ဇန်နဝါရီ ၁၁ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - မီးမှန်မှန်မပေးနိုင်တဲ့ကိစ္စ စစ်ခေါင်းဆောင်ဘာပြောလဲ

မိတ္ထီလာမြို့၊ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေးမှာတွေ့ရတဲ့ စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, မိတ္ထီလာမြို့၊ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေးမှာတွေ့ရတဲ့ စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်ရတဲ့ အကြောင်းတွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၁၀ ရက် မိတ္ထီလာခရီးစဉ်မှာထုတ်ပြောခဲ့ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ဖျက်ဆီးမှု၊ စက်ရုံတချို့ စွမ်းအားပြည့်မလည်ပတ်နိုင်မှု၊ ဓာတ်ငွေ့လို အပ်ချက်မပြည့်မီမှုတွေကြောင့် အခက်အခဲတွေရှိနေတယ် လို့ သူက ပြောပါတယ်။

ရေအားလျှပ်စစ်စီမံကိန်းတွေကို ကန့်ကွက်မှုတွေကြောင့် မြန်မြန်လုပ်လို့ရတဲ့ ဆိုလာစနစ်ကို အားပေးနေရတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့လည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုတယ်လို့ သူက ပြောပါတယ်။

နိုင်ငံတော်မှဆောင်ရွက်တဲ့ စီမံကိန်းတွေရှိသလို လုပ်ငန်းရှင်တွေကလည်း လုပ်ငန်း လိုအပ်ချက်အလိုက် ဆိုလာစီမံကိန်းတွေကို ဆောင်ရွက်နိုင်တယ် လို့ သူက ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်က မိတ္ထီလာမြို့မှာ ကျင်းပခဲ့တဲ့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြန်မာမှာ လျှပ်စစ်ဓာတ်အားထုတ်ဖို့ ဧရာဝတီမြစ်ကြောင်းတလျှောက် အနိမ့်တမံတွေ ထပ်ဆောက်သွားဖို့ရှိသလို ပြန်လည်ပြည့်မြဲစွမ်းအင်တွေ သုံးစွဲနိုင်ဖို့ အဆောက်အအုံသစ်တွေမှာ ဆိုလာစနစ်တပ်ဆင်ဖို့လုပ်သွားမယ်လို့ စစ်ကောင်စီလျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်က ပြောထားပါတယ်။

မန္တလေးက ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရ

ကမ္ဘောဇဘဏ်ခွဲ

ဓာတ်ပုံ ရင်းမြစ်, MFP

ဘဏ်မန်နေဂျာ သေနတ်မှန်

မန္တလေးတက္ကသိုလ်အနီးက ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဒီနေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ အမျိုးသားတစ်ယောက်က ဓားပြတိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။ "ပစ္စတိုတစ်လက်နဲ့ ဘဏ်ထဲထိ ဓားပြဝင်တိုက်တာ" လို့ သူက ဆက်ပြောပါတယ်။

၇၃ လမ်း၊ လမ်း ၄၀ နဲ့၄၁ ကြားမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲလို့ သူကဆိုပါတယ်။

ဓားပြတိုက်သူအမျိုးသားဟာ ဘဏ်ထဲကပိုက်ဆံတွေယူပြီးပြန်ထွက်ချိန် ဘဏ်မန်နေဂျာနဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ဓားပြတိုက်သူက သေနတ်နဲ့ ပြန်ပစ်ခဲ့တာကြောင့် ဘဏ်မန်နေဂျာ ဒဏ်ရာရသွားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဆိုပါတယ်။

"လက်မောင်းထိသွားတယ်" လို့ သူကပြောပြပါတယ်။

ဓားပြတိုက်သူကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ ဘဏ်အနီးနားမှာ နေထိုင်တဲ့သူတချို့က မြင်တွေ့ရတာကိုပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း မန္တလေးမြို့ထဲက ‌ရွှေဆိုင် ၃ ဆိုင်ထက်မနည်းဓားပြတိုက်ခံခဲ့ရသလို ဖုန်းဆိုင်တွေလည်း ဓားပြတိုက်လုယက်ခံခဲ့ရပါတယ်။

သီလဝါမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဘယ်လာရုစ်ကို စစ်ကောင်စီဖိတ်ခေါ်

သီလဝါအထူးစီးပွားရေးဇုန်(SEZ)ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ဘယ်လာရုစ်နိုင်ငံခြား‌‌ရေးဝန်ကြီးနဲ့ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောတို့တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, သီလဝါအထူးစီးပွားရေးဇုန်(SEZ)ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ဘယ်လာရုစ်နိုင်ငံခြား‌‌ရေးဝန်ကြီးနဲ့ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောတို့တွေ့ဆုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သီလဝါအထူးစီးပွားရေးဇုန်(SEZ)မှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေကို ဘယ်လာရုစ်နိုင်ငံခြား‌‌ရေးဝန်ကြီးနဲ့ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောတို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မြန်မာနဲ့ ဘယ်လာရုစ်တို့အကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နို့ထွက်ပစ္စည်းကဏ္ဍ၊ တန်ဖိုးမြှင့်လူသုံးကုန်၊ စားကုန်ထုတ်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်၊ စက်မှု၊ မော်တော်ယာဉ်ထုတ်လုပ်ရေး ကဏ္ဍနှင့်ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်း ထုတ်လုပ်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စီးပွားရေးအကြံပေးလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးညိုစောဟာ မနေ့က ရန်ကုန်မှာလုပ်တဲ့ ဘယ်လာရုစ်- မြန်မာ စီးပွားရေး ဖိုရမ်ကိုလည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ကုန်စည်ကူးသန်းရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ အထူးစီးပွားရေးဇုန်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေ၊ မြန်မာနဲ့ ဘယ်လာရုစ်အကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေး တို့ကို နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအစိုးရတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ လွယ်ကူချောမွေ့စေရေး ပံ့ပိုးဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး မစ္စမာကျားတို့ တွေ့ဆုံချိန်မှာလည်း သီလဝါအထူးစီးပွားရေးဇုန် (SEZ)ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်ထဲမှာ ပြည်ပနဲ့ မြန်မာဖက်စပ်လုပ်ငန်း ၈၀ ကျော်လည်ပတ်နေပြီး အများစုကတော့ ဂျပန်နဲ့ဖက်စပ်လုပ်ငန်းတွေဖြစ်ပါတယ်။

ပုသိမ်၊ ရွှေသောင်ယံမှာ စစ်ရေးတင်းမာပြီး စစ်တပ်က ခံစစ်ပြင်နေ

၂၀၁၈ ခုနှစ်တုန်းက မြန်မာစစ်တပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်မှု (ဆင်ဖြူရှင်) တုန်းက တွေ့ရတဲ့ မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်တုန်းက မြန်မာစစ်တပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်မှု (ဆင်ဖြူရှင်) တုန်းက တွေ့ရတဲ့ မြင်ကွင်း (ပုံဟောင်း)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံမြို့အနီးမှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတစ်ဦးက ဇန်နဝါရီ ၁၁ ရက် အခြေအနေကို ဘီဘီစီကို ပြောပါတယ်။

ရွှေသောင်ယံအနီးမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့နှစ်ဖက်ကြား ဇန်နဝါရီ ၈ ရက်နဲ့ ၉ ရက်မှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲကာလအတွင်း မြန်မာစစ်တပ်က ရွှေသောင်ယံမြို့မြောက်ဘက်ခြမ်းက ကုလားချောင်းရွာ၊ ပေါက်တူးကွင်းရွာနဲ့ မကျီးဇင်ဖျားရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။

"ရွှေသောင်ယံမြို့ထဲက စစ်တပ် အမြောက်တပ်ကနေလည်း လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ပစ်တာ" လို့ ဘီဘီစီ သတင်းရင်းမြစ်က ပြောပါတယ်။

ရွှေသောင်ယံမြို့အနီး ရွာတွေမှာနေထိုင်တဲ့ ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်ရှောင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ကတော့ ‌ရွှေသောင်ယံမြို့ကို ကြည်း၊ ရေ၊ လေ တပ်ကူတွေပို့ပြီး ခံစစ်ပြင်နေတဲ့ အခြေအနေလို့ သူကထပ်ပြောပါတယ်။

"လေယာဉ်တွေလည်းပျံတယ်၊ ရေတပ်က သင်္ဘောတွေအများကြီးရောက်လာတယ်။ ရွှေသောင်ယံကမ်းခြေပတ်လမ်းမှာလည်း တင့်ကားတွေ၊ အမြောက်ပါတဲ့ကားတွေ အများကြီးပို့နေတယ်" လို့ သူက‌ဆိုပါတယ်။

ရွှေသောင်ယံမြို့ဟာ အပန်းဖြေခရီးအသွားအလာများတဲ့ ချောင်းသာကမ်းခြေနဲ့ ၁၀ မိုင်ဝန်းကျင်ပဲ ကွာဝေးပါတယ်။ စစ်ကောင်စီကတော့ ရွှေသောင်ယံမြို့အနီးက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရ

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒဏ်ရာရခဲ့သူတစ်ဦးကို အေအေထုတ်ပြန်ထားတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒဏ်ရာရခဲ့သူတစ်ဦးကို အေအေထုတ်ပြန်ထားတဲ့ပုံ

ရခိုင်ပြည်နယ်(မြောက်ပိုင်း)က အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို မြန်မာစစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အေအေက သတင်းထုတ်ပြန်လာပါတယ်။

"မြို့မဈေးနားတဝိုက်ကို ဗုံးကျကွဲတာ" လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက အတည်ပြုပြောပြပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ၃ ကြိမ်၊ ဗုံး (၁၅) လုံးခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ဈေးရောင်း၊ ဈေးဝယ်နဲ့ လမ်းသွားလမ်းလာ အရပ်သားပြည်သူတချို့ သေဆုံးဒဏ်ရာရတယ်လို့ အေအေက ပြောပြီး သေဆုံးတဲ့အရေအတွက်ကိုတော့ မပြောထားပါဘူး။

စျေးဆိုင်တန်းနဲ့ ဒေသခံနေအိမ်တွေပေါ်လည်း ဗုံးကျရောက်ပေါက်ကွဲပြီး ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပြပါတယ်။

အလားတူ မနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ကျောက်တော်မြို့၊ ရှမ်းဈေးရှေ့အနီးက ပန်းထိမ်တန်းဈေးလည်းလေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။

အေအေက စစ်ရေးထက် နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ အသင့်ရှိတဲ့အကြောင်း ထုတ်ပြန်ပြီးတဲ့နောက် အေအေထိန်းချုပ်ထားတဲ့ ဒေသတချို့ ဆက်တိုက်လေကြောင်းတိုက်ခိုက်တာခံနေရသလို ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်က မြို့တွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေဆက်ရှိနေပါတယ်။

စစ်ကောင်စီကတော့ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

တပ်မဟာ ၉ ခု အထိ TNLA တိုးချဲ့

ဇန်နဝါရီ ပထမအပတ်ကကျင်းပခဲ့တဲ့ TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်းဆင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ပထမအပတ်ကကျင်းပခဲ့တဲ့ TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်းဆင်းပွဲ

တအာင်းတပ်မ‌တော် (TNLA) ကို တပ်မဟာ ၉ ခုအထိ တိုးချဲ့လိုက်ပြီး မြို့ ၁၈ မြို့ပါဝင်တဲ့ ခရိုင် ၅ ခုကိုလည်း အုပ်ချုပ်ရေးအတွက် ပြင်ဆင်စုဖွဲ့လိုက်တဲ့အကြောင်း TNLA ရဲ့ နှစ်ပတ်လည်အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

တအာင်းပြည် TNLA ရဲ့ ယာယီဌာနချုပ်မှာ ဇန်နဝါရီ ၃ ရက်ကနေ ၅ ရက်အထိ ၅ ရက်တာကျင်းပခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေးပြီးတဲ့နောက် ခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

''တပ်မဟာ ၇ ခုကနေ ၉ အထိ ထပ်တိုးချဲ့လိုက်တာ"လို့ TNLA နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့်လာပြီးနောက် မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်၊ ကျောက်မဲခရိုင်နဲ့ နမ့်ခမ်းခရိုင်ဆိုပြီး မြို့ ၁၈ မြို့ပါတဲ့ ခရိုင် ၅ ခုကို ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်တွေနဲ့ နွေဦးတော်လှန်‌‌ရေးအင်အားစုတွေအားလုံး ပူး‌ပေါင်းပြီး တော်လှန်ရေးအရှိန်ကိုမြှင့်ပြီး ‌‌အောင်ပွဲရယူဖို့အချိန်ကောင်းဖြစ်တယ်လို့လည်း TNLA က ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။