EAOs နဲ့ PDF တွေကို ကူညီဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားတဲ့ NDAA ဥပဒေက ဘယ်လို အရွေ့လဲ

အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ နှစ်စဉ် အသေအချာ ဆွေးနွေးလေ့ရှိကြပြီး အခုအချိန်မှာ အောက်လွှတ်တော်က အတည်ပြုထားတဲ့ ၂၀၂၃ ဘဏ္ဌာရေးနှစ်အတွက် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ မူကြမ်း (Bill of National Defense Authorization Act - NDAA) ကဥပဒေ အဖြစ် အတည်ဖြစ်လာပြီဆိုရင် ဒါဟာ အမေရိကန်ရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းမှာ အရေးကြီးတဲ့ အရွေ့လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မြင်ကြပါတယ်။ 

ဒီ NDAA ဥပဒေ မူကြမ်းထဲမှာ Burma Unified through Rigorous Military Accountability (BURMA) Act of 2022 ကို စတင်ထည့်သွင်းလိုက်နိုင်တာက “ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ အောင်ပွဲ” လို့ ဒီမူကြမ်းကို ဦးဆောင်တင်သွင်းခဲ့တဲ့ လွှတ်တော်အမတ်လည်းဖြစ်၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဂရေဂရီ မိခ် က ပြောပါတယ်။

ဒါ့အပြင် “စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ၊ လူအခွင့်အ‌ရေး ချိုးဖောက် ခဲ့ကြသူတွေနဲ့ စစ်တပ်ကို ဘဏ္ဌာငွေထောက်ပံ့နေတဲ့ နိုင်ငံပိုင် ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူဆောင်ရွက်သွားဖို့ ဒီဥပဒေက အခွင့်အာဏာ ပေးထားတယ်” လို့လည်း မစ္စတာ မိခ်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘားမား ဥပဒေ ၂၀၂၁ (BURMA Act 2021) ကို ပြီးခဲ့တဲ့ ဧပြီလတွင်းက အောက် လွှတ်တော်မှာ အတည်ပြုခဲ့ပြီး (အထက်လွှတ်တော် - ဆီးနိတ်က အဲဒီ ဘားမား ဥပဒေကိုလည်း အတည်မပြုထားသေးပါဘူး) အဲဒါကို မွမ်းမံပြောင်းလဲထားတဲ့ အခု ဘားမား ဥပဒေ ၂၀၂၂ (BURMA Act 2022) ထဲမှာ “NUG/ NUCC/ CRPH စတာတွေကို အမည် တိုက်ရိုက်တပ်ပြီး အမေရိကန် အစိုးရ အနေနဲ့ ထောက်ခံ အားပေးဖို့ ပြောထားတာ”......၊ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ (Ethnic Armed Organizations – EAOs)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (People’s Defense Force – PDFs) ကို ထောက်ခံ ကူညီဖို့” ထည့်သွင်းထားတာတွေက သိပ်ကို ကောင်းတဲ့ အချက်တွေပဲလို့ Global Witness အဖွဲ့မှာ မြန်မာပေါ်လစီ ဆိုင်ရာ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်နေတဲ့ ကီးဒိဇ် က တွစ်တာက တဆင့် မှတ်ချက် ချပါတယ်။

လူမှုမီဒီယာတွေက တဆင့် မြန်မာ့အရေး လှုပ်ရှားသူတွေက အခု ပြောင်းလဲ တိုးတက်မှုကို ထောက်ခံနေကြတာ တွေ့ရသလို ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဒီအချက်တွေကိုကြိုဆိုပြီး ဒါဟာ “ရှေ့တလှမ်းတိုးလာတဲ့ အနေအထား” လို့ မှတ်ချက်ချပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ်ထားတဲ့ အမေရိကန် သဘောထားနဲ့ စစ်ကောင်စီ တုံ့ပြန်ချက်

အစဥ်အဆက် အမေရိကန် အစိုးရတွေအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ စစ်အာဏာပိုင် တွေကို လက်နက်ကိုင်ဆန့်ကျင်ကြတဲ့ အဖွဲ့အစည်းတွေကို ထိတွေ့ဆက်ဆံတဲ့ ပေါ်လစီ မရှိခဲ့ပါဘူး။

တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေက မူးယစ်ဆေးဝါး ထုတ်လုပ်တာတွေ၊ တရားမဝင် ကုန်သွယ်တာတွေနဲ့ ဆက်စပ်တာ၊ တချို့က တရုတ်နိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတာတွေ စတာတွေကြောင့် အမေရိကန်က ခပ်ခွာခွာနေတာလို့ သုံးသပ်ကြတာတွေ ရှိပါတယ်။ 

တဖက်မှာလည်း မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ် တယ် လို့ မြင်ကြတာတွေလည်း ရှိပါတယ်။

NDAA ဥပဒေထဲပါဝင်တဲ့ ဘားမား ဥပဒေထဲမှာ “အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာ မြန်မာ စစ်တပ် ရှိရေး”၊ “ဖက်ဒရယ်အစိုးရ” ဖွဲ့စည်းနိုင်ဖို့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး” စတာတွေကို အမေရိကန် အစိုးရ အနေနဲ့ ထောက်ခံဖို့ အဆိုပြု ထားတာပါ။

အရင်က မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေပေးဖို ရန်ပုံငွေတောင်းတာမျိုးတွေသာ ထည့်သွင်းလေ့ရှိတဲ့ အမေရိကန် လွှတ်တော်ရဲ့ ဒီလို ဥပဒေမူကြမ်းမှာ အခုတော့ လက်နက်မဟုတ်တဲ့ အကူအညီကို ခုခံဆန့်ကျင်ရေး အင်အားစုတွေကို ပေးဖို့အထိ တောင်းဆိုလာတာ ဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး “သူတို့အချင်းချင်းကြားဖြစ်စေ၊ နိုင်ငံတကာ အကူအညီပေးရေးလုပ်ငန်းများအတွက်ဖြစ်စေ၊ ဆက်သွယ်ရေး၊ အမိန့်ပေး ထိန်းချုပ် ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာလာစေရေးအတွက် နည်းပညာနှင့် လက်နက်မဟုတ်သော ထောက်ပံ့ ကူညီမှု များပေးဖို့” ဆိုတာကို ဥပဒေထဲမှာ ထည့်သွင်းထားပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အမေရိကန်ရဲ့ ခြေလှမ်းက အကြမ်းဖက်မှုတွေကို အားပေးဖို့ လုပ်တာလို့ ဘီဘီစီကို ပြောပါတယ်။

“NUG တို့ CRPHတို့လို အမည်ခံအဖွဲ့တွေက ပြည်ပမှာ ငွေကြေးကောက်ခံပြီး လက်နက်တွေဝယ်ဖို့ ထောက်ပံ့နေတာ တွေ့ရတယ်။ အခုလည်း သူတို့လက်ထဲကို ဘယ်လိုပဲ ဖြစ်ဖြစ် ငွေတွေရောက်သွားရင် ဒီအသွင်ကိုပဲ ပြောင်းသွားမှာ ရှင်းနေတာပဲလေ” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မရှင်းလင်းသေးတဲ့ ဥပဒေ

မြန်မာ့အရေးဆိုင်ရာအတွက် ဖော်ပြခဲ့တာတွေအပြင် စစ်တပ်က ဘက်ပြောင်း လာသူတွေကို ကူညီဖို့၊ ပြည်သူတွေအပေါ်ရက်စက်စွာ ကျူးလွန်ကြပုံတွေကို မှတ်တမ်းတင်ဖို့၊ အကျဥ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေ၊ သတင်းထောက် တွေကို ကူညီဖို့ စတာတွေကို ထည့်သွင်းထားပေမဲ့ ဒီ ဥပဒေထဲမှာ ဘတ်ဂျက် ဘယ်လောက်ချပေးဖို့ တင်ပြထားတာမရှိပါဘူး။

ဧပြီလတုန်းက အတည်ပြုထားတဲ့ BURMA Act 2011 မှာ တောင်းဆိုတဲ့ ရန်ပုံငွေ မည်မျှဆိုတာကို ဖော်ပြထားပေမဲ့ အခု မွမ်းမံထားတဲ့ ဥပဒေထဲမှာတော့ “၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ ဘတ်ဂျက် ကာလ အတိုင်းအတာကိုသာ ရေးထားပြီး ငွေပမာဏ တောင်းဆိုထားတာ မပါဘူး... အဲဒီအချက်က အားနည်းချက် ဖြစ်နေတယ်”လို့ မစ္စတာ ဒိဇ်က ဆိုပါတယ်။

မြန်မာ့အရေးလှုပ်ရှားတက်ကြွသူတွေက မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (Myanmar Oil and Gas Enterprise – MOGE) က ရတဲ့ဝင်ငွေတွေဟာ မြန်မာစစ်တပ်အတွက် အကျိုးဖြစ်နေတာကြောင့် အဲဒီလုပ်ငန်း အပေါ် ပစ်မှတ်ထား အရေးယူဖို့ တောင်းဆိုနေခဲ့ကြပေမဲ့ အခု ဘားမား ဥပဒေမှာ အဲဒီလို “အရေးယူဖို့ လုပ်ပါဆိုပြီး မတောင်းဆို ထားတာကလည်း အားနည်းချက်တခုပဲ” လို့ သူက ဆို ပါတယ်။ 

စစ်တပ်က စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့နေရတဲ့ မြန်မာပြည်မို့ ပဒိုစောတောနီးက “လေယာဉ်ဆီတွေ လုံးဝဖြတ်တောက်နိုင်ရေး၊ လေယာဉ်နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေ ဖြတ်တောက်ပေးနိုင်ရင် တော်လှန်ရေး အတွက် အတော်အလုပ်ဖြစ်သွားပြီ” လို ဆန္ဒပြုပေမဲ့ ဒါတွေကို တားဆီးနိုင်ဖို့ ပြဋ္ဌာန်းချက် တွေကို ဒီဥပဒေထဲမှာ မတွေ့ရသေးပါဘူး။

အခု အမေရိကန် အောက် လွှတ်တော်က NDAA ဥပဒေမူကြမ်းကို အတည်ပြုထားပြီ ဖြစ်ပေမဲ့အထက်လွှတ်တော် ဆီးနိတ်က အတည်ပြုဖို့ လိုသေးပြီး လွှတ်တော် ၂ ရပ်အကြား ညှိနှိုင်းပြီး သဘောတူကြတာ၊ ကွန်ဂရက်လွှတ်‌တော် တခုလုံးက အတည်ပြုတာတွေက လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ဖြစ်လာနိုင် တယ်လို့ မှန်းဆနေကြပါတယ်။ 

မြန်မာနဲ့ ပတ်သက်တဲ့အပိုင်း “ဘားမား ဥပဒေ ဆိုင်ရာ စာသားတွေကိုတော့ အထက်လွှတ်တော်က ပြင်ဆင်မယ့်ပုံ မရှိပါဘူး” လို့လည်း Global Witness က မြန်မာ ပေါ်လစီဆိုင်ရာ အတိုင်ပင်ခံက ဆိုပါတယ်။