ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံသံအဖွဲ့ယာဥ်တန်း ဆီဆိုင်မြို့နယ်ထဲပစ်ခတ်ခံရ
အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံက သံတမန်တွေပါတဲ့ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ယာဥ်တန်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ နယ်ထဲမှာ ပစ်ခတ်ခံခဲ့ရပါတယ်။
ဒီလိုတိုက်ခိုက်ခံရမှုဖြစ်ခဲ့ပေမဲ့ အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ မြန်မာအတွက် အာဆီယံကြိုးပမ်းမှုတွေရပ်မသွားဘဲ တွေ့ဆုံဆွေးနွေးတာတွေလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
သံတမန်တွေပါဝင်တဲ့ အဲဒီယာဥ်ဟာ အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး(AHA) ရဲ့ အစီအစဥ်နဲ့ မြို့ပေါ်က PNLO(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်) ဆက်ဆံရေးရုံးကို သွားချိန် ဟိုပုံး-ဆီဆိုင်လမ်းပေါ် ၊ ၄၁ မိုင်ကွေ့မှာ မနေ့က မေလ ၇ ရက် မနက်ပိုင်းတုန်းက ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။
အင်ဒိုနီးရှားသံရုံးက သံအမတ်ကြီးနဲ့ သံရုံးအကြီးအကဲ၊ စင်ကာပူသံရုံးက ဝန်ထမ်း ၂ ဦး၊ အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးရုံးက ဝန်ထမ်း ၂ ဦးအပြင် သံတမန် ၈ ဦးထက်မနည်း အဲဒီယာဥ်တန်းမှာပါဝင်ပါတယ်။
ပစ်ခတ်ခံရမှုဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဆီဆိုင်မြို့နယ်၊ နမ်းသြကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာပါ။
ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိပေမဲ့ အဲဒီယာဥ်တန်းဟာ ခရီးမဆက်တော့ဘဲ တောင်ကြီးမြို့ထဲကို ပြန်လှည့်လာခဲ့တယ်လို့လည်း သိရပါတယ်။
‘PPST(အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့များအစုအဖွဲ့)အဖွဲ့ဝင်တွေနဲ့ AHA စင်တာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်အောင်ဆိုပြီးတော့ အလုပ်စဖို့ဖြစ်သွားတယ်။ PPST အဖွဲ့ဝင်ဖြစ်တဲ့ ကျွန်တော်တို့ PNLO က အဆင်သင့်လည်းဖြစ်၊ အတွေ့အကြုံလည်း ရှိတာဆိုတော့ ကျွန်တော်တို့နဲ့ စတင်တယ်ပေါ့။ ဒီဟာကို မအောင်မြင်စေချင်တဲ့ အစိတ်အပိုင်းလည်းရှိမှာပေါ့။ ဒါ့ကြောင့် ယာဥ်တန်းကား ၁၁ စီးမှာ နောက်ဆုံး ၁ စီးကို ၁၀ ချက်ဝန်းကျင်လောက် လက်နက်ငယ်နဲ့ ပစ်ခတ်ပြီး ခရီးစဥ် ရှေ့တိုးလို့မရအောင်၊ နည်းနည်းလေး ကသိကအောက်ဖြစ်ပြီး ရှေ့ မတိုးနိုင်အောင် တားလိုက်တဲ့သဘောပေါ့။ ဘယ်သူလုပ်လဲဆိုတာ ကျွန်တော်တို့ ရိပ်မိပါတယ်။ ဒါပေမဲ့ အကောင်အထည် မဖော်သေးတော့ ပြောလို့မရသေးဘူး’’ လို့ PNLO ဥက္ကဋ္ဌ ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နယ်မြေခံ PNLO အဖွဲ့တို့ ပေါင်းပြီး စီစဥ်တဲ့ အခုအစီအစဥ်ဟာ မြန်မာမှာ လူသားချင်းစာနာမှုလုပ်ငန်းအချို့ စတင်နေပြီဆိုတာကို လာမယ့် မေလ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တင်ပြနိုင်ဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့လည်း သူက ဆက်ပြောပြပါတယ်။
‘‘အဲဒီလိုဖြစ်တော့ တိုင်းမှူးဆီ သူတို့ အကြောင်းကြားတယ်။ နယ်မြေလုံခြုံရေးအရ ဆက်မသွားဖို့ တိုင်းမှူးက ပြောတာနဲ့ သူတို့ ခရီးမဆက်ခဲ့ကြဘူး။ အသွားတုန်းက စစ်တပ်မပါဘူး။ ရဲပဲ ပါတယ်။ အပြန်ကျတော့ စစ်တပ်က လုံခြုံရေးပြန်ယူပေးသွားတယ်’’ လို့လည်း ဦးခွန်ဥက္ကာက ပြောပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီတပ်၊ အသွင်းပြောင်း ပြည်သူ့စစ် (PNO)နဲ့ PNLO(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်)တို့ရှိနေပေမဲ့ အခုပစ်ခတ်မှုဖြစ်တဲ့နေရာဟာ PNLO လှုပ်ရှားတဲ့နယ်မြေမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
စစ်ဘေးရှောင် အိမ်ထောင်စု ၁၀ စုကို ဆီဆိုင်မြို့ပေါ်က PNLO ဆက်ဆံရေးရုံးမှာ အကူအညီပေးဖို့ စီစဥ်ခဲ့တာဖြစ်ပြီး သံတမန်အဖွဲ့ ဆီဆိုင်မြို့ကိုမရောက်ခဲ့ပေမဲ့ PNLO ဒုတိယဥက္ကဋ္ဌက သံတမန်တွေကိုယ်စား စစ်ရှောင်တွေကို အကူအညီပေးရေးပစ္စည်းတွေ ပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့အရေးကို အာဆီယံက ကြားဝင်ဖြေရှင်းမှု တစိတ်တပိုင်းအနေနဲ့ အာဆီယံခေါင်းဆောင်တွေကြား ၂၀၂၁ ခုနှစ်၊ ဧပြီလ တုန်းက ရရှိခဲ့တဲ့ဘုံသဘောတူညီချက် ၅ ရပ်ထဲက အချက်တစ်ချက်ဖြစ်တဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးရုံး(AHA)ဟာ စစ်ကောင်စီရဲ့ဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
အဲဒီစင်တာကနေတဆင့် ကိုဗစ်ကာကွယ်ဆေးလို အကူအညီတွေ ပြီးခဲ့တဲ့နှစ်ကတည်းက မြန်မာကို ပေးခဲ့ပြီး ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အပစ်ရပ် ၁၀ ဖွဲ့ နဲ့ ဖွဲ့စည်း ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် လက်နက်ကိုင်တပ်ဖွဲ့တွေထဲက အပစ်ရပ်စာချုပ်မှာလက်မှတ်ထိုးထားသလို စစ်ကောင်စီနဲ့လည်း လက်ရှိမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်ရှိနေတဲ့ ရှမ်းမြောက်အဖွဲ့ RCSS လို အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကိုလည်း AHA ရုံးရဲ့ ညှိနှိုင်းမှုနဲ့ အကူအညီပေးမယ့် အစီအစဥ်တွေ ရှိနေတာပါ။
လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးအားထုတ်မှု တစ်ရပ်အနေနဲ့ AHA စင်တာအတွက် ကူညီဆောင်ရွက်ပေးနေတာတွေလုပ်နေပြီး မနေ့ကလည်း အာဆီယံက အခြေအနေစောင့်ကြည့်ရေးအဖွဲ့ဟာ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ဖို့ အသွားမှာ ပစ်ခတ်ခံရမှုဖြစ်ခဲ့တာကို ကံမကောင်း အကြောင်းမလှ ဖြစ်ရပ်လို့ ပြောဆိုပါတယ်။
‘‘ဒီဖြစ်ရပ်ကြောင့် လူထုကပဲ ခံစားရတဲ့အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အင်အားသုံးတာ ရပ်တန့်ဖို့ ပြောနေတဲ့ ကျွန်တော်တို့ အားထုတ်မှုကို မယုတ်လျော့သွားစေပါဘူး။ ဖြစ်နိုင်တဲ့အဖြေတွေ အတွက် အတူထိုင် ဆွေးနွေးပြီး တွေ့ဆုံဆွေးနွေးရေး ရပ်ဝန်းတစ်ခု ဖန်တီးဖို့လည်း အားလုံးကို ကျွန်တော် ဖိတ်ကြားပါတယ်’’ လို့ အာဆီယံအလှည့်ကျ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဂျိုကို ဝီဒိုဒိုက ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ထုတ်ပြန် ပြောဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ ဒီပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အပါအဝင် တော်လှန်ရေး အင်အားစုတွေနဲ့ လုံးဝ သက်ဆိုင်တာ မရှိဘူးလို့ပြောထားတယ်ဆိုပြီး NUG အာဘော်သတင်းဌာန PVTV က ရေးသားဖော်ပြပါတယ်။
‘‘အခင်းဖြစ်ပွားတဲ့နေရာဟာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ နေရာဖြစ်သလို ပြောက်ကျား စစ်တိုက်ခိုက်ဖို့လည်း အဆင်ပြေတဲ့ နေရာမျိုးလည်း မဟုတ်ပါဘူး။ ဒါကြောင့်မို့ NUG ရဲ့ PDF တွေတင်မက အခြားသော တော်လှန်ရေး အင်အားစုတွေကပါ တိုက်ခိုက်တယ်ဆိုတဲ့ ကိစ္စကတော့ ရှိထားတဲ့ ပထဝီအနေအထား သတင်းအချက်အလက်တွေအရ တပ်စွဲထားတဲ့ အနေအထားအရကို မဖြစ်နိုင်ဘူးလို့ ပြောလို့ရပါတယ်”လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောထားတယ်လို့လည်း ဆိုပါတယ်။
ဆီဆိုင်မြို့နယ်ထဲမှာ အာဆီယံသံတမန်တွေရဲ့ ယာဥ်တန်းတိုက်ခိုက်ခံရမှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ PNLO ဘက်ကတော့ ပစ်ခတ်မှုလက်သည်ကို စုံစမ်းနေပြီလို့ ပြောထားပါတယ်။