မျှော်လင့်ချက်ပျက်သုဥ်းနေတဲ့မြန်မာလူငယ်တွေနဲ့တရစ်ရစ်ကျပ်လာတဲ့ထိုင်းဥပဒေ

ဓာတ်ပုံ ရင်းမြစ်, Tak Immigration
ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဒုတိယအခေါက်အဖြစ် ရောက်လာခဲ့သူကတော့ အသက် ၂၅ နှစ်အရွယ် မသဇင်မြင့်( အမည်လွှဲ ) ပါ။ ပထမတစ်ကြိမ်တုန်းက မူလတန်းပြကျောင်းဆရာမဘဝကနေ CDM လုပ်ထားတဲ့သူ့အတွက် ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ မလုံခြုံတဲ့ စိတ်နဲ့ ၂၀၂၂ ခုနှစ် မတ် တုန်းက မဲဆောက်ကို ထွက်ပြေးလာခဲ့ဖူးသူပါ။
ဖခင်ရဲ့ ကျန်းမာရေးကြောင့် မွေးရပ်မြေ သထုံကို ပြန်သွားပြီး မဲဆောက်ကို မပြန်ဖြစ်တာကနေ ဒီနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် သူတို့လို လူငယ်တွေ စစ်မြေပြင်ကို အပို့ခံရတော့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နောက်တစ်ကြိမ် မဲဆောက်ကို ထွက်ပြေးလာခဲ့ရပြန်ပါတယ်။
သူက CDM ဝန်ထမ်းဖြစ်နေသလို စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ အသက်အရွယ်ဖြစ်နေတာကြောင့် သူမွေးဖွားရာ အမိမြေကနေ မဖြစ်မနေ ထွက်လာခဲ့ရတာပါ။
CDM လုပ်လို့ အဖမ်းခံရပြီး နှိပ်စက်ခံရမလား၊ စစ်မြေပြင်ပို့ပြီး မိုင်းကွင်းဖြတ်ခိုင်းတာ၊ လူသားဒိုင်းအဖြစ် လုပ်တာတွေကို ခံရတော့မလားဆိုတဲ့ စစ်ကောင်စီရဲ့ ဥပဒေအပေါ် ကြောက်ရွံ့စိတ်တွေက အိမ်နဲ့အဝေးနေရာကို ထွက်သွားရမယ့် အကြောင်းတရားတွေ ဖြစ်လာပါတော့တယ်။
မြန်မာနဲ့ထိုင်း နယ်နိမိတ်ခြားထားတဲ့ သောင်ရင်းမြစ်ကို နှစ်ဖက် လုံခြုံရေးတွေမမြင်အောင် လှေခိုးစီးပြီး ဝင်ခဲ့ရပါတယ်။
“ပထမတစ်ခါ မြစ်ကူးတုန်းက လူသိပ်မရှိကြဘူး၊ အခုတစ်ခေါက်ကျတော့ မြစ်ကမ်းနားက လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ လူငယ်တွေ အများကြီးပဲ။ တချို့ဆို ကလေးတွေပါ ပါကြတယ်”လို့ သူမြင်ခဲ့ရတဲ့ အခြေအနေတွေကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထိုင်း လဝက
မဲဆောက်မှာ ဒုတိယအကြိမ်ခိုလှုံခြင်း
ဒီတစ်ခါတော့ မသဇင်မြင့်အတွက် အရာရာကျပ်တည်းမှုတွေရှိနေပါတယ်။ စစ်မှုထမ်းဥပဒေ ကိုအသက်ဝင်တယ်လို့ ကြေညာခဲ့တဲ့နောက် စစ်မှုထမ်းရမှာကြောက်တဲ့ သူ့လိုလူငယ်တွေက ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့ကို တော်တော်များများ ရောက်လာကြပါတယ်။
မဲဆောက်မှာရှင်သန်ရပ်တည်နိုင်ရေး အလုပ်တွေရှာတဲ့အခါ အလုပ်လုပ်ချင်သူများပြီး အလုပ်အကိုင်တွေကတော့ ရှားပါးလာပါတယ်။ မသဇင်မြင့် ပထမအခေါက်တုန်းက အလုပ်လုပ်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန် ဟိုတယ် ကလည်း လူပြည့်နေလို့ မရတော့ပါဘူး။
“ကျွန်မ ဈေးလည်းရောင်းတတ်ပါတယ်။ ဘာအလုပ်ဖြစ်ဖြစ် လုပ်နိုင်တယ်၊ အရင်က မီးပူတိုက်၊ ကလေးထိန်း အိမ်အလုပ်တွေခေါ်တာတွေလည်းများပေမဲ့ အခုက လုံးဝမရှိသလောက်ဖြစ်နေတယ်။ တချို့ အလုပ်တွေ တွေ့ပြန်တော့လည်း ပွဲစားက ကြားကနေ ခေါင်းပုံဖြတ်တယ်၊ ကိုယ်တွေက တရားဝင်နေတဲ့သူတွေမဟုတ်တော့ အလုပ်ချိန်တွေ မတရားခိုင်းတာတွေလည်း ရှိတယ်။ အခုတော့ အလုပ်ရှာနေတုန်းပဲ”လို့ မသဇင်မြင့်က လက်ရှိသူရင်ဆိုင်နေရတာတွေကို ပြောပြပါတယ်။
တစစတင်းကျပ်လာတဲ့ ထိုင်းဥပဒေတွေ

ဓာတ်ပုံ ရင်းမြစ်, ထိုင်း လဝက
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မသဇင်မြင့်တို့လို လူငယ်တွေ ထိုင်းနိုင်ငံထဲကို တရားဝင်နည်းလမ်းရော ၊ တရားမဝင် နည်းလမ်းတွေနဲ့ပါ ဝင်ရောက်လာတာကြောင့် ထိုင်း-မြန်မာ နယ်စပ် မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ ထိုင်း လူဝင်မှုကြီးကြပ်ရေးတွေက လွယ်လွယ်ပေးမဝင်တော့ပါဘူး။
အရင်က မြဝတီကနေ မဲဆောက်ကိုသွားရင် မှတ်ပုံတင်နဲ့စစ်ဆေးရေးဂိတ်မှာ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်လုပ်ပြီး ထိုင်းမှာ တစ်ပတ်နေထိုင်ခွင့် အလွယ်တကူ လုပ်လို့ရပေမဲ့ အခုတော့ မဲဆောက်ဘက်ခြမ်း ကနေ အာမခံပေးနိုင်တဲ့သူရှိမှပဲ သွားလာခွင့်ရတော့တယ်လို့ အလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။
အရင်က မြဝတီကနေ မဲဆောက်ကို လည်ပတ်အပန်းဖြေဖို့၊ ဆေးကုဖို့၊ မိသားစုနဲ့တွေ့ဖို့ စတဲ့ အကြောင်းအရင်းတွေနဲ့ လာဖူးတဲ့သူတွေကိုကလည်း ပုံမှန်ဖြတ်သန်းခ ကျပ် ၂၀၀၀ (ဘတ်ငွေ ၄၀) ထက်ပိုပေးပြီး သွားနေရတယ်လို့ ပြောပါတယ်။
“သွားလာဖူးတဲ့သူတွေဆိုရင် ကိစ္စမရှိဘူး။ တစ်ခါမှ မလာဖူးဘူးလို့ စာရင်းမရှိထားတဲ့သူတွေဆိုရင် စစ်ဆေးရေးဂိတ်ကနေ မဲဆောက်မှာနေပြီး ရက်ပြည့်ရင်ပြန်ပါမယ်ဆိုပြီး အာမခံပေးနိုင်တဲ့သူရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာတောင်းတယ်။ တကယ်လို့ မပြန်ဘူးဆိုရင် အာမခံတဲ့သူကို ထုတ်ပေးထားတဲ့ သက်သေခံကတ်တွေ၊ အချက်လက်တွေကိုပါ သိမ်းတယ်၊ အာမခံမယ့်သူမရှိရင် သွားလို့မရဘူး၊ အဲဒီနေရာမှာတင် ပြန်လွှတ်တယ်”လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားတွေ အများစုရှိတဲ့ တာ့ခ်ခရိုင်၊ ရနောင်း၊ ပတ္တရား၊ ချွန်ဘူရီ စတဲ့ နေရာတွေက ဈေးတွေ၊ ဆိုင်တွေကိုပါ စစ်ဆေးနေတယ်လို့လည်း ပြောကြပါတယ်။
ထိုင်းနိုင်ငံမှာ သူတို့နိုင်ငံသားတွေကိုသာ လုပ်ကိုင်ခွင့်ပြုတဲ့ ဈေးဆိုင်ဖွင့်တာ၊ ကားအငှားဝန်ဆောင်မှုလုပ်ငန်း၊ ကျောက်သွေးလုပ်ငန်း၊ ဆံသလုပ်ငန်းတွေကို မြန်မာတွေလုပ်ကိုင်ခွင့်မရှိတာကြောင့် လုပ်ကိုင်တာတွေရှိမရှိ ဖမ်းဆီးအရေးယူနေတာတွေလည်း ပိုများလာတယ်လို့ သိရပါတယ်။
“သူတို့နိုင်ငံသားတွေရဲ့ အလုပ်ကို အကာကွယ်ပေးတဲ့သဘောပေါ့လေ။ အရင်က ခေါင်းရွက်ဗျက်ထိုးရောင်းလို့ ဘာမှမဖြစ်တဲ့သူတွေလည်း အခု အဖမ်းခံရတယ်။ မဲဆောက်မှာတင် ၅ ယောက် အဖမ်းခံလိုက်ရတယ်” ဦးမိုးကြိုးက ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံ ရနောင်းမြို့နဲ့ ဆက်စပ်နေတဲ့ ကော့သောင်းမြို့ တံတားကနေတဆင့် တရားဝင် ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ မြန်မာလူငယ်တွေဟာ ၁၀ ဆလောက် မြင့်တက်လာတယ်လို့ ရနောင်းမြို့က မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေဆီကနေ သိရပါတယ်။
“အရင်က အခုဝင် အခုရတာကနေ အခုဆို မနက်ကတည်းက တန်းစီနေတဲ့ လူတန်းကြီးက အရှည်ကြီးပဲဆိုတော့ နေ့လယ်လောက်မှ ထိုင်းဘက်ကို ဝင်လို့ရတယ်။ ထိုင်းဘက်ရောက်ပြီးရင်လည်း မပြန်ကြတော့ဘူး။ ဒီတော့ ရက်ကျော်ပြီး နေတဲ့သူတွေကိုလည်း ထိုင်းရဲတွေက ဖမ်းတယ်”လို့ ရနောင်းမြို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
ဖမ်းဆီးတာတွေ ဆက်တိုက်ရှိနေတဲ့ ထိုင်းလဝက

ဓာတ်ပုံ ရင်းမြစ်, Tak Immigration
ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တရားမဝင် ဝင်ရောက်၊ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမိတာတွေကို နေ့စဉ်နဲ့အမျှ ဖော်ပြနေတာ တွေ့ရပါတယ်။
ထိုင်း- မြန်မာ နယ်စပ်တလျှောက် တောလမ်းတွေနဲ့၊ သောင်ရင်းမြစ် ကနေ ဖြတ်ကူးရင်း အဖမ်းခံလိုက်ရသူတွေလည်း ရှိနေပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်နယ်စပ်ဘက်မှာ အခုတစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်လာကြတဲ့ မြန်မာလူငယ် သုံးရာ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။
အဲဒီလို မဲဆောက်မြို့တွင်းနဲ့မြို့ပြင်စစ်ဆေးရေးဂိတ်တွေမှာ အဖမ်းအဆီးအစစ်အဆေးတင်းကျပ်တာကြောင့် မဲဆောက်မြို့ထဲရောက်နေသူတွေအတွက်လည်း အလုပ်ထွက်ရှာဖို့နဲ့ သွားလာဖို့အတွက် အရမ်းကျပ်တည်းနေတယ်လို့ မသဇင်မြင့်က ပြောပါတယ်။
“ထိုင်းနိုင်ငံသားတွေ မျက်စိစပါးမွှေးမစူးအောင်လည်း နေရတယ်။ အသံမဆူအောင်၊ သူတို့မကြိုက်တာ မလုပ်မိအောင်ပေါ့။ မဟုတ်ရင် သူတို့တိုင်ရင်လည်း အဖမ်းခံရမှာစိုးတယ်”လို့ အိမ်ရှင်ထိုင်းနိုင်ငံသားတွေရဲ့ အခြေအနေကို ကြည့်နေရတဲ့ဘဝကို မသဇင်မြင့်ကပြောပြပါတယ်။
ဧည့်စာရင်းပါတိုင်ရပြီ

ဓာတ်ပုံ ရင်းမြစ်, Social Network
မဲဆောက်မြို့ပါဝင်တဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ဟိုတယ်၊ မိုတယ်၊ အင်း၊ အိမ်၊ အခန်း၊ တိုက်ခန်းတွေမှာ တစ်ရက်ထက်ပိုပြီးနေတဲ့သူတွေအတွက် ဧည့်စာရင်းတိုင်ရမယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးက မနေ့က ဖေဖော်ဝါရီ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၉၇၉ အရ တာ့ခ်ပြည်နယ်ထဲက တာ့ခ်ခရိုင်ထဲက မြို့နယ်တွေအားလုံး အကျုံးဝင်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေအသက်ဝင်ပြီလို့ကြေညာပြီးနောက်မှာ ထိုင်း-မြန်မာနယ်စပ်မြို့တွေကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်မှုများလာပြီး (၇) ရက် နေထိုင်ခွင့်ရတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်နဲ့ နေထိုင်သူတွေကလည်း ရက်ပြည့်ပေမဲ့ မပြန်တာတွေရှိလာတာကြောင့် ထိုင်းဘက်က အခုလို ထုတ်ပြန်တာဖြစ်နိုင်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“နှစ်ပေါင်း ၂၀ အတွင်းမှာ ဒီလိုထုတ်ပြန်တာ တစ်ခါမှ မရှိခဲ့ဖူးဘူး ၊ မြန်မာမှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ပြီး နောက်ပိုင်း ထိုင်းဘက်ကို အဝင်များလာတယ် ၊ လူကုန်ကူးတဲ့သူတွေက မဲဆောက်ကနေတဆင့် အလုပ်ပေါတဲ့ ဘန်ကောက်တို့ ချင်းမိုင်တို့ကို တရားမဝင် လူပို့တယ်၊ အဲ့ဒါတွေကို ကြပ်မတ်ချင်လို့လည်း ပါမယ်”လို့ ဦးမိုးကြိုးက ပြောပါတယ်။
အရင်ကတည်းက ဒီဥပဒေက ရှိနေပြီးသားဆိုပေမဲ့ အများအားဖြင့် မဲဆောက်ကနေ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင် စတဲ့မြို့တွေမှာ ၄၈ နာရီကျော်ပြီး နေထိုင်တဲ့အခါမှသာ ဧည့်စာရင်းတိုင်ရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မဖြစ်မနေလိုက်နာရတာမျိုးတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။
ဧည့်စာရင်းကို အိမ်ပိုင်ရှင်၊ အခန်းပိုင်ရှင်၊ ဟိုတယ်/မိုတယ်/အင်း မန်နေဂျာအဆင့်ရှိတဲ့သူတွေက လူကိုယ်တိုင်ဖြစ်ဖြစ်၊ အီးမေးကနေတဆင့်ဖြစ်ဖြစ်၊ Call Center ကဖြစ်ဖြစ် တိုင်ကြားရမယ်လို့ ထိုင်း၊ မြန်မာ နှစ်ဘာသာနဲ့ ထိုင်းလဝက က ထုတ်ပြန်ထားပါတယ်။
တကယ်လို့ ဧည့်စာရင်းတိုင်ထားတာ မရှိရင် ဒဏ်ငွေ ဘတ် ငါး ထောင် ကနေ တစ်သောင်းကို ဧည့်သည်ဦးရေအလိုက် အိမ်ရှင်က ပေးဆောင်ရမှာဖြစ်ပါတယ်။ ဧည့်သည်တွေကတော့ ထောင်ဒဏ် ၁၅ ရက်ကနေ ၁ လ ချမှတ်ခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ထောင်ဒဏ်မကျချင်ရင် နေထိုင်တဲ့ ရက်အလိုက် တစ်ရက်ကို ဘတ် ၅၀၀ ဒဏ်ကြေးဆောင်ရမယ် လို့ ဆိုပါတယ်။
တာ့ခ်ခရိုင်မှာ တာ့ခ်၊ ဝမ်ကျောက်၊ ဝမ်အင်း၊ မဲ့ထော် ၄ မြို့နယ်ရှိပြီး မြန်မာနိုင်ငံသား တစ်သိန်းခန့်ရှိနိုင်သလို မဲဆောက်ခရိုင်ခွဲ မှာ မဲဆောက်၊ အုန်းဖန်၊ ဖုတ်ဖရ၊ မဲ့ရမတ်၊ ထဆောင်ယန်း စတဲ့ မြို့ ငါးမြို့ရှိပြီး မြန်မာနိုင်ငံသား ၄ သိန်းခန့်ရှိနိုင်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။
ရည်ရွယ်ချက်တွေပျက်သုဥ်းသွားတဲ့ လူငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Migrant Times
အခုလို မွေးရပ်မြေ၊ အိမ်နဲ့အဝေးကို ထွက်ခွာခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ မသဇင်မြင့်ဟာ မျှော်လင့်ချက်၊ ရည်ရွယ်ချက်တွေ အများကြီးမရှိခဲ့ပါဘူး။ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သူ့အဖေဆန္ဒအတိုင်း ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ကလေးတွေကို ပညာတတ်မြောက်အောင် သင်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ပါပဲ။
ရည်ရွယ်ချက်စပြီး အကောင်ထည်ဖော်စမှာပဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကျိုးဆက်တွေဟာ မသဇင်မြင့်လို လူငယ်တွေအတွက် ရည်ရွယ်ချက်တွေ မှေးမှိန်သွားပြီလို့ ဆိုပါတယ်။
“အမိမြေထက် တခြားနိုင်ငံက ပိုလုံခြုံတယ်လို့ ခံစားနေရတယ်။ တကယ်လို့ အဖမ်းခံရရင်တောင် ထိုင်းမှာအဖမ်းခံရတာက တော်သေးတယ်။ ကိုယ့်နိုင်ငံမှာဆို နှိပ်စက်ခံရမှာ”လို့ မသဇင်မြင့်ရဲ့ စိုးရိမ်စိတ်ထင်ဟပ်နေတဲ့ စကားကို ကြားလိုက်ရပါတယ်။
ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်၊ နေထိုင်၊ အလုပ်လုပ်လို့ အဖမ်းခံရ၊ အရေးယူခံရပြီးရင် ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ပါတယ်။ ဒီလိုပြန်ပို့တာဟာ လက်ရှိစစ်မှုထမ်းဥပဒေကြောင့်ထွက်ပြေးလာတဲ့ လူငယ်တွေအတွက်ဆိုရင် သွားစရာလမ်းပျောက်တဲ့ အခြေအနေ ဖြစ်သွားနိုင်တယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေကိုကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
“တကယ်ဆို စစ်မှုထမ်းဥပဒေကြောင့် ကြောက်လို့ ထွက်ပြေးလာတဲ့လူငယ်တွေဆိုရင်တော့ ဖမ်းမိရင် ပြန်မပို့သင့်ပါဘူး။ နေရာလေးတစ်ခုခု စီစဉ်ပေးသင့်တယ်။ အခုတော့ လူငယ်တွေမှာ မျှော်လင့်ချက် တော်တော်မဲ့နေရတယ်၊ အိမ်နီးချင်းနိုင်ငံတွေရော နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း တစ်ခုခုတော့ စဉ်းစားပေးသင့်တယ်”








