သိန္နီမြို့က စစ်တပ်နဲ့ ကိုးကန့်အတွက် ဘယ်လောက်အရေးပါလဲ

MNDAA ထိပ်ပိုင်းခေါင်းဆောင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, MNDAA ထိပ်ပိုင်းခေါင်းဆောင်တချို့ (ပုံဟောင်း)

မြန်မာစစ်တပ်က တရုတ်အကူအညီနဲ့ လားရှိုးမြို့ကို ပြန်ရပြီးနောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ သိန္နီမြို့ကိုပါ ပြန်လိုချင်နေပါတယ်။

ပြီးခဲ့တဲ့ ၂ လအတွင်း သိန္နီမြို့အတွက် စစ်ကော်မရှင်နဲ့ ကိုးကန့်တပ်တို့ကြား တွေ့ဆုံညှိနှိုင်းမှု ၅ ကြိမ်အထိ ရှိခဲ့တယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့တုန်းက နောက်ဆုံးတွေ့ဆုံထားကြတာပါ။

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့ စစ်ခေါင်းဆောင်က တရုတ်ခရီးစဉ်အတွင်းမှာ တရုတ်ကို တိုက်တွန်းခဲ့ပြီး အဲဒီလိုပြန်စနိုင်ဖို့ သိန္နီမြို့က အရေးပါတဲ့နေရာမှာရှိနေပါတယ်။

သိန္နီဒေသကို လားရှိုးလိုမျိုး ကိုးကန့်ထပ်ပြီး လက်လွှတ်ရမယ်ဆိုရင် ကုန်သွယ်ရေးအတွက်တင်မဟုတ်ဘဲ ရှမ်းမြောက်ဒေသတွေပြန်ရဖို့ မြန်မာစစ်တပ်အတွက် ထိုးစစ်တွေ ထပ်ပွင့်သွားမယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်နေကြပါတယ်။

သိန္နီကို ဖြတ်ရမယ့် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်း

သိန္နီမြို့နယ်ထဲမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်ကားတချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay

ဓာတ်ပုံ ပုံစာ, သိန္နီမြို့နယ်ထဲမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်ကားတချို့ (ပုံဟောင်း)

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကတည်းက သိန္နီမြို့ကို ကိုးကန့်တပ်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စစ်တပ် တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း ဩဂုတ်လမှာ ကိုးကန့်တပ်က သိမ်းခဲ့ပါတယ်။

ဒါပေမဲ့ လားရှိုးမြို့ကိုတော့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅ ခုနှစ် ဧပြီလမှာပဲ ကိုးကန့်က စစ်တပ်လက်ထဲကို ပြန်လွှဲပေးခဲ့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်တပ်ပြန်တောင်းနေတဲ့ သိန္နီမြို့ဟာ တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းတွေအတွက် အခရာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

သိန္နီခရိုင်အတွင်း မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးအတွက် ကိုးကန့်တပ်ရဲ့ အခွန်ဌာနက စစ်ဆေးရေးဂိတ် ၆ ခုဖွင့်ထားပြီး ကုန်စည်တွေ ၂၄ နာရီဖြတ်သန်းကုန်သွယ်နိုင်အောင် ဆောင်ရွက်ထားတယ်လို့ ကိုးကန့်တပ်(MNDAA) က ဩဂုတ်လမှာ သတင်းထုတ်ပြန်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်စခန်းက အကြီးဆုံးကုန်သွယ်ဂိတ်ဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်ဂိတ်က ဒုတိယအကြီးဆုံးဂိတ်ဖြစ်ပါတယ်။

အဲဒီကုန်သွယ်ရေးစခန်းနှစ်ခုလုံးကိုသွားဖို့ဆိုရင် သိန္နီမြို့နယ်ကို မဖြစ်မနေ ဖြတ်သန်းရမှာဖြစ်ပါတယ်။

လားရှိုးမြို့ကို စစ်တပ်က ပြန်ရခဲ့ပေမယ့် ရှမ်းမြောက်ကနေ တရုတ်အထိ ကုန်သွယ်လမ်းပြန်ပွင့်ဖို့အတွက် သိန္နီမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ဖို့လိုပါတယ်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်စခန်းကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ပူးပေါင်း ထိန်းချုပ်ထားတာဖြစ်ပြီး ချင်းရွှေဟော် နယ်စပ်ဂိတ်ကိုတော့ ကိုးကန့်တပ် (MNDAA) တစ်ခုတည်းက ထိန်းချုပ်ထားပါတယ်။

"မူဆယ် ၁၀၅ မိုင်ဂိတ်ကို ပြန်တောင်းရင် သုံးဖွဲ့လုံးနဲ့ စကားပြောရမယ်၊ ချင်းရွှေဟော်ဂိတ်ကို သုံးမယ်ဆိုရင်တော့ ကိုးကန့်တပ်တစ်ခုတည်းနဲ့ပဲ ဆက်ညှိရတဲ့သဘောပေါ့" လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ထောက်ပြပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲမှာ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA) နဲ့ အာရက္ခတပ်တော်(AA) တို့ ပါဝင်ပါတယ်။

ဒါကြောင့် မူဆယ်၁၀၅ မိုင်ကို လက်လွှတ်ထားရတဲ့ စစ်ကော်မရှင်က လားရှိုး-သိန္နီ-ချင်းရွှေဟော်လမ်းကြောင်းကနေ တရုတ်နဲ့ကုန်သွယ်ရေးပြန်စနိုင်ဖို့ သိန္နီမြို့ပြန်ပေးရေးကိုးကန့်တပ်ကို အကြိမ်ကြိမ်တောင်းဆိုနေတာလို့ ကိုးကန့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ကွမ်လုံကြိုးတံတားသစ်ကို ဖွင့်လှစ်လိုက်တဲ့အတွက် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက အရင်ထက်ပိုလမ်းသာလာပါတယ်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်စခန်းရဲ့ နေ့စဉ်ကုန်သွယ်တန်ဖိုးက အမေရိကန်ဒေါ်လာ ၆ သန်းခွဲကျော်ရှိတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ(ISP Myanmar) က ဖော်ပြခဲ့ပါတယ်။

လားရှိုး-သိန္နီလမ်းကြောင်းကနေ ကုန်သွယ်မယ့် ဒုတိယအကြီးဆုံး နယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်ဂိတ်ကတော့ အရင်က နေ့စဉ်ကုန်သွယ်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ သန်းကျော်ရှိခဲ့တယ်လို့ ISP Myanmar ရဲ့ သုတေသန အချက်အလက်တွေအရ သိရပါတယ်။

ချင်းရွှေဟော်ဂိတ်အပါအဝင် ကိုးကန့်ဒေသထဲက နယ်စပ်ကုန်သွယ်ဂိတ်တွေကို စစ်တပ်နဲ့ ကိုးကန့်အပစ်ရပ်သဘောတူညီချက်ထွက်ပြီးတဲ့နောက်ပိုင်းမှာ တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ကိုးကန့်ထိန်းချုပ် ဂိတ်တွေကနေ ကုန်သွယ်တဲ့အခါ သွင်းကုန်ရောပို့ကုန်အတွက်ပါ ကုန်အမျိုးအစား၊ ကုန်ပမာဏတွေကို တရုတ်က သတ်မှတ်ခွင့်ပြုထားတဲ့ ဘောင်ထဲကနေသာ အကန့်အသတ်တွေနဲ့ ရောင်း၊ ဝယ်နေရတယ်လို့ ကုန်သည်တချို့က ရှင်းပြပါတယ်။

သိန္နီမြို့မပေးရရေး ကိုးကန့်ဘယ်လိုကြိုးပမ်းနေလဲ

MNDAA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, The Kokang

သိန္နီမြို့ပြန်ပေးဖို့ စစ်တပ်ရဲ့ တောင်းဆိုချက်တွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာပထမအပတ်အတွင်း စစ်တပ်နဲ့ ကိုးကန့်တပ်တို့ ၄ ကြိမ်ညှိနှိုင်းခဲ့ပေမယ့် ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့တယ်လို့ ဒီအခြေအနေကို သိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

ဒါပေမဲ့ ကိုးကန့်ဘက်က လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်ဖမ်းဆီးရမိခဲ့တဲ့ မြန်မာစစ်သား ၈ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

"အရာရှိအဆင့်တော့ မပါဘူး။ တပ်သားအဆင့်လောက်တွေကိုပဲ ပြန်လွှတ်ပေးတာ" လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က စစ်တပ်မပါတဲ့ တရုတ်နဲ့ ကိုးကန့် ဆွေးနွေးမှုမှာ တရုတ်ကမကထလုပ်ခဲ့တဲ့ အပစ်ရပ်စာချုပ်အတိုင်း ရှမ်းမြောက်မှာ ကိုးကန့်ရဲ့ ထိုးစစ် ဆက်ရပ်ထားမှာဖြစ်သလို စစ်တပ်ကိုလည်း ကိုးကန့်တပ်ရဲ့ ထိန်းချုပ်မြို့တွေ ဆက်မတောင်းရေး တရုတ်က အသိပေးသွားမယ်ဆိုတဲ့ ရလဒ်ထွက်လာတယ်လို့ ကိုးကန့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ကိုးကန့်နဲ့ စစ်တပ်တို့ရဲ့ အပစ်ရပ်စာချုပ်ကို တရုတ်ကြားဝင်စေ့စပ်မှုနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလထဲမှာ ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နဲ့ ကိုးကန့်တပ် နှစ်ဖက်တွေ့ဆုံမှုကို ကိုးကန့်တပ်ဘက်က စတင်ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။

စစ်တပ်နဲ့ ကိုးကန့်တပ်တွေ့ဆုံမှုတိုင်းမှာ ကိုးကန့်တပ်ကို သိန္နီဒေသကစလို့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကတည်းက သိမ်းယူခဲ့တဲ့ လောက်ကိုင်မြို့အထိ တဖြည်းဖြည်းပြန်ဆုတ်သွားဖို့ စစ်ကော်မရှင်က ဆန္ဒရှိတယ်လို့ သူက ရှင်းပြပါတယ်။

"လောက်ကိုင်ဒေသအထိ ပြန်ဆုတ်ပေးမယ်ဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှမ်းမြောက်တကြောမှာ လျော့သွားမယ်"လို့ စစ်တပ်က အသံလွှင့်ခဲ့တဲ့အကြောင်း သူက ဆိုပါတယ်။

မြန်မာစစ်တပ် လားရှိုးမြို့ကို ပြန်ရချိန်တုန်းကလည်း တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းကိုယ်တိုင် လားရှိုးမြို့လယ်အနီးက ဆင်နှစ်ကောင်ဟိုတယ်အထိ ရောက်လာခဲ့ပြီး စစ်တပ်ထံ မြို့အုပ်ချုပ်ရေးယန္တရားတွေ လွှဲပြောင်းပေးဖို့အထိ ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ကိုးကန့်တပ်နဲ့ တရုတ်နှစ်ဖက်တွေ့ဆုံမှုမှာတော့ တရုတ်ဘက်က ကိုးကန့်တပ်ကို သိန္နီမြို့ကို အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အချက်အလက်တချို့ ယူလာခဲ့ဖို့ သတင်းပါးတဲ့အကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

မြို့အုပ်ချုပ်ရေးပိုင်းမှာ စနစ်တကျလည်ပတ်မှု ရှိမရှိနဲ့ သိန္နီဒေသက လူထုတွေအနေနဲ့ ကိုးကန့်ရဲ့ အုပ်ချုပ်မှုအပေါ် ထားတဲ့ သဘောထားတွေကို တရုတ်က သိချင်နေတယ်လို့ သူကပြောပါတယ်။

"ကိုးကန့်တပ်အပေါ် လူထုဆန္ဒနဲ့ ကြုံနေရတဲ့ အခက်အခဲကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်တွေကို တရုတ်က ယူလာခိုင်းခဲ့တယ်" လို့ သူက ဆိုပါတယ်။

အလားတူ ကိုးကန့်တပ် အရင် လားရှိုးမြို့ ကို အုပ်ချုပ်ခဲ့တဲ့ အချိန်တုန်းကလည်း ကိုးကန့်တပ်အပေါ်ထားတဲ့ လူထုရဲ့ သဘောထားနဲ့ ဆန္ဒတချို့ကို တရုတ်ကိုယ်စားလှယ်အဖွဲ့က မေးမြန်းသွားတာရှိတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ကိုးကန့်တပ်က သိန္နီမြို့နဲ့ ပတ်သက်လို့ ဒေသတွင်းအုပ်ချုပ်ရေးအပြင် စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေကို ကိုးကန့်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဆက်တိုက်ထုတ်ပြန်နေပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းမှာ သိန္နီခရိုင်က မူဆယ်နဲ့ ချင်းရွှေဟော်မြို့တို့ကို ဆက်သွယ်ပေးထားတဲ့ ဆက်သွယ်ရေးဗဟိုချက်နေရာဖြစ်တာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းအဆင်ပြေအောင် ဆောင်ရွက်ပေးနေတယ်လို့ ကိုးကန့်တပ်က ဩဂုတ်လမှာ ထုတ်ပြန်ထားပါတယ်။

လမ်းတံတားအခကြေးငွေနဲ့ အခွန်တွေကို ကောက်ခံတဲ့နေရာမှာလည်း ဥပဒေနဲ့အညီကောက်ခံပြီး လမ်းပန်းဆက်သွယ်ရေးအဆောက်အအုံတွေကို ထိန်းသိမ်းဆောင်ရွက်နေတဲ့အကြောင်း ထုတ်ပြန်ချက်ကတဆင့် ကိုးကန့်တပ်က အသိပေးပါတယ်။

လက်ရှိမှာ သိန္နီခရိုင်ကတဆင့် တရုတ်ဘက်ကို စပါး၊ ပဲမျိုးစုံထုတ်ကုန်နဲ့ တိရစ္ဆာန်တွေတင်ပို့တဲ့ ကုန်တင်ယာဉ်တွေဖြတ်သန်းတာ လစဉ် အကြိမ်ရေ ထောင်နဲ့ချီရှိတယ်လို့ ကိုးကန့်တပ်က ပြောပါတယ်။

တရုတ်ဘက်ကနေလည်း လူသုံးကုန်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို တင်သွင်းနေတယ်လို့ ကိုးကန့်တပ်က ပြောထားပါတယ်။

သိန္နီက စစ်ရေးအရ ဘယ်လိုအရေးပါလဲ

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၃ ဦး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Arakan Army

ဓာတ်ပုံ ပုံစာ, မြောက်ပိုင်းညီနောင် ၃ ဖွဲ့

သိန္နီမြို့ပြန်ပေးရေး စစ်တပ်အကြိမ်ကြိမ်တောင်းဆိုနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း တစ်နေရာမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့တပ်တွေရဲ့ ထိပ်ပိုင်းအရာရှိတချို့ တိတ်တဆိတ်တွေ့ဆုံဆွေးနွေးမှုရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ထုတ်ပြောပါတယ်။

ကိုးကန့်တပ်အနေနဲ့ သိန္နီမြို့ကို စစ်တပ်လက်ထဲ ပြန်မပေးဘဲ အုပ်ချုပ်ရေးကို ပုံမှန်လည်ပတ်ပြီး ဆက်ထိန်းထားဖို့ မဟာမိတ်တွေက လိုလားတယ်လို့ သူကဆိုပါတယ်။

သိန္နီနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့တို့ဟာ ၃၁ မိုင်ဝန်းကျင်ကွာဝေးပြီး လားရှိုးနဲ့ နယ်မြေထိစပ်နေတာဖြစ်ပါတယ်။

သိန္နီမြို့ရဲ့ အနောက်တောင်အရပ်မှာ လားရှိုးမြို့ရှိပြီး လားရှိုးနဲ့ နယ်မြေထိစပ်နေတဲ့နေရာတွေမှာ တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ မြို့တွေရှိနေပါတယ်။

သီပေါမြို့ကနေ ဆက်ဆင်းမယ်ဆိုရင်တော့ စစ်တပ်ပြန်ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ ကျောက်မဲမြို့တို့ရှိပါတယ်။

သိန္နီမြို့ကိုသာ စစ်တပ်ပြန်ရခဲ့မယ်ဆိုရင် လားရှိုးမြို့နယ်ထဲမှာ ခြေကုပ်ယူထားတဲ့နေရာတွေကိုပါ ကိုးကန့်တပ်ဘက်က ထပ်ပြီးလက်လွှတ်ပေးဖို့ ဖိအားပေးခံရနိုင်ခြေ ပိုများလာတယ်လို့ စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

လားရှိုးမြို့ကို စစ်တပ်ပြန်ရခဲ့ပေမယ့် မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်ထဲက နေရာအများစုမှာတော့ ကိုးကန့်တပ်တွေ ဆက်ရှိနေတုန်းပဲလို့ မြေပြင်အခြေအနေသိသူတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

" သိန္နီ ပြန်ရရင် လားရှိုးတစ်မြို့နယ်လုံးရော၊ ကိုးကန့်သိမ်းထားတဲ့ ကျန်တဲ့နေရာတွေကိုရော စစ်တပ်က ထပ်တောင်းလာနိုင်တယ်။ မြေပြင်အနေအထားအရလည်း မဟာမိတ်တွေဆီ အကူအညီရောက်ဖို့ အကန့်အသတ်တွေပိုကြီးလာမယ်" လို့ စစ်ရေးသတင်းရင်းမြစ်က ထည့်ပြောပါတယ်။

တစ်ဖက်မှာလည်း ရှမ်းမြောက်က တအာင်းတပ်(TNLA) ထိန်းချုပ်ခဲ့တဲ့ နောင်ချိုမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက် ၂ လအကြာ အောက်တိုဘာလအစမှာပဲ နောင်ချိုအနီးက ကျောက်မဲမြို့ကိုပါ ထပ်ပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စစ်ကော်မရှင်ကတော့ ကျောက်မဲမြို့ကို ရဖို့ ရက်ပေါင်း ၂၀ ကျော်အတွင်း မြေပြင်၊ ဝေဟင် တန်ပြန်စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး TNLA/PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ၁၁၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာကနေ အကျယ်တဝင့်ထုတ်ပြန်ပါတယ်။

ကိုးကန့်တပ်က သိန္နီမြို့ကို စစ်တပ်ထံ လွှဲပြောင်းပေးဖို့အထိ ဖြစ်လာမယ်ဆိုရင်တော့ ရှမ်းမြောက်ဒေသတကြောကို ပြန်ရဖို့ ထိုးစစ်မနားတမ်းဖော်နေတဲ့ စစ်တပ်အတွက် ထိုးစစ်လမ်းကြောင်းတွေ ပိုပွင့်သွားနိုင်တယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

စစ်တပ်က "သိန္နီပြန်ရသွားရင် သိန္နီ၊ လားရှိုး၊ နောင်ချို၊ ကျောက်မဲတို့မှာ ခြေကုပ်အခိုင်အမာယူပြီး TNLA ထိန်းထားတဲ့ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူအထိပါ တိုက်ပွဲတွေ ဆက်လာနိုင်တယ်" လို့ သူက ရှင်းပြပါတယ်။

ကျောက်မဲမြို့ကို စစ်တပ်ထိန်းချုပ်ပြီး တစ်ရက်အကြာမှာပဲ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ မန်တုံမြို့တို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် စစ်ရှောင် ၃ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ဒေသခံ ၆ ဦးဒဏ်ရာရခဲ့တယ်လို့ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဘီဘီစီကို ပြောပါတယ်။

သိန္နီမြို့ပြန်ပေးရေး ကိုးကန့်ကို စစ်တပ်တောင်းဆိုနေတဲ့အပေါ် မဟာမိတ်ဖြစ်တဲ့ TNLA ရဲ့ သဘောထားမှတ်ချက်တစ်စုံတစ်ရာရဖို့အတွက် ဘီဘီစီက TNLA ကို ကြိုးစားဆက်သွယ်နေဆဲဖြစ်ပါတယ်။

စစ်တပ်က TNLA ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲမြို့ကို ရက်ပေါင်း ၂၀ ကျော်ကြာ ထိုးစစ်ဆင်ပြီး အောက်တိုဘာ ၁ ရက်မှာ ပြန်သိမ်းပိုက်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်

ဓာတ်ပုံ ပုံစာ, စစ်တပ်က TNLA ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲမြို့ကို ရက်ပေါင်း ၂၀ ကျော်ကြာ ထိုးစစ်ဆင်ပြီး အောက်တိုဘာ ၁ ရက်မှာ ပြန်သိမ်းပိုက်ခဲ့ပါတယ်

အလားတူ ကိုးကန့်တပ်ရဲ့ ထိပ်ပိုင်းအဆင့်မြင့်အရာရှိတချို့ ပိုင်ဆိုင်တဲ့ ဘဏ်အကောင့်တွေကို တရုတ်ဘက်က လက်ရှိအချိန်ထိ ထိန်းချုပ်ပြီး ပိတ်ထားတာတွေက ကိုးကန့်အတွက် နိုင်ငံရေးအရ ဆွေးနွေးပွဲတွေမှာ ဖိအားတစ်ခုဖြစ်လာတယ်လို့ ကိုးကန့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပြောပါတယ်။

လားရှိုးကို စစ်တပ်လက်ထဲ ပြန်လွှဲလိုက်တုန်းက ပိတ်ထားတဲ့ ဘဏ်အကောင့်တချို့ ကို တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပေမယ့် ကိုးကန့်တပ်ရဲ့ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ အကောင့်တချို့ကိုတော့ တရုတ်ဘက်က ဆက်ပိတ်ထားပြီး ဖိအားပေးနေတုန်းပဲလို့ သူက ရှင်းပြပါတယ်။

တစ်ဖက်မှာလည်း ကိုးကန့်တပ်(MNDAA) နဲ့ စစ်တပ်တို့ အပစ်ရပ်ပြီးတဲ့နောက်ပိုင်းမှာလည်း တရုတ်က ကိုးကန့်တပ်အနေနဲ့ မဟာမိတ်တပ်တွေကို စစ်ရေးအရ ကူညီတာတွေ မလုပ်ဖို့ ပြင်းပြင်းထန်ထန်ထန်တားမြစ်ထားတယ်လို့ ကိုးကန့်သတင်းရင်းမြစ်က အစောပိုင်းကတည်းက ပြောပါတယ်။

ကိုးကန့်ဘက်က စစ်ရေးအရ ကျည်တစ်ချက်ဖောက်ခွင့်မရှိတာ၊ လက်နက်နဲ့ ရိက္ခာပစ္စည်းတွေ ကူညီခွင့်မရှိတာအပြင် လိုအပ်တဲ့ အကူအညီတွေပေးခွင့်မရှိတာ စတဲ့ အသေးစိတ်အချက်အလက်တွေကို အပစ်ရပ်စာချုပ်ထဲမှာ ထည့်ချုပ်ထားတယ်လို့ သူက အတည်ပြုပါတယ်။

ရှမ်းမြောက်မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ တအာင်းတပ် (TNLA) နဲ့ စစ်တပ်တို့ကြား မြေပြင်မှာ တိုက်ပွဲတွေ ဆက်ရှိနေချိန် မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်က စစ်ရေးအရ အကူအညီမပေးနိုင်အောင် တရုတ်က အကြိမ်ကြိမ် ဟန့်တားနေတယ်လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ထောက်ပြပါတယ်။

"သိန္နီကို ကိုးကန့်ဘက်က လားရှိုးလို ပြန်ပေးဖို့ မရှိပါဘူး။ နယ်စပ်ကုန်သွယ်ရေးအကြောင်းပြပြီး သိန္နီနယ်ထဲ စစ်တပ်က ဝင်လာရင်တော့ ကိုးကန့်ဘက်က တိုက်ပွဲပြန်စမယ့်သဘောပဲ" လို့ ကိုးကန့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။