‘‘အမေက အကောင်းပကတိမွေးပေးခဲ့တယ်၊ မြေမြှုပ်မိုင်းက ခြေထောက်တွေဖြတ်ယူသွားတယ်’’

မိုးတေတံတားမှာ TNLA မိုင်းရှင်းလင်းရေးလုပ်နေပုံ

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, မိုးတေတံတားမှာ TNLA မိုင်းရှင်းလင်းရေးလုပ်နေပုံ

အသိပေးချက် - ဒီ‌ဆောင်းပါးမှာဖတ်ရှုသူတွေရဲ့ စိတ်နှလုံးကိုထိခိုက်စေနိုင်တဲ့ မျက်မြင်တချို့ရဲ့ပြောကြားချက်တွေ ပါဝင်တယ်ဆိုတာကို ကြိုတင်အသိပေးအပ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် မအေးသစ်ဟာ အိပ်ရာထဲကနေ မထနိုင်ဘဲ အမေဖြစ်သူရဲ့ အကူညီနဲ့သာ တစ်နေ့တာ ဝေယာဝစ္စတွေပြီးမြောက်နေရသူပါ။ အကြောင်းကတော့ သူ့မှာ ဘယ်ဘက်ခြေထောက် ဖြတ်ထားရသလို ဗိုက်မှာလည်း ရင်ခေါင်းကနေ ဆီးစပ်အထိ ခွဲချောင်းကလည်း ရှိနေပါတယ်။

ဒါ့အပြင် သာမန်လူတွေလို ဝမ်းသွားလို့မရဘဲ ဗိုက်ကဖောက်ထားတဲ့ နေရာကနေ တဆင့် စွန့်နေရတာပါ။

တချိန်ကတော့ သူက လူအကောင်းပကတိဖြစ်ပြီး အမေကိုလည်း ကူညီလုပ်ကိုင်ပေးနေတဲ့ သမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။

“အမေပင်ပန်းနေတာကိုကြည့်ပြီး ဝမ်းနည်းတယ်။ အမေ့ကိုလည်း သနားတယ်။ ကျွန်မကိုယ်ကျွန်မလည်း သနားတယ်၊ ဒီနိုင်ငံရေးမဖြစ်ခင်က ကျွန်မ တခါမှ မကြားဖူးခဲ့တဲ့ မြေမြှုပ်မိုင်းကို ကျွန်မကိုယ်တိုင်ကြုံလိုက်ရပြီ” လို့ သူကပြောပါတယ်။

မြေမြှုပ်မိုင်းက ဖြတ်ယူသွားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ

မြေမြှုပ်မိုင်း

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, မြေမြှုပ်မိုင်း

အဲ့ဒီနေ့ကတော့ မြန်မာ့ဓလေ့သုံး မြန်မာသက္ကရာဇ် ၁၃၈၅ ဝါခေါင် လဆန်း ၆ ရက်ပါ။

၂၀၂၃ ခုနှစ် ဩဂုတ် ၂၂ ရက် ဖြစ်ပါတယ်။

အဲ့ဒီနေ့က မအေးသစ်နဲ့ သူ့ချစ်သူတို့ ဟာ သူတို့နေထိုင်ရာ ဒီပဲယင်းမြို့နယ်၊ ဝပါရွာကနေ ပတ်ဝန်းကျင်ကျေးရွာက ဈေးကို သွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်က ဆိုင်ကယ်တစ်စီးစီနဲ့ ပြန်လာကြရင်း မူးမြစ်ကူးတံတားနားမှာ မထင်မှတ်တဲ့၊ ဘယ်တော့မှ မမေ့တော့မယ့် ဖြစ်ရပ်တစ်ခုကို ရင်ဆိုင်လိုက်ကြရပါတယ်။

မအေးသစ် ချစ်သူကောင်လေးရဲ့ ဆိုင်ကယ်က ရှေ့ကအသွား သူက နောက်ကအလိုက်မှာ ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရပြီး တကိုယ်လုံး ပူထူသွားခဲ့ပါတယ်။ သူ့ကောင်လေးကလည်း ဆိုင်ကယ်နဲ့အတူ ခပ်ဝေးဝေးကို လွင့်ထွက်သွားတာကိုတွေ့လိုက်ရပါတယ်။

“မိုင်းက သူနင်းမိသလား ၊ ကျွန်မနင်းမိသလား မသိပါဘူး။ အသံကြီးက အကျယ်ကြီးပဲ၊ သူ့ကို ကျမက အော်ခေါ်နေတာ၊ ကျွန်မကဒဏ်ရာမရဘူးထင်လို့ ထ မယ်လို့ ကြည့်လိုက်မှ အောက်ပိုင်းမှာသွေးတွေအများကြီးပဲ။ အရိုးတွေမြင်နေရတယ်။ ခြေဖဝါးနှစ်ဖက်လုံး အသားတွေ မရှိတော့ဘူး။ ကောင်လေးကလည်း မလှုပ်နိုင်တော့ဘူး။” လို့ သူကပြောပါတယ်။

သတိဆက်တိုက်ရှိနေတဲ့ မအေးသစ်ဟာ ရွာကို ဖုန်းလှမ်းဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။ သိပ်မကြာခင်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ရောက်လာပြီးတော့ သူတို့နှစ်ယောက်ကို ထမ်းပြီးဆေးရုံကို ပို့ပေးကြပါတယ်။

“ဘယ်ဘက်ခြေထောက်ကို ဒူးဆစ်ကနေ ဖြတ်လိုက်ရတယ်။ ညာဘက်က ခြေချောင်းတွေလည်း ပြတ်သွားတယ်။ ယမ်းစတွေဝင်သွားလို့ ရင်ခေါင်းကနေ ဆီးခုံအထိ ခွဲရတယ်။ အူတစ်ထွာလောက်ဖြတ်ပစ်ရပြီးတော့ ပြန်ဆက်ရတယ်” လို့ သူကပြောပါတယ်။

မသန်စွမ်းစစ်ဘေးရှောင် မအေးသစ်

ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်များ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းညီနောင်များ

ဓာတ်ပုံ ပုံစာ, ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်များ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြေမြှုပ်မိုင်း မထိခင်တုန်းကတော့ လူငယ်တစ်ယောက်ဖြစ်တဲ့ မအေးသစ်ဟာ စစ်ကြောင်းလာလို့ စစ်ဘေးရှောင်ရင် အရေးကြီးပစ္စည်းတွေကို ကူညီထုတ်ပိုးပေးခဲ့သူပါ။ အခုတော့ မြေမြှပ်မိုင်းကြောင့် မသန်စွမ်းတစ်ယောက် ဖြစ်လာချိန်မှာတော့ သူက အကူအညီလိုအပ်သူတစ်ယောက် ဖြစ်လာရပါတယ်။

မိုင်းနင်းမိပြီးမှ သုံးခါ စစ်ဘေးရှောင်ခဲ့ရပြီး ကိုယ်ပိုင်လှည်းမရှိလို့ သူများလှည်းကို အကူအညီတောင်းပြီးပြေးကြရပါတယ်။

''ဂွန်ဒေါင်းရှိတဲ့သူကိုလည်း စစ်ပြေးရင် ကျွန်မကို လာခေါ်ပေးပါဆိုပြီး တစ်ခါပြေးရင် တစ်သောင်းခွဲပေးရတယ်။ သူများနေရာမှာ စစ်ဘေးရှောင်ရပြန်တော့လည်း ဒီလိုပုံစံကြီးနဲ့ သူများဆီမှာနေရတယ်။ အမေတို့လည်း ကျွန်မကြောင့်နဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်တယ်” လို့ သူကပြောပါတယ်။

မအေးသစ်ပြောပုံအရ သူ့မိသားစုဟာ စီးပွားရေးကျပ်တည်းတဲ့အခြေအနေပါ။ တစ်နေ့လုပ်မှ တစ်နေ့စားဖြစ်တာကြောင့် မိခင်ဖြစ်သူက မနက်အစောကြီး အလုပ်လုပ်ဖို့သွားခါနီးမှာ သမီးဖြစ်သူအတွက် ထမင်း၊ ဟင်း တွေကို အိပ်ရာနားမှာ ထားပေးခဲ့ပါတယ်။

နေ့လယ်ပြန်လာတဲ့အချိန်မှာတော့ သမီးဖြစ်သူရဲ့ ဆီးဝမ်းတွေသန့်ရှင်းရေးလုပ်ပေးရသလို အသက် ၈၇ နှစ်အရွယ် အဖွားဖြစ်သူကိုလည်း ဝေယာဝစ္စတွေလုပ်ပေးရပါတယ်။

“အမေအရမ်းပင်ပန်းတယ်။ စီးပွားရေးအတွက်လည်း အလုပ်လုပ်ရတယ်။ အလုပ်ကပြန်လာတော့လည်း ကျွန်မကို လုပ်ပေးရတယ်။ အရင် ကျွန်မနေကောင်းတုန်းက အဖွားကို ကျွန်မက အကုန်လုပ်ပေးတာ၊ အခုတော့ အမေပင်ပန်းတာကိုကြည့်ပြီး အရမ်းဝမ်းနည်းတာပဲ”ဆိုတဲ့ တုန်ရီနေတဲ့စကားသံတွေမှာ ရှိုက်သံတွေ ရောထွေးနေပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့တဝက်လောက် မြေမြှုပ်မိုင်းအန္တရာယ်ရှိနေ

တကယ်တော့ မအေးသစ်ဟာ မြန်မာနိုင်ငံမှာ ရာနဲ့ချီတဲ့ မြေမြှုပ်မိုင်းရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေထဲက တစ်ဦးမျှသာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ ကျော်ထဲက ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ကြုံတွေ့နေရတယ်လို့ Landmine & Cluster Munition Monitor မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့လက်နက်ပစ္စည်းများစောင့်ကြည့်လေ့လာရေးအဖွဲ့ကထုတ်ပြန်တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ် အစီရင်ခံစာအရ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက မြို့နယ်ပေါင်း ၁၀၀ အန္တရာယ် ကြုံတွေ့တာကနေ ၂၀၂၂ ခုနှစ်မှာ ၁၆၈ မြို့နယ်အထိ တိုးလာတာပါ။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ အယောက် ၂၈၀ ရှိခဲ့ပေမဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှာ ၃၆၈ ယောက်နဲ့ ၂၀၂၂ ခုနှစ်မှာ ၅၄၅ ယောက် ရှိပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ ကလေး ၁၂၄ ယောက်၊ အရွယ်ရောက်ပြီးသားသူ ၃၈၄ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်အရ သိရပါတယ်။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်တေွနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ နိုဝင်ဘာလက ထုတ်ပြန်ချက်မှာလည်း ၂၀၂၃ ခုနှစ် ပထမကိုးလတာ ကာလအတွင်း တစ်နိုင်ငံလုံး ထိခိုက်ခံစားရသူ ၈၅၈ ယောက်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ၃၇ ရာခိုင်နှုန်း၊ ရှမ်းမှာ ၁၂ ရာခိုင်နှုန်း၊ ပဲခူးမှာ ၁၀ ရာခိုင်နှုန်းရှိပြီး ဧရာဝတီ၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ တနင်္သာရီနဲ့ ရန်ကုန်အပါအဝင် ကျန်တဲ့နေရာတွေမှာတော့ ထိခိုက်ခံစားသူအရေအတွက် စုစုပေါင်းရဲ့ ၄၁ ရာခိုင်နှုန်းရှိတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်မှာဆိုရင်လည်း အာဏာသိမ်းပြီး သုံးနှစ်နီးပါး ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၂၀ ကျော် သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က စက်တင်ဘာမှာ ထုတ်ပြန်ထားတာပါ။

ဗီဒီယို ပုံစာ, ကရင်နီပြည်နယ်တွင်းက မြေမြှုပ်မိုင်းအန္တရာယ်

ဘယ်သူတွေ မြေမြှုပ်မိုင်းထောင်သလဲ

မိုးတေတံတားမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းလို့ TNLA ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, မိုးတေတံတားမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းလို့ TNLA ထုတ်ပြန်

မြေမြှုပ်မိုင်းတွေကို စစ်ကောင်စီက အသုံးပြုတာရှိသလို တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း အသုံးပြုကြပါတယ်။

စစ်ကောင်စီက မြေမြှုပ်မိုင်းတွေကို အများပြည်သူနေထိုင်တဲ့ ကျေးရွာတွေ၊ ဘုရားကျောင်းတွေ၊ နေအိမ်တွေ၊ ပြည်သူပိုင်အဆောက်အအုံတွေ၊ ဖုန်းတာဝါတိုင်တွေ၊ ရေနံနဲ့သဘာဝဓာတ်ငွေပိုက်လိုင်းတွေနားမှာ မိုင်းထောင်တာလို့ မြေမြုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စစ်ကောင်စီတပ်စခန်းတွေနဲ့ အခြေစိုက်နေရာဝန်းကျင်မှာ လုံခြုံရေးအတွက် မိုင်းထောင်ထားတာတွေရှိတယ်၊ မိုင်းတွေကို စာရင်းနဲ့မှတ်ထားပြီး စနစ်တကျ ပြန်လည်ဖြုတ်သိမ်းတယ်လို့ ဘီဘီစီကို ဖြေကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ အရပ်သားတွေ နေထိုင်၊ သွားလာရာနေရာတွေမှာ စစ်ကောင်စီက မိုင်းထောင်တယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ငြင်းဆန်ထားပါတယ်။

တော်လှန်‌ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီစစ်ကြောင်း လာနိုင်တဲ့ ကားလမ်း၊ တောလမ်း အပါအဝင် စစ်ကြောင်းထိုးနိုင်တဲ့နေရာတွေမှာ မိုင်းတွေထောင်ထားတယ်လို့လည်း ပြောကြပါတယ်။

“မိုင်းထောင်ထားတယ်၊ စစ်ကြောင်းတွေပြန်ရင်၊ တိုက်ပွဲတွေပြီးသွားရင် ပြန်ဖြုတ်တယ်။ မိုင်းတွေ ပြန်မဖြုတ်ခင် အချိန် ရွာတွေထဲ မိုင်းမရှင်းခင်အချိန် မပြန်ကြဖို့ ပြည်သူတွေကို သတိပေးတယ်”လို့ ပုလဲ၊ ဒီပဲယင်း မြို့နယ်တွေက တော်လှန်ရေးအဖွဲ့တွေကတညီတညွတ်တည်း ပြောပါတယ်။

အရင်က မြေမြှုပ်မိုင်းမရှိခဲ့တဲ့ ပုလဲမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အတွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း သေဆုံး ထိခိုက်သူ ၃၀ ဝန်းကျင်ရှိနေပါတယ်။

ကိုယ့်အိမ်၊ ကိုယ့်ယာ မပြန်ရဲအောင် မြေမြှုပ်မိုင်းကို ကြောက်နေရ

ချင်းပြည်နယ် ကန်ပက်လက်မှာ မြေမြှုပ်မိုင်း နင်းမိပြီးဆုံးပါးသွားတဲ့အမျိုးသား

ဓာတ်ပုံ ရင်းမြစ်, Chin World

ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ် ကန်ပက်လက်မှာ မြေမြှုပ်မိုင်းနင်းမိပြီးဆုံးပါးသွားတဲ့အမျိုးသား

မအေးသစ်နေထိုင်ရာ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်းလိုပဲ ချင်းပြည်နယ်ဟာလည်း စစ်အာဏာ မသိမ်းခင်က မြေမြှုပ်မိုင်း ဆိုတာကို အစိမ်းသက်သက် ရှိခဲ့တဲ့နေရာတွေပါ။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်လာတဲ့နောက်ပိုင်းမှာ မြေမြှုပ်မိုင်းအန္တရာယ်က ဒေသခံတွေအနားကို ရောက်ရှိလာပါတယ်။

စစ်ကြောင်းထိုးလို့ ထွက်ပြေးခဲ့ကြပြီး တချို့က နေအိမ်မှာရှိတဲ့ ပစ္စည်းတချို့ကို ပြန်ဝင်ယူတဲ့အချိန် တံခါးမှာ မိုင်းချိတ်ထားလို့ ပေါက်ကွဲတာတွေရှိခဲ့သလို ခြံဝန်းထဲမှာ ထောင်ထားတဲ့မိုင်းကို နင်းမိတာတွေလည်း ရှိခဲ့တယ်လို့ မိုင်းပညာ‌ပေးလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

“အခုဆို အိမ်ပြန်ချင်တယ်။ ကိုယ့်အိမ်ကို ပြန်ဝင်ချင်ရင်တောင်မှ အိမ်သွားတဲ့လမ်းမှာ မြေမြှုပ်မိုင်း ရှိနေမလား၊ လှေကားမှာများ ရှိနေမလား ကြောက်နေရတယ်၊ ကိုယ့်အိမ် ကိုယ့်ခြံထဲတောင် မဝင်ရဲတဲ့ဘဝတွေဖြစ်နေတာ။ မင်းတပ်မြို့တင်မကဘူး။ ဆင်ခြေဖုံးရပ်ကွက်တွေထဲပါ စိုးရိမ်ရတာ၊ တောထဲလည်း မသွားရဲကြဘူး”လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် မိုင်းပညာပေးနေတဲ့ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

မိုင်းတွေဟာ လူတွေမမြင်နိုင်တဲ့ မြေအောက်မှာရှိနေတဲ့အပြင် သက်တမ်းကုန်ဆုံးရက်မရှိတာကြောင့် ဘယ်အချိန်မှာ ဘယ်သူက မိုင်းနင်းမိပြီး အသက်သေဆုံးမလဲ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမလဲဆိုတာကို အချိန်တိုင်းလိုလို စိတ်ပူနေကြရပါတယ်။

ဒါပေမဲ့ မိုင်းနဲ့ပတ်သက်ပြီး ပညာပေးဖို့ကလည်း အခက်ခဲရှိနေတယ် လို့ သူက ပြောပါတယ်။

“အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး မိုင်းပညာပေးဖို့က လေကြောင်းရန်ကြောက်ရတယ်၊ လူစုလူဝေးဆိုရင် လေကြောင်းနဲ့လာပစ်တတ်လို့ လုံခြုံတဲ့နေရာမရှိဘူး။ စီမံကိန်းတွေ နဲ့သွားရတော့ လူဦးရေ၊ နေရာ၊ ရန်ပုံငွေ ကန့်သတ်ချက်ရှိတယ်။ မြေမြုပ်မိုင်းနဲ့ပတ်သက်လို့က ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးရဦးမှာ” လို့ သူက ပြောပါတယ်။

မြေမြှုပ်မိုင်းသုံးနေဆဲ မြန်မာနဲ့ ရုရှား

KNDF က တူးဖော်ထားတဲ့ မြေမြှုပ်မိုင်း

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, KNDF က တူးဖော်ထားတဲ့ မြေမြှုပ်မိုင်း

မြေမြှုပ်မိုင်းအသုံးပြုမှုပိတ်ပင်ရေးသဘောတူစာချုပ်ဟာ ၁၉၉၇ ခုနှစ်မှာ ပြဋ္ဌာန်းထားတာဖြစ်ပြီး အဲ့ဒီစာချုပ်မှာ နိုင်ငံပေါင်း ၁၆၄ နိုင်ငံက လက်မှတ်ရေးထိုးထားပါတယ်။ မြန်မာနဲ့ ရုရှားကတော့ လက်မှတ်ရေးထိုးတာမရှိတဲ့အပြင် မြေမြှုပ်မိုင်း တွေကို ပိုပြီးတောင် အသုံးပြုလာတယ်လို့ Landmine Monitor အဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ ထုတ်ပြန်ထားပါတယ်။

၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အထိ မြန်မာနိုင်ငံက မြေမြှုပ်မိုင်းအသုံးပြုတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာတော့ ရုရှားနိုင်ငံပါ ပါဝင်လာတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ မြန်မာ့ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံထုတ် မိုင်းတွေဖြစ်တဲ့ MM1, MM2, MM3, MM5, MM6 စတဲ့ မြေမြှုပ်မိုင်းတွေကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက သိမ်းဆည်းတာတွေရှိတယ်လို့ Landmine & Cluster Munition Monitor အဖွဲ့က ထုတ်ပြန်ထားတာပါ။

ခြေလက်တွေသာမက စိတ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်ခံစားကြရတဲ့ မြေမြှုပ်မိုင်း

တစ်ခါမှ အကျွမ်းတဝင်မရှိခဲ့ဖူးတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်နဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတချို့ ကိုယ်တိုင်ဆုံးရှုံးသွားသလို အတူဈေးသွားခဲ့တဲ့ ချစ်သူကောင်လေးကလည်း ခန္ဓာကိုယ်အောက်ပိုင်း လုံးဝလှုပ်မရတဲ့ အခြေအနေကို ခြောက်လကျော်ကြာတဲ့အထိ ခံစားနေကြရတုန်းပါပဲ။

အရင်က ကျောင်းပြီးသွားရင် စီးပွားရေးနုံချာလှတဲ့ မိဘတွေအတွက် တစ်ဖက်တစ်လမ်းကနေ အလုပ်လုပ်ပြီး ထောက်ပံ့မယ်လို့ ရည်ရွယ်ထားတဲ့ မအေးသစ်ဟာ အခုချိန်မှာ မိဘကို ပြန်အားကိုးနေရတဲ့ ဘဝကို ရောက်ခဲ့တဲ့အတွက် သူ့ကိုယ်သူ ယူကျုံးမရ ဖြစ်နေပါတယ်။

တဖက်မှာလည်း သူနေပြန်ကောင်းလို့ ခြေတုတပ်လို့ရခဲ့ရင် သူနိုင်သလောက် အလုပ်လေးတွေနဲ့ မိဘကို ကူညီမယ်လို့ အားတင်းထားပြန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအခြေအနေက ဘယ်တော့မှ ဖြစ်လာမလဲ မသိသေးသလို စစ်ဘေးရှောင်ရင်း ဘယ်အချိန် အသက်အန္တရာယ်ထိခိုက်မလဲဆိုတာကလည်း သူ့တင်းထားတဲ့ စိတ်တွေကို ယိမ်းယိုင်စေပြန်ပါတယ်။

“အားငယ်တယ်၊ ဘယ်သူတွေထောင်မှန်းမသိတဲ့မိုင်းတွေကြောင့် ခြေတွေ၊ လက်တွေဖြတ်ရတာ အများကြီး၊ တချို့ဆို အသက်ပါပါသွားတာ။ အခုဆို မိုင်းတွေက နေရာတိုင်းလိုလိုမှာရှိနေတာ။ နောက်ထပ် မိုင်းနင်းမိကြမှာကိုလည်းကြောက်တယ်။ အခုဆို သူငယ်ချင်းတွေကျောင်းတက်လို့လည်း ကိုယ့်မှာ မတက်နိုင်ဘူး။ အမေ့ကိုလည်းသနားတယ်။ ဝမ်းလည်းနည်းတယ်” လို့ သူကပြောပါတယ်။

မအေးသစ်လို ကိုယ်တိုင်မိုင်းအန္တရာယ်ထိခိုက်ခံစားကြရသူတွေသာမက မိဘနဲ့ အုပ်ထိန်းသူတွေပါ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေကြရပြီး သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာ အားပေး ကုသမှုတွေ လိုအပ်နေပါတယ်။

ထိခိုက်ခံစားရသူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ကုသမှုတွေလည်း လိုအပ်နေသေးတယ်လို့ မိုင်းအန္တရာယ် ပညာပေးနေသူတွေက ပြောကြပါတယ်။

ဖြေဆိုသူရဲ့ လုံခြုံရေးအရ သတင်းအရင်းအမြစ်ကို မအေးသစ် လို့ အမည်လွှဲ အသုံးပြုထားပါတယ်။