ကန့်ကွက်မှုတွေကြားက မြန်မာအတွက် ထိုင်းရဲ့ လူသားချင်းစာနာမှုဆိုင်ရာရှေ့ပြေးအစီအစဉ်

    • ရေးသားသူ, နှင်းမို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာဒုက္ခသည်သိန်းချီခိုလှုံနေတဲ့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲမှာ “လူသားချင်းစာနာမှုဆိုင်ရာရှေ့ပြေး အစီအစဉ်” ကို ဖေဖော်ဝါရီအစောပိုင်းကစလို့ အကောင်အထည်ဖော်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေ ကြိုးစားနေပေမဲ့ မြန်မာတော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပြဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အကြောင်းအရင်းကတော့ ဒီအစီအစဉ်ကို နှစ်နိုင်ငံကြက်ခြေနီအသင်းတွေက ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိ နေတာကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့တွေကပါ အခုလိုကန့်ကွက်တာလို့ တပြေးညီပြောပါတယ်။

နောက်ထပ်တစ်ချက်ကတော့ ဒုက္ခသည်အများစုခိုလှုံနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာနေရာတွေဆီ ကြက်ခြေနီအဖွဲ့က လက်လှမ်းမမီနိုင်တာကြောင့် လိုအပ်သူတွေဆီ ထိရောက်တဲ့အကူအညီမရောက်နိုင်ဘူးဆိုတဲ့ ယူဆချက်အချို့လည်း ရှိနေကြပါတယ်။

နယ်စပ်တကြောမှာ ဒုက္ခသည်ကူညီရေးအတွက် ၂၆ နှစ်ကြာဆောင်ရွက်နေတဲ့ ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီ (CIDKP) ဒုတိယညွှန်ကြားရေးမှူး စောခဲလီက “အကူအညီတွေထိရောက် အောင်ဆောင်ရွက်ပေးနေတဲ့ အရပ်ဖက်အဖွဲ့ (CDO/CSO) တွေနဲ့ ပူးပေါင်းပြီးလုပ်မှ ထိရောက်မှုရှိလိမ့်မယ်။ အတွေ့အကြုံမရှိပဲနဲ့ အခုမှစလုပ်မယ့်သူကြတော့ အခြေအနေကို နားမလည်သလို လုပ်လည်းမလုပ်နိုင်လောက်ဘူးလို့ မြင်တယ်” လို့ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကတော့ ဒါဟာ နိုင်ငံရေးမပါတဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးအစီအစဉ်လို့ပြောပြီး မတ်လပထမအပတ်မှာ အကူအညီစပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်မှ အသက်ဝင်လာတဲ့ နယ်စပ်ဖြတ်ကျော်အကူအညီ

မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေ တောက်လျှောက်တောင်းဆိုနေခဲ့ကြတဲ့ နယ်စပ်ဖြတ်ကျော်လူသားချင်း စာနာမှုအကူအညီတွေ အာဏာသိမ်း သုံးနှစ်ကျော်လာချိန်မှ စတင်လာတာနဲ့ ပတ်သက်လို့ ထိုင်း - မြန်မာအရေးလေ့လာနေတဲ့ ချူလာလောင်ကွန်း တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ပန်နီတာ ဝက်တာနာယာဂွန်း (Dr Panitan Wattanayagorn) က အခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့အောက်တိုဘာလမှာစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး က အာဆီယံ အဖွဲ့ဝင်တွေကိုလှုပ်နှိုးခဲ့တာပဲ။ မြန်မာနိုင်ငံသားတွေကို ကူညီဖို့ မြန်မြန်ဆန်ဆန်လုပ်သင့်ပြီ”

ဒေါက်တာ ပန်နီတာ ရဲ့ အမြင်အရ ဒါဟာ ကောင်းမွန်တဲ့အစဖြစ်ပြီး “အကူအညီပေးတာတွေ နည်းနည်းတောင်နောက်ကျနေပြီလို့ ပြောနိုင်ပေမဲ့ ဘယ်တော့မှမရှိတာထက်စာရင် ပိုကောင်းပါတယ်” လို့ သူယူဆပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဆိုတာဟာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ်(TNLA) နဲ့ ရက္ခိုင့်တပ် (AA) တို့ပူးပေါင်းပြီး စစ်ကောင်စီရဲ့တပ်စခန်းရာနဲ့ချီ အပါအဝင် မြို့အများစုကို ထိန်းချုပ်နိုင်ခဲ့တဲ့ ရှမ်းမြောက်ကစတင်ပြီး ရခိုင်ပြည်နယ်အထိ ကျယ်ပြန့်နေတဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။

မြန်မာမှာစစ်အာဏာသိမ်းစ ၂၀၂၂ ခုနှစ်အစောပိုင်းကတည်းက ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွက်အစိုးရ ဦးဆောင်ပြီး နယ်စပ်ဖြတ်ကျော်အကူအညီတွေပေးဖို့ကြိုးစားခဲ့ပေမဲ့ အာဆီယံရဲ့ ထောက်ခံချက်မရခဲ့ဘူးလို့ ဒေါက်တာ ပန်နီတာက ထောက်ပြပါတယ်။

“လက်ရှိအစိုးရက ပိုပြီးတွေ့ဆုံဆွေးနွေးရေးတွေလုပ်နိုင်တယ်။ နိုင်ငံခြားရေးဝန်ကြီးဆို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ပြီး ဒီအစီအစဉ်တွေကိုပြောတာရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်နဲ့ တင်မြှောက်ခဲ့တဲ့ လက်ရှိထိုင်းအရပ်သားဝန်ကြီးချုပ် ဆေထာ ထဝီဆင် အစိုးရက ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံ အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ပါ မြန်မာကို အကူအညီပေးမယ့်အကြောင်း တောက်လျှောက် ဆွေးနွေးခဲ့ပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီး (Mr. Parnpree Bahiddha-Nukara) က အခုနှစ် ဇန်နဝါရီနှောင်းပိုင်းတုန်းကပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အခုအစီအစဉ်ကို တင်ပြခဲ့ရာကနေ ဒါကိုအကောင်အထည်ဖော်ဖို့ အာဆီယံနိုင်ငံတွေက သဘောတူညီချက်ပေးခဲ့ပြီး အကူအညီပေးရေးခြေလှမ်းတွေ ခပ်စိပ်စိပ်လှမ်းလာပါတယ်။

နယ်စပ်ဖြတ်ကျော်အကူအညီပေးမဲ့ ထိုင်း ရင်ဆိုင်ရမယ့် စိန်ခေါ်ချက် ၃ ချက်

အစာခြောက်နဲ့ အမိုးအကာတွေကူညီထောက်ပံ့မယ့် “လူသားချင်းစာနာမှုဆိုင်ရာရှေ့ပြေးအစီအစဉ်” အတွက် ထိုင်းကြက်ခြေနီအဖွဲ့က ဖေဖော်ဝါရီလကစလို့ ရက်ပေါင်း ၃၀ အတွင်း ပစ္စည်းတွေ စုဆောင်းနေပါတယ်။

ထောက်ပံ့မယ့်ပစ္စည်းတွေကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့က သတ်မှတ်ထားတဲ့နေရာမှာ လုံခြုံရေးနဲ့ အခြားစစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်ပြီး ဒီပစ္စည်းတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက လက်ခံ ရယူကာ မြို့သုံးမြို့မှာ အရင်ဆုံးထောက်ပံ့မှာဖြစ်ပါတယ်။

ဒီလိုနှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေရဲ့ ဆောင်ရွက်မှုကို အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး (AHA Centre) က ကြီးကြပ်စောင့်ကြည့်မှာပါ။

“မြန်မာဘက်ကို အကူအညီအထောက်အပံ့တွေ ရောက်သွားရင်လည်း မြန်မာဘက်ကနေ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီး စိုးရိမ်တာတွေလည်းရှိတယ်” လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပန်ပရီးက ထိုင်းစိုးရိမ်ချက်အကြောင်း ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Thai PBS ဌာနကို ထုတ်ပြောခဲ့ပါတယ်။

ဒီအချက်ဟာ ထိုင်းအစိုးရသာမက မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေဘက်မှာပါ အကြီးမားဆုံး စိုးရိမ်ချက် တစ်ခုဖြစ်ပြီး လိုအပ်တဲ့သူတွေဆီ အကူအညီရောက်နိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်နေကြတာပါ။

ဘာကြောင့်လည်းဆိုတော့ ဖေဖော်ဝါရီလမှာထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့နောက်ဆုံးရစာရင်းအရဆိုရင် မြန်မာမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူ ၁၈ သန်းရှိနေပါပြီ။

အဲဒီထဲက ရှေ့ပြေးအစီအစဉ်စတင်မယ့် တာ့ခ်ခရိုင်နဲ့ ထိစပ်နေတာဟာ ကရင်ပြည်နယ် ဖြစ်ပါတယ်။ ကရင်ရဲ့ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာတွေထဲမှာတင် စစ်ရှောင်ဦးရေ ၇ သိန်း ၆ သောင်းကျော်ရှိပါတယ်။

ဒါအပြင် ထောက်ပံ့ရေးအကူအညီတွေ အဓိကအခြေဆိုက်မယ့် မဲဆောက်မြို့နဲ့ အနီးတဝိုက်မှာတင် အကူအညီလိုအပ်သူ တစ်သိန်းဝန်းကျင်ရှိနေပြီး အုပ်စု သုံးစုခွဲခြားသတ်မှတ်ထားကြောင်း မှတ်တမ်းရယူထားတဲ့ အဝေးရောက်ဧရာဝတီအသင်း OIA ကနေ သိရပါတယ်။

မဲဆောက်အခြေစိုက် OIA ရဲ့ အချက်အလက်အရ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပါဝင်သူ၊ စစ်ကောင်စီဖမ်းဝရမ်းထုတ်တာကြောင့် တိမ်းရှောင်နေရတဲ့ နိုင်ငံရေးသမားတွေကို Human Rights Defender (HRD) လို့သတ်မှတ်ပြီး လူအယောက် ငါးသောင်းခွဲဝန်းကျင်ရှိပါတယ်။ ပြည်တွင်းတိုက်ပွဲတွေကြောင့် နယ်စပ်ကို အခြေချပြောင်းရွှေ့လာတဲ့ စစ်ရှောင်အရေအတွက် ၂ သောင်းကျော်နဲ့ နှစ်နိုင်ငံနယ်စပ် သောင်းရင်းမြစ်ဘေးမှာ ခိုလှုံနေတဲ့ ဒေသခံစစ်ရှောင် အယောက် ၂ သောင်းကျော်လည်း ရှိနေတာပါ။

ဒါဟာ မြန်မာလူဦးရေ သုံးပုံတစ်ပုံ စစ်ရှောင်ဒုက္ခသည်တွေဖြစ်နေတာကို ကိန်းဂဏန်းတွေအရ ထင်သာမြင်သာတွေ့ရပြီး အဲဒီထဲက ဘယ်သူတွေကို ကူညီထောက်ပံ့မှာလဲလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဆီ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“အခုအစပျိုးတဲ့အဆင့်ပြီးရင်တော့ နောက်တဆင့်အနေနဲ့ ဒါတွေကို အသေးစိတ်ဆက်ဆောင်ရွက်ရမှာပါ” လို့ တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပါတယ်။

ထိုင်းရဲ့ ကနဦးအစီအစဉ်အရတော့ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ဒုက္ခသည် ၂ ‌သောင်းကျော်ကို ကူညီနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီအစီအစဉ်အတွက် အဓိကချိတ်ဆက်ဆောင်ရွက်နေကြတဲ့ နှစ်နိုင်ငံကြက်ခြေနီအသင်းတွေကလည်း စီစဉ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြောလာတာမရှိသေးဘဲ “နှစ်နိုင်ငံကြက်ခြေနီအသင်းတွေက ပွင့်လင်းမြင်သာစွာနဲ့ ခွဲခြားမှုမရှိဘဲ ထိခိုက်ခံစားရသူတွေဆီ ဖြန့်ဝေပေးမယ့်အစီအစဥ်ပါရှိပြီးဖြစ်လို့ ညှိနှိုင်းဆဲပါ” လို့သာ မြန်မာနိုင်ငံကြက်ခြေနီအသင်း က ဘီဘီစီကို ခပ်တိုတို ဖြေကြားထားပါတယ်။

ဒါကြောင့် အကူအညီတွေကိုဘယ်လိုဖြန့်ဝေမလဲဆိုတာက ထိုင်းအစိုးရအတွက် အရေးကြီးတဲ့ နောက်ထပ် စိန်ခေါ်ချက် နှစ်ချက် ဖြစ်လာပါတယ်။

“ထိုင်းရဲ့ ပြည်တွင်းအကျပ်အတည်းကိုပြောရမယ်ဆိုရင် နယ်ခြားကိစ္စတွေဆိုတာနဲ့ ထိုင်းစစ်တပ်ကပဲ လက်ဝါးကြီးအုပ်ထားတယ်။ သူတို့အတွင်းမှာလည်း စစ်တပ်နဲ့ အရပ်ဖက်အများကြီး စကားပြောရဦးမယ်ဗျ”

ထိုင်း - မြန်မာ ဆက်ဆံရေးကိုကာလရှည်လေ့လာဆန်းစစ်သူ ဖြစ်သလို မဟာဗျူဟာနဲ့မူဝါဒရေးရာ လေ့လာရေးအင်စတီကျု့ (ISP Myanmar) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက “နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ချင်တယ်ထားဦး။ ထိုင်းစစ်တပ်ကထောက်ခံမှု၊ ခွင့်ပြုမှုတွေက အများကြီးအရေးကြီးသေးတယ်” လို့ သုံးသပ်ပါတယ်။

ဒါအပြင် မြန်မာစစ်တပ်နဲ့ နီးနီးစပ်စပ်ဆက်ဆံရေးရှိတဲ့ ထိုင်းစစ်တပ်ဟာ အခုအစီအစဉ်မှာပါဝင်လာပြီး နိုင်ငံတကာကဝေဖန်မှာကို ထိုင်းအရပ်သားအစိုးရက လိုလားဟန်မရှိဘူးလို့လည်း ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ ပါမောက္ခ ဒေါက်တာ ပန်နီတန် က ထောက်ပြထားပြန်ပါတယ်။

ထိုင်းနိုင်ငံနယ်စပ်ကနေ ဖြတ်ကျော်ပြီး မြန်မာပြည်တွင်းကို ကူညီဖို့ အခုလိုထိုင်းဘက်ခြမ်းမှာ စိန်ခေါ်ချက်ရှိသလို မြန်မာဘက်ခြမ်းမှာလည်း အစုအဖွဲ့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စိန်ခေါ်ချက်ရှိနေတာပါ။

အခုရှေ့ပြေးအစီအစဉ်မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ အရပ်ဖက်အဖွဲ့အချို့နဲ့သာမက အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြောထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ နယ်စပ်တကြောက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေသလားဆိုတာကိုတော့ ထုတ်ဖော်မပြောထားပါဘူး။

“မြန်မာ့ကြက်ခြေနီအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နေမယ်ဆိုရင်တော့ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တွေစိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာရှိနေတဲ့ စစ်ပြေးရှောင်ပြည်သူတွေ၊ အခြားဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ ဒီအကူအညီတွေရောက်မှာမဟုတ်ဘူး”

“စစ်အုပ်စုအောက်မှာရှိနေတဲ့ တကယ်လိုအပ်နေတဲ့ပြည်သူတွေဆီလည်း အကူအညီတွေ ရောက်ရှိမှာမဟုတ်ဘူးဆိုတာကို ပြီးခဲ့တဲ့အတွေ့အကြုံတွေအများကြီးက သက်သေပြနေပါတယ်”လို့ NUG အစိုးရ ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက တော်လှန်ရေးအင်အားစုတွေနဲ့ ဆွေးနွေးမှုရှိသလား

ထိုင်းနယ်စပ်ကနေ မြန်မာထဲအကူအညီတွေထိထိရောက်ရောက်ပေးနိုင်အောင် NUG ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAOs)တွေပါဝင်တဲ့ ညှိနှိုင်းရေးအဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေကြပါတယ်။

ဘီဘီစီရဲ့ စုံစမ်းမေးမြန်းချက်အရ ကြားခံအဖွဲ့အစည်းကတဆင့် နယ်စပ်ဖြတ်ကျော်လူသားချင်း စာနာထောက်ထားရေးအကူအညီပေးနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့နဲ့ အလွတ်သဘောတွေ့ ဆုံဆွေးနွေးဖို့စီစဉ်နေကြတယ်လို့ သိရပါတယ်။

“တရားဝင်လမ်းကြောင်းတော့မဟုတ်ဘူး။ ဒီကြားထဲမှာတော့ ဆွေးနွေးဖို့ပြောလာနိုင်ခြေရှိပါတယ်” လို့ KNPP ရဲ့ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်ကပြောပါတယ်။

ထိုင်း- ကယား(ကရင်နီ)နယ်စပ်မှာဆိုရင်လည်း ကရင်နီဘက်ခြမ်းမှာပဲ စစ်ရှောင်ဦးရေ တစ်သောင်းကျော်ရှိနေပြီး ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ဆိုရင် လူဦးရေ ၃ သိန်းခွဲဝန်းကျင် စစ်ပြေးရှောင်နေရပါတယ်။

အခုလိုစစ်ရှောင်ဦးရေ မမြင့်တက်ခင် စစ်အာဏာသိမ်းစကတည်းက နိုင်ငံတကာအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာစင်္ကြံ (Negotiated Humanitarian Corridor) တွေကြေညာပြီး နယ်စပ် ဖြတ်ကျော် ဒါမှမဟုတ် နိုင်ငံတွင်း အဓိကကျတဲ့ နေရာတွေကတဆင့် အလိုအပ်ဆုံး နေရာတွေကို အကူအညီပေးရေးအဖွဲ့တွေက သွားရောက်ပံ့ပိုးပေးဖို့(KNPP)KNUနဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ ပူးပေါင်းပြီး ကြေညာချက်ထုတ်ပြန်ထားခဲ့ပါတယ်။

မြန်မာစစ်ရှောင်တွေခိုလှုံနေတဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ဒေသအလိုက်စစ်ရှောင်ကူညီတာ၊ အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး (AHA Centre) အနေနဲ့ မြို့အချို့မှာ ကူညီတာတွေရှိခဲ့ပေမဲ့ အခုလိုအိမ်နီးချင်းနိုင်ငံကဦးဆောင်ပြီး အာဆီယံကထောက်ခံတဲ့ ရှေ့ပြေးအစီအစဉ်ကတော့ အာဏာသိမ်းပြီးသုံးနှစ်ကျော်ကြာမှ အကောင်အထည်ပေါ်လာတာဖြစ်ပါတယ်။

“ကျွန်တော်တို့တောင်းဆိုခဲ့တာပဲ .. ဒါပေမဲ့ ဘယ်သူမှနားမထောင်ဘူး၊ ဘယ်သူဆီကမှ အဖြေမှမရခဲ့ပဲ။ ဒါကိုပြန်လုပ်လာပြီ၊ အကောင်အထည်ဖော်လာပြီဆိုပေမဲ့လို့ အဲဒီနှစ်နှစ်ကျော် သုံးနှစ်အခြေအနေက လုံးဝ ပြောင်းလဲသွားပြီလေ”လို့ KNUပြောခွင့်ရ ပဒိုစောတောနီးက ပကတိမြေပြင်အခြေအနေနဲ့ နှိုင်းယှဉ်ပြောပြပါတယ်။

လက်ရှိအခင်းအကျင်းအရ နယ်မြေအများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီး အဲဒီဒေသမှာခိုလှုံနေပြီး အရေးပေါ်အကူအညီလိုအပ်နေသူတွေကို ထောက်ပံ့ပေးဖို့အတွက် ထိုင်းနိုင်ငံရဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်ချက်ဟာ လွဲမှားနေတယ်လို့ KNU က အခိုင်အမာဆိုပါတယ်။

“လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ကျွန်တော်တို့လူထုတွေ အမှန်တကယ်လိုအပ်နေပါတယ်။ ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်ချင်တယ်။ လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့နဲ့ သေသေချာချာစကားပြောဖို့လိုတယ်” လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

အခုလိုဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပေမဲ့ ရှေ့ပြေးအစီအစဉ်မှာ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်နေတဲ့ စစ်ကောင်စီကတော့ အသံတိတ်နေခဲ့ပြီး ဘီဘီစီရဲ့ဆက်သွယ်မေးမြန်းချက်ကိုလည်း ဖေဖော်ဝါရီ ၂၅ ရက်အထိ ပြန်လည်ဖြေကြားတာမရှိပါဘူး။

ရှေ့ပြေးအစီအစဉ်အောင်မြင်ဖို့ ထိုင်းရဲ့ မျှော်လင့်ချက်

ထိုင်းအရပ်သားအစိုးရကတော့ ရှေ့ပြေးအစီအစဉ်အောင်မြင်ခဲ့ရင် အခြားပံ့ပိုးကူညီမှုတွေရနိုင်ဖို့ပါ မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

“ဇန်နဝါရီလတုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ထိုင်းကိုရောက်လာပြီး အမေရိကန်ရဲ့ အမျိုးသားလုံ ခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) တို့ ဆွေးနွေးကြတာရှိပါတယ်။ အဲ့တုန်းကလည်း ထိုင်းက သူ့ရဲ့အစီအစဉ်ကို ထောက်ခံပါဆိုပြီး တိုက်တွန်းတာရှိပါတယ်”

“ပြီးတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ချိန်ထုတ်ပြောပါတယ်။ ထိုင်းအနေနဲ့က သူ့အစီအစဉ်ကို ထုတ်ရောင်းတဲ့ ကြိုးပမ်းမှုတွေကို ခပ်သွက်သွက်တွေ့ရပါတယ်” ISP (Myanmar) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီးရဲ့ အမေရိကန်ခရီးစဉ်အဖြစ် ဖေဖော်ဝါရီဒုတိယအပတ်တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့တွေ့ဆုံချိန်မှာဆိုရင် အစ္စရေး၊ ယူကရိန်း ကမ္ဘာ့ထိပ်တန်း ပြဿနာတွေနဲ့အပြင် မြန်မာ့အရေးကူညီမယ့်အစီအစဉ်အကြောင်းပါ ထည့်သွင်းဆွေးနွေးခဲ့တာပါ။

ထိုင်းနိုင်ငံကတော့ မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးအပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာ့ရေး ဆောင်ရွက်မှုတွေဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ လာမယ့် ၂၀၂၅ - ၂၀၂၇ သက်တမ်း မှာ အဖွဲ့ဝင်အဖြစ်အရွေးခံမယ့်ထိုင်းနိုင်ငံအတွက် အမေရိကန်ရဲ့အားပေးထောက်ခံမှု အထောက်အပံ့ဖြစ်စေဖို့ မျှော်လင့်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

တဖက်မှာလည်း အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ဥပဒေထဲပါဝင်တဲ့ မြန်မာ့အရေးအတွက် ဘားမားအက်(Burma Act)အရ ထိုင်း ၊ အိန္ဒိယ နဲ့ နယ်စပ်ဖြတ်ကျော် မြန်မာဒုက္ခသည်တွေရွှေ့ပြောင်းအခြေချတဲ့အ‌ပေါ် အကူအညီပေးရေး အစီအစဥ်အတွက် သီးခြားဘတ်ဂျက် ချမှတ်ပေးဖို့ဆိုတဲ့အချက်ပါရှိနေပါတယ်။

ထိုင်းကတဆင့် အမေရိကန်ရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ စီးဆင်းနိုင်မလားဆို ပြီး မေးခွန်းထုတ်မှုအချို့ရှိလာတာကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းကြည့်ရာမှာတော့ “အမေရိကန်က ပံ့ပိုးကူညီတယ်ဆိုပေမဲ့ ငွေကြေးဆိုင်ရာထောက်ပံ့တဲ့ အခြေအနေမရောက်သေးဘူး” လို့ တုံ့ပြန်ဖြေပါတယ်။

လူသားချင်းစာနာထောက်ထားမှုပထမဆုံးအစီအစဉ်ကိုတော့ ထိုင်းအစိုးရက အလုံးစုံပံ့ပိုးကူညီတာလို့ ဆိုပါတယ်။

ကီလိုမီတာ နှစ်ထောင်ကျော်နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးအဟုန်ကြောင့် နယ်စပ်မှာရှိနေတဲ့ ထိုင်းပြည်သူတွေလုံခြုံရေး၊ နိုင်ငံထဲခိုလှုံလာတဲ့ စစ်ရှောင်တွေနဲ့ လူဝင်မှုအရေးအပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအတွက်ပါ ထိုင်းအစိုးရအဆက်ဆက်က ကိုင်တွယ်ရတာဖြစ်ပါတယ်။

ထိုင်းအရပ်သားအစိုးရရဲ့ အခုလိုကြိုးစားချက်ကို အများစုကကြိုဆိုကြပေမဲ့ လက်တွေ့မှာ ဘယ်လောက် ထိထိရောက်ရောက်ကူညီနိုင်မလဲဆိုတာကိုတော့ မြန်မာအဖွဲ့အစည်းတွေဘက်က မျှော်လင့်ချက်မမြင့်မားတာကို သူတို့ရဲ့ တုံပြန်ချက်တွေက မြင်သာပါတယ်။

“ကျွန်တော်တို့တိုင်းပြည်မှာ ဒုက္ခရောက်တဲ့သူတွေက သိပ်များနေပြီ။ အနည်းအကျဉ်းပဲဖြစ်ဖြစ် ဒီလို ကူညီနိုင်မယ်ဆိုရင်က မဆိုးဘူးလို့ ပြောရမှာပဲ” လို့ ထိုင်း - မြန်မာ ဆက်ဆံရေးကိုကာလရှည်လေ့လာသူ တစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းက အခုလိုသုံးသပ်ထားပါတယ်။

“ဒါပေမဲ့ လက်တွေ့အနေအထားမှာတော့ သိပ်အများကြီး ဆက်လုပ်နိုင်မယ်မထင်ဘူး”