TNLA ဖွင့်ဟလာတဲ့ တရုတ်ဖိအား

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဧပြီနောက်ဆုံးအပတ်က စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA) ကြား ဆွေးနွေးပွဲမအောင်မြင်ခဲ့ပြီးတဲ့နောက် တရုတ်ဖိအားရင်ဆိုင်နေရတဲ့အကြောင်း TNLA က တရားဝင် ဖွင့်ပြောလာပါတယ်။
"၂၀၂၄ ခုနှစ် ဇွန်ကစလို့ တရုတ်က ဖြတ် ၅ ဖြတ်လုပ်ခဲ့ပါတယ်။ တရုတ်ရော စစ်ကောင်စီကပါ ပိတ်ဆို့ခဲ့တာပါ" လို့ TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး - ၂ ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေအကြောင်း TNLA က မေ ၄ ရက်မှာ သတင်းစာရှင်းလင်း ပွဲလုပ်ခဲ့ပြီး တရုတ်ဖိအားအောက်မှာ လုပ်ဆောင်သင့်တဲ့အချက်နှစ်ချက်ကိုလည်း ထုတ်ပြောသွားပါတယ်။
TNLA အခုလို ထုတ်ပြောလာတာက ဘာသဘောဆောင်ပါသလဲ၊ မဟာမိတ်အချင်းချင်းကြား ညီညွတ်မှု တည်ဆောက်ရေးဟာ တရုတ်ဖိအားကို ကျော်လွှားနိုင်မလားဆိုတဲ့ နောက်ဆက်တွဲမေးခွန်းတွေရှိလာပါတယ်။
မအောင်မြင်တဲ့ ကူမင်းဆွေးနွေးပွဲ

၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းစတင်ပြီးသုံးလအကြာမှာပဲ တရုတ် ကမကထပြုလုပ်တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နဲ့ အာရက္ခတပ်တော် (အေအေ) ကြား အပစ်ရပ်ဆွေးနွေးပွဲတွေစခဲ့ပါတယ်။
နှစ်နှစ်ကျော်ကြာမြင့်လာချိန်မှာတော့ ကိုးကန့်တပ် (MNDAA) နဲ့ အပစ်ရပ်ဆွေးနွေးနိုင်ခဲ့ပေမဲ့ တအာင်းတပ်(TNLA)ကတော့ ညှိနှိုင်းမှုမရသေးပါဘူး။
တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဧပြီ ၂၈ နဲ့ ၂၉ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ အချက်သုံးချက်ကို ဆွေးနွေးခဲ့တယ်လို့ မေ ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ TNLA က ထုတ်ပြောပါတယ်။
နှစ်ဖက်တပ်တွေ ရောက်ရှိတဲ့နေရာမှာ ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲဖို့၊ နှစ်ဖက် ထိုးစစ်မဆင်ဖို့ အပြင် စစ်ကောင်စီအနေနဲ့ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်နဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေရပ်ဖို့၊ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသတွေမှာ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါးသယ်ယူပို့ဆောင် ရေးအတွက် ဖြတ်သန်းသွားလာခွင့်ပြုဖို့ဆိုတဲ့ အချက် ၃ ချက်ကို TNLA က တောင်းဆိုပါတယ်။
စစ်ကောင်စီကတော့ TNLA အနေနဲ့ သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့ တို့မှာ ရှိတဲ့တပ်တွေကို တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့တွေဘက်ကို ပြန်ဆုတ်ဖို့ တောင်းဆိုခဲ့တာပါ။
အခုလိုသိမ်းပိုက်ထားတဲ့ ၅ မြို့ကနေ ပြန်ဆုတ်ဖို့တောင်းဆိုတဲ့အချက်ကို TNLA က ပယ်ချခဲ့တာကြောင့် အပစ်ရပ်ဆွေးနွေးပွဲ အဖြေမရခဲ့ဘဲ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို သြဂုတ်လအထိ ရွှေ့ထားရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရှမ်းပြည်နယ်အစိုးရအဖွဲ့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြေပြင်အခြေအနေကိုကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီက တအာင်းတပ်ကို ပြန်ဆုတ်ခိုင်းတဲ့ ၅ မြို့ဟာ ကိုးကန့်တပ်ဆီက စစ်တပ်ပြန်ရရှိခဲ့တဲ့ လားရှိုးမြို့နဲ့ တပ်မြို့လို့သိကြတဲ့ ပြင်ဦးလွင်မြို့ကြားမှာ တည်ရှိနေပါတယ်။
အထူးသဖြင့် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေဟာ စစ်ကောင်စီထိန်းချုပ်မြို့နှစ်ခုကို ဆက်သွယ်ထားတဲ့ လားရှိုး - မန္တလေးအမြန်လမ်းပေါ်မှာ တည်ရှိနေပြီး တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အခရာကျနေပါတယ်။
ဒါအပြင် ဒီမြို့တွေရဲ့ အရှေ့ခြမ်းမှာ မျဉ်းပြိုင်သဘောနဲ့ စစ်ကောင်စီတပ်က အခိုင်အမာနေရာယူထားတဲ့ နမ့်ပေါင်၊ တန့်ယန်း၊ မိုင်းရယ်၊ နမ့်လန်စတဲ့ဒေသတွေရှိနေပါတယ်။
ဒါကြောင့် TNLA သာပြန်ဆုတ်ခွာခဲ့ရရင် လားရှိုး၊ ပြင်ဦးလွင်နဲ့ ရှမ်းအရှေ့က စစ်အင်အားတွေကို စစ်ကောင်စီက ပြန်လည်စုစည်းပြီး စစ်ရေးခြိမ်းခြောက်မှုတွေ ပိုတိုးလုပ်လာနိုင်မယ့်အနေအထားပါ။
ဒီလိုစစ်ရေးစိန်ခေါ်ချက်တွေရှိနေပေမဲ့လည်း တရုတ်ရဲ့ပါဝင်မှုက ဆွေးနွေးပွဲမှာအရေးကြီးတာကြောင့် ဆွေးနွေးပွဲကနေ ရလဒ်ကောင်းထွက်အောင် အဖြေရှာရမယ်လို့ TNLA က ပြောပါတယ်။
ဒါပေမဲ့ ချဉ်းကပ်မှုတော့ ကွဲပြားနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် စစ်ကောင်စီကို ဖြုတ်ချရမယ်ဆိုတဲ့ ရှုထောင့်နဲ့ချဉ်းကပ်ပေမဲ့ အိမ်နီးချင်းနိုင်ငံ တရုတ်ကတော့ နယ်စပ်လုံခြုံရေးအတွက် မြန်မာမှာ တည်ငြိမ်မှုရှိရမယ်ဆိုတဲ့ ရှုထောင့်နဲ့ချဉ်းကပ်နေတယ်လို့ TNLA က သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြခဲ့တာပါ။
"ချဉ်းကပ်ပုံကွာတော့ အဖြေရှာပုံလည်း ကွာသွားတာဖြစ်ပါတယ်" လို့ TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး - ၂ ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။
အပစ်ရပ်ဖို့အတွက် တရုတ်ရဲ့ ဖိအားပေးမှုကို တောက်လျှောက်ကြုံတွေ့နေရပြီး ၂၀၂၄ ခုနှစ် ဇွန်လကစလို့ တရုတ်ဘက်က နှစ်နိုင်ငံနယ်စပ်ဂိတ်တွေကို ပိတ်ပြီး ဖြတ် ၅ ဖြတ်နဲ့ ဆောင်ရွက်လာတယ်လို့ TNLA က ဖွင့်ဟပါတယ်။
လျှပ်စစ်ဖြတ်၊ ရေဖြတ်၊ အင်တာနက်ဖြတ်၊ ထောက်ပို့ဖြတ် နဲ့ လူအင်အားဖြတ် ဆိုတဲ့ ဖြတ်ငါးဖြတ် ကို တရုတ်ကကျင့်သုံးတာဖြစ်ပြီး ကိုးကန့်တပ် (MNDAA) ကိုလည်းအလားတူကျင့်သုံးကာ ဖိအားပေးခဲ့တာပါ။
ကိုးကန့်တပ် (MNDAA)ကတော့ ဖိအားတွေအကြောင်း ရေငုံ နုတ်ပိတ်နေခဲ့ပြီး စစ်ကောင်စီဟာ သေနတ် တစ်ချက်မဖောက်ဘဲ လားရှိုးမြို့ကို တရုတ်ဦးဆောင်တဲ့ဆွေးနွေးပွဲတွေကတဆင့် ပြန်ရခဲ့ပါတယ်။
TNLA ကတော့ ဒါကို နမူနာတစ်ခုသဖွယ် သတင်းစာရှင်းလင်းပွဲမှာ ထပ်တလဲလဲပြောကြားခဲ့ပြီး လားရှိုးလို မကြုံရအောင်လုပ်ရမယ်လို့ ဆိုလာပါတယ်။
မြို့တွေပြန်မပေးရဖို့ TNLA ဘာလုပ်နေလဲ

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအတွင်း သိမ်းပိုက်ထားတဲ့ ၁၂ မြို့က ပြည်သူတွေအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီမြို့တွေမှာအုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့က တအာင်းတပ် (TNLA) အတွက် အဓိကစိန်ခေါ်မှု ဖြစ်လာပါတယ်။
TNLA ကိုယ်တိုင်ကလည်း သိမ်းပိုက်ဒေသတွေက ပြည်သူတွေအတွက် စီးပွားရေးဆောင်ရွက်ပေးဖို့ လိုတယ်လို့ ထုတ်ပြောပြီး တရုတ်ရဲ့ နယ်စပ်ပိတ်ဆို့မှုက ပြည်သူတွေရဲ့ စားဝတ်နေရေးအပေါ် သက်ရောက်မှု ရှိလာတယ်လို့ ပြောလာတာပါ။
"TNLA အနေနဲ့ တရုတ်ဖိအားကို တစ်ယောက်တည်းရင်ဆိုင်လာရသလိုဖြစ်လာတဲ့အချိန်မှာ မြေပြန့်နဲ့ အခြားဒေသက တော်လှန်ရေးမဟာမိတ်တွေရဲ့ အင်အားကိုယူပြီး တရုတ်နိုင်ငံကို counter (တန်ပြန်) လုပ်တာပါ" လို့ တရုတ် - မြန်မာအရေးလေ့လာနေသူတစ်ဦးက ပြောပါတယ်။
TNLA ကတော့ ကူမင်းဆွေးနွေးပွဲအပြီးမှ တရုတ်ဖိအားအကြောင်းပြောတာမဟုတ်ပဲ အရင်ကတည်းက စစ်ရေး၊ နိုင်ငံရေးရှင်းလင်းပြောကြားဖို့ စီစဉ်ထားတာလို့ သတင်းစာရှင်းလင်းပွဲမှာထည့်ပြောခဲ့ပါတယ်။
ဒါပေမဲ့ လားရှိုးလိုအဖြစ်မျိုးမကြုံရအောင် TNLA က ဦးဆောင် ဆောင်ရွက်နေတဲ့အတိုင်း လိုက်လုပ်ဖို့ လိုအပ်တယ်လို့ တွဲဖက်အထွေထွေ အတွင်းရေးမှူး - ၂ ဗိုလ်မှူးကြီး တားပန်လ က ပြောပါတယ်။
မြို့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နေပြီး ပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ လည်း တိုက်တွန်းပါတယ်။
ဒီအဖွဲ့ဟာ မြို့ကာကွယ်ရေးအပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ဆောင်ရွက်မယ်လို့ ဗိုလ်မှူးကြီး တားပန်လက သတင်းစာရှင်းလင်းပွဲမှာ အစီအစဉ်ကို ထုတ်ပြောခဲ့တာပါ။
မိုးကုတ်မြို့မှာဆိုရင် မြို့စောင့်တပ်အတွက်ဆိုကာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အရွယ်အမျိုးသားတွေကို ပြီးခဲ့တဲ့မတ်လကတည်းက TNLA စုဆောင်းနေတယ်လို့ ဒေသခံတချို့ဆီကနေ ဘီဘီစီကစုံစမ်းသိရှိခဲ့ရပါတယ်။
အခုလို မြို့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဘယ်မြို့တွေမှာဖွဲ့စည်းထားသလဲ၊ ပြည်သူတွေရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတဲ့ မေးခွန်းကို ဘီဘီစီကသတင်းစာရှင်းလင်းပွဲမှာ TNLA တာဝန်ရှိသူတွေကို ထပ်မံမေးမြန်းဖို့ကြိုးစားပေမဲ့ မေးမြန်းခွင့်မရခဲ့ပါဘူး။
လားရှိုးမြို့လိုမဖြစ်ရေးအတွက် နောက်ထပ် TNLA ပြောလာတာကတော့ မဟာမိတ်တွေ ညီညွတ်ရေး တည်ဆောက်ဖို့နဲ့ တရုတ်ကို မြန်မာအနေအထားသိအောင်ရှင်းပြဖို့ဆိုတဲ့ နှစ်ချက်ပါ။
ဒီနှစ်ချက်ဟာ နိုင်ငံတည်ဆောက်ရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်လို့ တွဲဖက်အထွေထွေ အတွင်းရေးမှူး - ၂ ဗိုလ်မှူးကြီး တားပန်လ က ပြောသွားခဲ့တာပါ။
''မြန်မာနိုင်ငံရဲ့အခင်းအကျင်းကိုသိအောင် အဖွဲ့အစည်းအမျိုးမျိုးက မတူညီတဲ့နည်းနာတွေနဲ့ ရှင်းပြသင့် တယ်'' လို့သာပြောခဲ့ပြီး ဘယ်လိုရှင်းပြသင့်တယ်ဆိုတာနဲ့ပတ်သက်လို့တော့ အသေးစိတ်မပြောသွားခဲ့ပါဘူး။
တရုတ် - မြန်မာအရေးသုံးသပ်လေ့လာသူတချို့ကတော့ ဒီနှစ်ချက်ဟာ ထင်သလောက်မလွယ်ကူနိုင်ဘူးလို့ ရှုမြင်ကြပါတယ်။
TNLA နဲ့ မဟာမိတ်တွေကြားက နယ်မြေပြဿနာ

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေ
လက်ရှိ တအာင်းတပ် (TNLA) ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား နယ်မြေအငြင်းပွားမှုပြဿနာကို ဖြေရှင်းနိုင်မှသာ သူတို့ပြောတဲ့ မဟာမိတ်ညီညွတ်ရေး တည်ဆောက်နိုင်လိမ့်မယ်လို့ အကဲခတ်သူတချို့ရှိကြပါတယ်။
"ဒီကိစ္စတွေမဖြေရှင်းနိုင်ဘူးဆိုရင် မဟာမိတ်တွေကြားမှာ အပေါ်ယံအနေနဲ့သာ သဘောတူညီမှုရနိုင်မယ်။ တရုတ်နိုင်ငံရဲ့ဖိအားကို ရေတိုရင်ဆိုင်ဖို့သာ ဖြစ်လိမ့်မယ်" လို့ နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဖတ်ကာ၊ မန်တုံ၊ နမ့်ခမ်း၊ မုံးကိုးစတဲ့ လေးနေရာထက်မနည်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ TNLA ကြား နယ်မြေအငြင်းပွားမှုတွေက ၂၀၂၅ နှစ်ဆန်းပိုင်းက စလို့ ပိုမိုတင်းမာလာခဲ့ပါတယ်။
နှစ်ဖက်အဖွဲ့အစည်းဗဟိုအဆင့်တွေ့ဆုံဆွေးနွေးဖို့ရှိနေပြီး တစ်နှစ်တစ်ကြိမ်တွေ့ဆုံနိုင်ဖို့ရည်ရွယ်တယ်လို့ TNLA ကတော့ သတင်းစာရှင်းလင်းပွဲကမေးခွန်းတွေကို တုံ့ပြန်ဖြေခဲ့ပါတယ်။
အခုလိုနယ်မြေပြဿနာတွေကို ဖြေရှင်းနိုင်မှသာ ညီညွတ်မှုကိုတည်ဆောက်ပြီး တရုတ်ဖိအားကိုတွန်းလှန်ဖို့ ရေရှည်စီမံနိုင်လိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ဆိုလာတာပါ။
ဒါဟာ TNLA ပြောတဲ့ တရုတ်ဖိအားအောက်လုပ်ဆောင်သင့်တဲ့အချက်နှစ်ချက်ကို အကောင်အထည် ဖော်ဖို့အတွက် စိန်ခေါ်မှုတွေလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်လိုလားတဲ့ နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်ရေးအတွက် မဆောင်ရွက်နိုင်သရွေ့ တရုတ်ဖိအားတွေရှိနေနိုင်တယ်လို့ သုံးသပ်တဲ့အကဲခတ်တချို့လည်းရှိနေပြန်ပါတယ်။
"တရုတ်ကနယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ချင်တာမှာ လားရှိုးအထက် ချင်းရွှေဟော်၊ မူဆယ်အထိက လမ်းကြောင်းပေါက်သွားတဲ့အနေအထားပေါ့။ လားရှိုးအောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊သီပေါ သုံးမြို့က TNLA လက်ထဲရှိနေတယ်"
"နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်ရေးဟာ မဖြစ်မနေ လိုအပ်နေပြီဆိုရင်တော့ ဖိအားတွေဆက်ရှိ လာနိုင်ပါတယ်" လို့ နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက ဘီဘီစီကို ပြောပါတယ်။
တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအရေးပါပုံပေါ် မူတည်ပြီး TNLA အပေါ်ဖိအားတွေရှိလာနိုင်တယ်လို့ သူက သုံးသပ်ခဲ့တာပါ။
ဒါပေမဲ့ TNLA ကတော့ မြို့တွေကို ပြန်ဆုတ်ဖို့သဘောမတူသလို တရုတ်ဖိအားကြားမှာ ရပ်တည်ချက်အတိုင်း ဆက်ဆောင်ရွက်နေတယ်လို့ အာမခံပြောပါတယ်။
"အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ပြည်သူနဲ့အတူ ဆောင်ရွက်မယ်" လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ဖိအားတွေကို ကျော်လွှားမယ့်အပြင် သဘောတူညီချက်တွေမရသရွေ့ တိုက်ပွဲတွေဆက်ရှိနေမယ်လို့ TNLA က သဘောထားပြောခဲ့တာပါ။
မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားကြီးငလျင်ကြောင့် လူသားချင်းစာနာထောက်ထားမှုအနေနဲ့ တဖက်သတ် အပစ်ရပ်စဲရေးကို မေ ၃၀ ရက်အထိသက်တမ်းတိုးထားတာကြောင့် TNLA အနေနဲ့ ထိုးစစ်ဆင်ဖို့ မရှိဘူးလို့ သိရပါတယ်။
"အပြီးသတ်မလုပ်နိုင်သရွေ့ အပစ်ရပ်ဆွေးနွေးလိုက် ပြန်ပစ်လိုက်နဲ့ စစ်ရေးသံသရာက မလွတ်နိုင်ဘူး။ အဲဒီလို မဖြစ်အောင် အပြီးသတ်တိုက်ပွဲဆင်နွှဲမှ ဒီသံသရာက လွတ်မယ်" လို့ တရုတ်ဖိအားကြားက TNLA ဆက်ဆောင်ရွက်မယ့်အခြေအနေနဲ့ပတ်သက်လို့ တွဲဖက်အထွေထွေ အတွင်းရေးမှူး - ၂ ဗိုလ်မှူးကြီး တားပန်လ က ပြောပါတယ်။













