနေဟာ အဲဒီ အခြေအနေမျိုး ဖြစ်ပြီး၊ အဲဒါကြောင့် နိုလင်းဟေဇာ အကြီးအကျယ် ဝေဖန် ခံခဲ့ရတာ ဖြစ်ပါတယ်။
ကဲ အခု ခင်ဗျား မေးတဲ့ ကုလအနေနဲ့ အာဆီယံနဲ့ ဟန်ချက်မျှအောင် ဘယ်လို လက်တွဲ လုပ်နိုင်မလဲ ဆိုတာကို ဖြေပါ့မယ်။ ကျွန်တော် အခုနက ပြောခဲ့တဲ့ တိတ်ဆိတ်သော သံတမန်ရေး ချည်းကပ်မှုတွေကို အာဆီယံ ဒေသတွင်း ကန့်လန့်ကာ နောက်ကွယ်မှာ အရှိန်ပြင်းပြင်း အကြိမ်ရေများများ လုပ်နိုင်ပါတယ်။
အထူးသဖြင့် အင်ဒိုနီးရှား နိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်နေတဲ့ အခု ကာလ အပိုင်းအခြားဟာ တကယ့်ကို အခွင့်အခါကောင်း ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့သလို အင်ဒိုနီးရှားဟာ မြန်မာ့ ဒီမိုကရေစီရေးကို အားပေး ကူညီလိုတဲ့ သဘောထားနဲ့ ရပ်တည်ချက်တွေ ထင်ထင်ရှားရှား ပြနေပြီး၊ NUG နဲ့ ကြားမှာလည်း ဆက်ဆံရေး တိုးမြှင့်တည်ဆောက်ဖို့ ပြင်ဆင်ထားပါတယ်။
ဒါ့အပြင် စာနာမှု ဆိုင်ရာ အကူအညီ ပေးရေး အစီအစဥ်တွေဟာ စစ်ကောင်စီ လမ်းကြောင်းကတင် မကပဲ ၊ လိုအပ်နေသူတွေဆီ အရောက် သွားနိုင်ဖို့ ဆိုရင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် လုပ်ဖို့၊ အဖွဲ့ အမျိုးမျိုးနဲ့ကြား ပြောဆို ဆွေးနွေးဖို့ လိုတယ် ဆိုတဲ့ အချက်ကိုလည်း အင်ဒိုနီးရှား သဘောပေါက် ထားပါတယ်။ ဒီလို အချက်တွေမှာ ကုလသမဂ္ဂ အနေနဲ့ အများပြီး ကြားဝင် ဆောင်ရွက် ပေးနိုင်စွမ်း ရှိပါတယ်။
နယ်စပ်ဖြတ်ကျော် အကူအညီ ပေးရေးတွေမှာ ကုလ အေဂျင်စီ အမျိုးမျိုးရဲ့ လုပ်လက်စတွေ၊ အတွေ့အကြုံတွေဟာ အာဆီယံကို အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ ဒါတွေကို တစ်စုတစ်စည်းတည်း ဖြစ်သွားအောင်၊ ခိုင်မာတဲ့ လမ်းကြောင်းပေါ် ရောက်သွားအောင် ကုလသမဂ္ဂ အရာရှိ တစ်ဦးဉီးက တာဝန်ယူ လုပ်ပေးဖို့ပဲ လိုနေတာ ဖြစ်ပါတယ်။
အခု ဆိုင်ကလုန်း မိုခါ အလွန် ကာလမှာပဲ ကြည့်ပါ။ ကုလ သမဂ္ဂ အေဂျင်စီ တွေ တောင်မှ ချင်းဒေသတွေထဲ မရောက်နိုင် ဖြစ်ရပါတယ်။ ဒီတော့ အာဆီယံအတွင်းမှာကို ကုလသမဂ္ဂ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား အင်မတန်ကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့၊ အခက်အခဲ အဟန့်တားတွေကို ကျော်လွှားနိုင်မယ့် နည်းတွေ ရှာဖွေဖို့ လုပ်ဆောင်ရမှာတွေ အများကြီး ရှိနေပါတယ်။
ကျွန်တော် ထောက်ပြနေတာက ဒါတွေ လုပ်ဆောင်ဖို့ရာ ကုလ အထူးသံ ဆိုတဲ့ ရာထူးမျိုး မလိုအပ်သေးပါဘူး။ နိုင်ငံရေး အရရော၊ စာနာမှု ဆိုင်ရာ အကူအညီ ပေးရေးမှာရော ဆွေးနွေးတာတွေဟာ အလုပ်ဖြစ်ရမယ်၊ တိတ်ဆိတ်ရမယ်၊ လူမြင်စရာမလို၊ ဓာတ်ပုံရိုက်ခံစရာမလို၊ အုပ်အောင်သောင်းနင်း ဖြစ်စရာလည်း မလိုပါဘူး။ လက်ရှိ အခြေအနေမှာ အဆင့်မြင့်ရာထူး နေရာထက် လက်တွေ့ အခြေခံ တည်ဆောက်မှုတွေကို တိတ်တဆိတ် သံခင်းတမန်ခင်း နည်းနာသုံးပြီး ပြုလုပ်ကြဖို့ ကျွန်တော်ကတော့ တိုက်တွန်းနေပါတယ်။








