အောက်တိုဘာ ၁၉ ရက်နိုင်ငံတဝန်းသတင်းများအနှစ်ချုပ်- ကန်ချနာဘူရီနဲ့ မဲဆောက်မှာ မြန်မာ ၂၂၀ နီးပါးအဖမ်းခံရ

မဲဆောက်မှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, Tak Immigration

ဓာတ်ပုံ ပုံစာ, မဲဆောက်မှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်နဲ့ မဲဆောက်မြို့မှာ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၉ ရက်မှာ မြန်မာနိုင်ငံသား ၂၁၇ ဦး ဖမ်းမိတယ်လို့ ထိုင်းသတင်းဌာနတွေကနေ ရေးသားပါတယ်။

ကန်ချနာဘူရီခရိုင်ထဲကို ဝင်လာတဲ့ အသက်မပြည့်သေးတဲ့လူငယ်တွေအပါအဝင် တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၆၂ ဦးကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ထိုင်းစစ်တပ်အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ရေးပါတယ်။

ကန်ချနဘူရီခရိုင်ဟာ မြန်မာနိုင်ငံနယ်စပ်မြို့ ဘုရားသုံးဆူမြို့နဲ့ ဆက်ပြီး တည်ရှိပါတယ်။

အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၅၇ ဦးနဲ့ အသက် ၁၅ နှစ်ကနေ ၁၈ နှစ်အတွင်း ယောက်ျားလေး နဲ့ မိန်းကလေး ၁၁ ဦးတို့ အဖမ်းခံရတာလို့ သတင်းက ဆိုပါတယ်။

ဒီလူတွေဟာ ဘုရားသုံးဆူကနေ ရေလမ်းနဲ့ တောလမ်းစတဲ့ တရားမဝင် လမ်းကြောင်းတွေက တဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ပြီးနောက် နောက်ထပ်လာခေါ်မယ့် ပွဲစားကို စောင့်ဆိုင်းရင်း သစ်တောတွေထဲမှာ ပုန်းအောင်းနေချိန်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

အဲဒီ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံ စမွတ်ဆာခွန်၊ ဘန်ကောက်၊ ချွန်ဘူရီ၊ အယုဒ္ဓယ၊ ဆုန်ခလာ မှာ အလုပ်လုပ်ကြမယ့်သူတွေနဲ့ မလေးနိုင်ငံကို သွားမယ့်သူတွေပါဝင်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ကပ်လျက်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာလည်း အောက်တိုဘာ ၁၇ ရက် ည ၉နာရီက တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၅ ဦးကို ဖမ်းမိတယ်လို့ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မဲဆောက်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

ကာကွယ်ရေးအမြင်ရှိသူကို မဲပေးဖို့ ကိုးကိုးကျွန်းမှာ စစ်ခေါင်းဆောင်ပြော

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကိုကိုးကျွန်းတပ်နယ်က စစ်တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကိုကိုးကျွန်းတပ်နယ်က စစ်တပ်ဖွဲ့ဝင်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တို့တာဝန် အရေးသုံးပါးကို လိုက်နာပြီး ကာကွယ်ရေးအမြင်ရှိသူကို မဲပေးဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကိုးကျွန်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံချိန်ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ကိုရောက်နေတဲ့စစ်ခေါင်းဆောင်ဟာ ဇနီးဖြစ်သူနဲ့အတူ ကိုကိုးကျွန်းကို အောက်တိုဘာ ၁၈ ရက်မှာ သွားရောက်ချိန် အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်ရဲ့အကြံပေးသစ် ဖြစ်ခဲ့သူလည်းဖြစ်၊ လက်ရှိ စစ်ကော်မရှင်မှာ ဝန်ကြီးချုပ်ရာထူး ယူထားသူလည်းဖြစ်တဲ့ ဦးညိုစော တစ်ယောက် ကိုကိုးကျွန်းကနေ ပြည်သူ့လွှတ်တော်အမတ် နေရာ ဝင်ပြိုင်မယ့် သတင်းထွက်ပေါ်ပြီး သီတင်းပတ်အတွင်းမှာပဲ စစ်ခေါင်းဆောင်ရဲ့ အခုခရီးစဉ် ထွက်လာတာဖြစ်ပါတယ်။

ကိုကိုးကျွန်းဟာ ပထဝီအနေအထားကြောင့် နိုင်ငံ့လုံခြုံရေးအတွက် အရေးပါတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောရင်း ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်လို့ ကာကွယ်ရေးအမြင်ရှိသူကို မဲထည့်ဖို့ပါ ထည့်ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်မှာ တာဝန်ထမ်းဆောင်သူတွေ အားလုံးဟာ ကာကွယ်ရေးအမြင် ရှိဖို့လိုအပ်ပြီး တိုက်ပွဲဝင်ဖို့ အမြဲအဆင်သင့် ဖြစ်ဖို့ ကြိုတင်လေ့ကျင့်ထားဖို့ကိုလည်း စစ်ခေါင်းဆောင်က ကိုကိုးကျွန်း တပ်နယ်မိသားစုတွေနဲ့တွေ့ဆုံချိန်မှာ သူက ပြောသွားပါတယ်။

ကိုကိုးကျွန်းဟာ အရပ်သားကို ကူးပြောင်းပြီး ‌ရွေးကောက်ပွဲဝင်တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အစဉ်အဆက် မဲဆန္ဒနယ် ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရသက်ဆွေက ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ မဲဆန္ဒဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်နဲ့ စစ်တက္ကသိုလ် တစ်ပါတ်စဥ်တည်းဆင်းတဲ့ အငြိမ်းစားဗိုလ်ချုပ်အောင်သော် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။

ကိုကိုးကျွန်းမှာ လူဦးရေ တစ်ထောင်ကျော်သာရှိပြီး အားလုံးလိုလိုက စစ်တပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေပဲနေထိုင်ကြတာဖြစ်ပါတယ်။

အင်းတော်မှာ ပကဖ လက်ထဲ အမျိုးသားတစ်ဦးသေဆုံးမှု ဒုတာဝန်ခံကို စစ်ဆေးနေတယ်လို့ NUG ပြော

အင်းတော် ပကဖ စစ်ဆေးချိန်မှာ သေဆုံးသွားတဲ့သူ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အင်းတော် ပကဖ စစ်ဆေးချိန်မှာ သေဆုံးသွားတဲ့သူ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဆိုင်ကယ်ပျောက်မှုနဲ့ သံသယရှိခံရပြီး တဲ့နောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ဖမ်းဆီး စစ်ဆေးခံရတဲ့အမျိုးသားတစ်ဦး သေဆုံးမှုကို စုံစမ်းစစ်ဆေးနေပြီလို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ ဒေသခံအမျိုးသား သေဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူလို့ မှတ်ယူထားတဲ့ မြို့နယ် ဒုတာဝန်ခံကို စစ်ဆေးနေတယ်လို့လည်း သူက ပြောပါတယ်။

အင်းတော်မြို့နယ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့နယ် ဖြစ်ပါတယ်။

"တာဝန်ရှိသူ ပကဖ ဒုတာဝန်ခံ ကိုထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်"လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အင်းတော်မြို့နယ်ထဲ ဆိုင်ကယ်ပျောက်မှုတစ်ခုမှာ မော်တိတ်ကျေးရွာက ကိုဇော်ထွေးကို သံသယရှိတာကြောင့် စစ်ဆေးမယ်ဆိုပြီး မြို့နယ် ပကဖ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၁ ရက် ည ၈ နာရီခွဲလောက်မှာ လာခေါ်သွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

အဲဒီလို ခေါ်သွားပြီး ၅ နာရီဝန်းကျင်အကြာ အောက်တိုဘာ ၁၂ ရက် မနက် ၁ နာရီမှာ ကိုဇော်ထွေး သေဆုံးသွားပြီဖြစ်လို့ အလောင်းလာထုတ်ဖို့ မိသားစုကို လူကြုံနဲ့ အကြောင်းကြားလာတယ်လို့ သူက ပြောပါတယ်။

ဒါ့ကြောင့် မိသားစုဝင်တွေက အောက်တိုဘာ ၁၂ ရက် မနက် ၁၀ နာရီခွဲလောက်မှာ အလောင်းသွားထုတ်ခဲ့ကြရပါတယ်။

"ခေါင်းမှာ ဒဏ်ရာအနက်ကြီးတစ်ခုတွေ့ရတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ညိုမည်းနေတယ်။ ကပ်နေတဲ့ ညိုမည်းဒဏ်ရာ သုံးခုတွေ့တယ်"လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

သေဆုံးသူ ကိုဇော်ထွေးဟာ အသက် ၃၈ နှစ်အရွယ် ဖခင်တစ်ယောက်ဖြစ်ပြီး ဇနီးဖြစ်သူ၊ အသက် ၅ နှစ်အရွယ်နဲ့ ၈ နှစ်အရွယ် သားဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။

ကိုဇော်ထွေးကို အောက်တိုဘာ ၁၂ ရက်မှာပဲ သင်္ဂြုဟ်လိုက်ကြပါတယ်။

သံသယရှိသူကိုဇော်ထွေး အခုလို စစ်မေးချိန်မှာ သေဆုံးခဲ့မှုကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူအကြား အထင်လွဲစရာ မဖြစ်အောင် ကျူးလွန်သူကို ဖြစ်ရပ်အမှန်ပေါ်ပြီး ကျူးလွန်တဲ့သူကို ထိုက်တန်တဲ့ပြစ်ဒဏ်ရဖို့ လိုလားတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။

လေးကေ့ကော်က စွယ်တော်ကုန်းစခန်းကို စစ်တပ်ပြန်ထိန်းချုပ်

KNLA သိမ်းပိုက်ချိန်ကတွေ့ရတဲ့ စွယ်တော်ကုန်း

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, KNLA သိမ်းပိုက်ချိန်ကတွေ့ရတဲ့ စွယ်တော်ကုန်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးက စွယ်တော်ကုန်းစခန်းကို အောက်တိုဘာ ၁၈ ရက်မှာ စစ်တပ်က ပြန်ထိန်းချုပ်ပြီလို့ မြေပြင်အခြေအနေသိရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

KNLA နဲ့ ပူးပေါင်းတပ်တွေက အဲဒီစခန်းကုန်းကို ထိန်းချုပ်ပြီး တနှစ်ပြည့်ချိန်မှာ စစ်တပ်က မြဝတီတောင်ပိုင်းကို စစ်ကြောင်းထိုး ဖြန့်ကြက်အပြီး အခုလို ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လေးကေ့ကော်မြို့သစ်ကို မြဝတီမြို့စောင့်တပ်ကနေ ထွက်လာတဲ့စစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းစစ်ကြောင်းက အောက်တိုဘာ လဆန်းကစပြီး အင်အားသုံး ထိုးစစ်ဆင်ခဲ့တာလို့ သိရပါတယ်။

"စွယ်တော်ကုန်းကိုလည်း စစ်တပ်က ထိန်းချုပ်ထားတယ်။ လေးကေ့ကော်က ရပ်ကွက် ၄ ကိုလည်း စစ်တပ်ဝင်လာတယ်။ ဒီစစ်ကြောင်းမှာက လေကြောင်းလည်းမလာဘူး။ ဒရုန်းလည်း မပျံဘူး။ ဒရုန်းပျံလို့ ထိုင်းဘက်ကိုရောက်ရင် ထိုင်းစစ်တပ်ကလည်း ဒရုန်းကာကွယ်ရေးစနစ်တွေနဲ့ ပစ်ချဖို့ အဆင်သင့်ရှိနေတယ်"လို့ KNLA စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

စွယ်တော်ကုန်းစခန်းနဲ့ မြို့သစ်ရပ်ကွက်တချို့ကိုသာ စစ်တပ်က ပြန်ထိန်းချုပ်နိုင်ပေမဲ့ လေးကေ့ကော် တမြို့လုံးကို ထိန်းချုပ်နိုင်တာ မဟုတ်သေးဘူးလို့လည်း သိရပါတယ်။

စွယ်တော်ကုန်းကို စစ်တပ်က ၂၀၀၃ ခုနှစ်မှာ ထိုင်း-မြန်မာနယ်ခြား စစ်စခန်းအဖြစ် တပ်စွဲပြီး ကရင်ပြည်နယ် အခြေစိုက် တပ်မ ၂၂ ၊ မွန်ပြည်နယ် အခြေစိုက် တပ်မ ၄၄ အပြင် ကမ်းရိုးတန်းတိုင်းလက်အောက်ခံ တပ်ရင်းတွေ တပ်ထိုင်ထားတဲ့ စစ်စခန်းအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။

မြဝတီတစ်မြို့လုံးကို အပေါ်စီးက မြင်ရလို့ စစ်တပ်အတွက် စစ်ရေးဗျူဟာအရ အထူးအရေးပါခဲ့တဲ့ စစ်စခန်းလည်း ဖြစ်ပါတယ်။

AI သုံးပြီး သဘာဝဓာတ်ငွေ့ထုတ်ယူဖို့ စစ်ကော်မရှင်နဲ့ ရုရှား စီစဉ်

ရုရှားစွမ်းအင်ဝန်ကြီးနဲ့ မြန်မာစစ်ကော်မရှင် စွမ်းအင်ဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ရုရှားစွမ်းအင်ဝန်ကြီးနဲ့ မြန်မာစစ်ကော်မရှင် စွမ်းအင်ဝန်ကြီး

ဉာဏ်ရည်တုနည်းပညာ(AI)သုံးပြီး ပါးလွှာသဲကြောတွေကနေ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ရှေ့ပြေး စီမံကိန်းကို စစ်ကော်မရှင် စွမ်းအင်ဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံပိုင် JSC RosGeo ကုမ္ပဏီကြား လုပ်ငန်းသဘောတူ စာချုပ်လက်မှတ်ရေးထိုးတယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပတဲ့ ၈ ကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်(REW) ကို ရောက်ရှိနေတဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နဲ့ ရုရှားတို့ အောက်တိုဘာ ၁၇ ရက်က လက်မှတ်ရေးထိုးတာလို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ဉာဏ်ရည်တုနည်းပညာ(AI)သုံးပြီး ပါးလွှာသဲကြောတွေက သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ရှေ့ပြေးစီမံကိန်းကို မြန်မာနိုင်ငံ၊ ရန်ကုရန်ကုန်တိုင်း၊ အဖျောက် သဘာဝဓာတ်ငွေ့မြေရဲ့ တွင်း ၅ တွင်းမှာ ထုတ်လုပ်မှာပါ။

ဒီစီမံကိန်းဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ အထွက်တိုး ထုတ်လုပ်ရေးလုပ်ငန်းမှာ AI နည်းပညာသုံးပြီး ပထမဆုံး ဆောင်ရွက်တာလည်း ဖြစ်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

AI နည်းပညာသုံးပြီး အကျိုးဖြစ်ထွန်းတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့မြေ အပါအဝင် မြေအောက် သယံဇာတရှာဖွေ ထုတ်လုပ်၊ တူးဖော်ရေးလုပ်ငန်းတွေကို စီမံခန့်ခွဲနိုင်ဖို့ကိုလည်း စစ်ကော်မရှင် စွမ်းအင်ဝန်ကြီးနဲ့ ရုရှား JSC RosGeo ကုမ္ပဏီကြား ဆွေးနွေးခဲ့ကြပါတယ်။

စီမံကိန်း စတင်မယ့်ကာလနဲ့ အကျိုးအမြတ် ခွဲဝေမှုတွေကိုတော့ ထုတ်ပြန်တာ မတွေ့ရပါဘူး။

စစ်တပ်ဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ဝင်ငွေ ရရှိနေတာကြောင့် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

မြန်မာ့အာဏာသိမ်း စစ်တပ်ကလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရင်းအမြစ်တွေကို အာရုံစိုက် ရှာဖွေနေပြီး စင်ကာပူအခြေအစိုက် Canadian Foresight Group ကုမ္ပဏီကို တနင်္သာရီကမ်းလွန်က လုပ်ကွက်တွေမှာ ဒီနှစ်ကုန်ကစပြီး တူးဖော်ခွင့်ပေးထားပါတယ်။

ဒါ့အပြင် မင်းရဲသူ စီမံကိန်းလို့ နာမည်ပေးထားတဲ့ မုတ္တမကမ်းလွန်က M-10 လုပ်ကွက်ကို ထိုင်းနိုင်ငံသားပိုင် Gulf Petroleum Myanmar GPM ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားပါတယ်။

စစ်ကောင်စီ ဟာ မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နှစ်စဉ် ဒေါ်လာ ၁ ဘီလျံကျော် ရရှိနေပြီး၊ ၂၀၂၃ ခုနှစ် ပထမလတွေကနေ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်းရရှိခဲ့တယ်လို့ စစ်တပ် ဝင်ငွေနဲ့ လှုပ်ရှားမှုကို စောင့်ကြည်တဲ့ Justice For Myanmar က ဖော်ပြပါတယ်။

နမ့်ဆန်မြို့နယ်ထဲ စစ်တပ် ဗုံးကြဲမှု အမျိုးသမီးအများစုအပါအဝင် ၆ ဦးသေဆုံး

လေကြောင်းဗုံးကြဲတာကြောင့် ကွမ်ဟယ်ရွာက သေဆုံးသူတွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လေကြောင်းဗုံးကြဲတာကြောင့် ကွမ်ဟယ်ရွာက သေဆုံးသူတွေ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ရွာ ကို စစ်တပ်က အောက်တိုဘာ ၁၈ ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲ တာကြောင့် ဒေသခံ ၆ ဦး သေဆုံးတယ်လို့ အခြေအနေတွေကို သိရှိတဲ့တအာင်းဒေသခံက ပြောပါတယ်။

ကွမ်ဟယ်ရွာ ဗုံးကြဲခံရမှုမှာ သေဆုံးသူတွေဟာ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦးဖြစ်ပြီး နောက်ထပ် လူ ၈ ဦး ဒဏ်ရာရတယ်လို့လည်း သူက ပြောပါတယ်။

"၅ မိနစ်လောက်ခြားပြီး လေကြောင်းဗုံးကြဲသွားတာ။ ရွာလည်ကျတာ၊ တောင်ပေါ်ဒေသဆိုတော့ မြေပြန့်ရှိတဲ့နေရာမှာ အိမ်တွေစုပြီး ဆောက်ထားတဲ့နေရာကို ဗုံးကျတာ။ ပိုဆိုးတာပေါ့။ ဒဏ်ရာရတဲ့အထဲက အဖွားတစ်ယောက်က ဒဏ်ရာပြင်းထန်တယ်။ ၄ နှစ်အရွယ် ကလေးလည်းဒဏ်ရာရတယ်။ အကုန်လုံး ဆေးကုသမှု ခံယူနေရတယ်"လို့ သူကပြောပါတယ်။

ဒါအပြင် မနေ့ညပိုင်းမှာပဲ ၅ မိနစ်ပဲခြားပြီး ကျောက်မဲမြို့နယ် ၁၁ မိုင်ရွာကို ည ၈ နာရီ ၄၀ အချိန်မှာ စစ်တပ်က ကြဲလိုက်တဲ့ဗုံးဟာ ဘုန်းကြီးကျောင်းပေါ် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် သံဃာ ၂ ပါး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့ကို စစ်တပ်က အောက်တိုဘာ လဆန်းမှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ကျောက်မဲမြို့နယ်ထဲက ၁၁ မိုင်အပါဝင် ကျေးရွာတချို့ကိုတော့ တအာင်းတပ်(TNLA) က ထိန်းချုပ်ထားတာပါ။

အောက်တိုဘာ ၁၇ ရက်ကလည်း နမ့်ဆန်မြို့နယ်၊ ဟိုမိန်းရွာကို လေကြောင်းဗုံးကြဲလို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တအာင်းတပ် (TNLA) ထိန်းချုပ်တဲ့ ဒေသတွေကို အောက်တိုဘာ ၁ ရက်ကနေ ၁၇ ရက်အတွင်း လေကြောင်းဗုံးကြဲမှုပေါင်း ၂၇ ကြိမ်ရှိပြီး ကလေး ၇ ဦးအပါအဝင် လူ ၃၀ ကျော် သေဆုံးသလို နောက်ထပ် လူ ၄၀ ဒဏ်ရာရတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

အဲဒီဗုံးကြဲမှုတွေအတွင်း နေအိမ်ပေါင်း ၁၁၀ ကျော်၊ စာသင်ကျောင်း ၃ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးတယ်လို့လည်း သိရပါတယ်။

ကျားဖြန့်လုပ်တယ်လို့ စွပ်စွဲခံရသူ တောင်ကိုရီးယား ၆၀ ကျော်ကို ကမ္ဘောဒီးယားလွှဲ

 ကျားဖြန့်လုပ်တယ်လို့စွပ်စွဲခံရသူတွေကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ ထိန်းသိမ်းတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကျားဖြန့်လုပ်တယ်လို့စွပ်စွဲခံရသူတွေကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ ထိန်းသိမ်းတဲ့မြင်ကွင်း

ကမ္ဘောဒီးယားနိုင်ငံထဲက ကျားဖြန့်လို့ခေါ်တဲ့အွန်လိုင်းငွေလိမ်လုပ်ငန်း စင်တာတွေမှာ ပါဝင်တယ်လို့ စွပ်စွဲခံရပြီး ထိန်းသိမ်းထားတဲ့ လူပေါင်း ၆၀ ကျော်ကို ကမ္ဘောဒီးယားက လက်ထိပ်တွေခတ်ပြီး တောင်ကိုရီးယားကို လွှဲလိုက်ပါတယ်။

ကျားဖြန့်စင်တာတွေမှာ ကိုရီးယားနိုင်ငံသားတွေ ပြန်ပေးဆွဲခံနေရတာကို ဖြေရှင်းဖို့ တောင်ကိုရီးယားက အဖွဲ့တစ်ဖွဲ့ကို ကမ္ဘောဒီးယားကို လွှတ်အပြီး ရက်အတော်အကြာမှာပဲ အခုလွှဲပြောင်းမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီလူတွေကို သီးသန့်လေယာဉ်နဲ့ လွှဲပြောင်းခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်မှာ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ကို ရောက်ပြီဖြစ်ပါတယ်။

ဒီလူတွေဟာ ကုလခန့်မှန်းချက်အရ သင့်တင့်တဲ့အလုပ်ရမယ်လို့ လှည့်ဖြားခံရပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှတလွှား ပျံ့နှံ့နေတဲ့ကျားဖြန့်လုပ်ငန်းတွေမှာ အလုပ်စေခိုင်းခံရတဲ့ လူ ၂ သိန်းနီးပါးထဲမှာ ပါဝင်နေပါတယ်။

တောင်ကိုရီးယားကျောင်းသားတစ်ဦး ကျားဖြန့်မှာ လိမ်လည်၊ နှိပ်စက်ခံရပြီး သေဆုံးတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ တောင်ကိုရီးယားအရာရှိတွေ ကမ္ဘောဒီးယားကို သွားခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။

လူ ၆၀ ကျော်မှာ ၅၉ ယောက်က ကျားဖြန့်နဲ့ဆက်နွှယ်သူဖြစ်ပြီး နောက် ၅ ဦးကတော့ တခြား ရာဇဝတ်မှုတွေနဲ့ လွှဲပြောင်းခံရတာဖြစ်ပါတယ်။

ဒီလူတွေ အများစုဟာ ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ နှိမ်နင်းရေးမှာ ဖမ်းမိတာဖြစ်ပြီး ၅ ဦးကတော့ ကွန်ရက်ကနေ ထွက်ပြေး လွတ်မြောက်အပြီးမှာ သူတို့ဘာသာ လာရောက်အဖမ်းခံတာလို့ ဘီဘီစီကိုရီးယားဘာသာစကားဌာနက သတင်းဖော်ပြပါတယ်။

အခုတော့ လေဆိပ်ကနေ သူတို့ကို သက်ဆိုင်ရာရဲစခန်းကို ခေါ်သွားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ရှိပါတယ်။

ဒီလူတွေကို လေယာဉ်ပေါ် တက်ပြီးပြီးချင်းမှာပဲ တောင်ကိုရီးယားအာဏာပိုင်တွေက ဖမ်းလိုက်တာလို့ အရာရှိတွေကို ကိုးကားပြီး AFP သတင်းဌာနက သတင်းဖော်ပြပါတယ်။

တောင်ကိုရီးယားဥပဒေအရ နိုင်ငံပိုင် လေကြောင်းလိုင်းလေယာဉ်ဟာ တောင်ကိုရီးယားနယ်မြေပိုင်နက်လို့ မှတ်ယူတာကြောင့် ရဲတပ်ဖွဲ့က ဒီလူတွေကို လေယာဉ်ပေါ်မှာပဲ တခါတည်း ဖမ်းဝရမ်း ထုတ်တာဖြစ်ပါတယ်။