မေ ၁၀ ရက် နိုင်ငံတဝန်း သတင်းများအနှစ်ချုပ်- မန္တလေးမှာ မိုးသည်းလေထန်ပြီး ခေါင်မိုးလွင့်ထွက်လို့ သုံးယောက် ဒဏ်ရာရ

လေပြင်းကြောင့် လွင့်ကျလာတဲ့ အိမ်ခေါင်မိုး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လေပြင်းကြောင့် လွင့်ကျလာတဲ့ အိမ်ခေါင်မိုး

မန္တလေးမြို့မှာ မေ ၁၀ ရက် ညနေပိုင်းက မိုးသည်းတာနဲ့အတူ လေပြင်းတွေ တိုက်တာကြောင့် လွင့်ထွက်လာတဲ့ အမိုးတစ်ခုက မဟာအောင်မြေမြို့နယ်၊ ၇၄ လမ်းနဲ့ ၃၈ လမ်းထောင့်ကိုကျပြီး လူ ၃ ယောက် ထိခိုက်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မိုးသည်းတာကြောင့် စာသင်ကျောင်းနားက အဆောက်အဦတစ်ခုအောက်မှာ မိုးခိုရင်း စကားပြောနေကြတဲ့ လူငယ်တွေအပေါ် ၂၅ ပေ ဝန်းကျင် အကျယ်ရှိတဲ့ အိမ်အမိုးတစ်ခု လွင့်ကျခဲ့တာပါ။

"လွှင့်လာတဲ့ အမိုးက ဘယ်ဘက်က လွှင့်လာမှန်းတောင် မသိလိုက်ကြဘူး။ ခေါင်မိုးထဲမှာ ပန်ကာတွေတောင် ပါလာတယ်။ အထပ်မြင့်တွေဘက်က ဖြစ်ဖို့များတယ်။ လေက ဆောင့်တိုက်တာ၊ ဘယ်လောက်ပြင်းလဲဆို သစ်ပင်တွေတောင်လဲတယ်။ နန်းတွင်း နောက်ဘက်ရပ်ကွက်တွေဆို မိုးသီးတွေပါကြွေတာ"လို့ မန္တလေးမြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရသူတွေကို လူမှုကူညီရေးအဖွဲ့တွေက မန္တလေးဆေးရုံကို ပို့လိုက်ပြီလို့လည်း သိရပါတယ်။

၇၃ လမ်းမှာလည်း လေပြင်းတိုက်လို့ သစ်ပင်တွေလဲတာကြောင့် တချို့ လမ်းသွယ်တွေထဲကနေ ပတ်မောင်းနေကြရပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ရုပ်သံဗွီဒီယိုတွေအရ သစ်ပင်တွေ ယိမ်းထိုးနေသလို မိုး သည်းသည်းထန်ထန် ရွာနေတာကိုလည်း တွေ့ရပါတယ်။

မိုးသီးတွေဟာ ကားမှန်တွေအပေါ် အရှိန်နဲ့ တဒိန်းဒိန်း ကျနေတာကြောင့် ကားမှန်ကွဲမှာကိုတောင် စိုးရိမ်ရတယ်လို့ ရုပ်သံရိုက်ကူးထားသူက ပြောတာကို တွေ့ရပါတယ်။

မန္တလေးက ဆောက်လက်စအဆောက်အဦတွေရပ်ထားဖို့ မန်းစည်ပင်သတိပေး

မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦ လေးထောင်ဝန်းကျင် ရှိနေပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦ လေးထောင်ဝန်းကျင် ရှိနေပါတယ်

အင်အားပြင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ မန္တလေး ၆ မြို့နယ်ထဲက ဆောက်လက်စ အဆောက်အဦတွေကို ပြန်စစ်ဆေးဖို့ လိုတာကြောင့် ခဏရပ်နားထားဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မေ ၁၀ ရက်မှာ ညွှန်ကြားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ စတဲ့ မြို့နယ် ၆ ခုထဲက ဆောက်လက်စ အဆောက်အဦတွေရဲ့ ပင်မတိုင်တွေ ပျက်စီးတာ ရှိ/မရှိ စစ်ဆေးဖို့ လိုအပ်တာကြောင့်လို့ သိရပါတယ်။

ဆောက်လက်စ အဆောက်အဦတွေကို စစ်ကောင်စီရဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တရားဝင် ဖွဲ့စည်းပေးထားတဲ့ စစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနဲ့ ကုန်ရုံဌာနကို ပျက်စီးမှု ရှိ/မရှိ စိစစ်တင်ပြချက်အပေါ် မူတည်ပြီး ပြန်ဆောက်ရမှာ ဖြစ်ပါတယ်။

ပင်မထောက်တိုင်တွေ ပျက်စီးတာတွေ ရှိရင်တော့ ဆက်ဆောက်ခွင့် ပေးမှာမဟုတ်ဘဲ ပြန်ဆောက်ရမှာဖြစ်ပြီး မလိုက်နာဘူးဆိုရင်တော့ အရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ မန်းစည်ပင်က သတိပေးထားတာပါ။

လက်ရှိ မန္တလေးမြို့ လမ်းမတန်းမှာ ရှိနေတဲ့ ဆောက်လက်စ အထပ်မြင့်အဆောက်အဦတွေတော့ ဆက်မဆောက်ဘဲ ရပ်နားထားတာတွေ ရှိတယ်လို့ မန္တလေးမြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်သင့်လို့ ဖြိုဖျက်ထားတဲ့ အဆောက်အဦတွေကို ရှင်းလင်းပြီးရင် အမြင်တင့်တယ်အောင် သွပ်ပြားတွေနဲ့ ကာရံရမှာ ဖြစ်တယ်လို့ မြို့နယ် စည်ပင်က အသိပေးအကြောင်းကြားစာတွေ ပေးဝေခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦးမှာ စက်တပ်လေထီးနဲ့ဗုံးကြဲလို့ အရပ်သား ၂ ယောက်သေဆုံး

ဧပြီ ၂၃ ရက်က ပခုက္ကူမြို့နယ်မှာ တော်လှန်ရေးအဖွဲ့တွေ ပစ်ချနိုင်ခဲ့တဲ့ စက်တပ်လေထီး

ဓာတ်ပုံ ရင်းမြစ်, Burma Revolution Rangers

ဓာတ်ပုံ ပုံစာ, ဧပြီ ၂၃ ရက်က ပခုက္ကူမြို့နယ်မှာ တော်လှန်ရေးအဖွဲ့တွေ ပစ်ချနိုင်ခဲ့တဲ့ စက်တပ်လေထီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက သုံးပန်လှရွာကို စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် အရပ်သား နှစ်ယောက် သေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက ပြောပါတယ်။

မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ထွက်လာတဲ့ စက်တပ်လေထီးနဲ့ ပစ်ချခဲ့တဲ့ ဗုံးဟာ သုံးပန်လှရွာထိပ်မှာရှိတဲ့ ဈေးနားကို ကျရောက်ပေါက်ကွဲတာကြောင့် အနားမှာရှိတဲ့ အရပ်သားတွေ သေဆုံးတာလို့ ပြောပါတယ်။

အဲဒီရွာနားဝန်းကျင်မှာ တိုက်ပွဲတစ်စုံတရာမရှိပေမဲ့ ကာကွယ်ရေးတပ်တွေ ရှိတယ်လို့ ယူဆပြီးဗုံးကြဲတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ယောက်က မှတ်ချက်ပြုပါတယ်။

ဗုံးဆန်မှန်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပေမဲ့ ဘယ်နှယောက် ဒဏ်ရာရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ချောင်းဦးမြို့နယ်ဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရှိတဲ့ မုံရွာမြို့နဲ့ ၁၆ မိုင်လောက်သာ ကွာဝေးပြီး စစ်ကြောင်းတွေကို မကြာခဏ ကြားဖြတ်တိုက်ခိုက်နေတဲ့ မြို့လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ မုံရွာမြို့နယ်ထဲက ချောင်းဦးမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၆ ရွာကို လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၁၇ ယောက် သေဆုံးခဲ့ပါသေးတယ်။

အပစ်ရပ်ထားပေမဲ့ နောင်ချိုက ကျေးရွာ လေးခု တစ်ရက်တည်း ဗုံးကြဲခံရ

နောင်ချိုမြို့နယ်ထဲက တိုက်ခိုက်ခံရတဲ့နေရာ

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, နောင်ချိုမြို့နယ်ထဲက တိုက်ခိုက်ခံရတဲ့နေရာ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် - TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲက ကျေးရွာ ၄ ခုကို တစ်ရက်တည်းမှာတင် ဒရုန်းနဲ့ဗုံးကြဲသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ TNLA က မေ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက မေ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်ခတ်ရပ်စဲဖို့ သက်တမ်းတိုးထားပေမဲ့ တအာင်းဒေသထဲကို မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ လေကြောင်းတိုက်တာတွေ နေ့တိုင်းလုပ်နေတယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်ထဲက သရက်ချိုရွာ၊ နောင်လင်ရွာ၊ ယာပြင်ရွာ၊ အုမ္မတီး စတဲ့ကျေးရွာတွေကို မေ ၉ ရက် တစ်ရက်တည်းမှာတင် မနက် ၆ နာရီခွဲကနေ နေ့လယ် ၁ နာရီအတွင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သရက်ချိုရွာမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားချိန်မှာ နောင်ချိုမြို့နယ် တောင်ခမ်းမှာရှိတဲ့ အမှတ် (၉၀၂) အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို နောင်လင်ကျေးရွာက တိုက်ပွဲဖြစ်တဲ့ နေရာတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သရက်ချိုကျေးရွာထဲကမင်္ဂလာဆောင် ကျင်းပနေတဲ့ ရွာထဲကို ကျရောက်ပေါက်ကွဲပြီး ကလေးငယ် တစ်ယောက် အပါအဝင် ဒေသခံ ၄ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း TNLA က မေ ၉ ရက်က ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်သင့် ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဆက်လုပ်နိုင်ဖို့ ၁ လသက်တမ်းတိုးမယ့်အကြောင်း မေ ၁ မှာ ထုတ်ပြန်ထားတာပါ။

ငလျင်သင့်ဒေသတွေကို သွားလည်ဖို့ စစ်ကောင်စီဟိုတယ်နဲ့ခရီး တိုက်တွန်း

မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားတဲ့ အင်းလေးကန်ထဲ နေထိုင်သူတွေလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Services Department

ဓာတ်ပုံ ပုံစာ, မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားတဲ့ အင်းလေးကန်ထဲ နေထိုင်သူတွေလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ကြပါတယ်

ငလျင်သင့်ဒေသတွေက ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို သွားရောက်လေ့လာခြင်းဖြင့် ဒေသအကျိုးစီးပွားကို အထောက်အပံ့ဖြစ်စေမယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ငလျင်သင့်ဒေသတွေကို သွားရောက်လေ့လာကြည့်ရှုတဲ့အခါ ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသတတွေ ရရှိနိုင်မယ့်အပြင် အဲဒီဒေသတွေက ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းတွေကို အထောက်အကူပြုသလို ဒေသခံတွေရဲ့ အခွင့်အလမ်းနဲ့ ဝင်ငွေတွေလည်း တိုးပွားစေနိုင်မယ်လို့လည်း ထုတ်ပြန်ထားတာပါ။

ငလျင်သင့်ဒေသတွေကို သွားရောက်လည်ပတ်တာဟာ အပျော်ခရီး၊ စိတ်အပန်းဖြေ ခရီးဆိုတာထက် လေ့လာဖို့ ခရီးသာ ဖြစ်နိုင်သလို ငလျင်သင့်ပြည်သူတွေအရှေ့မှာ ပျော်ပါးပြတာတွေတော့ သတိထားသင့်တယ်လို့ မန္တလေးမြို့က ဧည့်လမ်းညွှန်တစ်ဦးက ပြောပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တချို့ ငလျင်ကြောင့်ပျက်စီးခဲ့ပြီး ငလျင်သင့်ဒေသတွေကို အလည်အပတ်ခရီးစဉ်အဖြစ် ပုံမှန်လည်ပတ်လို့ရပြီဆိုတဲ့ ဟိုတယ်/ခရီးရဲ့ ထုတ်ပြန်ချက်ကို ဝေဖန်သူတွေလည်း ရှိပါတယ်။

ငလျင်ကြောင့် မန္တလေးတိုင်းထဲက အင်းဝ၊ အမရပူရ၊ ပုသိမ်ကြီး၊ ကျောက်ဆည် အပါအတင် စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်ထဲက ရှေးဟောင်းအမွေအနှစ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ခ်တာစကေးရှိ ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မကွေး၊ နေပြည်တော်၊ ပဲခူး၊ ရှမ်း စတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ လူသေဆုံးသူ ၃,၈၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၅,၁၀၀ ကျော် ရှိခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ တိုက်ပွဲဖော်တာနဲ့ပတ်သက်လို့ ထိုင်းပြည်သူတွေကို KNU ဘာပြောလဲ

ထိုင်း-မြန်မာနယ်စပ် ထီးခီးစစ်စခန်းကို သိမ်းပိုက်နိုင်တဲ့ KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာနယ်စပ် ထီးခီးစစ်စခန်းကို သိမ်းပိုက်နိုင်တဲ့ KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ

ထိုင်းမြန်မာနယ်စပ်က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထိုင်းပြည်သူတွေဆီ ပန်ကြားစာတစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး KNU က မေ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

KNU/KNLA တပ်မဟာ ၄ နဲ့ ပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ် ထီးခီး စစ်ကောင်စီတပ်စခန်းကို မေ လဆန်းကစလို့ ထိုးစစ်ဆင်ပြီးနောက် စခန်းသိမ်းနိုင်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ နေထိုင်တဲ့ ထိုင်းပြည်သူတွေကို ပန်ကြားချက်အနေနဲ့ ထုတ်ပြန်လာတာပါ။

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို အာမခံချက်ရှိဖို့ မြိတ်-ထားဝယ်ဒေသရှိ ထီးခီးစစ်အခြေစိုက်စခန်းကို ပြန်ထိန်းချုပ်တာက မဖြစ်မနေ လိုအပ်တာကြောင့်လို့လည်း KNU တပ်မဟာ ၄ ကဆိုပါတယ်။

မြန်မာစစ်ကောင်စီတပ်ဟာ ရုရှားနည်းပညာသုံး ၁၁၀ မဂ္ဂဝပ် အနုမြူဓာတ်အားပေးစက်ရုံကို ပဲခူးတိုင်း အလယ်ပိုင်းနဲ့ ထိုင်း-မြန်မာနယ်စပ် ထားဝယ်မြို့နယ်ထဲက ထားဝယ် အထူးစီးပွားရေး ဇုန်မှာ တည်ဆောက်မယ်ဆိုတာကို သတင်းမီဒီယာတွေကတဆင့် သတင်းရရှိထားကြောင်း KNU ကထုတ်ပြန်ပါတယ်။

ထိုင်းနဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံရေး၊ အန္တရာယ် ကင်းရှင်းရေးနဲ့ ကောင်းမွန်တဲ့ နေထိုင်မှုတွေကို ထိခိုက်မှာကို စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နဲ့ စစ်ကောင်စီကောင်စီရဲ့ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်ဖို့ စစ်ကောင်စီကို စစ်ရေးအရ အရေးယူဆောင်ရွက်တာတွေ လုပ်ဖို့လိုတယ်လို့ KNU ထုတ်ပြန်လာပါတယ်။

ထီးခီးစခန်းရဲ့ ၄ ပုံ ၃ ပုံဟာ ထိုင်းနဲ့မြန်မာ နယ်စပ်မျဉ်းပေါ်မှာ ရှိနေတာပါ။ KNU နဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ ထိခိုက်နိုင်ခြေတွေနဲ့ လျှော့ချနိုင်မယ့် နည်းလမ်းတွေကို အစွမ်းကုန် စီမံခဲ့တယ်လို့လည်း သိရပါတယ်။

KNU နဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ ထိခိုက်နိုင်ခြေတွေနဲ့ လျှော့ချနိုင်မယ့် နည်းလမ်းတွေကို အစွမ်းကုန် စီမံခဲ့တယ်လို့လည်း သိရပါတယ်။

ဂုတ်ထိပ်တံတား၊ သီပေါနဲ့ ကွမ်လုံကြိုးဝိုင်းတွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့တအောင်းတပ် သတိပေး

သတိပေးဆိုင်းဘုတ်တွေကို နောင်ချိုနဲ့ သီပေါမြို့နယ်က ကြိုးဝိုင်းတွေမှာ တအာင်းတပ်ဖွဲ့ဝင်တွေက တပ်ဆင်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, သတိပေးဆိုင်းဘုတ်တွေကို နောင်ချိုနဲ့ သီပေါမြို့နယ်က ကြိုးဝိုင်းတွေမှာ တအာင်းတပ်ဖွဲ့ဝင်တွေက တပ်ဆင်နေတာဖြစ်ပါတယ်။

တအာင်းထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နဲ့ နောင်ချိုမြို့နယ်က သစ်တောကြိုးဝိုင်းတွေမှာ သစ်ဝါးမခုတ်ဖို့နဲ့ တောမီးမရှို့ဖို့ သတိပေးဆိုင်းဘုတ်တွေ TNLA - တအာင်းတပ်က တပ်ဆင်ခဲ့ပါတယ်။

အဲဒီသတိပေး ဆိုင်းဘုတ်တွေကို သီပေါမြို့နယ်ထဲက သီပေါကြိုးဝိုင်း၊ ကွမ်းလုံကြိုးဝိုင်း၊ နောင်ချိုမြို့နယ်ထဲက ဂုတ်ထိပ်တံတားတွေမှာ မေ ၆ နဲ့ ၇ ရက် က တအာင်းတပ်ရဲ့ မြေယာနဲ့ သစ်တောထိန်းသိမ်းရေးဌာနက တပ်ဆင်ခဲ့တာဖြစ်ပါတယ်။

သစ်ဝါးခုတ်တာ၊ တောမီးရှို့တာတွေ လုပ်မယ်ဆိုရင် ထိထိရောက်ရောက် အရေးယူမယ်လို့လည်း ဆိုပါတယ်။

ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာလည်း ဒီလိုသတိပေးဆိုင်းဘုတ်ပေါင်း ၅၀ ကျော်ကို ဧပြီ အတွင်းက တပ်ဆင် သတိပေးထားသလို ဖေဖော်ဝါရီတုန်းကလည်း တအာင်းတပ်ရဲ့ တပ်မဟာ ၃ နယ်မြေ၊ မိုးမိတ်မြို့နယ်ထဲက ကန့်သတ်ကြိုးဝိုင်း ၅ ခုကို သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့နယ်ကို တအာင်းလွတ်မြောက်ရေးတပ်က ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ သိမ်းပိုက်ထားနိုင်ပြီး ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။

နောင်ချိုမြို့နယ်ကလည်း ၂၀၂၄ ခုနှစ် ဇူလိုင်မှာ TNLA က သိမ်းပိုက်ထားပြီး နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်ကြားက တောင်ခမ်းမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာပါ။