မဲဆောက် - ထွက်ပြေးမြန်မာတွေ၊ တော်လှန်သူတွေ၊ စိုးထိတ်မှုတွေနဲ့ပြည့်နေတဲ့မြို့

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် ထောင်နဲ့သောင်းနဲ့ချီတဲ့မြန်မာတွေ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပြီးဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC/Jonathan Head

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် ထောင်နဲ့သောင်းနဲ့ချီတဲ့မြန်မာတွေ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပြီးဖြစ်ပါတယ်
    • ရေးသားသူ, ဂျွန်နသန်ဟတ်
    • ရာထူးတာဝန်, မဲ‌ဆောက်မြို့၊ ထိုင်းနိုင်ငံ

ကြံခင်းတစ်ခုထဲက ဝါးတိုင်၊ သက်ကယ်မိုးထားတဲ့နေရာလေးတစ်ခုဟာ လုံခြုံဘေးကင်းတဲ့နေရာတစ်ခု လို့ပြောရင် ယုံရခက်ခက်ပါ။

ဒါပေမဲ့ အဲဒီနေရာလေးဟာ အသက် ၂၃ နှစ်အရွယ် ဆန်ဂျေး(နာမည်လွှဲ)နဲ့ နောက်ထပ် လူငယ် ၈ ဦးတို့ ပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာမှာ စစ်တပ်က စစ်မှုထမ်းခေါ်ယူတာကို နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးတိမ်းရှောင်လာကတည်းက ခိုအောင်း ပုန်းအောင်းနေတဲ့နေရာဖြစ်ပါတယ်။

အခုတော့ သူတို့ဟာ ထိုင်းနိုင်ငံအနောက်ဘက်စွန်းပိုင်းက မဲဆောက်မြို့နယ်ထဲမှာ ဝရမ်းပြေးတွေ ဖြစ်နေကြပါတယ်။ သူတို့ဟာ အိမ်လို့ မည်ကာမတ္တခေါ်နိုင်တဲ့နေရာမှာ ကြက်တွေ၊ ဘဲတွေ၊ ဆိတ်တွေနဲ့ အတူ ရောနှောနေထိုင်နေကြရပါတယ်။

''မြန်မာမှာတုန်းကဆိုရင် သူတို့ ကျွန်တော့်ကို လာခေါ်ပြီး စစ်တပ်ထဲ ဆွဲသွင်းမှာကို ကျွန်တော်နေ့တိုင်း စိုးရိမ်ခဲ့ရတာ'' လို့ ဆန်ဂျေးက ပြောပါတယ်။ ''ဒီမှာ စားစရာဆိုလို့ ဆန်နည်းနည်းနဲ့ ဟင်းသီးဟင်းရွက်ပဲ ရှိပေမဲ့ ကျွန်တော့်ကို ထိခိုက်အောင်လုပ်မယ့်သူ တစ်ယောက်မှ မရှိဘူး။ ဒီ ထိုင်းနိုင်ငံမှာ ကျွန်တော် လွတ်လပ်တယ်လို့ ခံစားရတယ်''

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို ပိုင်းခြားထားတာဆိုလို့ နွေရောက်တဲ့အခါ ချောင်းသာသာပဲရှိတော့တဲ့ ခပ်ကျဥ်းကျဥ်း ရွှံ့ထူထူ မြစ်တစ်စင်းပဲရှိနေပါတယ်။

အဲဒီမြစ်ကို ဖြတ်လိုက်တာနဲ့ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းချိန်ကတည်းက ထောင်နဲ့ချီတဲ့လူတွေ ဘေးကင်းလုံခြုံရောအဖြစ် ခိုလှုံနေကြတဲ့ နယ်စပ်မြို့ မဲဆောက်ရှိနေပါတယ်။ အခုနောက်ပိုင်းရောက်လာကြသူအများစုကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က ကျင့်သုံးမယ်လို့ကြေညာလိုက်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားရှိတဲ့အမျိုးသားအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကြောင့် တိမ်းရှောင်လာကြတဲ့လူငယ်တွေဖြစ်ပါတယ်။

လူငယ်မျိုးဆက်ထဲက အများစုဟာ စစ်အုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြတာကြောင့် စစ်မှုထမ်းဥပဒေဟာ လူငယ်အမျိုးသားအများစုကို အလုံးအရင်းနဲ့ ပြည်ပထွက်ခွာမှုဖြစ်ပေါ်လာစေပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း မဲဆောက်မြို့ဟာ ပြည်တွင်းက ထွက်ပြေးလာတဲ့မြန်မာတွေအတွက် မလွယ်ကူတဲ့ကွန်းခိုရာနေရာဖြစ်လာပါတယ်။ မဲဆောက်ဟာ စစ်အေးခေတ်ကာလ ဘာလင်မြို့လို ခံစားမိသလို နာမည်ကျော် ကာဆာဘလန်ကာရုပ်ရှင်ထဲကနဲ့လည်း တူပါတယ်။ ပြည်ပကိုထွက်ပြေးလာသူတွေ၊ တော်လှန်ရေးလုပ်ဖို့ စီစဥ်နေကြသူတွေ၊ နိုင်ငံရေးခိုလှုံခွင့်ကမ်းလှမ်းချက်ကို စောင့်ဆိုင်းနေကြသူတွေနဲ့ပြည့်နေသလို ထောက်လှမ်းရေးနဲ့သတင်းပေးတွေရန်ကိုလည်း နားစွင့်နေရတာကြောင့် ရတက်မအေးရမှုက ပြည့်နေပါတယ်။

''ကျွန်တော် အရင်က ဆိုးခဲ့တယ်'' လို့ ဆန်ဂျေးကပြောပါတယ်။ ''ကိုယ်ကြိုက်တာကိုယ်လုပ်ပဲ။ အမေ့ပြောစကားလည်း ဘယ်တုန်းကမှ နားမထောင်ခဲ့ဘူး။ နိုင်ငံရေးလည်း စိတ်မဝင်စားခဲ့ဘူး''

အာဏာသိမ်းပြီးတဲ့နောက် တော်လှန်ရေးကို ထောက်ပံ့မှုနဲ့ အဖေဖြစ်သူကို စစ်တပ်က ထောင်ချလိုက်တဲ့အခါမှာတော့ သူ့ဘဝနဲ့ သူ့အတွေးအမြင်တွေ ပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ မရောက်လာခင်အထိ အိမ်ကနေ ထွက်ဖို့ သူ စိတ်မကူးခဲ့မိပါဘူး။

"သူတို့အတွက်နဲ့ ကိုယ့်နိုင်ငံသားအချင်းချင်းကို ကျွန်တော် ပြန်တိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး''

ဒီခိုလှုံရာနေရာလေးမှာနေထိုင်ကြသူ စုစုပေါင်းအရေအတွက်က ဆန်ဂျေး အပါအဝင်ဆိုရင် ၉ ဦးအထိရှိနေပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC/LuLuLuo

ဓာတ်ပုံ ပုံစာ, ဒီခိုလှုံရာနေရာလေးမှာနေထိုင်ကြသူ စုစုပေါင်းအရေအတွက်က ဆန်ဂျေး အပါအဝင်ဆိုရင် ၉ ဦးအထိရှိနေပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မဲဆောက်မြို့ကနေ မြစ်ငယ်လေးသာခြားတဲ့ မြဝတီမှာတော့ မြန်မာစစ်တပ်ဟာ အရှက်ရစရာဆုံးရှုံးမှု နောက်တစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။

ရာနဲ့ချီတဲ့မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်အခြေစိုက်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်တဲ့အခါ လက်နက်ချတာတွေရှိခဲ့ပါတယ်။ မြို့ကို ပြန်ယူဖို့ တပ်ကူလွှတ်ပေမဲ့ ခြုံခိုတိုက်ခိုက်ခံရတာနဲ့ တောထူတဲ့မြဝတီတောင်တွေကြားမှာ ရှေ့မတိုးနိုင်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း စစ်တပ်ဟာ အလားတူ အခြေအနေတွေ တသီကြီးကြုံထားရပါတယ်။ မြောက်ပိုင်းက ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်၊ အနောက်ပိုင်းက ရခိုင်ပြည်နယ်တို့မှာ ကြုံနေရတဲ့ဒီလိုအခြေအနေတွေကြောင့် စစ်တပ်ဟာ တပ်ဖွဲ့ဝင် ပြတ်တောင်းမှုနဲ့ ကြုံနေရပါတယ်။ ထောင်နဲ့ချီတဲ့စစ်သွားတွေ သေဆုံးတာ၊ ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာနဲ့ တပ်ကို စွန့်ခွာတာတွေရှိနေပါတယ်။

ဆန်ဂျေးတစ်ယောက် ဒီလူတွေထဲက တစ်ယောက်မဖြစ်ချင်ပါဘူး။ ဒီတော့ မိခင်ဖြစ်သူက သူလွတ်မြောက်အောင် ကူညီခဲ့ပါတယ်။ သားဖြစ်သူနဲ့အတူ နယ်စပ်အထိ ခက်ခက်ခဲခဲနဲ့ ဘတ်စ်ကားစီး ခရီး လိုက်ခဲ့ပါတယ်။

သူ့ရဲ့ မြန်မာ မှတ်ပုံတင်နဲ့ ထိုင်းနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့် ၂ ပတ်ရခဲ့ပါတယ်။

အဲဒီနယ်စပ်ဖြတ်ကျော်ခွင့် ရက်ကုန်သွားတဲ့အခါ သူ့အတွက် ကံကောင်းတာက သူ့ကို ကူညီပေးနေတဲ့ ဦးလေးဖြစ်သူတစ်ယောက် မဲဆောက်မြို့မှာရှိနေတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ စိုက်ကွင်းတွေထဲမှာ မထင်မရှားနေထိုင်ရပါတယ်။ မဲဆောက်မြို့ထဲကို တစ်ခေါက်သွားတိုင်း အဖမ်းခံရမလား၊ ပြန်ပို့ခံရမလားဆိုတာကို စိုးရိမ်စိတ်နဲ့ပါ။ ဒါပေမဲ့ သူ နောင်တ မရပါဘူး။

စစ်တပ်က ဖယ်ရှားခဲ့တဲ့ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပရောက်တော်လှန်ရေးအဖွဲ့အများစုက ထောက်ခံနေကြဆဲဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC/LuLu Luo

ဓာတ်ပုံ ပုံစာ, စစ်တပ်က ဖယ်ရှားခဲ့တဲ့ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပရောက်တော်လှန်ရေးအဖွဲ့အများစုက ထောက်ခံနေကြဆဲဖြစ်ပါတယ်

မဲဆောက်ဟာ အခုဆို လုံခြုံစွာခိုအောင်းနိုင်တဲ့အိမ်တွေ၊ လမ်းတွေအများစုဟာလည်း အထောက် အထားမဲ့ဒုက္ခသည်အများစုကို ပခုံးထမ်းရာနေရာဖြစ်ပါတယ်။ အချို့အဆောင်တွေဆိုရင် နိုင်ငံခြားပြည်ပအကူအညီပေးရေးအဖွဲ့တွေက ငွေကြေးထောက်ပံ့ထားတဲ့နေရာတွေဖြစ်ပါတယ်။ တချို့ လုံခြုံစွာခိုအောင်းနိုင်တဲ့အိမ်တွေကတော့ လူနေနိုင်အောင်လုပ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ စျေးထဲက စျေးမရောင်းတဲ့ဆိုင်တွေမှာ အတွင်းပိုင်းကို မိသားစုတစ်စု လဲလျောင်းနိုင်လောက်အောင် အထပ်သား၊ တာပေါ်လင်စတွေနဲ့ကာပြီး အခန်းတွေဖွဲ့ထားတာဖြစ်ပါတယ်။

နည်းနည်းပိုကောင်းတဲ့ခိုလှုံအိမ်တွေထဲက တစ်ခုမှာတော့ ပြီးခဲ့တဲ့ သီတင်းတစ်ပတ်တုန်းကမှ ရောက်လာတဲ့ မိသားစုဝင် ၅ ဦးရှိနေပါတယ်။ အဝတ်နဲ့ စောင်အနည်းငယ်က လွဲရင် သူတို့မှာ ဘာမှ မသယ်လာနိုင်ခဲ့ပါဘူး။ သူတို့နဲ့အတူပါလာတာဆိုလို့ ၅ နှစ်အရွယ် သူတို့သားငယ်အကြိုက်ဆုံး အရုပ်ကားလေးတစ်စီးပဲရှိပါတယ်။

အကြီးဆုံးသားက အသက် ၁၉ နှစ်ဖြစ်ပါတယ်။ မိသားစုဟာ စစ်တပ်ရဲ့စစ်မှုထမ်းဆင့်ခေါ်စာ ရောက်လာတဲ့အခါမှာတော့ ရန်ကုန်မြို့နားမှာရှိတဲ့သူတို့နေအိမ်ကနေ ထွက်ကြဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတာဖြစ်ပါတယ်။

''ကျွန်တော့်သားက တခြားလူငယ်အမျိုးသားတွေကို ပြန်တိုက်ခိုက်ဖို့ လုပ်ခိုင်းတာမျိုးကို ကျွန်တော် လက်ခံနိုင်မှာမဟုတ်ဘူး'' လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ကရင်ပြည်နယ်ထဲက တောင်ကုန်းတွေကိုဖြတ်ပြီး ညမှာ မြစ်ကို ဖြတ်ကူးခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံထဲကို သူတို့ရောက်ခဲ့ကြတဲ့ ခက်ခဲပင်ပန်းလှတဲ့ ၁၅ ရက်ကြာခရီးကို သူတို့က ပြန်ပြောပြပါတယ်။ ထိုင်းထဲ ဝင်နိုင်ဖို့ လက်သိပ်ထိုးငွေပေးခဲ့ကြရတာတွေကြောင့် စုထားတဲ့ငွေတွေ အကုန် ကုန်သွားပါတယ်။

အဲဒီမနက်ပိုင်းမှာပဲ အရင်က မီးရထားဝန်ထမ်းဟောင်းလုပ်ခဲ့တဲ့ဖခင်ဖြစ်သူဟာ အလုပ်ရဖို့ အိမ်ကနေ ထွက်ရပါတယ်။ မဲဆောက်မှာ ရတဲ့လုပ်အားခက အဆမတန်နည်းပါးပေမဲ့ သူ အလုပ်ရှာမနိုင်ဖြစ်ခဲ့ပါတယ်။

မဲဆောက်မြို့မှာ မြန်မာလူဦးရေအတော်လေးရှိပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC/LuLuLuo

ဓာတ်ပုံ ပုံစာ, မဲဆောက်မြို့မှာ မြန်မာလူဦးရေအတော်လေးရှိပါတယ်

မဲဆောက်ဟာ မြန်မာကနေ ထွက်ပြေးလာသူတွေအတွက် ခိုလှုံရာနေရာအဖြစ်ရော၊ အကျဥ်းထောင်တစ်ခုအသွင်အနေနဲ့ပါ ရှိနေပါတယ်။

ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာပဋိညာဥ်ကိုမှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်သလို မြန်မာပြည်တွင်းက စစ်ပွဲကြောင့် ထွက်ပြေးလာတဲ့သူတွေကို တရားဝင် အကာအကွယ်ပေးထားတာလည်း မရှိပါဘူး။ ပြည်တွင်းကနေ ထွက်ပြေးတိမ်းရှောင်လာကြသူအများစုထဲမှာ စာရွက်စာတမ်းရှိသူဆိုတာ အနည်းငယ်ပဲ ရှိနေပါတယ်။

ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း နယ်စပ်ဖြတ်ကျော်ပြီး တင်လာတဲ့လူတွေကို အတော်လေးဦးစားပေးတာတွေရှိခဲ့ပါတယ်။ အခုဆို မဲဆောက်မြို့ဟာ ဗမာမြို့တစ်မြို့နီးပါးတောင် ဖြစ်နေပါပြီ။ ဒါပေမဲ့ စာရွက်စာတမ်းမရှိဘူးဆိုရင်တော့ မြို့ပြင်ကို သူတို့ထွက်ခွင့်မရှိပါဘူး။ ငွေက အမြဲတမ်းလိုအပ်တဲ့ပြဿနာဖြစ်ပါတယ်။ စစ်ဆေးရေးဂိတ်တွေရောက်ရင် ထိန်းသိမ်းခံရတာကနေ အကာအကွယ်ပေးနိုင်မယ်လို့ ယူဆရတဲ့ ကတ် တစ်ခုရဖို့ ရဲက တစ်လကို ဘတ်ငွေ ၃၀၀ ကောက်ပါတယ်။ ဒါပေမဲ့ မြန်မာအများစုဟာ ရဲတွေရဲ့အခေါ် ခံနေရဆဲဖြစ်သလို ပြန်လွတ်ဖို့ရာမှာ ငွေပုံပေးနေရတာတွေလည်းရှိနေဆဲဖြစ်ပါတယ်။

''စိတ်ကျန်းမာရေးပိုင်းဆိုင်ရာမှာ အတော်လေး ရိုက်ခတ်မှုတွေရှိတယ်'' လို့ ပျော်ရွှင်ခြင်းအိမ်(Joy House) ရဲ့ ညှိနှိုင်းရေးမှူးတာဝန်ယူထားသူ မနေခြည်ဝင်းက ပြောပါတယ်။ Joy House ဟာ ဒုက္ခသည်တွေ သူတို့မကြာခဏကြုံတွေ့ရတဲ့ ဖိစီးမှုနဲ့ စိတ်ကျမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် ကူညီဖို့ ပြီးခဲ့တဲ့နှစ်တုန်းက ဖွင့်ခဲ့တဲ့ရပ်ရွာအခြေပြုစင်တာတစ်ခုဖြစ်ပါတယ်။

''သတ်သေကြတဲ့ဖြစ်ရပ်တွေအတော်လေးကြားတယ်။ ဒါမှမဟုတ် အဲဒီအကြောင်း လူတွေပြောကြတယ်။ အသုံးမဝင်ကြတော့ဘူးလို့ သူတို့ ခံစားမိကြတယ်။ မြန်မာပြည်မှာဆိုရင် သူတို့က ဆရာဝန်ဆိုလည်းဟုတ်တယ်။ အင်ဂျင်နီယာဆိုလည်းဟုတ်တယ်။ ဒီမှာတော့ သူတို့ဟာ နိုင်ငံမဲ့တွေဖြစ်နေကြရတယ်။ ပညာရေးလည်း ဆက်မလုပ်နိုင်တော့ဘူး။ မိသားစုကိုလည်း မထောက်ပံ့နိုင်ဘူး။ တစ်ခါတလေဆို သူတို့ ဘဝကိုတောင် သူတို့ အလေးမထားနိုင်တော့ဘူး။ အရက်တွေသောက်ကြ၊ ဆေးသုံးကြပေါ့''

ဆန်ဂျေး တစ်ယောက်လည်း တခြားလူငယ်တွေအများစု လျှောက်တဲ့လမ်းကို လျှောက်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ စစ်တပ်ကို ပြန်တိုက်ဖို့ နယ်စပ်ကို ပြန်သွားဖို့ဖြစ်ပါတယ်။ အနည်းဆုံးတော့ သူ အသုံးဝင်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ ခံစားမိမှာလို့ ပြောပါတယ်။ ဒါပေမဲ့ ကြမ်းတမ်းလှတဲ့တိုက်ရေးခိုက်ရေးက လူတိုင်းအတွက်တော့ မဟုတ်ပြန်ပါဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ထဲ ဝင်မယ့်သူဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)က တိုက်ရေးခိုက်ရေးအတွေ့အကြုံရင့်သန်သူတွေ ပို့ချတဲ့ သင်တန်းခပ်ကြမ်းကြမ်းကို ၄ လကြာအောင်တက်ဖို့ လိုအပ်ပါတယ်။ အများစုဟာ ဒီအထိ မအောင်မြင်ကြပါဘူး။

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ဘက်ခြမ်းမှာ လုံခြုံရေး ကင်းစောင့်တဲ့ ထိုင်းစစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ဘက်ခြမ်းမှာ လုံခြုံရေး ကင်းစောင့်တဲ့ ထိုင်းစစ်သားတွေ

နည်းပညာပိုင်းအတွေ့အကြုံရှိတဲ့တခြားလူငယ်တွေကိုတော့ စစ်ပွဲမှာ အတော်လေးအရေးပါလာတဲ့ မောင်းသူမဲ့ ဒရုန်းတပ်ဖွဲ့တွေမှာ သုံးပါတယ်။ ဒရုန်းတွေ တည်ဆောက်ဖို့၊ ပြန်လည်အသုံးပြုနိုင်အောင် ပြုပြင်မွမ်းမံဖို့နဲ့ ဒရုန်းပျံသန်းမောင်းနှင်ဖို့ နေရာမှာ တာဝန်ပေးတာပါ။ မြန်မာမှာ စစ်သားတွေရဲ့စိတ်ဓာတ်တိမ်းပါးအောင်လုပ်ဖို့ ပစ်မှတ်တိတိကျကျနဲ့ အသေးစားဗုံးတွေကို ဒရုန်းသုံး ချလေ့ရှိပါတယ်။

''ကျွန်တော့် ခြေထောက်အကောင်းအတိုင်းရှိခဲ့တဲ့ကာလကို ပြန်လွမ်းတယ်ဗျာ'' လို့ အသက် ၂၇ အရွယ် PDF တပ်သားဟောင်းတစ်ဦးက မဲဆောက်မြို့က လမ်းတစ်လမ်းရဲ့ အနောက်ဘက်ကျကျမှာ ပြောပြပါတယ်။

သူဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ခဲ့တဲ့ နည်းပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ မြေမြုပ်မိုင်း နင်းမိခဲ့တာကြောင့် ညာခြေထောက်ဆုံးရှုံးခဲ့ရပါတယ်။

''ဒါပေမဲ့ လိုအပ်လို့ လုပ်ခဲ့တာပဲလေ''

စစ်မှုထမ်းဆင့်ခေါ်စာကြောင့် ထွက်ပြေးလာသူတွေကို သူပေးတဲ့အကြံပြုတာကတော့ ကိုယ်ဘာကျွမ်းကျင်လဲဆိုတာကို တွေးဆကြဖို့ဖြစ်ပါတယ်။ ''တိုက်ခိုက်ရေးအဖွဲ့ထဲ ပါဝင်ပြီး လက်နက်ကိုင်တိုက်တာက အရေးအပါဆုံးကိစ္စမဟုတ်ဘူး။ ဒရုန်းတပ်ဖွဲ့တွေမှာ နည်းပညာပိုင်းဆိုင်ရာတတ်ကျွမ်းသူတွေ လိုအပ်တယ်။ ပြည်ပကို ထွက်ပြီး ရန်ပုံငွေရှာဖို့ လိုအပ်တယ်''

ဒီအတောအတွင်းမှာပဲ နယ်စပ်အထိ လျှံကျလာတဲ့ပဋိပက္ခဟာ နှစ်နိုင်ငံကြားက စစ်တပ်တွေကြား မပျံ့နှံ့လာမယ့်ကိစ္စအဖြစ် ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်တယ်လို့ ဟန်ကိုယ့်ဖို့ရှိတဲ့ ထိုင်းနိုင်ငံကတော့ မြန်မာစစ်တပ်ဟာ ပြိုဆင်းမှုဖြစ်နေပြီဆိုပြီး ပြောဆိုနေပါတယ်။ တဖက်မှာလည်း နယ်စပ်ကိုဖြတ်ကျော်လာနိုင်ခြေရှိတဲ့ လူသောင်းချီကို နေရာချပေးဖို့လည်း လုပ်ရဖို့ရှိနေပါတယ်။

မြဝတီမှာက တိုက်ပွဲတွေကြောင့် မဲဆောက်မှာလည်း ထိုင်းစစ်တပ်ရဲ့ဖြန့်ကြက်မှု ထင်သာမြင်သာရှိခဲ့ပါတယ်။

သောင်ရင်းမြစ်ကမ်းတလျှောက်မှာ တာဝန်စောင့်ကြည့်နေတဲ့ ထိုင်းစစ်သားတွေကို မြင်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖွံ့ဖြိုးမှုနောက်ကောက်ကျစေခဲ့တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ လောင်းကစားဝိုင်းတွေရှိရာ၊ လက်နက်ကိုင်တပ်တွေရှိရာ မြန်မာဘက်ခြမ်းကို သူတို့ စောင့်ကြည့်နေပါတယ်။

ဒါပေမဲ့ အိမ်တံခါးဝ မြန်မာဘက်ခြမ်းမှာ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ အသိကပ်နေပေမဲ့ မဲဆောက်ကို အခုမှရောက်နေသူတွေအတွက်တော့ စိတ်သက်သာမှုတစ်စုံတရာ ရရှိစေပါတယ်။

ကလေး ၃ ဦးဖခင်ကတော့ သူ့သားငယ်တွေရဲ့ ပညာရေး ရတက်မအေးဖြစ်နေရဆဲပါ။ စာရွက်စာတမ်း မရှိတဲ့မြန်မာတွေဟာ ထိုင်းကျောင်းတွေကို တက်လို့မရပါဘူး။ ပြီးတော့ မဲဆောက်က မြန်မာလိုသင်တဲ့ကျောင်းတွေကလည်း အခကြေးငွေကောက်ခံပါတယ်။ သူနဲ့ ဇနီးသည်တို့ကတော့ သူတို့ သားအကြီးကောင်လေး သူဖြစ်ချင်တဲ့ဆရာဝန်ဖြစ်လာဖို့ အွန်လိုင်းကနေ စာသင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ သူတို့ မြန်မာကနေ ထွက်လာနိုင်တာနဲ့တင် ဝမ်းသာနေကြပါတယ်။

''စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကောင်ကောင်းအိပ်မပျော်ခဲ့တာ ပြီးခဲ့တဲ့တစ်ပတ်တုန်းကမှ ခေါင်းကျကျ ချနိုင်ခဲ့တယ်''